မြို့တော်ခန်းမ၏ နာရီကြီး ခြောက်နာရီ ဒင်ခနဲထိုးသည်နှင့် ရော်ဂျာသည် ဒေါက်တာ့ဂီလီ့ရုံးခန်းထဲ ရောက်လာခဲ့သည်။ ကောင်ကလေး၏ ထိုးထွက်နေသော အရပ်ကြီးကြောင့် ဒေါက်တာ့ခမျာ တအံ့တဩ။ ကောင်ကလေး၏ အဝတ်အစား နွမ်းပါး လွန်း၍လည်း ဒေါက်တာအံ့ဩရသည်။ အက်ရှ်လေတို့သည် နည်းပါးသောလစာပေါ်တွင် ရောင့်ရဲတင်းတိမ်မှု ကြွယ်ဝစွာဖြင့် တစ်သက်လုံး နေထိုင်ခဲ့ကြသည်။ အိမ်ချုပ်များဖြစ်သော ကောင်ကလေး၏ အဝတ်အစားသည် သပ်သပ်ရပ်ရပ်နှင့် သန့်ပြန့်နေ သည်။ အကျႌလက်များက လက်ကောက်ဝတ်ထိ မရောက်။ ဘောင်းဘီက ခြေချင်းဝတ်ဆီ မမီ။ တောဂိုက်ဖြစ်၏။ သူတစ်ပါး၏ အထင်အမြင်ကို ဂရုမစိုက်တတ်ခြင်းသည် အက်ရှ်လေတို့၏ ကြွယ်ဝခြင်းအစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ရော်ဂျာသည် အတန်း ထဲတွင် အတော်ဆုံးကျောင်းသား၊ ဘေ့စ်ဘောအသင်း ခေါင်းဆောင်။ သူ့အဖေလိုပင် မြို့သေးသေးလေးထဲမှ ဘုရင်ကလေး တစ်ဆူ။ ကြံ့ခိုင်သည်၊ တည်ငြိမ်သည်၊ နှုတ်နည်းသည်။ […]