အထက်ကဆောင်းပါးကို ဖတ်လိုက်ရပြီး တိုင်းကလူမျိုးလိုလို၊ မြန်မာပြည်ကလိုလို အသေးစိတ်သိလိုသူများကွန်မန့်ပေးပါလို့တွေ့လိုက်တဲ့အတွက် အမှန်ကို သိရအောင်ဒီပို့ကိုရေးလိုက်ပါတယ်။

အဲဒီလူမျိုးတွေက သူတို့ကိုယ်သူတို့ “ကယန်း” လို့ခေါ်ပြီး တချို့ကသူတို့ကို “ပဒေါင်” လို့ခေါ်ကြပါတယ်။ “ပဒေါင်” ခေါ်တာမမှန်ပါ ပဒေါင် ဆိုတာ ရှမ်းစကား “ပတ်တောင်း” ကလာပြီး ကြေးပတ်သောလူမျိုးများလို့ခေါ်တာဖြစ်ပါတယ်၊ သူတို့ကို ကယန်း လို့ခေါ်တာသူတို့ပိုနှစ်သက်ပါတယ်။

ဒီလူမျိုးတွေဟာ တချိန်က ကရင်နီနယ်၊ အခုကယားပြည်နယ်ထဲမှာနေထိုင်ခဲ့ကြပါတယ်။ နောက်ပိုင်း ဖဆပလအစိုးရကိုတော်လှန်တဲ့အတွက် အခုအချိန်မှာ သူတို့နယ်ဟာ ၄ ပိုင်းပိုင်းခံထားရပါတယ်၊ သူတို့နယ်ဟာ ကယားပြည်နယ်အနောက်ပိုင်း၊ ရှမ်းပြည်နယ်အနောက်တောင်ပိုင်း၊ ကရင်ပြည်နယ်အနောက်မြောက်ပိုင်းနဲ့ မန္တလေးတိုင်း၊ ပျဉ်းမနားမြို့နယ်အရှေ့ဘက်ပိုင်း စသည်ဖြင့်အသီးသီးပိုင်းခြားထားသလိုဖြစ်နေပါတယ်။

ကယားပြည်နယ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ဖဆပလ တပ်တွေကနေ ၁၉၄၈-ခု၊ သြဂုတ်လ (၉) ရက်နေ့ကတည်းက စတင်ခဲ့ ပြီးယခုချိန်ထိအောင်မဆုံးနိုင်တဲ့စစ်ပွဲတွေကြောင့် မူလကတော့ ထိုင်းနယ်မြေထဲကို အိမ်ထောင်စုတချို့တိမ်းရှောင်တဲ့အထဲမှာပါလာပါတယ်၊ ဒါပေမဲ့ သူတို့ရဲ့အသွင်အပြင်ကို နိုင်ငံခြားသားတွေက အထူးစိတ်ဝင်စားတဲ့အတွက် ဒေသခံထိုင်းအာဏာပိုင်တချို့နဲ့စီးပွားရေးလုပ်ငန်းရှင်တချို့ပေါင်းပြီး ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ဒေသမှာ ကယန်းရွာတွေတည်ခွင့်ပေးပြီး နိုင်ငံခြားသားတယောက်ကို ၁၀ ဒေါ်လာနဲ့ပြစားပါတယ်။

တချိန်က မယ်ဟောင်ဆောင်ဒေသအတွက် တိုးရစ်ဆွဲဆောင်မှုအထူးဖြစ်ထွန်းခဲ့ပါတယ်၊ ဒီတော့ ထိုင်းစကားပြန်တွေ က နိုင်ငံခြားသားတွေကိုပြောပြ တဲ့နေရာမှာ ဒီလူမျိုးတွေဟာ တချိန်က အလောင်းဘုရား ထိုင်းကိုတိုက်တဲ့အချိန်မှာ ပါလာပြီး ထိုင်းနိုင်ငံရဲ့ရေမြေတောတောင်ကောင်းမွန်မှုနဲ့ တည်ငြိမ် အေးချမ်းမှုကြောင့် ထိုင်းမှာဘဲအခြေချကျန်နေရစ်သလို စကားပြန်ကြပါတယ်။ ကျနော့်အနေနဲ့ အင်္ဂလိပ်ဘာသာစကားကို အတော်အသင့် နားလည်တဲ့အတွက် မခံချင်ဖြစ်ပြီး အဖြစ်မှန်ကိုရှင်းပြရပါတယ်၊ ထိုင်းတွေက သူတို့ကို သူတို့လူမျိုးဆိုပြီးလုပ်ချင်ကြတယ်။ သူတို့ကိုအထူးအခွင့်အ ရေးပေးတယ်။ တောင်ပေါ်သားမှတ်ပုံတင်တွေလုပ်ပေးတယ်။ စာတွေသင်ပေးတယ်။ ဒါကြောင့်နောက်ပိုင်း ကိုယ့်လူတွေက လည်းအနေချောင်၊ အစားချောင်ဆိုတော့ တဖွဲဖွဲရောက်လာတဲ့အပြင် ထိုင်းစီးပွားရေးသမားများက ချင်းမိုင်ခရိုင်အထိပါ ခိုးသွင်းသွားတဲ့အတွက် အခု ဆိုရင် ချင်းမိုင်ခရိုင်၊ မဲ့အိုင်းဆိုတဲ့နေရာမှာတောင်ရှိနေပြီဖြစ်တယ်။

တကယ်တမ်းက ဒီလူမျိုးတွေဟာ ကရင်နီမျိုးနွယ်စုဝင်တွေဖြစ်တယ်၊ မြန်မာနိုင်ငံသားများသာဖြစ်ပါတယ်၊ ကိုယ့်မြေကိုယ့်ရေက အစိုးရမကောင်းတော့ တိုင်းတပါးကိုထွက်သွားအခြေချကြတာဖြစ်တယ်၊ ထိုင်းကလဲ ဒီလူတွေကို သူ့လူမျိုးလုပ်ချင်တယ်။ တချို့ဆိုထိုင်းကတဆင့်တတိယနိုင်ငံကိုတောင် ရောက်ရှိအခြေချသွားကြပါပြီ အများစုက နယူးဇီလန်ကိုရောက်သွားခဲ့ကြပါတယ်။

ဒီထက်အသေးစိတ်သိလိုရင်လဲရှင်းပြဖို့အဆင်သင့်ပါဘဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်က ကယန်းတယောက်ဖြစ်နေလို့ပါဘဲ။

အားလုံးကောင်းသောနှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလျှက် –

ရွှေမျိုးသန့်

About Shwe Myo Thant

has written 3 post in this Website..