မုံရွာ ရဲစခန်းတွင် ဖမ်းဆီးထားသူတဦး စစ်ဆေးရင်း သေဆုံး

True FaithJuly 16, 20101min676

ရေးသူ – မင်းနိုင်သူ

စစ်ကိုင်းတိုင်း မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် ရဲက ရိုက်နှက် စစ်ဆေးရာမှ ဖောက်ထွင်းမှု သံသယဖြင့် ဖမ်းဆီးခံထား ရသူတဦး ယနေ့ နံနက်ပိုင်းက သေဆုံး သွားကြောင်း သတင်းရရှိသည်။

“မနက် (၁၀) နာရီ လောက်မှာ သူ့မိန်းမက သူ့ယောက်ျားကို သေအောင် ရိုက်တဲ့ရဲတွေကို မကျေနပ်ဘူး ၊ အထက်ကို တိုင်မယ် ၊ ဘုရားကယ်ပါ ၊ တရားကယ်ပါနဲ့ ရပ်ကွက်ထဲမှာ အော်ဟစ်နေတော့မှ သေသွားပြီဆိုတာ သိကြရတာ”ဟု မုံရွာ ဒေါနခြံ ရပ်ကွက် သားတဦးက ပြောသည်။

မုံရွာ ဒေါနခြံရပ်ကွက်အတွင်းရှိ ဒေါ်စန်းရီ၏ နေအိမ်ကို ယခုလ ၁၁ ရက်နေ့လယ်ပိုင်းက ဖောက်ထွင်းခိုးယူခံခဲ့ရရာ ငွေကျပ် သိန်း ၅ဝ ဖိုးခန့် ပါသွားခဲ့ကြောင်း သိရသည်။

ဖောက်ထွင်းခံရသည့် နေ့မှာပင် တရပ်ကွက်တည်းနေ ကိုရှမ်းကြီး ဆိုသူကို ရဲက မသင်္ကာမှုဖြင့် ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရိုက်နှက်ခံဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ သေဆုံးမှုနှင့်စပ်လျဉ်း၍ မုံရွာအမှတ် (၁) ရဲစခန်းသို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။

မြန်မာနိုင်ငံအတွင်း ရဲ ရိုက်နှက်စစ်ဆေးမှုကြောင့် ကိုယ်အင်္ဂါချို့တဲ့ရသူများ ၊ အသက်ဆုံးရှုံးရသူများရှိနေသော်လည်း အာဏာပိုင်များက တရားဝင်ထုတ်ပြန်လေ့မရှိပေ။

(ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြပါသည်။)

6 comments

  • kai

    July 16, 2010 at 8:38 am

    “My son was murdered. He was murdered. He was murdered. He was murdered,” she said, calm but forceful, enunciating every word and looking straight into the dozens of news cameras that had gathered outside the courthouse.
    http://colorlines.com/archives/2010/07/my_son_was_murdered–grants_mom.html

    အပေါ်ကလင့်ခ်ရဲ့ သတင်းက ဂျူလိုင် ၈ ရက်က အမေရိကမှာဖြစ်တာပါ။ ဂရန့်ဆိုတဲ့အမဲလူငယ်ကို ရထားပလက်ဖောင်းဘေးမှာ ရဲကသေနတ်နဲ ့ဘလိုင်းကြီးပစ်သတ်လိုက်တာမို ့သူ့အမေက ရဲကိုတရားစွဲပြီး နောက် တရားရုံးအပြင်ဖက်မှာ မီဒီယာကို ပြောနေတဲ့စကားဖြစ်ပါတယ်။ ကျုပ်က ရေဒီယိုနားထောင်ရင်း အမဲအဖွားကြီးငိုသံ၊ဒေါသသံနဲ့ အဲဒီပြောသံကြားရလို့ စိတ်ထဲတောင် တမျိုးကြီးဖြစ်သွားပါတယ်။

    အဲဒီကိစ္စက အင်မတန်ကြီးကျယ်သွားပြီး အဓိဂရုန်းအထိဖြစ်သွားပါတယ်။ ဒါပေမဲ့ တရားရုံးက အဖြူရဲအရာရှိကို ထောင်ချလိုက်တာမို ့အမူကပြီး လူတွေလည်း ငြိမ်သွားရောဆိုပါစို့။
    ဆိုလိုချင်တာက ရဲဆိုတာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ဗမာတွေပြောနေကျစကားနဲ့ပြောရရင် “ရှင်တို့ကရဲတွေပဲ” ဆိုတာကြီးမျိုးလားလို့။

  • shattermoon

    July 16, 2010 at 9:49 am

    ဒင်းတို့ခေတ်၉ မိုးကောင်းတုံးရွာထားပေါ့ကွာ

  • pyaesone

    July 16, 2010 at 9:50 am

    ဟင်း
    ကြောက်စရာပါလား

  • etone

    July 17, 2010 at 3:19 am

    ထိုက်သင့်တဲ့အပြစ်ဒဏ်ပဲပေးသင့်ပါတယ် ။ မတရားဖိနှိပ်တာမျိုးတော့မလုပ်သင့်ဘူးပေါ့ ။

  • Htoo

    July 17, 2010 at 3:50 am

    အဲဒါကတော့ လုံးဝမလုပ်သင့်တဲ့အလုပ်မျိုးပဲဗျ။
    သူတို့ဘယ်လောက်တောင် စစ်လိုက်ကြလဲမှမသိတာ။

  • kyaw nanda mon

    September 3, 2010 at 3:15 am

    တယ်ခက်ပါလား …. အဲ့သလောက် ပညာမပြကြနဲ့လေ … ခိုးမှုပေါ်သွားတယ်ထားဦး .. အလွန်ဆုံး ထောင်ကျ လေးငါးနှစ်ပေါ့ … ခုဟာက သေသွားတယ်ဆိုတော့ … အင်း !!!

Leave a Reply