နားထောင်တက်ခြင်းမှလေ့လာခြင်းသို့

zaylayJune 12, 20101min511

Good Teaching !

ကြောင်ကလေး တစ်ကောင်ဟာ တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာခဲ့တယ်။ တစ်နေ့မှာ ကြောင်မေမေက ကြောင်ကလေးကို ခေါ်ပြီး “သား ကြီးပြင်းလာပြီနော်.. နောက် ၃ ရက်ကြာရင် မေမေရဲ့နို့ကို သားမစို့ရတော့ဘူး။ ကိုယ်တိုင် အစာသွားရှာရမယ်” လို့ မှာတယ်။

ကြောင်မေမေ စကားကြားတော့ ကြောင်ကလေးက အထိတ်တလန့် ” မေမေ ဘယ်လိုအစာမျိုးကို သားရှာရမလဲ?” လို့ မေးတယ်။

“ဘယ်လိုအစာမျိုးကို စားရမလဲဆိုတာ ချက်ချင်းကြီး မေမေလည်း ပြောမပြတတ်ဘူး။ မေမေတို့ ဘိုးဘေးတွေ ထားခဲ့တဲ့နည်းကိုပဲ အရင်အသုံးပြုကြတာပေါ့။ ပထမဦးဆုံး ညရောက်ရင် လူနေအိမ် ခေါင်မိုးပေါ်မှာ သားသွားပုန်းနေပါ။ နောက် ထပ်ခိုးပေါ်မှာ၊ သေတ္တာဘေးမှာ၊ အိုးဘေးတွေမှာ သားသွားပုန်းနေပြီး လူတွေပြောတဲ့ စကားကို သေချာနားထောင်ပါ။ သားအလိုလိုနေရင်း အစာရှာတတ်သွားပါလိမ့်မယ်” လို့ ကြောင်မေမေက မှာတယ်။

ပထမညမှာ ကြောင်ကလေးဟာ ထပ်ခိုးမှာ သွားပုန်းနေပြီး ကလေးလေးကို မှာနေတဲ့ လူကြီးတစ်ယောက်ရဲ့ စကားတွေကို နားထောင်ခဲ့တယ်။ “သား.. ငါးနဲ့နွားနို့ကို ရေခဲသေတ္တာထဲ သေချာသိမ်းထားနော်၊ ကြောင်တွေက ငါးနဲ့နွားနို့ကို အရမ်းကြိုက်တယ်”

ဒုတိယညမှာ ကြောင်ကလေးဟာ အိုးဘေးကနေ မိန်းမကြီးတစ်ဦးရဲ့ စကားကို နားထောင်ခဲ့တယ်။ “အသားခြောက်နဲ့ ဝက်အူချောင်းတွေကို သေချာသိမ်းနော်။ ကြက်ကိုလည်း သေချာလှောင်ထားဦး.. ကြောင်ခိုးစားလိုက်မယ်”

တတိယညမှာ ကြောင်ကလေးဟာ ခေါင်မိုးပေါ်ကနေ သမီးကို ဆူနေတဲ့ ဘေးအိမ်က မိန်းမကြီးစကားကို နားထောင်ခဲ့တယ်။ “ငါးနဲ့ နို့ခြောက်တွေ ကြောင်စားလို့ကုန်ပြီ မဟုတ်လား? သေချာသိမ်းထားပါလို့ မှာထားရက်နဲ့.. ကြောင်တွေက အနံ့ခံကောင်းကြတယ်။ မုန့်တွေကိုလည်း သေချာသိမ်းထားဦး။ မနက်ကျရင် စားဖို့ မကျန်ဘဲနေဦးမယ်”

ဒီလိုနဲ့ ၃ရက်မြောက်တဲ့နေ့မှာ ကြောင်ကလေးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြောင်မေမေကို လာတွေ့ခဲ့တယ်။ ပြီးတော့ ” မေမေ.. မေမေစကားအတိုင်းပဲ လူတွေပြောတာကိုပဲ သား သေချာနားထောင်ခဲ့တယ်။ သား ဘာစားသင့်သလဲဆိုတာကို လူတွေက နေ့တိုင်းသားကို သင်ပေးတယ်” လို့ ပြောခဲ့တယ်။

နားထောင်ခြင်းပညာနဲ့ လူတွေပြောတာကို အရင်နားထောင်ပြီး ဘဝမှာ ကျွမ်းကျင်ဖို့အတွက် လေ့လာသင်ယူခဲ့တယ်။ ကြောင်ကလေးဟာ တဖြေးဖြေး ကိုယ်လိုချင်တဲ့ အစားအစာကို ရှာယူနိုင်ခဲ့တယ်။

“တစ်ခြားလူပြောတဲ့ စကားကို သေသေချာချာ အရင်နားထောင်ပါ။ သူတို့ရဲ့စကားက ကိုယ့်ကို တဖြေးဖြေး သင်ယူသွားလိမ့်မယ်”
လူ့ဘဝမှာလည်း ဒီလိုပါပဲ။ တစ်ချို့အချိန်တွေမှာ တစ်ခြားလူတွေက ကိုယ့်ကို တကူးတက လာသင်ပေး၊ ပြပေးမှာ မဟုတ်ဘူး။ ကိုယ်သင်ချင်၊ တတ်ချင်တယ်ဆိုရင် လူများပြောတာကို များများနားထောင်၊ လူများလုပ်တာကို များများကြည့်ပြီး သင်ယူတတ်ရမယ်။