“ဦးပေရယ်…မြို့ပေါ်ကလူတွေကလဲ ခက်ပါတယ်ဗျာ။ ဘာတဲ့ဆို ဆန္ဒပြ။ ဘာတဲ့ဆို ဆန္ဒပြ..နဲ့ ဆန္ဒပြနေကြတာပဲ။’’
မြို့ပေါ်ကပြန်လာတဲ့ မောင်သန်းထွဋ်ဦးက မြို့ပေါ်မှာ ဆန္ဒပြသူတွေကို မြင်ခဲ့ရ လို့ ဦးပေနဲ့တွေ့တော့ ယခုလိုပြောလိုက်ခြင်းဖြစ်သည်။
“ဟဲ့…မောင်သန်းထွဋ်ဦးရဲ့..ဒါက လူ့အခွင့်အရေးပဲကွ။ လူဆိုတာ လူ့အခွင့် အရေးကို တောင်းဆိုရမှာပဲ”
“လူ့အခွင့်အရေးတော့လဲ ဟုတ်ပါတယ်။ ဒါပေမယ့် ၃၈=ဖြာမင်္ဂလာမှာ ခန္တီ= သီးခံရမယ်လို့ ဘုရားပြောခဲ့တယ်မဟုတ်လား..ဦးပေရဲ့။ အနည်းအပါးတော့ လဲသီးခံမှုလေးတော့ရှိဦးမှပေါ့”
“အေး…အဲဒါတွေ ခက်တာပဲ။ မင်းကပြောလာတော့လဲ ဦးပေသိသလောက် တော့ ပြောမယ်ကွာ…ဒို့မြန်မာတွေ အများစုက ဗုဒ္ဓဘာသာတွေပဲ။ ဒို့..ဗုဒ္ဓ ဘာသာမှာကလဲ…ကံနဲ့ကံရဲ့အကျိုးတို့…အရာရာသီးခံတို့ကလဲ အလွန်ပြော ကြတယ်။ ပြောတဲ့သူတိုင်းကလဲ သူများပြောလို့ ပြောသံကြားနဲ့ဆက်ပြောနေ ကြတာ…မှန်လား…မှားလား…လူ့တွေနဲ့ကိုက်ညီရဲ့လား….မကိုက်ညီးဘူး လား မစဉ်းစားဘူး။
မနိုင်လောက်လို့ဖြစ်စေ…ကိုယ့်ကိုသိပ်မထိခိုက်လောက်လို့ဖြစ်စေ..ငြိမ်နေ လိုက်ကြရင်….အို..သီးခံလိုက်တာ ကောင်းပါတယ်။ဘုရားဟောနဲ့ညီတာပေါ့ လို့လုပ်တတ်ကြတယ်။ အဲ….ကိုယ်က နိုင်တာသေချာတာမျိုး..အထိအခိုက် ခံရတာများတာမျိုးကြတော့ အို..သီးခံတယ်ဆိုတာ ခံသင့်မှ ခံတာကွ။ နဂါး မှန်းသိအောင်တော့ အမောက်ထောင်ပြရဦးမယ်ဆိုပြီး လုပ်ပြန်ရောကွဲ့။ အပီ အပြင်ရပ်တည်ပြတာ မရှိဘူး။
ဒို့ တချို့လူတွေကမွဲကြတယ်။ တချို့လူတွေချမ်းသာကြတယ်။ ဒီတော့လဲ မွဲတဲ့လူတွေက ငါဘာကြေင့်မွဲတာလဲ..မစဉ်းစားဘူး…ကံ…ပေါ့..လို့လုပ်လိုက် တာပဲ။ သူများနိုင်ငံတွေ တိုးတက်တယ်။ မီးတွေအချိန်ပြည့်ရတယ်။ ဒို့နိုင်ငံ ကြတော့ ဆင်းရဲနေတယ်။ မီးအချိန်ပြည့်မရဘူး..ဒီတော့လဲ ကံပေါ့ပဲ လုပ်ချင်ကြသလား…. မြန်မာနိုင်ငံမှာ လူဖြစ်ရမယ့်ကံပါလာလို့…အားလုံးကံ အတိုင်းချည်းပဲလုပ်ချင်ကြတယ်။ သူတို့စစ်ဗိုလ်ကြီးတွေဖြစ်နေကြတယ်။ သူတို့က အုပ်ချုပ်သူတွေဖြစ်နေကြတယ်…သူတို့များ ကံ..ကောင်းလိုက်တာ. သူတို့နဲ့ကိုယ်တို့နဲ့ ခုလိုအဆင့်အတန်းကွာနေတာလဲ အတိတ်ကံပေါ့… ဘာကန့်ကွက်စရာ…ဆန္ဒပြစရာလိုလို့လဲ..ဘာပြောစရာလိုလဲလို့ လုပ်ချင်ကြတယ်။ အဲဒါတွေ သိပ်ခက်တာပဲ။ ခုလဲ မီးမရတာကို သီးခံနေရမယ်။ ခန္တီ…သီးခံတယ်ဆိုတာ ဘုရားပြောခဲ့တာပဲလို့ မောင်သန်းထွဋ်ဦးကပြောပြန်ပြီ….
“အဲဒါမဟုတ်ဘူးလား ဦးပေရဲ့….”
“အေး….ဘုရားကတော့ ခန္တီ…သီးခံရမယ်လို့ ပြောခဲ့တာအမှန်ပဲ။ ဒါပေမယ့် သီးခံတယ်ဆိုတာ ဘယ်လိုလဲသိဖို့…သီးခံမှုဆိုတာကို လူတွေ ကျင့်သုံး နိုင်တဲ့အထိ နားလည်အောင်ယူဆတတ်ဖို့…လုပ်ဖို့က လိုသေးတယ်ကွ။
ဥပမာ…မောင်သန်းထွဋ်ဦး…အိမ်က.. ဓားမ တစ်ချောင်း….ဦးပေကယူမိထား တယ်ဆိုပါစို့…..မောင်သန်းထွဋ်ဦးကလဲ အဲဒီဓားမကို ဒီဓားမကတော့ ငါ့အိမ် ကဓားမပဲလို့ သိတယ်။ ကဲ..ပြောနေရင်..ဦးပေနဲ့ငါနဲ့စိတ်ဆိုးနေပါလိမ့်မယ် ဆိုပြီး မပြောပဲ သီးခံနေမလား။ အဲဒီလိုနေရင် မှန်မလား။ အဲဒီလိုနေတာ တရားလား။ အဲဒီလိုနေတာ လူတွေကျင့်ရမယ့် ကျင့်ဝတ်လား။
တကယ်တော့ မင်းအနေနဲ့…မင်းရဲ့ဓားမကို ဦးပေအိမ်မှာ တွေ့ရင်..ဦးပေရေ. ဟောဒီ ဓားမကတော့ ကျွန်တော့ဓားမဗျို့ ပြောကိုပြောရမှာ…သီးခံရမယ်ဆို တာ….အဲဒီပြောဆိုမှုအပေါ်မှာ မတရားတာတွေနဲ့မပြောဖို့…ဒေါသတွေနဲ့ မပြောဖို့ပဲ။ အမှန်ကို အမှန်အတိုင်း..ပြောသင့်တာကို ပြောသင့်တဲ့အတိုင်း ပြောဖို့ဘဲကွ။
အဲဒီလိုမပြောရဘူး သီးခံနေရမယ်ဆိုရင်…အားကြီးသူတွေက အားနည်းသူ တွေကို အနိုင်ကျင့်ကုန်ကြမှာပေါ့ကွ။ အနိုင်ကျင့်တာတို့…အရှုံးပေးတာတို့ ဆိုတာ ဒီခေတ်မှာ မရှိသင့်တော့ဘူးကွ….အဲဒါတွေက….အသိမတိုးတက်တဲ့ ဟိုအရိုင်းခေတ်မှာ ကျန်ခဲ့ပြီ။
ဦးပေက မင်းအိမ်က ဓားမမှန်းသိပါရက်နဲ့ကို မပေးဘဲနေရင်.. ငြင်းနေရင်…မင်းဓားမလဲ ဟုတ်နေတာသေချာရင်…သက်ဆိုင်ရာကနေ တရားလမ်းကြောင်းအတိုင်းကို ရအောင်ပြောရမှာကွဲ့။ အားနာလို့ဖြစ်ဖြစ်….ကြောက် လို့ဖြစ်ဖြစ်…ဘာကြောင့်ပဲဖြစ်ဖြစ် အမှန်တရားကိုဖုံးကွယ်နေတာဟာ သီးခံတာမဟုတ်ဘူး။ အဲဒါ အဂတိတရားပဲ….ဘယာဂတိ…ကြောက်လို့ မလုပ်သင့်တာကို လုပ်တာပဲ။
မောင်သန်းထွဋ်ဦးကို ဦးပေပြောမယ်။ ဒီနေ့ ဒို့မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကိုလျှောက်လမ်းဖို့ ပြင်ဆင်နေကြပြီ…ဒီမိုကရေစီဆိုတာ…လွပ်လပ်စွာ ပြောဆိုခွင့်…လွတ်လပ်စွာ ရေးသားခွင့်…လွတ်လပ်စွာတင်ပြ တောင်းဆိုခွင့် တွေရှိသလို…အဲဒါတွေကို ပြောဆိုရမယ်။ ရေးသားရမယ်။ တောင်းဆိုရ မယ်။ တင်ပြရမယ်။
ခုမောင်သန်းထွဋ်ဦးပြောသလို…ခန္တီ ..သီးခံနေရမယ်ဆိုရင်…လူ့အခွင့်အရေး တွေကို မပြောဆိုပဲ နေရမှာလား.။ မတောင်းဆိုပဲ နေရမှာလား။ အဲလိုဆို ဒို့ဗုဒ္ဓရဲ့ ခန္တီနဲ့ ဒီမိုကရေစီက မကိုက်သလိုဖြစ်နေမှာပေါ့။ လွှတ်တော်တွေထဲ မှာ အမတ်တွေက မဟုတ်တာတွေပြောမယ်။ အမှားတွေကိုလုပ်ကြမယ်။ဆိုရင် ကျန်တဲ့လွှတ်တော်အမတ်တွေက ဘာမှမပြောပဲ နေရမှာလား။ အဲဒါမှ သီးခံမှု..ခန္တီဆိုတဲ့ မင်္ဂလာနဲ့ညီမှာလား။ အဲလိုဆို အဲဒီမင်္ဂလာကို ကျင့်သုံးရင် နိုင်ငံဘယ်လိုဖြစ်မှာလဲ…..စဉ်းစားရမယ်နော်…..
ဒီတော့ မောင်သန်းထွဋ်ဦး စဉ်းစားနိုင်အောင် ဒို့ဘုရား နဲ့ သူ့အဖွဲ့အစည်း လှုပ်ရှားပုံလေးကို ဦးပေပြောမယ်။
ဒို့ဘုရားရဲ့ ကျောင်းဘေးနားမှာ တိတ္ထိတွေက ကျောင်းလာဆောက်တယ်။ ရှင်ဘုရင်ကို ငွေတသိန်းလာဘ်ထိုးပြီးတော့ကို ဘုရားကျောင်းနားလာဆောက် တာ…ဘုရားက ဘာမှမပြောဘဲသီးခံနေသလား…မထင်နဲ့…ရှင်သာရိပုတ္တရာ တို့ ရှင်မောဂ္ဂလာန်တို့ကို သွားအတားခိုင်းတယ်။..ဘုရင်က လာဘ်ယူထား တော့ ရှောင်နေတယ်။ ဒါလဲ ဘုရားက အသာမနေဘူးနော်….သူကိုယ်တိုင်ကို ဘုရင်ဆီသွားပြီး ကန့်ကွက်တာ….အေး..သိထားရမှာကတော့ ဘုရားက အဲဒီတိတ္ထိတွေကို မုန်းလို့လဲမဟုတ်ဘူး။ ဒုက္ခရောက်စေချင်လို့လဲ မဟုတ်ဘူး။ အမှန်ကို အမှန်အတိုင်းဖြစ်စေချင်ဖို့ပဲ လုပ်တာ။ ဒါဒို့ဘုရားရဲ့ လုပ်ဆောင်ချက်ပဲ။ ဒို့က ဘုရားဂုဏ်ကိုအာရုံပြုတယ်ဆိုတာ…အဲဒီလို ဘုရားရဲ့လုပ်ဆောင်ချက်တွေကို အာရုံပြုပြီး အတုယူလိုက်နာကြရမှာ။
နောက်တစ်ခုပြောမယ်။ သစ္စကရဲ့ ညီမလေးယောက်…၀ါဒအယူအဆ ပညာ ရှင်တွေပေါ့….သူတို့က နယ်တကာလှည့်လည်ပြီး သူတို့နဲ့ဝါဒပြိုင်ချင်သူတွေ ကိုလိုက်ရှာပြီး စိန်ခေါ်နေတာ… ရှုံးရင် တပည့်ခံကြေး….ကျွန်ခံကြေးလို့ပဲ လွယ်လွယ်မှတ်လိုက်။ သူတို့နဲ့ဘယ်သူမှမပြိုင်ရဲဘူး။ တစ်နေ့တော့ ရွာတရွာ ရဲ့ အ၀င်မှာ သဲပုံကြီးပေါ် သပြေညွှန်တွေစိုက်ပြီး. …အနားက လူတွေကိုမှာခဲ့တယ်။ သူတို့နဲ့ ၀ါဒပြိုင်ချင်သူ ဒီသပြေညွှန်တွေကိုနှုတ်လိုက်ပါ လို့ပြောပြီး ရွာထဲအလှူခံထွက်သွားတယ်။
ဒါကို ရှင်သာရိပုတ္တရာတွေ့မြင်တော့ မေးတယ်။ အကြောင်းစုံသိသွားတယ်။ သူရဟန္တာအရှင်မြတ်ကြီးပဲ…မင်းပြောသလိုဆို..အသာရှောင်သွားလိုက်ရုံပဲ။ သူ့ရယ်လို့လဲ တိုက်ရိုက်ပြောတာမဟုတ်ဘူးမဟုတ်လား။
အေး…ဒါပေမယ့် ရှင်သာရိပုတ္တရာက အဲဒီနားကလူတွေကို အဲဒီသပြေညွှန် တွေကို နှုတ်ပြီးနင်းခြေပစ်ခိုင်းလိုက်တယ်။ ၀ါဒဆွေးနွေးချင်ရင် သူရှိရာကို လိုက်ခဲ့ ဖို့ချိန်းခဲ့တာဗျ။
ကဲ…ဒါဆို ရှင်သာရိပုတ္တရာ သီးခံမှုမရှိဘူးလို့မင်းပြောမလား….တကယ်တော့ ရှင်သာရိပုတ္တရာက အဲဒီ မိန်းကလေးတွေကိုမုန်းလို့လဲ မဟုတ်ဘူး။ အနိုင် ကျင့်ချင်လို့လဲ မဟုတ်ဘူး။ သူကျော်ကြားချင်လို့လဲ မဟုတ်ဘူး။ တရားသိချင်သူကို တရားဆွေးနွေးဖို့ပဲ။ အမှန်တရားကို ဖော်ထုတ်ဖို့ပဲ။ လုပ်သင့်လုပ်ထိုက်တာကိုလုပ်တာပဲ။
တခါမှာလဲ ရှင်ဒေ၀ဒတ်က ဘုရားဆီကနေ ဂိုဏ်းခွဲထွက်သွားတယ်။ ဒေ၀ဒတ် နောက်သံဃာတွေတော်တော်ပါသွားတယ်။ ဘုရားက…သူ့တို့ဖာသာ သူတို့ လိုက်သွားတာ နေပေစီလို့မလုပ်ဘူးနော်…..ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်ကို လိုက်အခေါ်ခိုင်းတာ။ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်ကလဲလိုက်သွားပြီး ပြောဟောပြီး ပြန်ခေါ်လာတာပဲ။ အနိုင်ကျင့်ပြီး ပြန်ခေါ်တာတော့ မဟုတ်ဘူး။
ဒါတွေဟာ ဒို့ဘုရားရဲ့လှုပ်ရှားခဲ့ပုံ လုပ်ဆောင်ခဲ့ပုံတွေပဲ။ ဒို့လူတွေက ဘုရား အာရုံပြုတယ်ဆိုတာ အဲဒီလို ဘုရားရဲ့လှုပ်ရှားခဲ့ပုံတွေကို သိမြင်အောင် အာရုံပြုရတာ…ပြီးတော့ကိုယ်လဲ အဲဒီလိုကျင့်သုံးရမှာ…ခုခေတ်က ဘုရား အာရုံပြုဆိုရင် ဘုရားရဲ့မလှုပ်မယှက်ထိုင်နေပုံတို့…ကောင်းကင်ပျံနေပုံတို့ ဒါတွေလောက် အာရုံကပြုတတ်ကြတာများတယ်။ အရေးအကြောင်းတွေ့လာ တော့ ကိုယ့်ဘုရားဘာလုပ်ခဲ့တယ်။ ဘယ်လိုလုပ်သွားတယ်မသိတော့ လက်ရှိ ကိုယ်သိသလိုနဲ့ပဲ ကိုယ့်ဘာသာကိုလုပ်ကြတော့တာ။ ဒီတော့ အမှားတွေချည်းပဲ။
အဓိက ဦးပေလက်ခံလိုက်တာကတော့….ခန္တီ…သီးခံတယ်ဆိုတာ… မှားမှား မှန်မှန် ငုံ့ခံနေတာမဟုတ်ဘူး။ အဲဒီလို မှားမှား မှန်မှန် ငုံခံနေမယ်ဆိုရင် လူသားကမ္ဘာမှာ မငြိမ်းချမ်းနိုင်ဘူး။ မတိုးတက်နိုင်ဘူး။ ခန္တီ…သီးခံတယ်ဆိုတာ…..မှန်ရင် မှန်တဲ့အတိုင်း ပြောကိုပြောရမယ်။ လုပ်ကို လုပ်ရမယ်…အဲဒီလိုပြောတဲ့ဆိုတဲ့ အခါတွေ….တောင်းဆိုတဲ့အခါတွေမှာ… လောဘတွေ…ဒေါသတွေ…အညိုးအတေးတွေ..အနိုင်ယူချင်မှုတွေ…မတရားမှု တွေ…နဲ့မပြောဆိုကြဖို့….မလုပ်ကိုင်ကြဖို့….မတောင်းဆိုကြဖို့….. တဖက်လူက ရှင်းပြတာတွေ…တင်ပြတာတွေ… ဆောင်ရွက်ပေးတာတွေ အပေါ်မှာလဲ….အမုန်းဓာတ်ခံတွေ….အညိုးဓာတ်ခံတွေနဲ့ မတုန့်ပြန်ကြဖို့ သီးခံနိုင်တာကို ခန္တီ..သီးခံတာလို့ယူဆတယ်။ နားလည်လက်ခံတယ်။
ဒို့ဗုဒ္ဓရဲ့လမ်းစဉ်တွေ….ကျင့်စဉ်တွေ…လမ်းညွှန်မှုတွေဟာ…လူ့စိတ်တွေကို ချိုးနှိမ် ဖိနှိပ်ထားတဲ့ လမ်းစဉ်တွေ ကျင့်စဉ်တွေ…ညွှန်ပြမှုတွေလဲ မဟုတ်ဘူး။ လူ့စိတ်တွေကို မြင့်နေအောင်…မြောက်ပင့်နေတဲ့ လမ်းစဉ် ကျင့်စဉ် တွေလဲ မဟုတ်ဘူး။
လုပ်ချင်တာတွေလုပ်ဖို့….မလုပ်ချင်တာတွေလုပ်ဖို့..အားပေးညွှန်ပြတဲ့ သဘောတရားတွေမဟုတ်ဘူး။ လုပ်သင့်တာတွေ လုပ်ဖို့ညွှန်ပြတဲ့ သဘောတရားတွေဖြစ်တယ်ဆိုတာ ဦးပေပြောချင်ပါတယ်..မောင်သန်းထွဋ်ဦး ရယ်။
ဟုတ်ကဲ့…ခုလိုရှင်းပြတာ ကျေးဇူးပါဦးပေ……

About ဇောက် ထိုး

ဇောက် ထိုး has written 44 post in this Website..