အနုပညာဆိုတာ… လျှပ်ကူးပစ္စည်းတစ်ခု ရင်းနှီးဖူးသူတိုင်း နှလုံးအထိ ကူးစက် ဓာတ်လိုက်လွယ်တယ်။ အနုပညာဆိုတာ… ဆန့်ထုတ်ထားသော ပင့်ကူကွန်ရက် အစေးကပ်စွမ်းအင်တွေကြောင့်… ဝင်တိုးမိသူတိုင်း ရုန်းထွက်ခက်တာချည်း။ အနုပညာဆိုတာ… အလျား/အနံ ကန့်သတ်ချက်မရှိ အတိုင်းအတာ သတ်မှတ်လို့မရ အနတ္တစကြာဝဠာ။ အနုပညာဆိုတာ… ရေလောင်းတိုင်းလည်း ပွင့်သောပန်း မဟုတ် ငွေပုံပေးတိုင်း ကျွန်စိတ်လည်း မမွေး လိပ်ပြာနိုးမှ ပျံတက်သော တောင်ပံ အနုပညာဆိုတာ… ပျားပိတုန်းတို့ ဝတ်မှုန်တန်ဖိုး သိသလိုမျိုး စားသုံးလို့ ခံတွင်းတွေ့သူတိုင်း သည်းခြေကြိုက် နတ်သုဒ္ဓါဖြစ်တယ်။ အနုပညာဆိုတာ… ရာစုသစ်ကို ခုတ်မောင်းနေသော ရထားတစ်စင်း အတိတ်သံလမ်းပေါ်မှာတော့… ဘီးအရှိန်အားတွေ သမိုင်းခြေရာထွင်းခဲ့…။ ။ စေပိုင်ထွဋ်(ပုသိမ်)


လက်စားချေခြင်းဆိုတာ… သံသရာလည်အောင် ပိုလှည့်နေသလိုမျိုး ရပ်တန်သွားမှာ မဟုတ်ဘူး။ သည်းခံဖို့အတွက် ရင့်ကျက်မှုလိုသလို စိတ်ထားမြင့်မြတ်မှ ခွင့်လွှတ်တတ်နိုင်မယ်။ ဆင်ခြင်စဉ်စား အတ္တပူဖာင်းအား စိတ်ကြိုက်လေမှုတ်သွင်းရင် နောက်ဆုံးမှာ… ပေါက်ကွဲပျက်စီးရတာချည်း။ သို့မို့ကြောင့်… ငြိမ်းချမ်းရေးတေးသံ ပုလွေအားမှုတ်ဖို့ ဝန်မလေးနှင့် ကိုယ်ချင်းစာတရား အနည်ကျအောင် ဓာတ်ခွဲဖော်ထုတ်ပါ မေတ္တာအရိပ်အား လူတိုင်း ခိုလှုံခွင့်ပေးပါ။ အဲ့ဒါဆိုရင်… အနာဂတ်ကမ္ဘာကြီးဟာ မီးတောင်လို မပေါက်ကွဲတော့ဘူး။ ကိုယ်လုံးတီး အရှက်မမဲ့တော့ဘူး။ ဘေးထွက်ဆိုးကျိုး မရှိတော့ဘူး။ အစာအဆိပ်မသင့်တော့ဘူး။ ရေတိမ်မနစ်တော့ဘူး။ နာမကျန်းမဖြစ်တော့ဘူး။ ဒေါင်ဒေါင်မြည် ကျန်းမာဖို့သေချာပေါ့။ သန့်ရှင်းလတ်ဆတ် သက်တမ်းရှည်အုံးမည့် ဤကမ္ဘာ။ ။ စေပိုင်ထွဋ်(ပုသိမ်)


အချစ်အစ အလွမ်းနိဂုံး (၁) မျက်ဝန်းတွေဖြင့် အစပျိုးခဲ့တဲ့ မျိုးစေ့ ငါ့အသည်းနှလုံး အချစ်ပန်းပင်လေး မင်းကြောင့်… ဖူးပွင့်ဝေဆာ ရှင်သန်ထမြောက်ခဲ့… စစ်မှန်သော ချစ်ခြင်းမေတ္တာက ရာနှုန်းပြည့်ပါပဲ ရင်အုပ်မကွာ သားပိုက်ကောင်လို စောင့်ရှောက်ချင်မိ `တကယ်… ချစ်ခဲ့တယ်´ (၂) `စဉ်းစားအုံးမယ်…´ ဒီစကား ငါ့နားပေါ် သစ်ရွက်ကြွေ ခြွေချ ပထမဆုံး အလံဖြူနဲ့တင် ဒီကောင် လက်ခမောင်းခတ်နေပြီ။ စိတ်ထဲမှာတော့ ကြယ်နက္ခတ်စုံလိုက်တာ… (၃) တိုးတိုးရှတတအသံလေး `ချစ်တယ်´ တဲ့… မင်းနှုတ်ခမ်းဖျား ဂီတသံစဉ် တုန်ယင်လှုပ်ခတ် ဟာမိုနီ သိပ်မပြင်းပေမဲ့… ရင်ထဲမှာ အပျော်ကြိုးတွေ ထ `က´ ငါ့ဂီတာလေး အသက်ဝင်လာတယ်။ (၄) ငါတို့နှစ်ယောက် စင်ရော်လို လေဆန်ပျံတက် ငါတို့နှစ်ယောက် လင်းပိုင်လို ရေထဲကူးခတ် ငါတို့နှစ်ယောက် ခြင်္သေ့လို […]