အညာမြေရနံ့သင်းသင်းက နှာခေါင်းဝမှာ မွှေးပျံ့လာတယ်ဆိုရင်ပဲ မကြာမီအချိန်လေးအတွင်းမှာ ရွာကို ရောက်တော့မယ်ဆိုတာ သိလိုက်တယ်။ နွားချေးနံ့တွေရယ် ၊ ဆိတ်ချေးနံ့တွေရယ် ရောသမမွှေထားတဲ့ အညာလေမှာ တမေ့တမြောခိုဝင်နားလို့ ခြေလှမ်းတွေ သွက်လိုက်တာမှ တအားရယ်။ မရောက်တာကြာပြီဖြစ်တဲ့ ရွာလေး ဘာတွေများပြောင်းလဲကုန်ပြီလဲ။ အိမ်နီးချင်းသူငယ်ချင်းတွေရော အရင်အတိုင်းပဲလား။ ဆွေမျိူးညီအစ်ကိုသားချင်းတွေရော စုံစုံလင်လင်ရှိနေရဲ့လား။ ကျွန်တော် သိချင်နေတယ်။ ကျွန်တော်ရွာကိုမရောက်တာ ဆယ်နှစ်ဝန်းကျင်တော့ရှိရော့မယ်။ ရွာကလေးရဲ့ကန်မှာ မင်းလှကန်ကရေတွေ ဝင်နေပြီလား။ သိချင်စိတ်တွေနဲ့ စိတ်ဓါတ်တွေမြူးမြူးကြွကြွဖြစ်နေတာနဲ့ပဲ ရွာကိုဘာနဲ့ သွားရင်းကောင်းမလဲလို့ တွေးမိရတော့တယ်။ ညနေစောင်းနေက ကျွန်တော်ကို ချွေးဒီးဒီး ကျအောင်ပူပြင်းနေစေတယ်။ ရှေ့ကလာနေတဲ့ သုံးဘီးဆိုင်ကယ်ကို မေးကြည့်ရင်တော့ ကျွန်တော့်ရွာကို ရောက်နိုင်ကောင်းပါရဲ့လို့ တွေးမိပြီး လက်ပြတားလိုက်တယ်။ “သမန်းကန်ရွာကို လမ်းကြုံဘာရှိသေးလဲ ဗျ“ “သမန်းကန်ကိုလား ကြုံဆို ခုသွားမှာ ရွာအထိတော့မရောက်ဘူး။ အိုင်ကြီးလည်အထိပဲ […]