အစမ်းသပ်ခံအသည်းနှလုံး
ကျွန်တော် လွန်ခဲ့တဲ့ လအနည်းငယ်က ပင်လယ်ကမ်းစပ်က ရွာလေးတစ်ရွာကိုတာဝန်ကျလို့ သွားရောက်ခဲ့ရတယ် ကဒုံကနိဆိုတဲ့ရွာလေးပေါ့ နာဂစ်ကြောင့် ဘေးပါတ်ဝန်းကျင်ကရွာတွေ မြို့တွေ အားလုံး အလုံးစုံပျက်စီး သေကြေကြပေမဲ့ ကဒုံကနိရွာလေးဟာမှုန်တိုင်းလမ်းကြောင်း ပင်လယ်ဝမှာရှိနေပေမဲ့ ဘေးမသီ ရန်မခ လေဘေး ရေဘေး ကင်းလွတ်ခဲ့ရတာကို ကျွန်တော်အံ့အားသင့်ခဲ့ရတယ်။
ကျွန်တော်ရွာကိုရောက်လို့ ၃/၄ရက်မှာဘဲ ထူးခြားမှုတစ်ခုကို သတိပြုမိတယ်၊ မနက် ၅ နာရီတိုးတာနဲ့ တစ်ရွာလုံးကြားအောင် ဘွန်တော ဆိုတဲ့ နိဗ္ဗာန်ဆော်ရဲ့ အသံနဲ့အတူ ရဟန်းသံဃာတွေကို ပင့်ဖိတ် အာရုဏ်ဆွမ်း ကပ်တဲ့အသံပါ အလှူရှင်စာရင်းဖတ်ရာမှာ ဝါတွင်း ၃လ တစ်ရက်မှမလွတ်ဘူး ကြိုတင်စာရင်း ပေးထားလိုက်ကြတာ သံဃာတွေကလည်း ဘေးပါတ်ပါတ်လည်က ရွာတွေအားလုံးနီးပါးဘဲ ။
ကျွန်တော်ရောက်တဲ့အချိန် အမှတ်တရရေးထားတဲ့မှတ်စုလေးပါ
ရန်ကုန်မြို့ကနေ
ပင်လယ်ကမ်းစပ်ကရွာကလေး
စီးပွားရေးတောင့်တင်းသူတစ်ချို့တစ်ဝက် တစ်ချို့ ကတော့ ကုန်းကောက်စရာမရှိ၊
တစ်ဝက်တစ်ပျက် ပျက်စီးနေတဲ့ရွာကလေး။
နာဂစ်ဆိုတဲ့ အဆိပ်ပန်းလေးကြောင့် အနီးအပါးကရွာလေးတွေ
ကြေမွ ငိုချင်းရှည် နာကျင်ခံစားနေရချိန်
ကပ်ဆိုးကြီးကွင်းကျော်ခဲ့တဲ့ ရွာကလေး
ဆိပ်ကမ်းကတက်လိုက်တာနဲ့
မူးရစ်ယိုင်ထိုးနေတဲ့ ငါးဖမ်းစက်လှေမျိုးစုံက လှေသားတွေရယ်
ဆိပ်ကမ်းအနားက အစာရှာနေတဲ့ခွေးတစ်အုပ်ရယ်
အိပ်လွယ်ထားတဲ့အရူးမတစ်ယောက်ရယ်
ကဒုံကနိ ရဲ့ရွာလယ်လမ်းမကနေ ရေချိုးတဲ့အိမ်၊
အညစ်အကြေးတွေခွါချဖို့ လမ်းလျျှောက်ခဲ့ကြတယ်။
ရွာလယ်ခေါင် ဆိုင်မျိုးစုံ ဈေးမြို့ကလေးအလားပါဘဲ၊
အပ်ကနေ လေယာဉ်ပျံအထိဝယ်ရမဲ့ပုံ၊
ရွာထဲက ကာရာအိုကေဆိုင်တွေကလဲ
နေ့ခင်းကြောင်တောင် သံစဉ်မပီ စည်းဝါးနရီမကိုက် နားဝင်ပီယံဖြစ်စရာ မကောင်းတဲ့ ကွဲအက်အက် လှေသားတွေရဲ့ ဖိုသံပေး သီချင်းသံတွေနဲ့၊
ရေချိုးပြီး ဘေးတစ်အိမ်ကျော် ဒိုဘီဆိုင်ကလေး အစုံသုပ်နဲ့ ကွမ်းယာဆိုင် ကလေး၊ ကဒုံသူ အပျိုချောသုံးဦး ဆယ်ကျော်သက် နို့နံ့မစင်သေးပေမဲ့
ရမ္မက်ခိုး၊အရက်ခိုးဝေနေတဲ့ အသားစားဥပုတ်မစောင့်တဲ့ ကျားရဲတွေကြား
ရှောင်တိမ်းရင်းနဲ့ ဘဝရဲ့ကြမ်းတမ်းခက်ခဲတဲ့ ထမင်းတစ်လုပ်အတွက် သူတို့
ရဲ့သိက္ခာတွေ ပေးဆပ်နေရတာကြည့်ရင်း ဘဝဆိုတာ အမြဲမချောမွေ့တာ
မြင်ခဲ့ရတယ်။
မနက်မိုးမလင်းသေးဘူး ဘွန်တောဆိုတဲ့အသံနဲ့အတူ နိဗ္ဗာန်ဆော်ရဲ့ ဆွမ်းလောင်းဖို့ဆော်အော်သံ တရားသံကြည်ကြည်လင်လင်နဲ့ ရွာကလေးရဲ့
ဘာသာတရားကိုင်းရှိုင်းမှုကြောင့်ဘဲ နာဂစ်ဆိုတဲ့နတ်ဆိုး ဒုက္ခပေးလို့မရဘဲ
ခုန်ကျော်သွားရသလေလား၊
နာဂစ်ရဲ့အမွေ ဘေးရွာတွေက မိဘမဲ့ ကလေးတွေ ရွာအပြင်ကမ်းစပ်တစ်လျှောက်မှာ ငါးရှာ၊ ဖါးရှာနဲ့ ကျောင်းမတက်နိုင်၊ ရွှံ့ဘွက်ထဲ မိုးရေထဲက ကလေးတစ်သိုက်၊ မိန်းကလေး အများစု ရှစ်နှစ်နဲ့ဆယ့်နှစ်နှစ်ကြား၊ သူတို့ရဲ့ဘဝတွေ ဘယ်သူကများ ကယ်တင်နိုင်ပါ့မလဲ။
ကဒုံကနိရွာ ကနေ အနောက်ဖက်ယွန်းယွန်း ပင်လယ်ကမ်းစပ်ဖက်မှာတော့
ညီညီညာညာနဲ့ သွပ်မိုးပျဉ်ကာ လုံးချင်းအိမ်လေးတွေ အလှူရှင်တွေရဲ့
စေတနာတွေ၊ ဒါပေမဲ့ အိမ်တွေရဲ့အရှေ့မှာဆော့ကစားနေတဲ့ ကလေးတွေ ကတော့ ပိန်လှီငတ်မွတ်နေလေရဲ့။
တချိန် နာဂစ်ဒါဏ်ရာသက်သာတဲ့အချိန်မှာတော့ အဲဒီကလေးတွေ ရယ်မောနိုင်ကြမှာပါ။
ဆိုင်ကလုံးရှယ်တာ၊ ခန့်ခန့်ညားညားနဲ့ ရွာက ကျောင်းသူကျောင်းသားတွေ
ပညာသင်ကြားရာကျောင်းတော်ကြီးအဖြစ် လောလောဆယ်ရပ်တည်နေလေရဲ့
အရွယ်လွန်နေတဲ့ ငါ့ရင်ခွင်ထဲကို တိုးဝင်ဘို့ကြိုးစားလာတဲ့ ဆယ်ကျော်သက် ကလေးမလေးတစ်ဦး သူ့ဘဝရဲ့ကြမ်းတမ်းတဲ့ရိုက်ခတ်မှုဒါဏ်ရာတွေက ငါ့ကို အားကိုးတစ်ကြီးနဲ့ သူ့ကိုခေါ်ဘို့ပြောတဲ့အချိန်မှာ ငါ့ရင်ထဲ နာကြင်မှုတွေ အပြင်းထန်ဆုံးခံစားရတယ် အသက်အရ ဘယ်လိုမှမသင့်တော်လေတော့ ငါရင်နာနာ နဲ့ ကလေးမလေးကို ချွေးသိပ်ခဲ့ရတယ် ကျောင်းသူနဲ့ခေါင်းဖြူ ကဲ့ရဲ့သံတွေ မိန်းကလေးရယ် မင်းခံစားနိုင်မှာမဟုတ်ပါဘူး။
ကလေးမလေးကို ဓါတ်ပုံရိုက်ပေးရင်း သူ့ရဲ့မျှော်လင့်ချက် ငါ့ကိုဖိတ်ခေါ်မလား ဆိုတဲ့ ကမ်းလှမ်းမှုတွေကို မသိကြိုးကြွံ ဟန်ဆောင်နေရတယ်။
အဲဒီရွာမှာ ငါ ပညာဒါန အနေနဲ့ ကွန်ပြူတာ(လက်တော့)ယူပြီး ကလေးတွေ သင်ပေးတော့ အားလုံးဟာ ဝမ်းသာအားရနဲ့ လာသင်ကြတယ် အဲဒီမှာတင် ကလေးမလေးက ပင်တိုင်ပေါ့ သူ့စိတ်ကို အာရုံလွှဲချင်တာလဲ ပါတယ်
ကလေးတွေထဲမှာ မိန်းကလေးတွေများတယ်၊ နဝမတန်းအရွယ် သူတို့ရဲ့ စိတ်အားထက်သန်မှုကြောင့် ငါ နွေရာသီပြန်လာပါ့မယ်လို့ ကတိပေးခဲ့ရတယ်။
အနီးအပါးက ဆင်းဆင်းရဲရဲနဲ့ ကျောင်းလာတက်တဲ့ ကလေးတွေကိုလဲ ငါတတ်နိုင်သလောက် စာအုပ် ခဲတံ စားစရာ လှူခဲ့ပါတယ် ဒါလေမဲ့ ပင်လယ်ကြီးက ကျယ်လေတော့ ရေငံတွေအားလုံးကို ချိုဘို့ ငါကလည်း တန်ခိုးရှင်မဟုတ်လေတော့
အချိန်တန်လို့ ဌာနေပြန်ရတော့မယ်ဆိုတော့ အားလုံး မျက်နှာမကောင်းကြဘူး ငါ့ကို ပုဆိုးတစ်ထည်ဝယ်ပြီးကန်တော့ကြတယ် သုံးလနီးပါးဆိုတော့ သံယောဇင်တွယ်တာပေါ့ ငါလဲ ကတိပေးခဲ့ပါတယ် အတတ်နိုင်ဆုံး သူတို့ဆီ ပြန်လာပါ့မယ်လို့ပေါ့။
အားလုံးကိုအစဉ်လေးစားလျှက်
ဒီပါကို
7 comments
Moe Z
February 3, 2012 at 12:09 pm
ှSome hearts are diamonds, some hearts are stones …….
ခေါင်းစဉ်ကြည့်ပြီး သီချင်းလားလို့ 🙂
(ခေါင်းဖြူနဲ့ကျောင်းသူ) ဆိုတော့ ဦးဒီပါကိုပေါ့နော်
အဲဒီရွာမှာတော့မဟုတ်ပေမယ့် လုပ်အားပေးဖြစ်ခဲ့ဖူးလို့
စိတ်မကောင်းစရာ မြင်ကွင်းတွေကို ပြန်မြင်မိတယ် 🙁
inz@ghi
February 3, 2012 at 12:34 pm
Smokie’s Vocalist လည်း သိရပြန်တာပဲလား …
စကားမစပ် …
စိန်ပေါက်ပေါက် ပြောမှ သတိထားမိတယ် ဟုတ်ပါ့….
ဂျေပီ တယောက် လှလာထှာ လူတောင် မှားရဲ့ …ခစ်ခစ်…
😀
Moe Z
February 3, 2012 at 12:42 pm
သများလှတာ မနာလိုမဖြစ်နဲ့ အဲဒါဆုတောင်းကောင်းတာ 😀
inz@ghi
February 3, 2012 at 12:36 pm
ခံစား ဖတ်ရှုသွားပါတယ် ဦးဒီပါရေ …..
ခေတ်တွေ စနစ်တွေ ဘာတွေ ဘယ်တွေ ကိုမှ လက်ညှိုးမထိုးဘဲ တတ်စွမ်းသလောက် …
လက်တကမ်းက ပင်လယ်ရေ တွေ ချိုစေတဲ့သူမို့ လေးစားပါကြောင်း…
ခင်တဲ့
Inz@ghi
DEPARKO DEPARKO
February 3, 2012 at 5:09 pm
ကျေးဇူးအနန္တပါ အဲဒီမှာရောက်တုန်း စပ်ဆိုထားတဲ့ကဗျာတစ်ပုတ်ပါ
လမ်းပြသူ
ရနံ့ရယ်ကြူ မျက်မမြင်သူ တစ်ယောက်ရယ်က
စိတ်ဝယ်သူ မှန်းဆရည်ရော်တော့
ဖြူဆင်လွလွ။
အဆင်းရယ်ဖြူ မြင်ထိုက်သူ စိတ်ကိုငြိမ်းစေမဲ့
ရွက်စိမ်းငယ် အယဉ်ဆင့်လေတော့
ပန်းစပါယ်ရဲ့ဘဝ။
အစိမ်းနဲ့အဖြူ ဆင်ယင်သူ ကေသာထုံးမှာဖြင့်
နေရာယူ ထပ်တူပြုလေတော့
ရှုလို့မဝ။
ဒီပါကို
nozomi
February 3, 2012 at 5:28 pm
ကိုဒီပါကို
ခံစား နားလည်မှုတွေ နဲ့ အားပေးသွားပါတယ်
နာဂစ်ဒေသတွေမှာ လူအများစု သူတို့ဘာသာ ရပ်တည်နိုင် ၊ အတိတ်က အိပ်မက်ဆိုးကို မေ့နိုင်ကြရဲ့လား ဗျာ
DEPARKO DEPARKO
February 3, 2012 at 5:58 pm
အဓိကပြသနာက မိဘမဲ့ကလေးတွေပါ သူတို့တော်တော်များများ အရွယ်မရောက်သေးကြတော့ ထမင်းစားဘို့ အလုပ်လုပ်ဘို့ ခွန်အားတွေမရှိကြသေးဘူးလေ ကျွန်တော်ဓါတ်ပုံတင်ဘို့ကြိုးစားနေပါတယ် ရောက်လေရာအရပ်မှတ်တမ်းတင် ဝါသနာအရ ရိုက်နေပေမဲ့ စိတ်မကောင်းစရာတွေ အားလုံးကို မဝေမျှချင်ပါဘူး