မြို့မှာဖြစ်သွားတဲ့ ကိစ္စကြီးက ဟိုးလေးတကျော်ကျော်ဆိုတော့ ခုချိန်မှာ ပါပါရာဇီတွေ ကျွန်တော့်နောက် လိုက်နေကြတာ မဆန်းပါဘူး။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်က ဒီနိုင်ငံမှာ နာမည်တစ်ခုအနေနဲ့ကျော်ကြားနေတော့ ခုဖြစ်တဲ့ကိစ္စကို လူတိုင်းသိချင်ကြမှာလည်း သေချာတယ်။ လောလောဆယ်တော့ ကျွန်တော့်အကြောင်း ကောလဟလက ဟိုဂျာနယ်မှာတစ်မျိုး၊ ဒီစာစောင်တစ်မျိုးနဲ့ အခြေအမြစ်မရှိတဲ့သတင်းတွေ အမျိုးမျိုးရေးနေကြတာကိုတွေ့ရတယ်။ ထားပါ။ ဒါကိုတော့ ကျွန်တော်ပြန်ဖြေရှင်းဖို့မရှိဘူး။ မဟုတ်တဲ့ကိစ္စကို အလုပ်ရှုပ်ခံပြီး ဟိုမေးသည်မြန်းနဲ့ဖြေရှင်းဖို့လည်း မလိုဘူးလို့ထင်တယ်လေ။ ဒါပေမယ့် အိမ်ကိုတော့ ဖုန်းတွေတဂွမ်ဂွမ်လာနေကြတယ်။ ကျွန်တော် ဟမ်းဖုန်းနံပါတ်ကိုတောင် ဘယ်ကဘယ်လိုသိကြတယ်မပြောတတ်ဘူး။ ဆက်လာလိုက်ကြတာစုံလို။ ဒါကြောင့် ခုဖုန်းကိုပိတ်ထားလိုက်တယ်။ အိမ်ဖုန်းကိုတော့ ချာတိတ်လေးတစ်ကောင်ကိုပဲကိုင်ခိုင်းပြီး ဘာမေးမေး မသိဘူး၊ ဖြေခွင့်မရှိပါဘူးဆိုတဲ့စကားနဲ့ ဘူးတစ်လုံးခံခိုင်းထားလိုက်တယ်။ ဒီတော့ ပြီးသွားလားဆို မပြီးသေးဘူး။ ဂျာနယ်အစုံစုံက စူပါမင်းသား ကျော်ကျော်လတ်နဲ့ဆက်သွယ်ရာမှာ ဖုန်းပိတ်ထားပါတယ်ဆိုတဲ့အကြောင်းကို သတင်းတစ်ပုဒ်ဖြစ်အောင် ရေးနေကြသေးတာကို အံ့ဩရတယ်။ ဒီတော့ […]