“စည်းမဲ့ ကမ်းမဲ့ ……..တန်ဘိုးမဲ့” ပြီးခဲ့တဲ့ ဥပုဒ်နေ့က ကျောက်တော်ကြီးဘုရားကနေအပြန် ၂၆ ဘီလမ်းအတိုင်း အနောက်ဘက်ကိုဆင်းလာခဲ့ပါတယ်။ ဈေးချို၈၄လမ်းမီးပွိုင့်ရောက်တော့ မီးနီ နေတာနဲ့ “မျဉ်းသေ”နားမှာ ကပ်ပြီးဆိုင်ကယ်ကိုရပ်ထားပါတယ်။ ကျနော်က တောင်ဘက်ကိုကွေ့မှာကိုးဗျ။ (မျဥ်းသေဆိုတာ မသိသေးသူများသိအောင်ပြောရ ရင် ဟိုဘက်ယာဉ်ကြောနဲ့ ဒီဘက်ယာဉ်ကြောကို ပိုင်းခြားထားတဲ့ မျဉ်းပါ။ မျဉ်းသေ မှာ အဖြတ်အတောက်မပါဘူးဆိုရင် ဒီမျဉ်းကိုကျော်ဘို့မပြောနဲ့ ကားဘီးဆိုင်ကယ်ဘီးတောင်မှ တင်ထားလို့မရ နင်းထားလို့မရပါဘူး) အဲလိုကပ်ရပ်ထားတာကို နောက်က ဆိုင်ကယ်တစ်စီးက ကပ်ကပ်သပ်သပ်ကျော်တက်ပြီး မျဥ်းကြားထဲဝင်ရပ်နေပါတယ်။ သိပ်မကြာခင် ဆိုင်ကယ်အပိုပစ္စည်းတွေကို မဆန့်မပြဲတင်ထားတဲ့ ဆိုင်ကယ်ကလည်း ကျနော်နားက ပွတ်ကပ်ပြီးဖြတ်သွားပြန်ပါတယ်။ အဲဒီဆိုင်ကယ်က ဟိုဘက်ယာဉ်ကြော ရဲ့အလည်ခေါင်မှာဝင်ရပ်နေပါတယ်။ ယာဉ်ကြောပြောင်းပြန်ဝင်ပြီး သူများလာမယ့် လမ်းအလည်ခေါင်သာရပ်နေတယ်သူကတော့ခပ်တည်တည်။ သူနဲ့မလှမ်းမကမ်းမှာ ယာဉ်ထိန်းခပ်ငယ်ငယ်လေး တစ်ယောက်ရပ်နေပါတယ်။ အဲဒီယာဉ်ထိန်းလေး ကလည်းလမ်းမှားနေတဲ့ ဆိုင်ကယ်ကို တစ်ချက်လှမ်းကြည့်ပြီး မှဟိုဘက်ကိုငေးနေပါတယ်။ […]