“တောက်တီးတောက်တဲ့ ပဲနံ့သာ နံ့သာအောက်က ဆီမီးခွက် လက်တစ်ဖက် ထွက် ”
ဘာမှန်းတော့ မသိဘူး ကိုယ်လည်း ငယ်ငယ်တုန်းက ကစားခဲ့တာပဲ။ အခုလည်း ကလေးတွေကစားကြတုန်းပဲ။ တော်တော်တော့ တောက်တီးတောက်တဲ့နိုင်တာပဲ။ တွေ့ကရာကောက်ရွတ်ပြီး လက်တစ်ဖက်ထွက် ခိုင်းလိုက်တာပဲ။ အေးရော။ အဆီအငေါ်မတည့် ဟုတ်မှ ဟုတ်ပါ့မလားဆိုရင် ကြီးတော် က “ဟဲ့ကလေးတွေ တောက်တီးတောက်တဲ့ ဘာတွေတုန်းဟဲ့” လို့လည်း မြည်တွန်တတ်ကြသေးတာပဲ။
အခုလည်း တောက်တီးတောက်တဲ့… တောက်တဲ့ တစ်ကောင် သိန်းတစ်ထောင် ဆိုပါလား။ တောက်တီးတောက်တဲ့တော်။ ဟုတ်တယ် ကြီးတော်ရေ တောက်တဲ့တစ်ကောင် သိန်းတစ်ထောင် ပေးမတဲ့။ တောက်တဲ့ က အလေးချိန် အစိတ်သားတော့ ရှိရမတဲ့။ အာ…. ဟုတ်ပါ့မလား မောင်ကာလူးရယ် ( မောင်ကာဠု မဟုတ်ဘူး နော် ဝင်ပြင်ဖို့ မကြိုးစားနဲ့ )။ ကာလူး ဆိုတာ ကုလားလို အရက်ကိုခေါ်တာ။ မောင်ကာလူး ဆိုတာ အရက်သမားကိုပြောတာပေါ့။ ကုလားလိုတော့ ကာလူးဝါလားပေါ့။ နံပါတ်ဖိုးသမားကျပြန်တော့ ကျားလိစ်ဝါလား။ ကျားလိစ် ဆိုတာ က လေး လို့ အဓိပ္ပါယ်ရတယ်။ လေးဆိုတာ ဖိုး။ ဂျာဒူးဝါလား ဆိုတာကတော့ ဝန်ကြီး ကိုခေါ်တာ။ ယင်းဂလိပ်လိုဆိုရင် ဟစ်စ်အိတ်ဆယ်လန်ဆီ ဒေါက်တာဘာညာ… အဲသလိုတပ်ထားရင် ဂျာဒူးဝါလားပဲ(မှတ်ကြလေတော့….မှားတာရှိရင်တောင်ပန်ပါတယ်-အောင်လ)။ ကဲ ဆက်မယ်။ “ဟုတ်ပါ့မလား မောင်ကာလူးရယ် မင်းနှယ် မူးမူးနဲ့ ပေါက်ကရတွေ”
ဟုတ်တယ် တကယ်ကြီး။ အဲသလိုနဲ့ ရွှေပြည်ကြီးမှာ တောက်တဲ့ ရှာပုံတော် ဖွင့်ကြလေးသတည်းပေါ့ဗျာ။ တောက်တဲ့တော့ မတွေ့ဘူး ဂျာနယ်စာမျက်နှာတွေပေါ်မှာ တောက်တဲ့ ကို သယ်ရင်ဖမ်းခွင့်ရှိကြောင်း ဘာကြောင်းတွေနဲ့ တောက်တဲ့အကြီးကြီးမိသွားတဲ့အကြောင်း ပါလာပါရဲ့။ နောက်တစ်ပါတ်ကျတော့ အဲဒီသတင်းဟာ အမှားဖြစ်ကြောင်းလုပ်ပြန်ရောတခါ။ လူတွေလည်း မောကြတော့တာပဲ။ စဉ်းစားကြည့်ပါ ကျောင်းတကာရယ် တောက်တဲ့လေး ဖမ်းယုံနဲ့ ငွေသိန်းတစ်ထောင် ကြီးတောင်ရမှာ ဘယ်သူ မလိုချင်ပဲရှိမတုန်း။ ငွေလေးငါးသောင်းနဲ့တောင် လူသတ်နေတဲ့ မြန်မာပြည်မှာ။ ကျောင်းတကာကတော့ ဘယ်မက်ပါ့မလဲ ငွေလေးငါးသောင်း။ ( ကျောင်းတကာ အခေါ်ခံကြီးက စိတ်ထဲမှ ပြန်ကြွားကြည့်ချင်နေသည်မှာ…အင်း… သိန်းလေးငါးသောင်းဆိုရင်တောင် ကျုပ်မမက်ဘူးဗျ။ သို့သော်လည်း တကယ်တမ်း မက်သည်ကို သိနေမှာ အသေအချာမို့ မယုံတဲ့အတူတူ ဒီတစ်ခါမကြွားတော့ပါဘူး ရယ်လို့ ကျောင်းတကာအခေါ်ခံကြီးက ပြန်သတိလည်မိသည်။ တစ်ဖက်ကလည်း ကျောင်းတကာသာ ခေါ်နေတာ အလကား အများပိုင်ပစ္စည်းခိုးပြီး အလှူထထလုပ် သမီးမင်္ဂလာဆောင်မှာ သောက်ပိုသောက်ကြွားတွေလုပ်နေတဲ့ လူလိမ်သကာဖုံး မသာလောင်းကြီးလို့ စိတ်ထဲက မေတ္တာပို့နေတာပါပဲ။)
ဂလိုပါပဲ ထားပါတော့ ထားပါတော့ ကျောင်းအစ်မကြီးတို့ရယ်။ တကယ့်တကယ်မှာတော့ တောက်တဲ့အရွယ်ဟာ အဲသလောက်ကြီးဖို့ မဖြစ်နိုင်ပါဘူးလို့ ဆိုကြသူများလည်း ရှိပါတယ်။ တစ်ချို့များတော့ နွားမမွေးတော့ဘူးတဲ့ တောက်တဲ့ပဲမွေးမယ် ပိုကိုက်တယ်ဆိုပြီး တောက်တဲ့ပေါက်စ ကိုမွေးထားလိုက်ကြပါသကော။ တောက်တီးတောက်တဲ့။
ရွှေပြည်သား အပေါင်းတို့မှာ ရပေါက်ရလမ်းကလည်း မဖြောင့်တော့ ဒီလို ဂွင်အကြီးကြီးဆိုရင် အလွန်သဘောကျသပေါ့။ ကိုယ်သာမရှိတာ ရှိတဲ့သူများ ကျပြန်တော့ ပက်ကနဲပဲ။ ရွှေငါးတစ်ကောင် သိန်း တစ်ထောင်တုန်းကလည်း ဝယ်ကျသတဲ့တော်။ တောက်တဲ့ဈေး ထက်တောင် ကောင်းသေးတာပေါ့။ အခုများတော့ ရွှေငါးတွေဈေးကျသတဲ့။ သိန်း၃၀၀ပတ်ဝန်းကျင်ဆိုပဲ။ ကဲ ဘယ့်နှယ်လုပ်မတုန်း။ ကျုပ်တို့မှာသာ ကြက်ယက်သလိုရှာရတဲ့လူတွေနဲ့ ကြက်မလိုရပ် ရှာရတဲ့သူတွေနဲ့ အမျိုးမျိုးသော ဆင်းရဲသားတွေမှ အစ လူလတ်တန်းစားတွေတောင် ယောင်တောင်ပေါင်တောင်ဖြစ်နေတာ ကိုး။ အင်းပေါ့လေ ရှေးဘဝအကြောင်းတွေပေါ့ လို့သာ ဖြေစရာမရှိ မေးခွန်းပြန်ကူးချလိုက်လုပ်နေရတော့တယ်။ ဘဝအာမခံချက်ရှိ တဲ့ အလုပ်အကိုင်နဲ့ လုံလောက်သော ဝင်ငွေ ဆိုတာ မမက်ရတဲ့ အိပ်မက်လား လို့တောင်ပြောရမလို ဆိုတော့လည်း လူအများက ဒီလိုဂွင်ကြီးကြီးပဲ မက်တာပေါ့ ကျောင်းတကာရယ်။ လူလိမ်းများအတွက် ဂွင်အကြီးကြီးသာ ဆင်ပေးတတ်ရင် လိမ်ပေတော့။ ကားတို့ မြေတို့ လိမ်စဉ်တွေဆိုတာ ရိုးကို မရိုးနိုင်ဘူး။ မနေ့ကပဲ သတင်းစာထဲ တွေ့မိသေး။ ဒုရဲအုပ်လောင်း ခေါ်တာ။ လစာ ဘယ်လောက်မှတ်သလဲ။ ဘားဆုံးတောင်မှ ၅၈,၀၀၀ကျပ် (ကျပ်ငွေငါးသောင်းရှစ်ထောင်တိတိ) ဆိုမှတော့ ဘွဲ့ရလူငယ် လူလည်မောင်မင်း ငါးသောင်ရှစ်ထောင်မင်း ဆိုရင် ရိုးဖို့ဖြစ်နိုင်ပါ့မလား။ ငါးသောင်းရှစ်ထောင်နဲ့ အပျော်တစ်ည မက အသုံးစားရိတ်ရှိသူတွေ လက်ထဲ ကျသွားတော့တာပေါ့။ အိတ်ထဲ ခုန်တောင်ဝင်ပစ်လိုက်ကြမှာပဲလေ။ အဲသလိုမျိုးနဲ့တော့ ရွှေပြည်သစ် တည်လို့မရဘူး။ ရွှေပြည်သစ် ဘော်ဒါတော့ ဖွင့်လို့ရတယ်ဗျ။ ပြည်သူ့ဝန်ထမ်းလစာ ကိုမြှင့်ဖို့ဆိုရင် ပြည်ထောင်စု အစိုးရ ရဲ့ စားရိတ်လစာ ကိုယူနေကြသော ဝန်ထမ်းများနဲ့ ဒေသန္တအစိုးရ ရဲ့ စားရိတ်လစာကို ယူနေကြသော ဝန်ထမ်းများ ဆိုပြီး ငွေစားရင်းခေါင်းစဉ်နဲ့ လစာစကေး တွေကိုစပြီး ပြင်ရမှာပဲ။ နောက်တစ်ဖန် အလွန်အကြံအဖန်ကောင်းသော အစိုးရပိုင်လုပ်ငန်းများမှ ဝန်ထမ်းများကိုလည်း ထိုလုပ်ငန်းမှ ပေးသောလစာသာ ချီးမြှင့်ပြီး အရှုံးအမြတ်တွက်ရတော့မှာပဲလေ။ သို့ဆိုလျှင် ပြည်သူ့ဝန်ထမ်း(အစိုးရဝန်ထမ်းတွေ လစာတိုးတာနဲ့ တောက်တီးတောက်တဲ့ မဆီမဆိုင် အထွေထွေကုန်ဈေးနှုန်းခြင်းတောင်းဈေး ထတက်တာကို အနည်းငယ် ခုမိ ခံမိဖြစ်မယ်ထင်တယ်၊ ဒါ့အပြင် အစိုးရ ဘတ်ဂျက်ကိုလည်း ထိခိုက်မှုနည်းမယ်ထင်တယ်။ လူ့အရင်းအမြစ် စီမံခန့်ခွဲမှုအရဆိုရင်လည်း မက်လုံးမရှိတဲ့လစာနဲ့ မူဝါဒတွေ အကောင်အထည်ဖော်ဖို့ ဘယ်ဝန်ထမ်းကို တွန်းလို့ရမလဲ။ ညစ်ပတ်နေတဲ့ အလုပ်ခွင်မှာ ဘယ်သူက အလုပ်ကို ကောင်းကောင်းလုပ်ချင်ပါ့မလဲ။ အေးညစ်ပတ်နေရင် သန့်ရှင်းရေးခန့်။ ခန့်လိုက်ပါပြီ တစ်လ လေးသောင်းနဲ့။ သန့်ရှင်းရေးသမား တစ်လ လေးသောင်း နဲ့ တကယ် သန့်ရှင်းနေအောင်အလုပ်သွားခိုင်းကြည့် မလုပ်ရင် အပြစ်ပေးမယ် ဘာညာ ဖိန့်ကြည့်လိုက်၊ ညွှန်ချုပ်ကို ပါးတက်ရိုက်ပြီး အလုပ်ထွက်သွားလိမ့်မယ်။ ဒီတော့ ဒီပုံ ဒီစခန်းနဲ့ ဒီလို လုပ်လို့တော့ ပိုးသာကုန်လို့ မောင်ပုံ ချိတ်လုံချည် ဝတ်ရမယ် မထင်နဲ့။ ဒီချိတ်လုံချည်ဝတ်ပြီး မူတွေ စည်းတွေ ပြင်စရာရှိတာမပြင်ရင် အစိုးရ ကဏ္ဍတွင်မက ပုဂ္ဂလိက ကဏ္ဍမှာပါ အဲသည်သောက်ချိုး သောက်ခိုးတွေ ကူးစက်လာပြီး သွက်ချာပါဒ လိုက်နေလိမ့်မယ်ဗျ။

တောက်တီးတောက်တဲ့ တောက်တဲ့ ပွဲစားက လျှာရှည်လို့ ဘယ်သူ့ဘယ်လို လစာပေး လာလုပ်နေတယ်။
အင်းပါ မလုပ်ရဲကြောင်းပါ ခွေးမသားရယ်။
ကိုယ့်ဘာသာ ကို တောက်တဲ့သွား ရှာတော့မယ်။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism