စစ်တပ်ကြီး စစ်တိုက်ဖို့ ချီတက်လာတဲ့ အတိုင်းပဲ (ကြွက်သတင်း နောက်ဆက်တွဲ)

True FaithJuly 4, 20101min745

ရေးသူ – ကျော်ခ

ချင်းမိုင် (မဇ္ဈိမ)။ ။ “စစ်တပ်ကြီး စစ်တိုက်ဖို့ ချီတက်လာတဲ့အတိုင်းပဲ။ တလှုပ်လှုပ်နဲ့ အတန်းလိုက်တန်းစီပြီး လာနေကြတာ။ တွေ့လိုက် တာနဲ့ အူယားစရာကြီး။ အုပ်စုလိုက် မရေမတွက်နိုင်လောက်အောင်ပဲ သူတို့အဖွဲ့ကို တွေ့လိုက်ရင် ဘယ်သူမှ ဘာမှ မလုပ်ရဲဘူး။ ကြောက်လို့” လို့ ဒိုက်ဦးမြို့ခံ မသီတာက ပြောပါတယ်။

လွန်ခဲ့တဲ့တပတ်က ဒိုက်ဦးမြို့နားက ၁၆ မိုင်လောက်ဝေးတဲ့နေရာကို သွားကြည့်ခဲ့တဲ့ မသီတာလိုပဲ နေပြည်တော်-ရန်ကုန်လမ်းကားမောင်းခဲ့သူတွေကလည်း ကြွက်တွေကို တက်ကြိတ်မိလို့ လမ်းတွေ ကြွက်သွေးတွေနဲ့ ရဲရဲနီနေပြီး

“တဖျိဖျိ” အသံတွေကို နားထဲကြားတုံးဆိုတာလည်း ပြန်ပြောကြလေရဲ့။

ဒိုက်ဦးမြို့နဲ့ ပဲခူးရိုးမအကြား ဘုရားတောင်နားမှာ ဗိုက်ဖြူကြွက်တွေဟာ အုံလိုက်ကျင်းလိုက်နဲ့ လယ်ကွင်းထဲမှာ အုပ်စုဖွဲ့ သွားလာနေကြပါတယ်။ တောကြွက်အုပ်စုကြီးဟာ ဘုရားတောင်နဲ့ ယှဉ်လျက်တည်ထားတဲ့ ကောလိယဆည်ဘက်ကနေ ဆင်းလာကြတာ အခုဆိုရင် နှစ်ပတ်လောက်တောင်ရှိပြီလို့ ဒေသခံလယ်သမားတွေက ပြောဆိုကြပါတယ်။

ဒီနှစ်ဟာ မိုးနောက်ကျတဲ့အတွက် လယ်မစိုက်နိုင်ကြသေးလို့ ကြွက်တွေရဲ့ ကိုက် ဖျက် စားသောက်မယ့် အန္တရာယ်တော့ မရှိသေးကြတာ လယ်သမားတွေအတွက် ကံကောင်းစေတာပါပဲ။

ဒါပေမယ့်လည်း လယ်သမားတွေအနား သွားမိတဲ့ တောကြွက်တွေအတွက် ကတော့ ကံမကောင်းဘူးလို့ ဆိုရပါမယ်။

လယ်တဲပိုင်ရှင်တွေဟာ ညနေဘက်ဆိုရင် အရှည် ၂ တောင်လောက်ရှိတဲ့ တုတ်ချောင်းတွေနဲ့ သူ့တို့အနားကိုလာတဲ့ ကြွက်တွေကို ရိုက်သတ်ပြီး ကင်စားနေကြတာကို ဗျက်ကြီးရွာခံ လယ်သမား ဦးစောမြင့်က ပြောပါတယ်။

“ဒီကြွက်တွေက လူတွေတွေ့လည်း မကြောက်တတ်ဘူးဗျ။ အုံလိုက်ဗျာ။ ညနေဘက်ဆိုရင် ရန်ကုန်မန္တလေး ဟိုင်းဝေး လမ်းမကြီးပေါ်ကနေ ဟိုဘက်လယ်ကွင်းတွေကို ဖြတ်သွား၊ ဒီဘက်ဖြတ်လာနဲ့ လုပ်နေတာ။ ကားကြိတ်တာလဲ မနည်း ဘူး” လို့ ဦးစောမြင့်က ဆိုပါတယ်။

ဘုရားတောင်နဲ့ ကပ်လျက်မှာရှိတဲ့ ရန်ကုန်-မန္တလေး အဝေးပြေးကားလမ်းမကြီးကို ဖြတ်ကျော်ပြီး လယ်ကွင်း ဟိုဘက် နဲ့ ဒီဘက် သွားလာနေကြတဲ့ အဲဒီတောကြွက်တွေကို တွေ့လို့ ခရီးသွားကားတွေက ရပ်ပေးပေမယ့်လည်း ကြွက်တွေ က များလွန်းပြီး မကုန်နိုင်တဲ့အတွက် ရပ်မစောင့်နိုင်တော့ဘဲ နင်းဖြတ်ပြီး မောင်းနှင်နေရတယ်လို့ ရန်ကုန်-မန္တလေး ကားမောင်းနေသူ ဒါယကာတဦးဆီက ပြန်ကြားသိရတယ်လို့ လယ်ဝေးမြို့က ဆရာတော်တပါးက မိန့်ပါတယ်။

စစ်မြေပြင်မှာ အုံနဲ့ကျင်းနဲ့ လှုပ်ရှားနေသလိုမျိုး သွားလာနေတဲ့ ဒီတောကြွက်တွေရဲ့ ဦးတည်လမ်းကြောင်းဟာ နောက်ထပ် ၃ မိုင်လောက် ရှေ့ကို ဆက်သွားမယ်ဆိုရင် တောင်သာကျေးရွာနဲ့ အုံးသျှစ်ကုန်းကျေးရွာတို့ရှိ နေပါ တယ်။ အဲဒီ ရွာခံတွေကတော့ ဒီကြွက်တွေ ရွာတွေထဲ ဝင်လာမှာကို အခု စိုးရိမ်နေကြရပါပြီ။

“သူတို့အုပ်တွေကို တွေ့လိုက်ရရင် ခေါင်းတောင်မူးသွားမယ်။ လှုပ်လှုပ်-လှုပ်လှုပ်နဲ့ သွားနေကြတာ။ သူတို့တောထဲမှာ နေတာပြဿနာမဟုတ်ဘူး။ ရွာတွေထဲကို ဝင်လာရင် ပြဿနာပဲ။ ဘာမှမတတ်နိုင်ဘူး။ ဒီလောက်များတဲ့ ကြွက်တွေ ကိုလဲ နှိမ်နှင်းလို့ရမှာ မဟုတ်ဘူး” လို့ ဗျက်ကြီးရွာခံ လယ်သမား ဦးစောမြင့်က ပြောပါတယ်။

ဒီလိုပဲ … လွန်ခဲ့တဲ့ တပတ်က နေပြည်တော်-ရန်ကုန် လမ်းမကြီးပေါ်မှာ အုံနဲ့ကျင်းနဲ့ အရေအတွက် သိန်းဂဏန်း လောက်ရှိတဲ့ ကြွက်အုပ်ကြီးကို တွေ့မြင်ခဲ့ရတဲ့အကြောင်း ဘလော့ဂါ ညီလင်းဆက်က သူ့ရဲ့ဘလော့မှာ ရေးထားပါတယ်။

နေပြည်တော်မှာနေထိုင်တဲ့ ရှေ့နေတဦးကတော့ “လွန်ခဲ့တဲ့ ၂ ပတ်လောက်ကပေါ့။ ကျနော် ရုံးကိစ္စနဲ့ ရန်ကုန်ကို သွားတော့ လမ်းမှာ ကြွက်တွေကို ကားကြိတ်ထားတာ ကားတမိနစ်လောက်မောင်းရင် တခါတွေ့လိုက်နဲ့ အဲဒီလိုမျိုး ၅ နေရာလောက်တွေ့တယ်။ တနေရာကို သေနေတဲ့ ကြွက်သေတွေ အကောင် ၃ဝ စီလောက်ရှိတယ်” လို့ ရှင်းပြပါ တယ်။

ကြွက်အရေးနဲ့ ပတ်သက်ပြီး နေပြည်တော်က ကျန်းမာရေးဦးစီးဌာနကို ဒီနေ့ဆက်သွယ်မေးမြန်းကြည့်တော့ ကြွက်နဲ့ ပတ်သက်တဲ့ ရောဂါတွေ မဖြစ်အောင်နဲ့ ကြွက်တွေ မခိုအောင်းနိုင်ဆိုပြီး သတိပေးကြော်ညာစာကို အရင် တပတ်က စပြီး အစိုးရသတင်းစာတွေကနေ ထုတ်ပြန်ပြီးသားလို့ ပြန်ဖြေတယ်။ ဒါပေမယ့် ကွင်းဆင်းဆောင်ရွက်ပေးမယ့် အစီ အစဉ်တွေတော့ မရှိဘူးလို့ ဆိုတယ်။

အဲဒီ ကြွက်တွေ အခုလို အုံနဲ့ကျင်းနဲ့ နေရာရွှေ့ပြောင်းတာတွေနဲ့ ပတ်သက်ပြီး လူတွေကတော့ အမျိုးမျိုးတွေးထင် နေကြပါတယ်။ ငလျင်လှုပ်တော့မှာလား။ မိုးကြီးပြီး ဆည်တွေ ပြိုနိုင်တဲ့အတွက်ကြောင့်များ တရိစ္ဆာန်တွေက ကြိုသိပြီး ရွှေ့ကြတာလား ဆိုပြီးတော့ အမျိုးမျိုး အဖုံဖုံပေါ့။

မြန်မာနိုင်ငံက ကြွက်နဲ့ ဆိုးကျိုးပေးတယ်လို့ ဆိုရမှာပါ။ ချင်းပြည်နယ်မှာတုန်းကလည်း ၂ဝဝ၆ နှစ်ကုန်ပိုင်းမှာ ဝါးတွေအပွင့်ပွင့်ခဲ့ပြီး ထောင်သောင်းချီတဲ့ ကြွက်အုပ်တွေက တောင်ယာခင်းတွေကို ဝင်ရောက်ဖျက်ဆီးတဲ့အတွက် ဒေသခံအမြောက်အများ စားဝတ်နေရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

”ကြွက်တွေအုံလိုက် ကျင်းလိုက် ရွာထဲကို ဝင်လာမှာတော့ ကြောက်တယ်” လို့ မသီတာက ပြောပါတယ်။

5 comments

  • etone

    July 5, 2010 at 4:11 am

    ငယ်ငယ်တုန်းကသင်ရတဲ့ the piper ကိုသတိရမိတယ် ။ ြကြွက်တွေကို ပုလွေလေးမှုတ်ပြီး မြစ်ထဲချပစ်ခဲ့တဲ့သူလေ ။
    အခုရော ပုံပြင်လိုဖြစ်ဦးမှာလား ။

  • gar

    July 5, 2010 at 4:24 am

    တရိစ္ဆာန်တွေကစားဝတ်နေရေးအကျပ်အတည်လိုနေပါလိပ်မယ်

  • Shwemannmay

    July 15, 2010 at 8:53 am

    သဘာဝဘေးအန္တရာယ်ကို တိရစာ္ဆန်တွေကကြိုသိတယ်ဆိုပဲ
    ဘာများဖြစ်နိုင်မလဲမသိဘူး။ ဘာမှမဖြစ်တောင်ကြွက်တွေအများကြီးဒီလိုဖြစ်တာက ကျန်းမာရေးအရကြည့်ရင်တောင်မကောင်းဘူး

  • unclegyi1974

    August 13, 2010 at 3:16 pm

    အိမ်း သူတို့နေတဲ့နေရာကိုလူတွေကအတင်းဝင်နေတော့ သူတို့ကလဲသွားစရာမရှိလို့ လူတွေနေတဲ့နေရာကိုပြောင်း
    လာကြတယ်နဲ့တူပါရဲ့

  • chitsu

    September 19, 2011 at 2:53 pm

    ကြွက်ဆိုတာကလည်းကြောက်ရတယ်…….ရောဂါကစုံတယ်လေ

Leave a Reply