တကယ်ဆို ဒီလို စာမျိုးက ပို့စ်အနေနဲ့ မဖြစ်သင့်ပါပဲ  … ပါဆယ်နယ်လ်မေးလ်ကနေတင့်ပို့သင့်ပေမယ့် …. ကျွန်မအပါဝင် ၊ တပ်အားသရွှေ့အင်တိုက်အားတိုက် ကူညီနေကြတဲ့ အဖွဲ့ဝင်တွေကို  လူသိရှင်ကြား အယုံကြည်ပျက် ၊ သဒ္ဓါပျက်အောင် ရေးလာတဲ့ ကိုဘုန်းကျော်ရဲ့စာကြောင့် ပို့စ်တပုဒ်နေနဲ့ တင်ဖြစ်သွားတာပါ ။

တလောက အိတုံက ဦးဆောင်ပြီး ဂေဇတ်စုပေါင်းအလှူ လုပ်မယ်လို့ ပြောတော့ သာဓုခေါ်ရမယ်လို့ ဆိုချင်တယ်။ ပြီးရင် နာရေးကူညီမှူအသင်းကိုလှူမယ်ပေါ့။ အိုင်ဒီယာကောင်းပါတယ်။ ကျနော်လည်း လှူ ပါ့မယ်။ ဒါပေမဲ့ ခက်တာက လှူတဲ့သူတွေကလှူပြီး ပိုက်ဆံတွေကို ဘတ် သွားရင် ဘယ်လိုလုပ်မလဲ။ ယုံကြည်အောင် ထင်သာမြင်သာရှိအောင် ဘယ်လိုလုပ်ထားကြလဲမသိဘူး။ မြန်မာပြည်မှာ ခဏခဏ အလိမ်ခံနေရတာဆိုတော့ လှူတော့လှူချင်တယ် ဒါပေမဲ့ မယုံရဲဘူးဖြစ်နေလို့ ပါ။ ဆိုတော့ လှူတဲ့သူတွေ ယုံကြည်အောင် ဘယ်လိုမျိုးလုပ်ထားကြလဲဆိုတာ ပြောစေချင်တယ်)))

အထက်ပါစာပိုဒ်ထဲက စာကြောင်းအချို့က ကျွန်မအပါဝင် ၊ ကူညီလုပ်ကိုင်နေသူအားလုံးရဲ့ ကိုယ်ကျင့်တရား ၊ သိက္ခာတို့ကိုပါ တိုက်ရိုက်စော်ကားခြင်းလို့ မြင်မိပါတယ် ။  လှူသွားတဲ့အလှူရှင်တွေကိုလည်း ယုံမှားလွယ်သူတွေအဖြစ် သွယ်ဝိုက်ပြောဆို နှိမ့်ချထားတဲ့သဘောမျိုးလည်း ပါဝင်နေပါတယ် ။ မိမိက လှူချင်သယောင်ယောင်နှင့် မိမိငွေကို သဒ္ဓါမပြတ် တပ်မက်သောအရေးသားများလည်း ပါနေပါတယ် ။ မြန်မာပြည်မှာ ခဏခဏအလိမ်ခံနေရတယ်ဆိုတဲ့ စကားကလည်း မြန်မာလူမျိုးအများစုက လူလိမ်တွေပါလို့ ထုတ်ဖော်မပြောရုံသာ အကျိုးသက်ရောက်သွားတယ်ဆိုတာ … စာရေးဆရာတွေ ငပျင်းတွေ လို့ ပြောဖူးတဲ့ စာရေးသား ကျွမ်းကျင်စွာရေးသားနိုင်သော ကိုဘုန်းကျော်တစ်ယောက် သေချာသိပါလိမ်မယ် ။

လူတိုင်း လူတိုင်း ရှင်သန်ပေါက်ဖွားရာနေရာမတူညီကြလို့ ပြုမူပြောဆိုပုံတွေ မတူညီကြတာ အပြည့်ဝနားလည်ပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာစိတ်ဆိုတာကတော့ လူတိုင်းမှာ မရှိတတ်တာ ကိုယ်တွေ့ကြုံမှ နားလည်သွားတယ် ။

((( ခင်ဗျားတို့ အဖွဲ့ ထဲမှာ လူလေးစားတဲ့ နာမည်ကြီးတဲ့ လူတစ်ဦးဦးကို နာယကလို ဦးဆောင်သူလိုထည့်ထား။ ဥပမာ အဆိုတော်လေးဖြူက နာယကပါဆိုပြီးလုပ်ပေါ့။ ဥပမာ လူထု ဦးစိန်ဝင်း။ အိတုံက နာမည်ကြီး လူလေးစားရတဲ့လူမှ မဟုတ်တော့ ဘယ်သူက ယုံမှာတုန်း )))

ကိုဘုန်းကျော်ရဲ့စာအသွားအလာအရ မိမိကိုယ်ကို ယုံကြည်မှုအားနည်းပြီး ….. နာမည်ကြီး လူတွေရဲ့ အရှိန်ဝါအောက် ခိုလှုံချင်ပုံရတယ် ။ ကိုယ့်သမိုင်းနဲ့ကိုယ်ပါ… လူတကိုယ်စိတ်တမျိုးဆီပေါ့ … ။ ဒါပေမယ့် ကျွန်မတို့ အဖွဲ့ကတော့ နာမည်ကြီးဘယ်သူ့ရဲ့ အရှိန်ဝါကိုမှ မသုံးပဲ ကိုယ့်ခံယူချက်နဲ့ ကိုယ် ရိုးရိုးသားသား အလှူခံပါမယ် ။ အလှူငွေရလျှင်ပြီးရောဆိုပြီး ချော့မလှူခိုင်း ၊ ခြောက်မလှူခိုင်း ၊ မြှောက်မလှူခိုင်းဘူး ။ ကိုယ်တွေ လုပ်နေကြတဲ့အပေါ် ယုံကြည်တဲ့လူတွေ ၊ စေတနာနားလည်တဲ့ လူတွေ လှူမယ် … သဒ္ဓါမပြတ် ၊ စေတနာမရှိတဲ့လူတွေ မလှူချင်လည်း သူ့သဘောနဲ့သူပါပဲ … ငါဦးဆောင်လို့ ထင်ပေါ် ကျော်ကြားရမယ် … ငါဦးဆောင်လို့ ပိုက်ဆံများများ ထည့်ရမယ် … ငါမျက်နှာပန်းလှဖို့ အလှူခံများများ ရှာရမယ်လို့ … လုံးဝ လုံးဝ မမျှော်လင့်ထားလို့ပါပဲ ။ စေတနာအလျှောက် ထည့်ဝင်လာတဲ့အလှူငွေကိုပဲ ရသလောက် ကောက်ခံလှူဒါန်းမှာပါ ။  ထင်ပေါ် ကျော်ကြားမှုအတွက် လုပ်တဲ့ပွဲမျိုး မဟုတ်ပါပဲ စေတနာအရင်းခံပြီး တူတူညီညီ ဆောင်ရွက်ကြတာမို့ မျောက်ပြပြီး ဆန်တောင်းတဲ့ ပွဲမျိုး မဟုတ်တာတော့ သိစေချင်ပါတယ် ။ ကျွန်မက နာမည်ကြီးလေးစားရတဲ့လူမဟုတ်လို့ ဘယ်သူမှမယုံပဲ အလှူမထည့်တာတောင် ၊ တူရာအဖွဲ့ဝင်တွေ ၊ သဒ္ဓါရှင်တွေနဲ့ စုပေါင်းအလှူဖြစ်အောင်လုပ်သွားဦးမှာပါပဲ ။

ကိုဘုန်းကျော်ရေ ရွာထဲမှာစာအတူရေးနေတဲ့ လူအချင်းချင်း ခင်လို့ စကားလက်ဆောင် တစ်ခုတော့ပြောလိုက်ဦးမယ် …. ။ လူ့အသက်ရှင်နေစဉ်နဲ့ သေဆုံးချိန်စပ်ကြား အရေးကြီးတာ နှစ်ခုကတော့ နေတတ်ဖို့နဲ့ သေတတ်ဖို့ဆိုပေမယ့် …  အချိန်နေရာ၊ ဒေသနဲ့လိုက်ပြီး အပြောဆိုမှန်ကန်တတ်ဖို့ဆိုတာလည်း လိုပါသေးတယ် ။ သူများကို ပုတ်ခတ်စော်ကားလို့ဝမှ နေသာထိုင်သာရှိတဲ့ဘ၀က ငြီးငွေ့စရာကောင်းလွန်းလှပါတယ် ။

ထပ်တလဲလဲပြောခဲ့ပြီးပြီ ဖြစ်ပေမယ့် ထပ်ပြောပါဦးမယ် … ကျွန်မတို့အဖွဲ့တွေ စေတနာကိုအရင်းခံပြီး ယုံကြည်ချက်ရှိရှိစိတ်သန့်သန့်နဲ့ အလှူလုပ်ဖို့တိုင်ပင်ထားတာပါ ။ ဘယ်လိုဖျက်လိုဖျက်ဆီး ဘယ်အမှောင့်ပယောဂကြောင့်မှ နောက်မဆုတ်ပါဘူး ။

ကျွန်မအပါဝင် ကူညီပံ့ပိုးပေးတဲ့ အဖွဲ့ဝင်တွေအားလုံး နေ့စဉ် အလုပ်ကိုယ်စီနဲ့ အသက်မွေးဝမ်းကြောင်း ပြုနေရသူတွေချည်းပါပဲ ။ အချိန်ပိုလျှံနေလို့ ၊ အိမ်မှာ အားနေလို့ အပျင်းပြေ ကြီးတော်နွားကျောင်းတာလို့တော့ မထင်စေချင်ပါဘူး ။ ကျွန်မတို့ အိတ်စိုက်ပြီး ဖုန်းတွေသုံးကာ တယောက်နဲ့တယောက်ချိတ်ဆက်ရတယ် ၊ အချိန်လုပြီး အပွိုင့်မန့်တွေလုပ်ကာ ငွေကောက်ခံရတယ် ၊ လိုက်ပါသူများ ဘယ်လိုအဆင်ပြေအောင် ခေါ်ယူရမလဲဆိုတာမျိုးတွေ ညှိပြီးတွေးရတယ် ၊ ဒါတွေအတွက် သီးသန့်အချိန်ပေးတာမျိုးမဟုတ်ပဲ အလုပ်ချိန်မှာ တပြိုင်တည်း လုပ်နေကြရတာ ။ အသက်မွေးအလုပ်လုပ်ကိုင်မှုအပိုင်းမှာ ချွတ်ချော်မှုတွေ ဖြစ်နိုင်တာလည်း သိတားလို့ ဂရုစိုက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတယ် … ။

ရွှေတိုက်စိုး ။ ။ သူဆိုလည်း အလှူရှင်ဆက်သွယ်လာတာနဲ့အမျှ အချိန်နဲ့ တပြေးညီ ဖုန်းဆက် အင်ဖောင်းလုပ်ပေးတယ် ။ စာရင်းပေးတယ် ။ အခုမန္တလေးရောက်နေသည့်တိုင်အောင် ဖုန်းဆက်ပြီးတမျိုး ၊ ဂျီတော့ပ်နဲ့တမျိုး ချိတ်ဆက်ပေးတယ် ။ မန္တလေးက အဖွဲ့တွေနဲ့လည်း ဆုံတွေ့ပြီး လှူဖို့တန်းဖို့ နဲ့ နောက်ပိုင်း လုပ်မယ့် ပရဟိတ္တအလုပ်တွေအတွက်  ဘယ်လို တွေးထားသလဲဆိုတာသွားရှင်းပြပြီး ပူးပေါင်း ကုသိုလ်ယူနေရှာတယ် ။

ET ။ ။ သဘောင်္သားတွေ ကုန်းပေါ်ရောက်လျှင် ဘာမှ မလုပ်တတ်တော့ဘူးလို့ အတော်များများပြောစမတ်ပြုခဲ့ကြပေမယ့် ကျွန်မတို့ဂေဇက်က ET ကတော့ ၊ သဘောင်္က ခဏပြန်ရော က်တုန်း လက်လှမ်း မှီသမျှ ကုသိုလ်ဝင်ယူနေလေရဲ့ ။ ဘဏ်ကို သွားလှူဖို့ အဆင်မပြေတဲ့လူတွေ ၊ အကြောင်းအမျိုးမျိုးကြောင့် ချိတ်ဆက်တွေ့ဆုံမယ့်လူတွေ ချိတ်မရတဲ့အခါ အကျိုးဆောင်လုပ်ပြီး ကိုယ်တိုင်ကိုယ်ကျ လိုက်လံကောက်ခံပြီး ကုသိုလ်ယူနေပါတယ် ။

AKKO ။ ။ သူလည်းဆေးကျောင်းမှာ လက်ချာချိန်တွေရှိနေပေမယ့် အလှူရှင်လာတဲ့အခါထွက်တွေ့ရတာမျိုး အတန်းချိန်ပြောင်းပြီး ဘဏ်အကောင့်ဖွင့်ဖို့သွားရတာ တမျိုးနဲ့ … တတ်နိုင်သမျှ ကူညီပေးပြန်တယ် ။

ဘဏ်အကောင့်ဖွင့်တာ … ထူးထူးခြားခြား ခေတ်ပြောင်းသွားသလား မသိ … ဘဏ်လေးခုကို ပြေးလိုက်ရပါသတဲတဲ့ …  မှတ်ပုံတင်ကို ဖင်တပြန်ခေါင်းတပြန်ကြည့်ယုံတင်မကပဲ …. ၀န်ထမ်းကဒ်ပါတောင်းကြည့်လို့ ဘယ်တုန်းကမှ အဲ့လို အစဉ်လာမရှိတဲ့ ဘဏ်စနစ်မို့…  စိတ်တိုခဲ့ပါသတဲ့ … ဒါတောင် အပ်တာလက်မခံလို့ တခြားဘဏ်တွေဆီ ပြေးရပါသေးတယ် … ။ အခုနောက်ပိုင်းအပ်ငွေတွေကို ဒီအတိုင်းလက်မခံတော့ပဲ ဘဏ်မှာ နဂိုက အပ်ခံထားတဲ့ လူနှစ်ယောက်ရဲ့ ထောက်ခံချက်လိုပါတယ်ဆိုလို့ လေ… အရင်ကလို ကိုယ့်မှတ်ပုံတင်ကိုင်ပြီးသွားရင်မရတော့ဘူးတဲ့ …. ။ လူနှစ်ယောက်ရဲ့ ထောက်ခံချက် ရဖို့ အကူညီပတ်တောင်းလိုက်ရပါသေးတယ် ။

ပေါက်ပေပု ။ ။ ပေါက်ပေပုအဖွဲ့သားများကလည်း မန္တလေးဘက်က အလှူရှင်တွေဆီကို နေပူကျဲကျဲမှာတောင် အရောက်သွားပြီး မဖြစ်မနေအလှူခံကောက်ခံပေးကြတယ် ။ ဆိုက်ကယ်နဲ့သွားတော့ ဆီဖိုးကုန် ၊ ချိန်းထားတဲ့နေရာ မရောက်မှာစိုးလို့ ဖုန်းအကြိမ်ကြိမ်ဆက်ပြီး ကွန်ဖမ်းတွေလုပ်နဲ့ … သူတို့လည်း မအားတဲ့ကြားက ပါရမီဖြည့်ကြရရှာတယ် ။

အင်တိုက်အားတိုက်ပါဝင်ကူညီပံ့ပိုးနေသူတွေရဲ့စိတ်ထဲမှာ အကျိုးမြတ်မျှောကိုးခြင်းဆိုတာမပါတာကြောင့် ကျွန်မတို့အားလုံး လိပ်ပြာသန့်သန့်နဲ့ ဒီအလှူကို လုပ်ဖို့ ရည်ရွယ်ထားပါတယ် ။ သဒ္ဓါတရားထက်သန်လှတဲ့ အလှူရှင်တွေကလည်း ယုံယုံကြည်ကြည်ပေးပို့ လှူဒါန်းကြတယ် ။ သူတို့ရဲ့ ဒါနစိတ်ကလေးအတွက် ပီတိဖြစ်ကြရပါတယ် ။

သဂျီးပြောသလို ပြည်ပက လူတွေ နိုင်ငံရေးအကျဉ်းသားတွေအတွက် အလှူငွေထည့်တာ ငါးခြောက်တပြားတောင် မရောက်တဲ့ ကိစ္စနဲ့တော့ လုံးဝကွာခြားပါတယ် … နိုင်ငံရေးအကျဉ်းသားတွေအတွက် ဘယ်သူတွေက လှူပြီး ၊ ဘယ်သူတွေက ပြည်ပကလူတွေကို တာဝန်ယူ ငွေကောက်ခံပေးနေသလဲ အတိကျပါ့ဘလစ်လုပ်ခြင်းမရှိပဲ … မရတော့မှ .. ဟာ တွေ … ဟင်တွေ ဖြစ်ကုန်ကြတာတော့ … သူ့သမိုင်းနဲ့သူပေါ့ … ။

ကျွန်မတို့ရဲ့ ပထမဆုံးအကြိမ်အလှူလုပ်တာ ပရဟိတ္တသက်သက်ပါပဲ … နိုင်ငံရေး မနွယ်နေသလို ၊ ဘာသာရေးနဲ့လည်း ရောယှက်မနေပါဘူး … ။ ဒါ့ကြောင့်လည်း nick သုံး စာရေးနေကြရာက ဖုန်းနံပါတ်တွေ၊ contact details တွေပါ ပါ့ဘလစ်လုပ်ခဲ့ကြတာပါ ။

နိဂုံးချုပ်အားဖြင့် အလှူရှင်တွေ လှူသမျှငွေတွေ ၊ ရည်မှန်းထားတဲ့ နေရာသို့ တကျပ်တပြားကွာဟမှုမရှိစေပဲ အရောက်လှူဒါန်းသွားမယ်ဆိုတာပါပဲ … ။ ပါဝင်ကုသိုလ်ယူ ပေးပို့ လှူဒါန်းကြပါသော အလှူရှင်များကိုလည်း အထူးပင်ကျေးဇူးတင်မိပါတော့တယ် ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!