မင်းသမီး ပန်းဖြူ ရည်းစားဟောင်းကို တရားစွဲ

True FaithJuly 15, 20101min1090

ရေးသူ – ကိုထွေး (ဧရာဝတီ သတင်းဌာန)

ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်ဝင်းရှိန်ကို ကာမ လိမ်လည်မှုဖြင့် ရန်ကုန်တိုင်း တရားရုံးတွင် တရားစွဲဆိုရန် ကြိုးပမ်းနေကြောင်း သိရသည်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပန်းဖြူ

ပန်းဖြူက “တရားစွဲတယ်ဆိုတာက သူနဲ့ ပန်းဖြူ လက်ထပ်ဖို့ ရည်ရွယ်ပြီးတော့မှ အတူ နေခဲ့ကြတယ်။ ပြီးတော့ သူက လက် ထပ် ဖို့ ပျက်ကွက်ပြီး လမ်းခွဲသွားပြီးနောက် သူက တော်တော်ကို မိုက်မိုက်ရိုင်းရိုင်းကို ပြောတယ်ပေါ့နော်။ အဲဒါကြောင့်လည်း တရားစွဲဖြစ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

[ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူ]

ရုပ်ရှင်သရုပ်ဆောင် ပန်းဖြူ
ဦးဇော်ဝင်းရှိန်ကို ပုဒ်မ ၄၁ရ ဖြင့် ၂၀၀၉ ခုနှစ်က စတင် တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး တာမွေ မြို့နယ် တရားရုံးနှင့် ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားရုံးများက ယင်းအမှုကို ပယ်ချခဲ့သည် ဟုလည်း ၎င်းက ဆိုသည်။

ဥပဒေ ပုဒ်မ ၄၁ရ သည် ငွေကြေး လိမ်လည်မှု၊ ပစ္စည်း လိမ်လည်မှုများ အပါအဝင် ကာမလိမ်လည် မှုများနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် တနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံး ဖြစ်စေ ချမှတ် နိုင်ကြောင်း ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။

ရန်ကုန်တိုင်း တရားရုံးသို့ အမှုကို တင်ထားပြီး ကြာသပတေးနေ့တွင် အကြောင်းပြန်မည်ဖြစ်ကြောင်း၊ အကယ်၍ တိုင်းတရားရုံး က ပလပ်ခဲ့ပါက ဗဟိုတရားရုံးသို့ ဆက်လက် တက်ရောက်မည် ဖြစ်ကြောင်း ပန်းဖြူက ဆက်လက် ပြောဆိုသည်။

ပန်းဖြူနှင့် ဦးဇော်ဝင်းရှိန်တို့သည် ယခင်က သူငယ်ချင်းများဖြစ်ကြပြီး ၂၀၀၂ ခုနှစ်တွင် သမီးရည်းစား ဘဝသို့ ရောက်ရှိ ခဲ့ကြောင်း၊ ယင်းအချိန်က ၂ ဦးစလုံးသည် လက်ရှိအခြေအနေကဲ့သို့ အောင်မြင်မှုကို မရရှိသေးသည့်အတွက် လက်ထပ်ရန် ရည်ရွယ်ထားခြင်း မရှိကြောင်း၊ လက်ထပ်ရန် စီစဉ်သည့် အချိန်တွင် ပြဿနာ ဖြစ်ပွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြောင်း ပန်းဖြူက ပြောသည်။

ဦးဇော်ဝင်းရှိန်သည် ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၏ ဥက္ကဋ္ဌအဖြစ်လည်း ၂၀၀၉ ခု နှစ် တွင် တာဝန်ယူခဲ့ဖူးသည်။ သို့သော် မြန်မာ နေရှင်နယ် လိဂ် မစမီ ၂၀၀၉ တွင်ပင် ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်ခဲ့သည်။

“ဒီအမှုကို ပြီးဆုံးအောင်လုပ်မှလည်း ကျခဲ့ရတဲ့ သိက္ခာတွေက အနည်းငယ် ပြန်တက်လာမှာပါ။ ဒီလိုမျိုး ဒီအတိုင်း ရပ်လိုက်ရင် သူတို့ပြောသလို ထင်သလိုကြီးက ဟုတ်တယ်ဆိုတာကြီး ဖြစ်သွားမှာ။ အဲဒီတော့ ပြီးဆုံးအောင် ဆက်လုပ်မှာပါ”ဟုလည်း ပန်းဖြူက ပြောသည်။

ယခုရက်ပိုင်းအတွင်း၌ အင်တာနက် အီးမေးလ်များမှတဆင့် ရုပ်ရှင် သရုပ်ဆောင် ပန်းဖြူ၊ ဦးဇော်ဝင်းရှိန် တို့နှင့် ပတ်သက် သော သတင်းများ ပျံ့နှံ့လျက် ရှိသည်။

အီးမေးလ်ပါ အကြောင်းအရာများနှင့်ပတ်သက်၍ တချို့သော အချက်အလက်များ မှန်ကန်မှုရှိသော်လည်း တချို့သော အချက်အလက်များမှာ မှားယွင်းနေကြောင်း ပန်းဖြူက ဆိုသည်။

“လျော်ကြေးပေးလည်း ယူမှာ မဟုတ်ပါဘူး။ သူ့ဘက်ကလည်း အဲဒါမျိုးတွေနဲ့ ညှိတာ ဘာညာလည်း မလုပ်ပါဘူး”ဟု ပန်းဖြူက ပြောသည်။

ဦးဇော်ဝင်းရှိန်ကို ဤကိစ္စနှင့် ပတ်သက်၍ ဧရာဝတီက ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရပေ။

“တရား စစွဲတုန်းကလည်း မဖြစ်မနေမို့သာ စွဲလိုက်ရတာ။ အခုကျတော့ အဲသလိုမျိုး သတင်းတွေ အရမ်းပြန့်သွားတာ စိတ်ထဲ မှာ မကောင်းဘူးဖြစ်ရတယ်။ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ကိုယ့်ဘာသာ ကိုယ်မသိတော့ဘူး”ဟုလည်း ပန်းဖြူ က ပြောသည်။

၁၉၉ရ ခုနှစ်တွင် “အရိပ်” ရုပ်ရှင် ဇာတ်ကားဖြင့် ပန်းဖြူသည် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အကယ်ဒမီ ရရှိခဲ့ သည်။

………………………………………………………………………………….

ကျနော်က အရင်တုန်းက သတင်းဌာနတွေကနေ ပရိသတ် သိသင့်တယ်ထင်တဲ့ သတင်းတချို့ နဲ့ ဆောင်းပါးတချို့ကို ကူးယူတင်ခဲ့ဖူးပါတယ်။ အဲဒီလိုပုံစံ ပို့စ်တွေနဲ့ ပက်သက်ပြီး ဂေဇက် အယ်ဒီတာက သူများ သတင်းဌာနက သတင်းထောက်တွေဟာ အချိန်နဲ့ ငွေ ကုန်ခံပြီး သတင်းလိုက်ထားတာကို ကျနော်တို့လို မန်ဘာတွေက ဂေဇက်မှာလာတင်ပြီး အကျိုးအမြတ် တခုခု ခံစားနေတဲ့ ပုံစံဖြစ်နေပါတယ်လို့ မှတ်ချက်ပေးတာလေးကို မှတ်မိနေပါတယ်။

ကျနော်လည်း မတင်ချင်ပါဘူး။ ဖြစ်နိုင်ရင် ကို်ယ့်ငွေနဲ့ ကိုယ်သတင်းလိုက်ပြီး ဂေဇက်မှာ ပြန်တင်ပြချင်ပါတယ်။ ဒါပေမယ့် အခြေအနေက မပေးဘူးဖြစ်နေတော့ စိတ်ဝင်စားဖွယ်ရာသတင်းတွေ တွေ့ပေမယ့် အယ်ဒီတာပေးတဲ့ မှတ်ချက်ကိုပဲ ပြန်သတိရပြီး ဒီရက်ပိုင်းမှာ ဘာပို့စ်မှ မတင်ဘဲ ဒီအတိုင်း ထိုင်နေဖြစ်ပါတယ်။

ဒီနေ့တော့ သတင်းတွေ လျှောက်ဖတ်ရင်း ဒီသတင်းလေးကိုတွေ့မိလို့ စိတ်ဝင်စားဖွယ်ရာ ဖြစ်နေတာရယ်၊ ဘယ်သူမှ မတင်သေးတဲ့အတွက် တင်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ကျနော့် အနေနဲ့ ဒီသတင်းနဲ့ပက်သက်ပြီး ငွေကြေးအကျိုးအမြတ် ခံစားလိုစိတ် မရှိပါ။

ကျနော်က ပို့စ်တင်တယ်။ ပရိတ်သတ်တွေ ဝင်ဖတ်တယ်၊ အမြင်သဘောထားတွေ၊ မှတ်ချက်တွေပေး၊ ဆွေးနွေးကြတာကို သိပ်ပျော်ပါတယ်။ ကျနော့်မေးလ်ဘောက်စ် (Mail Box)ကို ဖွင့်တာနဲ့ ပထမဆုံး ဖွင့်ကြည့်တာက Admin Manadalay Gezette ဆိုပြီး ကွန်မန့်ပါတဲ့ မေးလ်တွေပါပဲ။

အဲတော့ ကျနော်အဆုံးသတ် ပြောချင်တာက ပရိတ်သတ်တွေ သိသင့်တဲ့၊ ဖတ်သင့်တဲ့ သတင်း၊ ဆောင်းပါး စတဲ့အရာတွေကို ကျနော်တင်ပြသွားပါမယ်။ မန္တလေးဂေဇက်အနေနဲ့ ပွိုင့် ပေးခြင်း၊ မပေးခြင်းကတော့ တာဝန်ရှိတဲ့အတိုင်းသာ လုပ်ပါတော့လို့…။
………………………………………………………………………………..