အငုံစိတ် ၊ သိမ်ငယ်စိတ် ၊ ယုံကြည်မှုမရှိတတ်တဲ့စိတ်
ယုံကြည်မှုမရှိတတ်တဲ့စိတ် ယုံကြည်ရမှာ ကြောက်တဲ့စိတ် သံသယများတတ်တဲ့စိတ် အဲ့ဒီစိတ်တွေ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို ခုတလော ဘာရယ်မဟုတ် ခဏခဏတွေးမိသည်။ တိုက်ဆိုင်မှုရှိတာလေးတွေလည်း ပါပါလိမ့်မယ်။ အဲ့ဒီ လို တွေးမိရင်းကနေ အငုံစိတ် ခေါ်တဲ့ သိမ်ငယ်စိတ် ဆိုတာလေးကို သတိရမိသည်။
အငုံစိတ် ဆိုတာ လူတိုင်းမှာ ရှိတယ်လို့ ပြောကြပါတယ် ။ နည်းတာ များတာ ခံစားမှု ကြီးတာ သေးတာ ပဲ ကွာသည်။ ရှိတာကတော့ ရှိကြသည်။ သို့သော် သူလိုငါလို သာမာန် စိတ်ကတော့ သိပ်မသိသာလှ ။ တခါတရံ မှသာ ပေါ်လာတတ်သည်။
ဥပမာလေး ပြောပြရရင် family child လို့ ခေါ်တတ်ကြတဲ့ အိမ်ထောင်ကျိုးက လာတဲ့ တချို့လူတွေမှာ အငုံစိတ်လေးတွေ ပိုပြီး မသိမသာနဲ့ ကြီးကြီးမားမား ရှိတတ်သည်။ ကံကောင်းထောက်မလို့ အဖိုးအဖွား ဦးလေး အဒေါ်များရဲ့ နွေးထွေးတဲ့ မေတ္တာကို ရတဲ့ကလေးကတော့ သူ့မှာ ရှိတဲ့ အငုံစိတ်က ငုပ်လျှိုးနေတတ်ပါတယ်။ မရှိတာတော့ မဟုတ်ပါဘူး။ ငုပ်နေတာပါ။ သို့သော် အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး ယုံကြည်မှုမရှိတတ်တဲ့စိတ် အချစ်ဆိုတာကို အယုံအကြည်မရှိတတ်တဲ့စိတ် စသဖြင့် ကိုယ်တောင် မသိလိုက်ပဲနဲ့ သူ့ဟာသူ စိတ်ထဲမှာ အခိုင်အမာ ဖြစ်တည်နေတာမျိုးပါ။ မေတ္တာတရားကိုလည်း သံသယအမြင်နဲ့ ကြည့်တတ် တွေးတတ်ပါတယ်။ ဒါကတော့ သူ့ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ပေါ်မှာလည်း မူတည်ပါလိမ့်မယ်။
မိစုံဖစုံ နဲ့ မေတ္တာအပြည့်အဝ ရခဲ့တဲ့ သူတွေရဲ့ စိတ်ခံစားမှုနဲ့တော့ ဘယ်နည်းနဲ့မှ မတူနိုင်ပါဘူး။ လူသာမန်များနဲ့ ယှဉ်ရင် တခုခုတော့ လိုနေပါလိမ့်မယ်။အဲ့ဒီလို မိဘမဟုတ်တဲ့ တခြားဆွေမျိုးများရဲ့ နွေးထွေးတဲ့ မေတ္တာကိုတောင် မရတဲ့ သူများကတော့ အသိုင်းအဝိုင်းနဲ့ မိသားစု စုံစုံလင်လင် တွေ့ရင်ကို ဘာမှန်းမသိ အလိုလိုနေရင်း ကြည့်မရ ဖြစ်တတ်ပါတယ်။
နောက် တမျိုးက မိသားစုထဲမှာ စီးပွားရေးသော်လည်းကောင်း အိမ်ထောင်ဖက်အချင်းချင်း ပဋိပက္ခတွေနဲ့ အဆင်မပြေလို့သော်လည်းကောင်း ရှိတဲ့ဒေါသတွေ ကို ကလေးအပေါ်မှာ ဖိတတ် ရိုက်နှက်တတ်တဲ့ အခါမှာ ကလေးတွေ က စိတ်ရိုင်းဝင်တတ်ပါတယ်။ အိမ်မဟုတ်တဲ့ ပြင်ပလောကမှာ လူဆိုးလေးတွေ ဖြစ်ပြီး သူများကို နိုင့်ထက်စီးနင်းနဲ့ ဗိုလ်ကျချင်စိတ်ရှိတတ်ပါတယ်။ လမ်းလွဲကိုလည်း လွယ်လွယ်ကူကူလိုက်တတ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ စိတ်ထွက်ပေါက်က ပြင်ပလောကမှာပဲ ရှိနေလို့ပါ။ ထိန်းရသိမ်းရလည်း ခက်တတ်သလို ဆိုဆုံးမလွယ်တဲ့ ကလေးတွေလည်း မဟုတ်တတ်ကြပါဘူး။
အဲ့လိုလူတွေ လူကြီးဖြစ်လာတဲ့အခါမှာလည်း အများစုက တဖက်သားကို ရိုက်နှက်ရတာကိုလည်း အကျင့်တခုလို စွဲမြဲနေတတ်ပါတယ်။ ထစ်ခနဲရှိ လက်ပါတတ်တာမျိုးပါ။ ဒါလည်း အငုံစိတ်က လာတဲ့ အကျိုးဆက်ပါ။
နောက်တမျိုးကတော့ တချို့လူတွေ က အတန်းပညာမသင်ရ တတ်ပါဘူး။ သို့သော် ကြိုးစားအားထုတ်မှုကြောင့် လူချမ်းသာဘဝကို ရောက်သွားသည့်တိုင်အောင် သူ့တပည့် သားချင်းများကို မတော်မတည့်တာတွေ့လို့ ဆုံးမရင်တောင် မင်းတို့ကွာ ပညာတွေ ဒီလောက်တတ် စာတွေ ဒီလောက်သင်ထားရဲ့ နဲ့တောင် ဒါလေးတောင် မတတ်ဖူးလားလို့ ပြောတတ်ပါတယ်။ သူဘယ်လောက်ချမ်းသာ ချမ်းသာ အတန်း ပညာနဲ့ပတ်သတ်တဲ့ သိမ်ငယ်စိတ်က မသိမသာနဲ့ သူ့စိတ်ထဲမှာ ရှိနေတာပါ။
ဝပ်ရှော့ဆရာက သူ့တပည့်လေးကို ၁ဝ တန်းတောင် အောင်ထားပြီး ဒါလေးတောင် မသိရကောင်းလားဆိုပြီး ထပ်ခါ ထပ်ခါ အက်ကြောင်းထပ်အောင် ဆဲရေးတိုင်းထွာနေတာမျိုးကို ကျမ ကြားဖူး မြင်ဖူးသည်။ မလိုအပ်ပဲ ၁ဝ တန်းအောင်တာကို အပ်ကြောင်းထပ်နေတာပါ။
တချို့တွေ ကျပြန်တော့ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီး အားငယ်တတ်တဲ့ အငုံစိတ်တွေ ရှိတတ်ပါတယ်။ တချို့ကျပြန်တော့လည်း ဥစ္စာချို့တဲ့ တဲ့ ဘဝကို ရင်ဆိုင်နေရတော့ ချမ်းသာသူများကို အသားလွတ် မျက်မုန်းကျိုးနေတတ်သည်။
သစ္စာဖောက်ခံရသူတယောက်က နောက်တခါ ယုံကြည်ဖို့ ခဲယဉ်းသွားတတ်တာကလည်း သူ့စိတ်ထဲမှာ အနာတရ ဖြစ်စေတဲ့ သိမ်ငယ်စိတ် ဝင်သွားတာမျိုး ဖြစ်ပါလိမ့်မည်။
တချို့ အရပ်ပုသူများက အရပ်ရှည်သူများကို ဂလန်ဂလားနှင့်ဆိုပြီး မျက်စိနောက်တတ်သည်။ အသိုင်းအဝိုင်းနဲ့ မနေခဲ့ရသူတယောက်က သူများအသိုင်းအဝိုင်းတခုကို ဘလိုင်းကြီး ကြည့်မရတတ်ပါ။ လိုက်လျောညီထွေ ဖြစ်အောင်လည်း မနေတတ်။
ဒါပေမဲ့ သိပ်ကို ဆိုးဝါးလွန်းတဲ့ ပြင်းထန်လှတဲ့ အငုံစိတ် ရှိတဲ့သူများကတော့ အန ္တရယ်ပေးတတ်သည်။ ဥပမာ ဟစ်တလာ သူ့ အငုံစိတ်ကြောင့် လူမျိုးတုန်း သတ်ဖြတ်မှုကို သာမက ကမာ္ဘစစ်ကြီးကို ပါ မီး တောက်လောင်စေခဲ့သည်။ တနည်းအားဖြင့်တော့ လွန်လွန်ကျုးကျုး အစွန်းရောက်ပြီး အဆိပ်သင့်တဲ့ အတွေးတွေ ပေါ်ပေါက်လာတာမျိုးပါ။
အကျဉ်းကျနေတဲ့ စိတ္တဇ လူသတ်သမားများ ရဲ့ နောက်ကြောင်းကို လိုက်ရင် သူတို့ ငယ်ဘဝများဟာ တော်တော်လေး ခါးသီးပြီး ကြမ်းတမ်းနေတာမျိုးကို တွေ့ရတတ်သည်။ အကြောင်းတွေကြောင့် အကျိုးတွေ ဖြစ်လာရ ခြင်းမျိုး ပါ။
အဲ့ဒီအခါမှာ သိမ်ငယ်စိတ် အနုအရင့် ကို လိုက်ပြီး လူတွေ နည်းနည်းကွဲလာသည်။ ဘယ်လိုနေရာမှာလည်း ဆိုတော့ အသိုင်းအဝိုင်းတခုကြားမှာ ယုံကြည်မှုတည်ဆောက်တဲ့အခါမျိုးမှာ ပိုသိသာလာသည်။ စိတ်ပိုင်းဆိုင်ရာ ရော ရုပ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး မှာပါ ကြီးကြီးမားမား ဒဏ်ရာ အနာတရဖြစ်ခဲ့ဖူးသူက အသိုင်းဝိုင်းတခုကြားမှာ ယုံကြည်မှု ပျောက်နေတတ်သည်။ သံသယစိတ်တွေလည်း များတတ်သည်။ တဖက်သားကို ကြည့်တဲ့ အမြင်တွေမှာ အရာအားလုံးအပေါ် ကြည်လင်မှု ပြတ်သားမှု ပျောက်နေတတ်သည်။
ဖြစ်နိုင်တာကတော့ သူကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက တော်တော်လေး နက်တဲ့ စိတ် ဒဏ်ရာတွေ ပေးလိုက်တာ ဖြစ်ပါလိမ့်မယ်။
ဘယ်လို အကြောင်းအရာ ဘယ်လိုရှုထောင့်မျိုးကိုပဲ ကြည့်ကြည့် မြင်မြင် ဒီလို သိမ်ငယ်စိတ် ကြီးသူများကတော့ သူများနဲ့ ကွဲနေတတ်သည်။ တခါတခါ ကန့်လန့် မြင်နေတတ်သည်။
အဲ့လို ယုံကြည်မှု ပျောက်နေတဲ့သူအတွက် အကောင်းမြင်တတ်တဲ့စိတ် ( positive thinking) လေးရှိဖို့လိုတယ်လို့ ဆိုကြပါတယ်။ အကောင်းမြင်တတ်ဖို့ ဆိုရင်တော့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိတဲ့ ဉာဏ်ပညာ၊ ပကတိ ရိုးသားမှု၊ တဖက်သားအပေါ်မှာ ကိုယ်ချင်းစာစိတ်၊ သနား ကြင်နာစိတ်လေး ရှိဖို့ လိုပါတယ်။
အိုင်းစတိုင်းက ပြောပါတယ်။
ကမာ္ဘလောကကြီးဟာ နေပျော်တယ် ပျော်စရာကောင်းတယ်လို့ ယူဆရင် စိတ်ကူးထဲမှာ တံတားတွေ ဆောက်မယ် ပျော်စရာမကောင်းဘူး ဆိုရင် စိတ်ကူးထဲမှာ အုတ်တံတိုင်းတွေ ဆောက်မယ်။
တံတားဆောက်တယ် ဆိုတာ တယောက်နဲ့ တယောက် ဆက်ဆံချင်လို့ ပေါင်းသင်းချင်လို့ ယုံကြည်မှု တံတားလေး ထိုးလိုက်တာပါ။ လူတွေနဲ့ မဆက်ဆံ ချင်တော့လို့ တယောက်ထဲ နေချင်တဲ့သူသာ အုတ်တံတိုင်းတွေ ကာလိုက်တာပါ။
အဲ့ဒီတော့ ယုံကြည်မှုတည်ဆောက်ဖို့ ဆိုရင် နံရံတွေ ဖျက်ပြီး တံတားတွေ ဆောက်ဖို့ လိုပါတယ်။တဖက်သားက ကိုယ့်ဆီလာဖို့ဖြစ်စေ ကိုယ်က သူ့ဆီသွားဖို့ ဖြစ်စေ စိတ်ထဲမှာ တံတားလေးထိုးထားဖို့ ပါ။ ဒါလေးက ယုံကြည်မှု ပျောက်နေတဲ့ သူအတွက် ပြန်လည်တည်ဆောက်ရမဲ့ နည်းပါ။
ယုံကြည်မှု ရှိပြီးသား အသိုင်းအဝိုင်းဆိုရင်တော့ ဂနီ္ဓပြောတာလေးကို စဉ်းစားကြည့်ရအောင်ပါ။
” အားနည်းသူတွေဟာ ဘယ်တော့မှ ခွင့်မလွှတ်တတ်ဘူးတဲ့”
ခွင့်လွှတ်တယ် ဆိုတာ မေ့ပစ်တာ မဟုတ်ဘူး။ သူများလုပ်တာကို ဘယ်တော့မှ မမေ့ဘူး။ ဒါပေမဲ့ ခွင့်လွှတ်တယ်။ အဲ့ဒီ သတိ္တဟာ အားကြီးတာ ။ “အားရှိတဲ့ လူမှသာ” သူများတွေကို ခွင့်လွှတ်နိုင်တာ ပါတဲ့။
စာရေးခြင်းဟာ အနုပညာလို့ ဆိုပါတယ်။ အနုပညာဆိုတာ သိမ်မွေ့နူးညံ့ပါတယ် ။ ထိခိုက်ခံစားလွယ်ပါတယ်။
ဒီလို အနုပညာတွေ၊ သိမ်မွေ့မှုတွေ ပေါင်းစပ်ခံစားပြီး ယုံကြည်မှုတည်ဆောက်ထားတဲ့ အသိုင်းဝိုင်းတခု မှာ ရှိတဲ့သူများဟာ အားရှိသူတွေ ဖြစ်အောင် ကြိုးစားဖို့လိုပါတယ် ။ ဒီလိုမျိုး ယုံကြည်မှုပျောက်နေတဲ့သူတွေ ရှိတတ်တာ ၊ အမြင်မတူတဲ့သူတွေ ရှိတတ်တာကို လူထဲက လူတွေ ရဲ့ အမြင်တွေပဲလို့ နားလည်ပေးတတ်အောင်၊ လက်ခံတတ်အောင် ခွင့်လွှတ်တတ်တဲ့ ” အားရှိသူများ” ဖြစ်အောင် အတိုင်းအတာ တခုထိ ကြိုးစားကြည့်ရအောင်ပါ။
ဒါမှလည်း ကျမတို့အသိုင်းအဝိုင်းလေးက သူတပါးအတွက် ပတ်ဝန်းကျင်ကောင်းဖြစ်လာမှာပါ။
Ref : ယုံကြည်မှုတည်ဆောက်ခြင်း (သို့မဟုတ်) ပါမောက္ခဒေါက်တာ အောင်ထွန်းသက်နှင့်တွေ့ဆုံခြင်း (ရွှေကူမေနှင်း) ၂၀၀၉၊ဖေဖော်ဝါရီ။
47 comments
thit min
January 12, 2012 at 6:43 am
မိမိရဲ့အတွင်းကသိမ်ငယ်စိတ်ဆိုတာ ကိုယ့်ကိုကိုယ်အထင် ကြီးစရာမရှိလို့လို့ရိုးရိုးလေးစဉ်းစားမိပါတယ်။
သဒ္ဓါ၊သီလ၊စာဂ၊သုတ၊ပညာ၊ဟိရီ၊ဩတ္တပ္ပ၊ဆိုတဲ့ သူတော်ကောင်းဥစ္စာ ရ ပါးရှိသူများကတော့သိမ်ငယ်မှာမဟုတ်ပါဘူး။
အားလုံးမဟုတ်တောင် တခုထဲပိုင်ပိုင်နိုင်နိုင်ရှိရင်တောင် သီလမြဲတော့ရဲ၊ ပညာရဲရင့်ပွဲလယ်တင့်၊ဆိုတာတွေဖြစ်ပါတယ်။
ချမ်းသာသူများကလည်းရဲရင့်တယ်ဆိုတာအဲဒါပါဘဲ။
ကြုံလို့တဆက်တည်းပြောရရင် လူဆိုတာမကောင်းမှုပြောတာ၊ဆိုတာ၊လုပ်ကိုင်ကြံစည်တာကို ရှက်တတ်ကြောက်တတ်ရ
ပါတယ်။ဟိရီ၊ဩတ္တပ္ပ၊ပါ။ အဲဒီလိုမှမဟုတ်ရင်အဲဒီလူဟာ လူတန်းစေ့ဘို့မလွယ်ပါဘူး။လူ့အဆင့်တခုရဲ့အောက်ကိုyရောက်နေ
မှာပါဘဲ။ ဘယ်လိုဘဲ မာန ခံပြီး ဟန်ဆောင်ပါစေ။ကိုယ့်ကိုယ်ကိုယ်တော့ အသိဆုံးပါ။
ငါဟာ ဘယ်လိုလူစားလဲဆိုတာကိုယ့်ကိုကိုယ်သိနေတော့ သိမ်ငယ်စိတ်ဝင်ချင်ဝင်မ ဝင်ရင်လဲဆန့်ကျင့်ဘက်လုပ်ရပ်
အနေနဲ့ သူများတွေကိုညစ်တွန်းတွန်းပြီးဆက်ဆံတတ်ပါတယ်။ကိုယ့်ရဲ့သိမ်ငယ်စိတ်ကို အားဖြည့်တဲ့အနေနဲ့မာနတံတိုင်း
ကာလိုက်တာပေါ့။ ဒါ့ကြောင့် မာနကြီးသူများဟာလည်း သိမ်ငယ်နေသူများဖြစ်တယ်ပေါ့ခင်ဗျာ။
လေးစားစွာ
မောင်သစ်မင်း
thit min
January 12, 2012 at 6:55 am
အမှန်ကတော့ ဟစ်တလာရဲ့ သိမ်ငယ်စိတ်ကိုကာတဲ့မာနတံတိုင်းက လမ်းကြောင်းမှားသွားလို့ပေါ့နော်။
သိမ်ငယ်စိတ်ကိုဘဲ မခံချင်စိတ်ပြောင်းပြီးအောင်မြင်အောင်လုပ်ဖို့ဆိုတာ မပူးချ်ပြောသလို ဆင်ခြင်တုံတ
ရားရှိရမယ်ပေါ့ဗျာ။ အံ့ဩစရာတခုတွေ့ရတယ်ဗျာ။
အဲဒီလိုဆင်ခြင်တုံတရားမဲ့သူတွေရဲ့ ပြောစကားကိုယုံပြီးနောက်ကလိုက်လုပ်တဲ့သူတွေကိုပါ။
မြန်မာပြည်မှာလည်းအများကြီးပေါ့နော်။ အပေါင်းအသင်းပြောစကားနားယောင်ပြီး အကောင်းကိုအဆိုးမြင်တတ်တာ။
ကျနော့အမြင်က လူဟာကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းပျောက်နေရင် သူများကြိုးဆွဲရာကရတော့တာပါဘဲ။
ဆိုလိုတာက ချစ်တဲ့သူပြောတိုင်း၊ကိုယ်ခင်တဲ့သူပြောတိုင်းယုံတတ်သူများကအဲဒီ ခုနက သိမ်ငယ်စိတ်ပေါက်ကွဲသူ
ဒါမှမဟုတ် မာနတံခွန်သမားရဲ့ နောက်လိုက်တွေမဖြစ်အောင် သတိထားဖို့ဆိုတာကိုဆက်စဉ်းစားမိတယ်ဗျ။
အမှန်တရားကိုမစဉ်းစားနိုင်ဘဲ သူငယ်ချင်းပြောဟုတ်နိုးနိုးဆိုတာကလဲ တော်တော်သနားစရာကောင်းတယ်ဗျာ။
မပူးချ်စာကိုဖတ်ပြီး ဆက်စဉ်းစားမိတာလေးတွေပါ။
pooch
January 13, 2012 at 3:28 pm
ဟုတ်လိုက်လေ ကိုသစ်မင်းရယ် ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းပျောက်ရင် သူများကြိုးဆွဲရာကရတော့တာပါပဲ
Moe Z
January 12, 2012 at 9:22 am
မမပုချ်ရေ ကလေးဘဝမှာ အပြစ်တင်၊ ဝေဖန်၊ ကဲ့ရဲ့မှုတွေပဲခံခဲ့ရတဲ့ ကလေးတွေကသိမ်ငယ်စိတ်(မမပြောတဲ့ အငုံစိတ်ပေါ့နော်)ဝင်ပြီး ကြီးတဲ့အခါ သူတို့က အဆိုးမြင်သမားတွေဖြစ်သွားပါတယ် ….
အဲဒီလူတွေမှာ ကိုယ့်ထက်သာမနာလိုစိတ်ရှိပေမယ့် သူတို့ရဲ့အတွင်းစိတ်မှာ ကိုယ့်ကိုကိုယ်လည်း အထင်ကြီးလို့မရဘူး သူများတွေကို ပုတ်ခတ်နေပေမယ့် မသိစိတ်မှာတော့ ကြိတ်ပြီးအထင်ကြီးအားကျတတ်တယ် ဒါပေမယ့် တလွဲမာနလေးနဲ့ အတုယူဖို့ကိုလည်း ဝန်လေးကြတယ် ဘယ်တော့မှလူတောမတိုးတဲ့လူတွေပါ တကယ်သနားစရာကောင်းပါတယ် …
pooch
January 13, 2012 at 3:36 pm
ပြောရရင်တော့ မိုးစက်ရယ် တချို့များကျတော့လည်း ငယ်ဘဝက ဘယ်လောက်ဆိုးဆိုး ကိုယ်တိုင်ကိုယ်က ပြုပြင်ပြောင်းလဲလိုစိတ်ရှိရင်တော့ အကောင်းဘက်ကို ဦးတည်သွားတတ်ပါတယ်..အဲ့လို လူတွေလည်း မြင်ဖူးပါတယ်
inz@ghi
January 12, 2012 at 9:53 am
ကလေးချစ်ကြတဲ့လူတွေ ဒါလေးတော့ စိတ်ဝင်စားမယ် ထင်ပါကြောင်း….
http://www.openforum.com/idea-hub/topics/the-world/article/the-art-of-childraising-guy-kawasaki
ခင်တဲ့
ဂီ
ငပေါက်ဖော်
January 12, 2012 at 10:17 am
ဟုတ်တယ်..အန်တီပုချ်ရေ
သများမှာ အငုံစိတ် ၊ သိမ်ငယ်စိတ် ၊ ယုံကြည့်မှုမရှိတတ်တဲ့စိတ်၊တိုတဲ့စိတ်၊မရှည်တဲ့စိတ်၊
ခွင့်မလွှတ်တတ်တဲ့စိတ်..အို..စုံလို ့ပါပဲ..
ဒါပေသိ..
တတ်နိုင်သလောက်တော့..ပြုပြင်ယူနေပါကြောင်းရယ်ပါ
🙄
pooch
January 13, 2012 at 3:38 pm
ပေါက်ဖော်ရယ် ကျမကိုယ်တိုင်လည်း အနည်းနဲ့အများတော့ရှိတာပါပဲ…
ဒီလိုပဲ မကောင်းတာဆို ပြုပြင်ပြီး နေရတာပါပဲ..
yaungchikha
January 12, 2012 at 10:40 am
မပုချ် ရေးသလိုပါပဲ၊ အငုံစိတ်၊ သိမ်ငယ်စိတ်ဆိုတာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းတွေ ပေါ်မူတည်ပြီးဖြစ်တတ်ပါတယ်……….
မပုချ်ရေးပြတဲ့ သိမ်ငယ်စိတ်နဲ့ပါတ်သက်လို့ ကိုယ်တိုင်ပြန်ဆန်းစစ်ကြည့်နေမိပါတယ်………….
pooch
January 13, 2012 at 3:46 pm
ကိုယ်တိုင်လည်း မကြာမကြာ ဆန်းစစ်ကြည့်မိပါတယ် ရောင်ခြည်ရယ်
manawphyulay
January 12, 2012 at 12:09 pm
တချို့ အရပ်ပုသူများက အရပ်ရှည်သူများကို ဂလန်ဂလားနှင့်ဆိုပြီး မျက်စိနောက်တတ်သည်။ အသိုင်းအဝိုင်းနဲ့ မနေခဲ့ရသူတယောက်က သူများအသိုင်းအဝိုင်းတခုကို ဘလိုင်းကြီး ကြည့်မရတတ်ပါ။ လိုက်လျောညီထွေ ဖြစ်အောင်လည်း မနေတတ်။
အဲလိုတော့ မနော တစ်ခါမှ မဖြစ်ဖူးဘူး သိလား။ ဟီး 😛 ပြန်ပြင်လို့မရတဲ့အရာတွေကို သိမ်ငယ်အားငယ်နေမယ်ဆိုရင်တော့ ရှေ့ကို ဆက်တက်လို့မရတော့ပါဘူး။ အဲလိုစိတ်ကို မမွေးမြူသင့်ဘူးလို့ထင်မြင်မိပါတယ်။
pooch
January 13, 2012 at 3:49 pm
တချို့တလေကို ပြောတာပါမနောရယ် လူတိုင်းကို ပြောတာမဟုတ်ပါဘူး
အကောင်းမြင်စိတ်ရှိတာများတဲ့သူများကတော့ ဒီလိုလေးတွေ ဖြစ်လေ့မရှိပါဘူး
blackchaw
January 12, 2012 at 12:28 pm
ဖတ်ပြီး မှတ်သားသွားပါတယ် မပုချ်ရေ။
ကျွန်တော် ခွင့်လွှတ်တတ်သောသူ တစ်ယောက်ဖြစ်ဘို့
ကြိုးစားနေတာဗျ။
အရာရာကို ခွင့်လွှတ်ပေးနေပြန်တော့
တချို့လူတွေက ပိုအနိုင်ကျင့်လာကြပြန်တာကို တွေ့နေရတယ်ဗျာ။
အဲဒီအခါ စိတ်ဆိုးဒေါသထွက်မိပေမယ့်
ကျွန်တော့်ရဲ့ အားနည်းချက်က စိတ်ပြေလွယ်နေတတ်တာပါ။
အဲဒါကို ကျွန်တော် လုံးဝမကြိုက်ဘူးဗျာ။
pooch
January 13, 2012 at 3:40 pm
ကိုဘလက်ရေ စိတ်ပြေလွယ်တာ စိတ်နှလုံး နူးညံလို့ပါ…
စိတ်ဆိုးတာကြီးက ပူလောင်ပါတယ် . .. ပြေလွယ်ပျောက်လွယ်တော့ ကောင်းတာပေါ့.. အပူတွေ လျော့တာပေါ့
ba gyi
January 12, 2012 at 2:11 pm
မပုချ် ရေ၊ ဆိုက်ကို ဆိုင်ရာဗဟုသုတလေးတစ်ပုဒ်ပါပဲ၊ အလွန်တန်ဘိုးရှိပါတယ်။
ငယ်ငယ်က ဆရာကြီးရွှေဥဒေါင်းရေးတဲ့ တစ်သက်တာမှတ်တမ်းလေးဖတ်ဖူးတယ်၊ အဲသည်မှာ ဆရာကြီးက
ငယ်ငယ်ကတည်းက ခပ်နုံ့နုံ့လေးနေတတ်ပြီးအေးဆေး သူဖြစ်တယ်တဲ့၊ပြောရရင်သိမ်ငယ် စိတ်ရှိသူ ထဲပါ တာပေါ့၊ ငယ်စဉ်မှာပဲ သူ့ကိုအနိုင်ကျင့်တဲ့သူတွေနဲ့တွေ့ခဲ့ပြီး အဲသည်အနိုင်ကျင့်ခံရတော့ သူ့မှာမခံ ချင်တဲ့ စိတ် ကနေ၊ ချွန်မြတဲ့ ဆူးတစ်ချောင်းပထမဆုံးထွက်လာတယ်လို့ စိတ်ရဲ့ခွန်အားထက်လာပုံကိုရေးခဲ့တယ်၊ အဲလိုနဲ့ ဘဝမှာ သိမ်ငယ်စိတ်ကနေ မခံချင်စိတ်ဖြစ်ပြီး အခက်ခဲ၊အနှိမ်ခံပါများတော့ သူကြီးလာတဲ့အခါ တစ်ကိုယ်လုံး ဆူးတွေထွက်ပြီး၊ဖြူတစ်ကောင်လိုဖြစ်ခဲ့တယ်၊ အဲသည်ဆူးတွေကနေ သူ့ဘဝအားကျိုး မာန်တက် မခံချင်စိတ် မှ ရည်မှန်းချက်ကြီးကြီးဖြစ်စေပြီး၊အောင်မြင်တဲ့ ဘဝပန်းတိုင်ရေ ာက်ခဲ့ပါသတဲ့။
pooch
January 13, 2012 at 3:42 pm
ဟုတ်ကဲ့ပါ ဘကြီး အားပေးတာ ကျေးဇူးတင်ပါတယ်
ဆရာကြီး ရွှေဥဒေါင်းစာလေးတွေလည်း ဖတ်ဖူးပါတယ်
windtalker
January 12, 2012 at 2:57 pm
ဘိုးဘိုးပေ ရဲ ့ ကိုယ့်တွေ လူကဲခတ်ကျမ်း အရတော့
ရုပ်ကဆိုး လို ့စိတ်ကကောင်းမလား မှတ်တယ် စိတ်က ရုပ်ထက်ဆိုး
ဆံပင်ကကောက်သလို စိတ်ထားကလဲကောက်
အရပ်ကပုသလို ၊ အတွေးအခေါ်ကလဲ ပု
ဟူး….
အဲဒါ အရင်နှစ်ကပေါ့…
ဘိုးဘိုးပေ ဆီမှာ လာမေးသွားခဲ့တဲ့ တစ်ယောက်ပေ့ါ
အခုတော့ ရှောသွားပါဘီလေ
ကိုပေါက်(မန္တလေး)
January 12, 2012 at 3:12 pm
အများနဲ့တူအောင်မနေနိုင်ဘဲ နေရာတကာမှာ ကန့်လန့်တိုက်ဘို့ကြိုးစားနေသူတွေကလည်း
အငုံ့စိတ်ရှိနေသူတွေပါဘဲ။
Harumoto
January 12, 2012 at 4:37 pm
စကားမစပ်……. ဟိုတယောက်လို
သူများကို မယုံတာကကော..သူ့လိုစိတ်ဓါတ်မျိုးနဲ့ လူတကာကို လိမ်စားမယ်လို့ထင်နေတဲ့
စိတ်ရှိတဲ့သူကလဲ…အငုံ့စိတ်လား..သိမ်ငယ်စိတ်လား…
အောက်တန်းကျတဲ့ စိတ်ကော မဟုတ်ဘူးလား…
Khin Latt
January 13, 2012 at 4:27 am
သမီး Pooch ရေ …
Comment ပေးဖို့ အကြွေး မှတ်ထားပါ။
သမီး ခေါင်းစဉ် ပါ အကြောင်းလေးကို စိတ်ဝင်စားလို့ ဝင်ဆွေးနွေးချင်ပါတယ်။
အချိန် ကို ချော့လို့ ရရင် ပြန်လာမယ်နော်။ 🙂
Bookmark လုပ်ထားတယ်။
ခင်တဲ့
အရီးလတ်
pooch
January 13, 2012 at 3:44 pm
ဟုတ်ကဲ့ပါ အရီးလတ် မျှော်နေပါ့မယ် အားပေးတာကျေးဇူးပါ.
ကြောင်ကြီး
January 14, 2012 at 9:28 pm
ခွေးစုတ် ခွေးနာ ခွေးဂျပိုးတွေ….နင်ဒို့ဂိုမုန်းဒယ်…
pooch
January 14, 2012 at 10:33 pm
ရွာထဲက လူတော်တော်များများက pooch ဆိုတဲ့ နာမည်ကို ပျားရည်သောက်တဲ့ အကောင်လေး pooh နဲ့ မှားပြီး ခေါ်လေ့ရှိတယ် .
ဦးကြောင် တယောက်ပဲ ဒီနာမည် ခွေးပေါက်စလေးရဲ့ ပူးချ် ရဲ့ nick name မှန်းသိတယ်
တော်လိုက်တာ ဒီရွာမှာ ဦးကြောင် မသိတာဘာမှမရှိ ….
အီး…ဒါပေမဲ့ ခွေးတွေကို မုန်းတယ်ဆိုတော့ ဦးကြောင်က ခွေးကိုက်ခံရဖူးလို့လား…..
ဒါဆိုရင်တော့ ကာကွယ်ဆေးထိုးထားနော် ….
မတော် ခွေးရူးပြန်ပြီး အသက်ထွက်နေအုန်းမယ်
windtalker
January 21, 2012 at 10:09 pm
ဟိုက်…
ခွေးပေါက်စ တဲ့
သားသားဂျောက်ဂျောက်
weiwei
January 14, 2012 at 10:48 pm
ဒီပို့စ်ကို မန်းမလို့ပြင်လိုက်တိုင်း ကော်နက်ရှင်က ဒုက္ခပေးတယ် …
အငုံစိတ် သိမ်ငယ်စိတ်တွေရှိတဲ့သူတွေ ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတတ်ပါတယ် … ဘာကြောင့်ဖြစ်လဲဆိုတဲ့ ဇစ်မြစ်ကို သိရင် ခွင့်လွှတ်နိုင်ပေမယ့် တော်ရုံစိတ်နဲ့တော့ ခွင့်လွှတ်ဖို့ တော်တော်ခက်ပါတယ် …
ကျွန်မရဲ့အထက်အရာရှိမှာ အဲဒီလိုစိတ်တစ်ခုရှိနေတယ် … သူ့မှာ ရာထူး ဂုဏ်ရှိန် ငွေကြေးလုံလောက်မှုရှိပေမယ့် အိမ်ပိုင်တစ်လုံးတောင်မရှိသေးဘူးဆိုပြီး သိမ်ငယ်စိတ်ဝင်နေပါတယ် … ကျွန်မက သူ့လောက်လစဉ်မသုံးနိုင်ပေမယ့် အဖိုးပေးခဲ့တဲ့ ကိုယ်ပိုင်အိမ်တစ်လုံးရှိနေတာကြောင့် အဲဒီအိမ်ကိစ္စ သူ့စိတ်ကို ဒုက္ခပေးနေပါတယ် … ဘယ်လိုပဲ နှိမ့်ချပြီးနေပေးပေမယ့် သူစိတ်ဆိုးလာတိုင်း အဲဒါကိုပဲ ထည့်ပြောလေ့ရှိတယ် … ကျွန်မကိုညှာတာတဲ့စိတ်မရှိပဲ အခွင့်အရေးအားလုံးသူတစ်ယောက်ထဲ ယူနေတာကို တရားမျှတတယ်လို့ ထင်နေရှာတယ် …
pooch
January 14, 2012 at 11:18 pm
အဲ့ဒါပါပဲ မမဝေ ကျမတို့ တွေရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုသဘာဝလေးတွေ ရှိနေတတ်တာကို ပြောချင်တာပါ
သေးတာ ကြီးတာပဲ ကွာပါတယ်… နေရာတိုင်းမှာ ရှိတာပါ..
မမဝေရဲ့ အထက်လူကြီးကတော့ သူ့စိတ်ကို သူမမြင်နိုင်သေးသရွေ့ သူ့စိတ်နဲ့ သူပူလောင်နေအုန်းမှာပါ.. ကိုယ်ပါရောပြီး သူ့ဆီက အပူမဟပ်အောင်သာ ဖြေတွေးတွေးပြီး .ဥပက္ခာပြုထားလိုက်ပါ မဝေရယ် …
padonmar
January 14, 2012 at 11:51 pm
Pooch ရေ
inferiorityရှိနေတဲ့ အသိတစ်ယောက်အကြောင်း အခုပဲစဉ်းစားနေမိတယ်။
ကိုယ်က ပုံမှန်ဆက်ဆံပေမယ့် သူ့ကို နှိမ်ပါတယ်လို့ ထင်နေတတ်တယ်။
သူ့မှာဒီစိတ်ရှိနေမှန်းသတိထားမိတဲ့အခါ သူ့ကို အရေးတယူလုပ်ပေးနေရတာ အလုပ်တစ်ခုပါပဲ။
Problem Child လေးတွေကတော့ ပိုခက်ပါတယ်။
သူတို့ရဲ့ တွေးပုံကိုက ပုံမှန်လူတွေနဲ့မတူတော့ child Psychology လေ့လာထားမှပဲ ရမယ်ထင်ပါရဲ့။
pooch
January 15, 2012 at 12:08 am
ဟုတ်ပါတယ်ဒေါ်ဒေါ် ခုတလောတိုက်တိုက်ဆိုင်ဆိုင် ငယ်ပေါင်းသူငယ်ချင်းတယောက်ကို သတိရမိလို့ရယ် အဘဖောရေးတဲ့စာကို ဖတ်မိလို့ရယ် ဒီစာလေး ရေးမိသွားတာပါ..
ကျမငယ်သူငယ်ချင်းကတော့ ဘယ်လောက်ထိအောင်ဆိုးဝါးသွားသလဲ ဆိုရင် ကျမကို လုံးဝအခေါ်အပြောမလုပ်တော့ပဲ သူ့အိမ်သွားရင်တောင် ထပ်မတွေ့တော့တာပါ… အဲ့ဒါ အနှစ် ၂ဝ နီးပါးပေါင်းခဲ့တဲ့ ငယ်ပေါင်းပါ…..
သူတို့မိသားစုက စီးပွားရေးလည်း တဖြည်းဖြည်းအကျဘက်လိုက်ပြီး အကိုတယောက်ရဲ့ လူမှုရေးအရှုပ်ထွေးများလည်း ကြားမကောင်းဖြစ်လာတဲ့အချိန်မှာ ကျမကို ရှောင်တော့တာပါ..
အိမ်ကိုလည်း မလာတော့ပါဘူး အလှူအတန်းလုပ်လို့ ဖိတ်တာတောင် မလာတော့တာပါ…
အစတော့သိပ်သတိမထားမိပါဘူး နောက်ပိုင်းမှ တဖြည်းဖြည်း
အဆက်ဖြတ်သွားတာပါ… ကျမနည်းမျိုးစုံသုံးပြီး သူ့ကို အဆက်အသွယ်လုပ်ပေမဲ့ လုံးဝရှောင်သွားတာပါ… နောက်တော့ လည်း သူစိတ်ချမ်းသာသလို နေပါစေတော့လို့ ထားလိုက်ပါတယ်….
Foreign Resident
January 15, 2012 at 5:25 am
သမီး Pooch ရေ
” အဘဖောရေးတဲ့စာကို ဖတ်မိလို့ရယ် ဒီစာလေး ရေးမိသွားတာပါ ”
ဘယ်စာကို ပြောတာလဲ မသိ ???
စကားမစပ် အရာရာကိုသည်းခံတာကိုတော့ အဘ အားမပေးပါဘူးကွယ် ။
ကိုယ် တစ်ဦးတည်း Personal ကိစ္စတွေမှာ သည်းခံတာကိုတော့ အဘ ဘာမှမပြောလိုပါဘူး ။
( ဥပမာ ကိုယ့်ကို ပါးလာရိုက်သွားတာကို Personally သည်းခံလိုက်တာ )
ဒါပေမယ့် အများ နှင့်ဆက်စပ်တဲ့ကိစ္စတွေ ၊
အယူအဆ အတွေးအခေါ် နှင့် ဆိုင်တဲ့ ကိစ္စတွေ ၊
အမှန်တရား နှင့် တရားမျှတမှု နှင့် ဆိုင်တဲ့ ကိစ္စတွေမှာ သည်းခံလိုက်ရင်
သည်းခံတာ မဟုတ်ပဲ ၊ အရှုံးပေးတာ ညံ့ဖျင်းတာ ဖြစ်သွားပါပြီ ။
( ဥပမာ အများတန်းစီတဲ့နေရာမှာ ရှေ့ကတန်းဖေါက်ဝင် ကျော်တက်တာ )
ဟိုဘက် Post က အဘရဲ့ Comment လေးကိုပဲ ပြန်ရေးမယ်နော် ။
Quote
တိုးတက်တဲ့ Caucasian နိုင်ငံတွေက ပြည်သူ တွေဟာ ၊
ပြင်းထန်တဲ့ မဟုတ် မခံ သမား တွေ နှင့် ဖွဲ့စည်းထားပါတယ် ။
မျက်စိရှေ့မှာ မတရားတာတွေ့ရင်
ကိုယ်နှင့် ဆိုင်ဆိုင် မဆိုင်ဆိုင်
ဝင်ရောက် ပြောဆို ကာကွယ်တတ်ပါတယ် ။
အဲလို အဖြစ်အပျက်တွေ များလာတော့လည်း ၊
ဒီလို သူရဲကောင်း ပြည်သူများ အတွက် ၊
သူနှင့် ထိုက်တန်တဲ့ နိုင်ငံရေး စံနစ်ကောင်းကြီး ပေါ်လာရတာပေါ့ ။
ရှင်းရှင်းလေးပါ လူညံ့ ပြည်သူ ပြည်သားများ အတွက် စနစ်ညံ့ နှင့်
လူတော် ပြည်သူ ပြည်သားများ အတွက် စနစ်ကောင်း ၊
ဒါပါပဲ ။
အပြစ်ရှိတဲ့သူကို အပြစ်ပေးတာ / အပြစ် ပေးသင့်ကြောင်း တောင်းဆိုတာဟာ
လက်စားချေတာ မဟုတ်ပါဘူး ၊ တရားမျှတမှု ကိုတောင်းဆိုတာပါ ။
မှန်တာပြောရရင်
တရားမျှတမှု ကိုတောင်းဆိုတာ ဆိုတဲ့ အနက် အဓိပ္ပါယ် အပြင်
အရမ်းလေးနက်တဲ့အနက် အဓိပ္ပါယ် တွေလည်းရှိပါသေးတယ် ။
လူသား အသိုင်းအဝိုင်းကြီး မှာ လူတစ်ဦးချင်းစီမှာ အချင်းချင်း ယုံကြည်မှုရအောင် ၊
လူသား အသိုင်းအဝိုင်းကြီး ပေါ်ကိုလည်း ယုံကြည်မှုရအောင် ၊
လွယ်လွယ်ပြောရရင်
မတရားမှုတွေကို နောက် ဘယ်လူ ဘယ်အဖွဲ့အစည်းကမှ မလုပ်ရဲအောင် ၊
လူ့ အသိုင်းအဝိုင်းကြီး မပြိုကွဲအောင် ၊
ထိန်းညှိပေးတဲ့ အခြေခံ လိုအပ်ချက်ဖြစ်ပါတယ် ။
အနှစ်ချုပ်ပြောရရင်
အပြစ်ရှိတဲ့သူကို အပြစ်ပေးတာ / အပြစ် ပေးသင့်ကြောင်း တောင်းဆိုတာဟာ
ဖြစ်သင့် ဖြစ်ထိုက်တဲ့ ၊ မရှိမဖြစ် လိုအပ်တဲ့ ၊ လုပ်ကို လုပ်သင့်တဲ့ ၊
ရေရှည်ကိုထည့်သွင်းစဉ်းစားတဲ့ တောင်းဆိုမှု တစ်ခုဖြစ်ပါတယ် ။
( အချိန် နှင့် အင်အား ကိုတော့ စောင့်ရမှာပေါ့လေ )
ဂေါတမ ဗုဒ္ဓ ပြောခဲ့တယ်ဆိုတဲ့ ” သည်းခံ ” ဆိုတဲ့ စကား နှင့် ပါတ်သက်လို့ကတော့ ၊
တိုင်းပြည် တစ်ခုကို တိုးတက်အောင် တည်ဆောက်တဲ့အခါမှာ ၊
” မဟုတ် မခံ ” ဆိုတဲ့ စိတ်ဓါတ် နှင့် စနစ်က
” သည်းခံ ” ဆိုတဲ့ စနစ် ထက် ပို အကျိုးပြုပါတယ် ။
Unquote
kai
January 15, 2012 at 6:23 am
ဗုဒ္ဓက သည်းခံရမယ်ပြောတယ်လုပ်ပြီး တောင်ပိုင်းသာသနာဗုဒ္ဓဘာသာဝင်တွေ… သည်းခံခဲ့လို့.. ဗုဒ္ဓသာသနာဟာ.. မူလဘူတဇာတိက.. ကွယ်ခဲ့ရတယ်..။
မဟာယာနက သည်းမခံပါဘူး..။ ရှောင်လင်သိုင်းကျောင်းလို.. ဘုန်းတော်ကြီးတွေက.. တိုက်ခိုက်ရေးပညာတွေပါသင်ပြီး.. သာသနာနဲ့ ကိုယ့်ယုံကြည်ချက်တွေ ကို ကာကွယ်ခဲ့ကြတာပါ..။
မြန်မာပြည်ဖက်မှာလည်း.. အရည်းကြီးအမည်ခံ.. ရဟန်းတွေက.. သာသနာကို.. ကာကွယ်ပေးခဲ့ကြတယ် ထင်မိတယ်..။
အနော်ရထာက.. နိုင်ငံရေးအရ.. စစ်သားလိုအပ်မှုမှာ အသုံးချချင်လို.. လူဝတ်လဲခိုင်းပြီး စစ်တပ်ထဲသွင်းလိုက်လို့သာပေါ့..။
သည်းခံ..သည်းခံ..နိဗ္ဗာန်ဆိုတာ…
.. အယူအဆရေးရာအရ .. စံနစ်တကျ.. သာသနာကို…လုပ်ကြံမှုတခုလို့ မြင်မိတာပဲ..။
ဆိုတော့..
ဗုဒ္ဓကိုယ်တိုင်လည်း (မြန်မာတွေပြောနေတဲ့..သည်းခံတာမျိုး)ခေါင်းငုံ့သည်းခံ မလုပ်ပါဘူး..။
အတိုအရှည်ကြည့်ပြီး.. အချိန်အခါကိုက်ညှိလို့.. စံနစ်တကျ တုံ့ပြန်ပါတယ်..။ 🙂
ဆိုတော့..
ဟဲ..ဟဲ..ဟဲ..။
Khin Latt
January 15, 2012 at 6:44 am
ဗုဒ္ဓရဲ့ ” သည်းခံ ” ရဲ့ နောက်မှာ အားပြင်းတဲ့ အေးချမ်းတဲ့ မေတ္တာတရား ရှိတယ်။
အဲဒီ ဘဝအဆက်ဆက် ဖြည့်ခဲ့တဲ့ မေတ္တာပါရမီ နဲ့ တိုက်ခဲ့လို့ အောင်ခြင်း ရှစ်ပါးလို အောင်မြင်ခြင်းတွေကို ပေးခဲ့တာ လို့ ထင်မိပါတယ်။
ဒီတော့ တကယ် မေတ္တာပါရမီ မရှိ/မပါ နိုင်ရင်တော့ ” သည်းခံ ” ဆိုတာ ပါဝါ ရှိမည်ဟု မထင်ပါကြောင်း။
သို့သော် လက်တွေ့မှာတော့ “သည်းခံ” ဆိုတာ မနိုင် နိုင်သေးတဲ့အချိန်မှာတော့ “သည်းခံ” ပါဘဲ။ မဟုတ်ရင် ကိုယ်နာမှာမဟုတ်ပါလား။
နိုင်ဘက် ကဆိုရင်တော့ သည်းခံ စကား အစား တစ်ခြားစကား လာမှာပေါ့။
ထင်တာပြောတာ။ အတည်မဟုတ်။ 😉
kai
January 15, 2012 at 7:12 am
လောကီဈာန်တွေ ကျင့်ထားတဲ့ ဗုဒ္ဓက.. မေတ္တာတရားကို သူတပါးစိတ်ကို လွှမ်းမိုးနိုင်တဲ့.. စိတ်တန်ခိုးတခုအနေနဲ့ အသုံးချပြီး.. ခုခံတုံ့ပြန်တာလို့.. သဘောပေါက်မိတယ်..။
နားလည်သလောက်.. အဘိဓမ္မာအရကောက်ရင်.. ရုပ်ရော..စိတ်ပါ.. ဖြစ်တဲ့နေရာပျက်တာမို့.. ပို့လွှတ်လို့မရပါဘူး..။
(ဒါကို.. မြန်မာပြည်က.. လူထုတရပ်လုံး..တကမ္ဘာလုံးက..မေတ္တာဝိုင်းပို့နေတဲ့.. အာဏာရှင်တွေ.. ဘာမှဖြစ်မလာကြတာက.. လက်တွေ့ကျကျ.. ပြပြီးနေပြီလို့.. ထင်တာပဲ..။ .။ ။ စကားချပ်) 👿
လူ့ခန္တာရဲ့ ဝင်ပေါက်.. ဒွာရတွေကနေ.. ဝင်အောင်.. လုပ်မှရပါမယ်..။
ဆိုတော့..တဖက်သားခန္တာထဲ.. တိုက်ရိုက် Input လုပ်ဖို့.. မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ အရသာရှိခြင်း၊ ထိခြင်း၊ သိခြင်း ဖြစ်နိုင်တဲ့… ထိတွေမှုလိုတယ်ထင်မိတယ်..
ဆိုတော့….
အဲဒီလို.. ဘုရားရှင်တရားကို.. မမှားကြောင်း..လက်တွေ့နဲ့ညှိကြည့်ပြီး.. ရှေ့နောက်ညီအောင်… ဖွင့်လိုက်ပါကြောင်း…။ 🙂
pooch
January 15, 2012 at 8:38 am
အဘဖောရေ သီးခံရမယ်လို့ ပြောချင်တာ ထက် ခွင့်လွှတ်တတ်ဖို့ ကြိုးစားကြည့်ရအောင်လို့ ဆိုလိုချင်တာပါ… “အတိုင်းအတာတခု “ထိ ဆိုတဲ့ စကားကိုလည်း သုံးထားတယ်လေ.
ပါစင်နယ် အရ ပါးရိုက်ခံရရင်တောင် ပါးရိုက်ခံရလောက်အောင် ကိုယ်က ဘာလုပ်ခဲ့လဲ ဆိုတာ ကို တချက်စဉ်းစားရမှာ ဖြစ်သလို ဘာမှ မလုပ်ပဲ ပါးရိုက်ခံရတယ်ဆိုရင်တော့ တဖက်က စိတ်ပုံမှန် မရှိလို့ ဖြစ်ပါလိမ့်မယ်..
အဲ့ဒီလို အခြေအနေမှာဆိုရင်တော့ အကျိုးကြောင်း အဆိုးအကောင်း တချက်ကြည့်ပြီး ဆုံးဖြတ်ရမှာပေါ့….
စိတ်ဝေဒနာသည်နဲ့ ပြိုင်ပြိီး ပါးပြန်ချသင့်လား ?????
ဒါမှမဟုတ်လည်း သူဖြေရှင်းသလို ပါးချပြီး ပြန်ဖြေရှင်းလိုက်လို့ ပြသာနာက ပြေလည်သွားမယ် ထင်သလား?????????
ဘယ်လိုကြောင့်ပဲ ပြန်ရိုက်ပြန်ရိုက် ပေးလိုက်ရတာကတော့ ဂုဏ်သိက္ခာနဲ့ ဆင်ခြင်တုံတရား ဖြစ်သွားပါလိမ့်မယ် ..( ကိုယ်လည်း သူနဲ့ အတူတူပဲ ဆိုတာမျိုး )
(ချိတ်ချိတ်ခြင်းမှ ချိတ်တတ်တာပါ၊ တဖက်က ဖြောင့်နေရင် ချိတ်ချင်လို့တောင် ချိတ်မရပါဘူး)
ဒါက ပါစင်နယ်ကို ပြောတာပါ။ နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတတ်တဲ့ အပေါ့စား လေးတွေကို ဆိုလိုချင်တာပါ။
ကိုယ်တိုင်လည်း ခုထိ အဲ့လို စိတ်မျိုး မွေးလို့ မရသေးပါဘူး.. ( ပါးရိုက်ရင် ပြန်တော့ရိုက်လိုက်ချင်တာပါ)
ဒါပေမဲ့ တချို့ အကြောင်းအရာများကို ကိုယ်က အမြင်ပြောင်းပြီး ကြည့်လိုက်ရင် ကိုယ့်စိတ်ထဲမှာ နေသာသွားတာကို ပြောချင်တာပါ
နောက် အဘဖော ပြောတဲ့ တိုင်းပြည်နဲ့ ဆိုင်တဲ့ အကြောင်းအရာဆိုရင်တော့ …
“အပြစ်ရှိတဲ့သူကို အပြစ်ပေးတာ / အပြစ် ပေးသင့်ကြောင်း တောင်းဆိုတာဟာ
လက်စားချေတာ မဟုတ်ပါဘူး ၊ တရားမျှတမှု ကိုတောင်းဆိုတာပါ ။”
ကို မလွဲမသွေ ကျင့်သုံးရမှာပါ.. အဲ့ဒါကို ထောက်ခံပါတယ်
ဒါကြောင့်မို့ ဟစ်တလာနဲ့အကျဉ်းကျနေတဲ့ စိတ္တဇ လူသတ်သမားဆိုတာကို ပြောထားတာ သူတို့ ဟာ အပြစ်ရှိသူ ပြစ်ဒဏ်ကြီးကြီးမားမား နဲ့ထိုက်တန်တဲ့ အငုံစ်ိတ်ကြီးသူများဆိုတာကို ပြောချင်လို့ပါ
ဒီစာစုက ယုံကြည်မှုတည်ဆောက်ခြင်း ဆိုတာနဲ့ အတူ ယုံကြည်မှု ပျောက်ဆုံးသွားတဲ့အခါ ဖြစ်လာတတ်တဲ့ အကျိုးဆက်တွေ အကြောင်း ပြောရအုန်းမှာပါ..
ကျမက တပိုင်းပဲ ရေးပြီး ပြည့်စုံအောင် မတင်ခဲ့တာပါ(သိသိကြီးနဲ့) စာရှည်မှာ စိုးတာရယ် အကိုးအကားလေးတွေ ရှာချင်နေတော့ ရှာဖို့ ပျင်းသွားတာနဲ့ ဒီလောက်နဲ့ တင်လိုက်တာပါ
ဒီရွာရဲ့ စာဖတ်သူများဟာ သိပ်တော်ပါတယ် စာတပုဒ်မှာ လိုနေသေးတာကို အစဆွဲထုတ်တတ်ကြပါတယ် ။ဒီလို တော်တဲ့ လူကြီးတွေကြောင့်လည်း ဒီရွာလေးက တဖြည်းဖြည်း အရောင်တွေတက်လာတာပါ။
ဘုရားဟာခဲ့တဲ့ ” သီးခံ” ခြင်းက အဓိပ္ပါယ် အများကြီး လေးနက်ပါတယ်
ဟိုးအရင် ဘုရားရှင်လက်ထက်မှာ ရဟန်းတော်များ လူသူကင်းဝေရာ အရပ်မှာ တရားအားထုတ်တော့ ညအခါမှာ ကျားက ဝင်ဝင်ဆွဲပါတယ် .. အဲ့လိုနဲ့ ရဟန်းတော်များ တပါးပြီး တပါး ကျားစာဖြစ်ပြီး ပျံလွန်တော်မူကုန်လို့ ညအခါမှာ အဲ့ဒီကျားကို ရဟန်းတော်များက ခြောက်လှန့်မောင်းထုတ်တာကို ခွင့်ပြုတော်မူပါတယ်( သီးမခံခိုင်းခဲ့ပါဘူး)
ကံမကောင်းလှစွာနဲ့ ကျားပါးစပ်ထဲ ပါသွားတဲ့ရဟန်းက တော့ ဝေဒနာကို သီးခံပြီး သူ့ကို ကိုက်ဖြတ်စားသောက်နေစဉ်မှာပဲ တရားမှတ်သွားနိုင်လို့ နောက်ဆုံးထွက်သက်မှာ ရဟန်းကိစ္စပြီး သွားပါတယ်
အဲ့ဒီ သီးခံမှု ၂ ခုရဲ့ အဓိပ္ပါယ်က ကွဲပါတယ် ဒီလောက်ဆို ဆိုလိုချင်တာ သိလောက်ပြီ ထင်ပါတယ်
Khin Latt
January 20, 2012 at 5:41 am
Pooch ရေ –
သမီးဆီမှာ မှတ်ချက်ပေးရန် ကျန်နေတဲ့ အကြွေး ကို တီချာနု ရဲ့ လူ့စရိုက် Post နဲ့ တွဲဆွေးနွေး ချင်ပါတယ်။
~~~ အငုံစိတ် ဆိုတာ လူတိုင်းမှာ ရှိတယ်လို့ ပြောကြပါတယ် ။ နည်းတာ များတာ ခံစားမှု ကြီးတာ သေးတာ ပဲ ကွာသည်။~~~~
သဘော ကတော့ အဲဒီစိတ် ဆိုတာ လူ့ရဲ့ ဗီဇ ထဲ မှာကို ပါနေတယ် လို့ထင်ပါတယ်။
တီချာနု ရှင်းပြ ထားတဲ့ လူတွေရဲ့ စရိုက် ထဲမှာလဲ အဲဒီ အငုံစိတ် တို့ သိမ်ငယ် စိတ် တို့ ဆိုတာ ပါမလားဘဲ။
လူတွေ အမြဲ အငြင်းပွါး လေ့ ရှိကြသေးတယ်။
လူတွေ ရဲ့ စရိုက် ဟာ သူ့ရဲ့ မွေးရာပါ ပင်ကိုယ်ဗီဇ gene ကြောင့် ဖြစ်တယ်လို့ ဆိုကြ သလို သူ့ရဲ့ ပါတ်ဝန်းကျင် က အကျင့်စရိုက် တွေ ကလွှမ်း လို့ ဖြစ်တာလို့ လဲ ဆို ကြ တယ်။
မြန်မာ ပုံပြင် ထဲ က ကျေးညီနောင် ကတော့ ပါတ်ဝန်းကျင် က အရေးကြီး တယ်ဆိုတာကို ပိုအသားပေးတယ် ထင်တယ်။
အရီးလဲ အသေအချာ မသိပေမဲ့ ကိုယ်ထင်တာနဲ့ ဆွေးနွေး ကြည့်ချင် လို့ ပါ။
Gene နဲ့ပါတ်သက်ပြီး Documentary တစ်ခု ကြည့်ဘူးတယ်။ အဲဒီမှာ gene တွေကို လေ့လာ နေတဲ့ ဆရာဝန် က သူ့ ကို သူ ပြန် စမ်းသပ် ကြည့်လိုက်တော့ သူ့မှာ လူသတ် သမား တွေ ဆီမှာ တွေ့တဲ့ gene မျိုး အပြည့်ရှိသတဲ့။
သူဟာ အရမ်းကြင်နာတတ်တဲ့ မိဘ တွေ နဲ့ ကောင်းတဲ့ ပါတ်ဝန်းကျင် မှာ ကျင်လည်ခဲ့ လို့ တီချာနု Post ထဲ က စရိုက်ကောင်း တွေ ရှိတဲ့ ဆရာဝန် ဘဝ အဖြစ် နဲ့ ရပ်တည် နေခဲ့ တာနေမှာ။ ကောင်းတဲ့ ပါတ်ဝန်းကျင် လွှမ်း သွားလို့ မကောင်း တဲ့ gene က ငုပ်နေတာ ထင် ပါရဲ့။ ဒါပေမဲ့ သူဟာ တစ်ခါတစ်ခါ အရမ်းကို စိတ်ခက်ထန် တယ်၊ စိတ်တိုတတ်တယ် လို့ သူ့သားသမီး တွေက ဆိုတတ်သတဲ့။
ဒါကြောင့် အရီးထင်တာ က တော့ ကောင်းတဲ့ ပါတ်ဝန်းကျင် ကြောင့် ပင်ကိုယ်မွေးရာပါ ဒေါသစိတ်၊ သိမ်ငယ်စိတ် တွေဟာ ငုပ်တော့ နေမှာပါဘဲ။ ဒါပေမဲ့ အကြောင်းသင့် ခဲ့ရင်တော့ ပေါ်လာမှာပါဘဲ။ ဒါကြောင့် ကိုယ့် ရဲ့ ချို့ယွင်းချက်၊ အားနဲချက် ကို သိနိုင်တဲ့ သူဆိုရင်တော့ အဲဒီမကောင်း တဲ့ အငုံစိတ် ကို ကိုယ်ကိုယ်တိုင် ဆင်ခြင်စိတ် လေးမွေးပြီး အမြစ်ဖြုတ် ရင်ရ နိုင်မလားဘဲ။ တစ်ဆင့်ခြင်းပေါ့။ အဲဒီလို ဆိုရင် ကိုယ့်ရဲ့ မကောင်းတဲ့ gene ကို ကိုယ်တိုင် ပြင်နိုင်တယ် လို့ ဖြစ်မလားဘဲ။
အဲဒီလို အချိန်မှာ ပါတ်ဝန်းကျင်ကောင်း က သူ့ အတွက် ပံ့ပိုးပေးနိုင် မယ် ဆိုရင်တော့ ပိုပြီး အလုပ်ဖြစ်မှာ လို့ တွေးမိပါကြောင်း သမီး Pooch ရေ။ 🙂
ချစ်ခင်စွာဖြင့်
အရီးလတ်
PS – သိလို့ ဆရာလုပ်ခြင်း မဟုတ်ပါ။ ကျွန်မ မှတ်ချက် မှားချင်မှားပါ့မယ်။
ဒါပေမဲ့ ကိုယ်အမြင် ကိုယ့်အတွေး ကိုဖလှယ် ရင်း ကျွန်မလဲ သူတပါးအတွက် ပတ်ဝန်းကျင်ကောင်းဖြစ်ချင်လို့ပါ။ 😉
weiwei
January 20, 2012 at 11:18 am
gene နဲ့ပတ်သက်တာကို ကျွန်မလဲ စိတ်ဝင်စားမိတယ် … ဘာလို့လဲဆိုတော့ ကျွန်မမှာ အဖိုး အဖွား နှစ်ဖက် ၄ ယောက်ရှိတယ်ပေါ့ .. သူတို့လေးယောက်က လုံးဝမတူသောလူမျိုး၊ မတူတဲ့ပတ်ဝန်းကျင်နဲ့ လုံးဝခြားနားတဲ့ စရိုက်လက္ခဏာတွေရှိကြတယ် … ကျွန်မ သေချာဆန်းစစ်ကြည့်တော့ ကျွန်မဆီမှာ သူတို့စရိုက်တွေ ရှိနေတယ် … မတူညီတဲ့ စရိုက်တွေပေါ့နော် … ပတ်ဝန်းကျင်ကြောင့် ငုံ့နေတာလေးတွေရှိပေမယ့် တိုက်ဆိုင်လာတိုင်း ပေါ်လာမိတတ်ပါတယ် …
ကျွန်မစိတ်ထင်တော့ လူမျိုးကွဲတွေ လက်ထပ်ပြီး မွေးလာတဲ့ကလေးက သာမန်ထက်ပိုပြီး ဉာဏ်ကောင်းတတ်တယ် …
pooch
January 20, 2012 at 1:57 pm
အရီးလတ်ရေ ဆရာလုပ်တယ်လို့ မထင်ပါဘူး
ဒီလိုပဲ သိတာလေးတွေကို မျှဝေကြတာပါ အားမနာတမ်းပြောပြပါရှင် ခုပြောပြတဲ့ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် အကြောင်းလေးကိုလည်း စိတ်ဝင်စားပါတယ်
ဝင်ဆွေးနွေးပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်
မမဝေ ဉာဏ်ကောင်းတာ မတူတဲ့ မျိုးရိုးဗီဇ တွေကြောင့် ဆိုတာ ဖြစ်နိုင်ပါတယ် ကျမအဲ့ဒီအကြောင်းလေး ဖတ်ဖူးပါတယ်
MaMa
January 20, 2012 at 7:06 am
ပုချ်ရေ-
သဂျီးသင်သင်ပေးနေတဲ့၊ တောင်းပန်တတ်ဖို့၊ ခွင့်လွှတ်တတ်ဖို့တွေ ကြိုးစားရင်လည်း အဲဒီ အငုံစိတ်တွေ၊ သိမ်ငယ်စိတ်တွေကို ဖြေဖျောက်ပေးရာ ရောက်နိုင်မလား။
pooch
January 20, 2012 at 1:48 pm
အဲ့ဒီလိုကြိုးစားရင်တော့ လုံးဝပျောက်သွားတာ မဟုတ်ရင်တောင်မှ အတန်အသင့်တော့ ဖြေဖျောက်ပေးနိုင်မယ်လို့ ထင်ပါတယ် မမရယ်
ဖားသက်ပြင်း
January 20, 2012 at 2:03 pm
ဂျန်နရေးရှင်းကောင်းအောင် ဂျင်းကောင်းတဲ့ မိန်းမရှာယူပီး အန်ဗာ့ရွန့်မန့်ကောင်းတွင်
အခြေချနေထိုင်ရန် ဆုံးဖြတ်ချက်ချလိုက်ပီဖြစ်ပါသည်…။
ပုံ
ဖားသက်ပြင်း…
P.S ဂျင်းကောင်းကောင်း ဘယ်မှာ ရှိလဲ သိတဲ့လူရှိရင် လက်တို့ပါဦးနော်…
😛
thit min
January 20, 2012 at 7:57 pm
မပူးချ်ရေ
ကျနော် ထုတ်နှုပ်ကြည့်တာ လိုအပ်တာရှိရင်ပြန်ဖြည့်ပေးပါနော်။ဆီမီနာ-၃ အတွက်ပါ။
လိုသလိုဖြတ်တောက်ဖြည့်စွက်နိုင်ပါတယ်။
သုံးစွဲခွင့်လည်း လေးစားစွာ တောင်းဆိုပါတယ်။
ဦးဆောင်ဆွေးနွေးပေးဖို့ အဓိကတဦးအဖြစ် လည်း မေတ္တာရပ်ခံပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
မပူးချ်ရဲ့ ရောဂါရှာဖွေရေးနှင့် ဆေးနည်းလေးများ။
အငုံစိတ်ရှိသူများ၏ အကြောင်းရင်းတချို့
——————————————–
မိဘတွေကြောင့်>>>>>
၁။ အိမ်ထောင်ဖက်အချင်းချင်း ပဋိပက္ခတွေနဲ့ ရှိတဲ့ဒေါသတွေ ကို ကလေးအပေါ်မှာ ဖိတတ် ရိုက်နှက်တတ်တဲ့ အခါမှာ ကလေးတွေ က စိတ်ရိုင်းဝင်တတ်ပါတယ်။ ထိန်းရသိမ်းရလည်း ခက်တတ်သလို ဆိုဆုံးမလွယ်တဲ့ ကလေးတွေ ဖြစ်
သွားတတ်ပါတယ်။
သူတို့လူကြီးဖြစ်လာတဲ့အခါမှာလည်း အများစုက ထစ်ခနဲရှိ လက်ပါတတ်တာမျိုးပါ။ ဒါလည်း အငုံစိတ်က လာတဲ့ အကျိုးဆက်ပါ။
အတန်းပညာ>>>>>
၂။ တချို့လူတွေ က အတန်းပညာမသင်ရ တတ်ပါဘူး။ ကြိုးစားအားထုတ်မှုကြောင့် လူချမ်းသာဘဝကို ရောက်သွားသည့်တိုင်အောင် သူဘယ်လောက်ချမ်းသာ ချမ်းသာ အတန်း ပညာနဲ့ပတ်သတ်တဲ့ သိမ်ငယ်စိတ်က
မသိမသာနဲ့ သူ့စိတ်ထဲမှာ ရှိနေတာပါ။
ဝပ်ရှော့ဆရာက သူ့တပည့်လေးကို ၁ဝ တန်းတောင် အောင်ထားပြီး ဒါလေးတောင် မသိရကောင်းလားဆိုပြီး ထပ်ခါ ထပ်ခါ အက်ကြောင်းထပ်အောင် ဆဲရေးတိုင်းထွာနေတာမျိုးကို ကျမ ကြားဖူး မြင်ဖူးသည်။ မလိုအပ်ပဲ ၁ဝ တန်းအောင်တာကို အပ်ကြောင်းထပ်နေတာပါ။
ပါတ်ဝန်းကျင်နဲ့မိမိကိုယ်ကိုနှိုင်းယှဉ်ခြင်း>>>>>
၃။တချို့တွေ ကျပြန်တော့ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ကို လိုက်ပြီး အားငယ်တတ်တဲ့ အငုံစိတ်တွေ ရှိတတ်ပါတယ်။
စိတ်ဒဏ်ရာအနုအရင့်(ကံကြမ္မာအထုအထောင်း)>>>>>
၄။ သိမ်ငယ်စိတ် အနုအရင့် ကို လိုက်ပြီး လူတွေ နည်းနည်းကွဲလာသည်။
အသိုင်းအဝိုင်းတခုကြားမှာ ယုံကြည်မှုတည်ဆောက်တဲ့အခါမျိုးမှာ ပိုသိသာလာသည်။ စိတ်ပိုင်းဆိုင်ရာ ရော ရုပ်ပိုင်းဆိုင်ရာ နှစ်ခုစလုံး မှာပါ ကြီးကြီးမားမား ဒဏ်ရာ အနာတရဖြစ်ခဲ့ဖူးသူက အသိုင်းဝိုင်းတခုကြားမှာ ယုံကြည်မှု ပျောက်နေတတ်သည်။ သံသယစိတ်တွေလည်း များတတ်သည်။
ဆေးနည်းလေးများ
———————-
အဲ့လို ယုံကြည်မှု ပျောက်နေတဲ့သူအတွက်
positive thinking>>>>>
(၁)အကောင်းမြင်တတ်တဲ့စိတ် ( positive thinking) လေးရှိဖို့လိုတယ်လို့ ဆိုကြပါတယ်။
အကောင်းမြင်တတ်ဖို့ ဆိုရင်တော့
(က)အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိတဲ့ ဉာဏ်ပညာ၊
(ခ)ပကတိ ရိုးသားမှု၊
(ဂ)တဖက်သားအပေါ်မှာ ကိုယ်ချင်းစာစိတ်၊ သနား ကြင်နာစိတ်လေး ရှိဖို့ လိုပါတယ်။
ယုံကြည်မှု တည်ဆောက်ခြင်း>>>>>
(၂) အိုင်းစတိုင်းက ပြောပါတယ်။
တယောက်နဲ့ တယောက် ဆက်ဆံချင်လို့ ပေါင်းသင်းချင်ရင် ယုံကြည်မှု တံတား ထိုးတာပါတယ်။
လူတွေနဲ့ မဆက်ဆံ ချင်တော့လို့ တယောက်ထဲ နေချင်တဲ့သူသာ အုတ်တံတိုင်းတွေ ကာလိုက်တာပါ။
ယုံကြည်မှုတည်ဆောက်ဖို့ ဆိုရင် နံရံတွေ ဖျက်ပြီး တံတားတွေ ဆောက်ဖို့ လိုပါတယ်။
ဒါလေးက ယုံကြည်မှု ပျောက်နေတဲ့ သူအတွက် ပြန်လည်တည်ဆောက်ရမဲ့ နည်းပါ။
(တတ်နိုင်သမျှ)ခွင့်လွှတ်(ကြည့်)ခြင်း>>>>>
(၃)ယုံကြည်မှု ရှိပြီးသား အသိုင်းအဝိုင်းဆိုရင်တော့ ဂနီ္ဓပြောတာလေးကို စဉ်းစားကြည့်ရအောင်ပါ။
“အားနည်းသူတွေဟာ ဘယ်တော့မှ ခွင့်မလွှတ်တတ်ဘူးတဲ့”
“အားရှိတဲ့ လူမှသာ” သူများတွေကို ခွင့်လွှတ်နိုင်တာ ပါတဲ့။
pooch
January 21, 2012 at 4:47 pm
ဟုတ်ကဲ့ပါ ကိုသစ်မင်း အဆင်ပြေသလို သုံးပါ။
ကျမက ဘာရယ် မဟုတ် မျက်စိရှေ့မြင်တာလေးတွေ နဲ့ စိတ်ထဲဖြစ်မိတာလေးတွေ ပေါင်းပြီး ဖတ်ခဲ့မှတ်သားခဲ့ဖူးတာလေးများကို ကိုးကားပြီး ရေးမိသွားတာပါ။
ကျမလည်း သိပ်ပြီး သိလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုသစ်မင်းပြောသလိုပဲ ကိုယ်သိတဲ့အပိုင်းလေးများ ပါရင် ဝင်ပြီးတော့ ဆွေးနွေးချင်ပါတယ်။
kai
November 30, 2012 at 6:10 am
ခန္တီ…သည်းခံတယ်ဆိုတာကို.. အဓိပ္ပါယ်မကွဲပြား… ရောထွေးနေကြဟန်ရှိမယ့်သူတွေအတွက်.. ဒီပို့စ်ရှေ့ပြန်ထွက်လာအောင်.. ရေးတာပါ.. :kwi:
မကျေလည်သေးသူတွေ… ဆွေးနွေးနိုင်ကြပါတယ.်.။
ဆွေးနွေးသူတွေဟာ..
http://myanmargazette.net/126056
ဂေဇက်ရွာမှ……ဒီမိုကရေစီနဲ့ ခနီ္တ အယူအဆ – ဇောက် ထိုး အဲဒီအပေါ်ကပို့စ်ရယ်..။
https://myanmargazette.net/158046/
အကျွန်နုပ်တို့ဗုဒ္ဓ၏…..ဗုဒ္ဓဝင် – myanmar oscar
https://myanmargazette.net/142392/
ကန် ့ကွက်ဖြစ်အောင် ကန် ့ကွက်ကြပါ – အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး
အပေါ်က.. ပို့စ်တွေရယ်ကို.. အရင်ဖတ်ကြဖို့.. ညွှန်းဆိုချင်ပါတယ်..။
ဒီပို့စ်”အငုံစိတ် ၊ သိမ်ငယ်စိတ် ၊ ယုံကြည်မှုမရှိတတ်တဲ့စိတ် “ကို.. လွန်ခဲ့တဲ့.. ၁ဝလက.. ပုရှ်မမက.. ရေးထားတယ်ဆိုတာလေးလည်း.. သတိရှိကြပါစေနော.. :harr:
ဟုတ်ကဲ့..
အောင်ခြင်းင်င်င်င်း…… အောင်ခြင်းးးးးးး… ၈ပါးပါ..။
ဦးကြောင်ကြီး
November 30, 2012 at 11:19 am
ဘုရား၊ အရိယာရှင်တွေနဲ့တော့ သွားမနှိုင်းနဲ့လေ မိစာ္ဆဒိတ္ထိသဂျီးရဲ့….. ကိလေသာ အာသဝေါတရားတွေကင်းစင်ပြီး ငါစွဲလုံးဝမရှိသူ တုံ့ပြန်မှုမျိုးနဲ့ ပုထုဇဉ်တွေ တူနိုင်ရိုးလား…။ သဂျီးကိုယ်သဂျီးပဲ ပြန်ကြည့်… မိန်းမမြင် တက်ခွချင်တဲ့စိတ်နဲ့ ဝိပဿနာ မကောင်းပြောတာ မှန်ရဲ့လားလို့… ကိုယ့်စိတ်ကိုယ် သီးခံရကောင်းမှန်း မသိတော့ သူများကို သီးမခံနိုင်တာ ဘာဆန်းသလဲ…။
surmi
November 30, 2012 at 11:51 am
သဂျီးခင်ဗျ
အင်တာနက်စားရိတ်ကြီးလို ့ မငြင်းနိုင်တော ့ပါကြောင်းးးးးးးးးးးး
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
November 30, 2012 at 12:08 pm
သည်းခံခြင်းသဘောတရားကို လက်ကိုင်ထား၍အောင်မြင်ခဲ့သည်…ဟူ၍မှတ်ထားထားဖူးသည်…
ဒီလောက်ပါပဲသူကြီးရယ်…
ဘုရားအကြောင်းကို အရက်သမားမို့ မငြင်းတော့ပါဘူး…
ခင်မင်လျက်-
ကြောင်ဝတုတ်
pooch
November 30, 2012 at 2:50 pm
သူကြီးကို ကြည့်ရတာ အတော်လေး အားနေ ပျင်းနေပုံပဲနော်။
လောလောဆယ် ငြင်းရေးထက် ဝမ်းရေးက ခက်နေလို့ မပြောအားသေးဘူး ။ သူများပိုစ့်ကို အစဖော်ပြီး တို့မီး ရှို့မီး လာမလုပ်နဲ့ ။ ဟင်းနော်…. ဟင်းနော် ….ထမင်းနဲ့ စားပလိုက်မယ် ဘာမှတ်နေလဲ။ 😆
ဦးကြောင် စကားပြောဆင်ခြင်ပါ အပိုကြီးပိုစ့်လာပြီး ညစ်တီးညစ်ပတ်တွေ ဥပမာလာပေးနေတယ်။
ကိုယ့်ယောက္ခမကိုယ်ဖြင့် နိုင်အောင် မပြောနိုင်ပဲနဲ့ 😆 😆
Wow
November 30, 2012 at 3:16 pm
မယ်ပုရေ ဒဂျီးကတော် အခုတစ်လော ဒဂျီးကို အိမ်အလုပ်တွေ သိပ်မလုပ်ခိုင်းဘူးထင်တယ် … သူအားနေဒယ်