မြောက်ဝန်ရိုးစွန်း တောင်ဝန်ရိုးစွန်းဖြစ်ပေါ်လာပုံ

zaylayJuly 18, 20101min730

ဒီလိုကွဲ့၊ အခုခေတ်လူတွေသုံးနေတဲ့ အရှေ့အနောက်တောင်မြောက်ဆိုတာတွေဟာ ဟိုးရှေးရှေးတုန်းက မရှိကြသေးဘူး။ အခုပြောပြမယ့်အကြောင်းက လူတွေဟာ အရှေ့၊
အနောက်ဆိုတာ ကိုဘဲ သိသေးတဲ့အချိန် ပေါ့ကွယ်။ အဲဒီလို
ဟိုးရှေးရှေးတချိန်တုန်းက ကမ္ဘာပေါ်မှာ လူဝံ၊ဝက်ဝံ၊မြောက်ဝံနဲ့တောင်ဝံ
ဆိုတာရှိကြတယ်တဲ့။ အခုပြောမယ့်ဝံကောင်တွေထဲက တောင်ဝံဆိုတာ အခုတော့
မျိုးသုန်းပျောက်ကွယ်သွားရှာပြီပေါ့ကွယ်။ အဲဒီလို ဝံလေးမျိုးဟာ
ကမ္ဘာ့အနှံအပြားမှာ ရှင်သန်နေထိုင်ကြတယ်တဲ့။ တောင်ဝံဆိုတဲ့ကောင်ဟာ
တောင်တွေပေါ်မှာနေတာဖြစ်ပြီး အရမ်းကိုလှပတဲ့ အသွင်အပြင်ရှိပြီး
အမွှေးရောင်ကလဲ ငွေရောင်ဖြူဖြုလွှလွှလေးတွေ နဲ့အရမ်းလှပသတဲ့။ သူတို့တွေဟာ
လှပတဲ့အသွင်အပြင်ရှိတာကြောင့် မြောက်ဝံလို မလှမပကောင်တွေဟာ
အမြဲရန်ပြုတိုက်ခိုက်ကြတာကြောင့် မြောက်ဝံနဲ့တောင်ဝံဆိုတာ
တကယ့်ရန်ဘက်ဖြစ်ခဲ့ကြတယ်တဲ့။ တချိန်မှာတော့ အရမ်းအရုပ်ဆိုးလှတဲ့
မြောက်ဝံတကောင်နဲ့ အရမ်းလှပတဲ့ တောင်ဝံမလေးတကောင်ဟာ တဦးကိုတဦး
ချစ်ကြိုက်သွားကြတယ်တဲ့။ ဒါနဲ့ပြောဖို့မေ့သွားလို့ နော်၊ အဲဒီအချိန်တုန်းက
မြောက်ဝံရော တောင်ဝံရော အခြားသတ္တဝါတွေအားလုံး ဟာ လူတွေနဲ့စကား
ပြောနိုင်ကြတယ်ဆိုတာလေ။ ပြန်ပြီး ဆက်မယ်နော်။ တဦးနဲ့တဦး
ချစ်ကြိုက်နေကြတဲ့ မြောက်ဝံနဲ့တောင်ဝံတို့ဟာ သာမြင်ညောင်ည ထဲကမဟုတ်ဘဲ
မြောက်ဝံဟာ မြောက်ဝံတွေထဲမှာ အရမ်းကို အစွမ်းအစရှိပြီး နောင်တချိန်မှာ
ခေါင်းဆောင်ဖြစ်လာနိုင်တဲ့အရည်အချင်း ရှိတဲ့သူ တဦးဖြစ်နေသလို
တောင်ဝံမလေးဟာလဲ တောင်ဝံတွေကို အုပ်ချုပ်တဲ့ အကြီးအကဲရဲ့
သမီးတော်ဖြစ်နေသတဲ့။ အဲဒီအကြောင်းဟာ ပထမတော့ ဘယ်သူမှမသိရှိရဘဲ
နောက်ပိုင်းအချိန် တွေကြာလာတာနဲ့အမျှ သတင်းတွေဟာ တဖြည်း ဖြည်း
ပေါ်ပေါက်လာတယ်တဲ့။ သူတို့တွေဟာ အခုခေတ် မှာဆို
တော်တော်လေးပေါ်ပြုလာဖြစ်တယ်တဲ့ပေါ့နော်။ သူတို့သတင်းဟာ
အတိုင်းတိုင်းအပြည်ပြည်ကို ရောက်လာတော့ တကမ္ဘာလုံးက စောင့်
ကြည့်ရတဲ့အနေအထား ဖြစ်ရတော့တာပေါ့။ ကောင်းကင်က မိုးနတ်မင်း ကြီးတောင်
ဒီသတင်းကို အမြဲ သိရအောင် hot line တခုထားပြီး
ကိုယ်စားလှယ်ခန့်ပြီးစောင့်ကြည့်နေတယ်တဲ့။ တဖက်နဲ့တဖက် ဟာ လုံးဝ
သဘောမတူနိုင်ဘဲ စစ်ဖြစ်တော့မယ်အနေ အထားဖြစ်နေတာပေါ့။ အဲဒီလို စစ်ဖြစ်ရင်
လူတွေဘဲ အနှောက်အယှက်ဖြစ်ရမှာမို့ တခုခုတော့ လုပ်ပေးဖို့ မိုးနတ်မင်း
ကိုနေ့စဉ်နဲ့အမျှ ကွန်ပလိန်း တတ်ကြတယ်တဲ့။ အဲ ဒီလို ကွန်ပလိန်းတတ်တဲ့
အထဲမှာ လူဝံဆိုတဲ့အကောင်တွေက ပိုဆိုးသတဲ့၊ သူတို့ဟာ
လူတွေနဲ့နီးစပ်တယ်ဆိုပြီး ဘဝင်မြင့်နေတဲ့သူတွေဖြစ်ပြီး လူတွေအနေနဲ့
သူတို့ကို ပိုမို နီးစပ်လာအောင် လူတွေလုပ်တိုင်း လိုက် လုပ်ကြသတဲ့။
တဖက်နဲ့တဖက် မတူဘူးမတန်ဘူး ဆိုတဲ့ သတင်းအချက်အလက်တွေဟာ နေ့စဉ်နဲ့အမျှ
ထွက်ပေါ်နေပြီး တကယ်ကြိုက်နေချစ်နေတဲ့ မြောက်ဝံနဲ့တောင်ဝံမလေးကတော့
တဖက်ဆီရဲ့ စောင့် အရှောက်တွေ ကြားထဲမှာ နေနေကြရတယ်တဲ့။ သူတို့ဟာ
တယောက်ကိုတယောက်အရမ်းချစ်ကြတော့ မတွေ့တာကြာလေ လွမ်းလေ
ဆွေးလေနဲ့မစားနိုင်မသောက်နိုင်ဖြစ်ပြီး နောက်ပိုင်းမှာ နာမကျန်းဖြစ်
လာကုန် တယ်တဲ့။ သူတို့တွေဟာ စစ်ဖြစ်တော့မယ့်အနေအထား ဖြစ်နေတာကြောင့်
မကြာခင်မှာဘဲ မိုးနတ်မင်းရဲ့ အထူးကိုယ်စားလှယ်ရောက်ရှိလာပြီး
တောင်ဝံအကြီးအကဲ ကိုလဲတွေ့ပြီး မာန်မာနတွေမထား ဖို့နဲ့ ဒေသတွင်း
တည်ငြိမ်ရေးကို ရှေးရှုဖို့ပြောတယ်တဲ့။ အဲဒီလိုဘဲ မြောက်ဝံအကြီးအကဲ ကိုလဲ
သွားတွေ့တယ်တဲ့၊ ဒါပေမယ့် မြောက်ဝံကြီးက အတွေ့မခံတာကြောင့် မိုးနတ်မင်းရဲ့
အထူးကိုယ်စားလှယ်လဲ ပြန်သွား ရတယ်တဲ့။ အဲဒီလို
အခြေအနေတွေရှုပ်ထွေးနေစဉ်မှာဘဲ တဦးကို တဦးကြိုက်နှစ်သက်နေတဲ့
မြောက်ဝံလေးဟာ သေသွားရှာတယ်တဲ့၊ ဒီသတင်းကိုကြားလိုက်တဲ့ တောင်ဝံမလေးလဲ
မရှေးမနှောင်း သေသွား ရှာတယ်တဲ့။ မိုးနတ်မင်း
ကိုယ်စားလှယ်ကိုတောင်မတွေ့ခံတဲ့ မြောက်ဝံကြီးက
သူတို့ဘက်ကမြောက်ဝံလေးရဲအရိုးပြာတွေကို ကမ္ဘာ့ အစွန်အဖြားမှာ
သွားရောက်မြှုပ်နှံဖို့ အမိန့်ပေးတာကြောင့် အခု မြောက်ဘက်ဖြစ်လာမည့် ကမ္ဘာ့
အစွန်အဖျားမှာ မြောက်ဝံလေးအရိုးပြာကို သွားမြှုပ်သတဲ့။ ဒီအတိုင်းဘဲ
တောင်ဝံတွေကလဲ အားကျမခံ ဆန့်ကျင်ဘက် အစွန်းမှာ သွားပြီး တောင်ဝံမလေးရဲ့
အရိုးပြာတွေကို သွား ထားတယ်တဲ့။ ဒါပေမယ့် ဒီလိုလုပ်ရပ်တွေဟာ
မြောက်ဝံတွေပြီးမှတောင်ဝံတွေကလိုက်လုပ် ရတာဖြစ်တဲ့အတွက်ရော၊
မိုးနတ်မင်းကိုယ်စားလှယ်ကို သူတို့ကတော့တွေ့ရပြီး မြောက်ဝံတွေဘက်ကမတွေ့တာ
တွေကြာင့် ရော စတဲ့ ဖိအားတွေကြောင့် တောင်ဝံတွေအ ကုန်လုံးဟာ ရှက်ဖျားလို့
ခေါ်တဲ့ ကပ်ရောဂါ တခုကျရောက်ပြီး နှစ်အနည်းငယ်အတွင်း
မျိုးတုန်းပျောက်ကွယ်သွားတယ်တဲ့ကွယ်။ ဒီအကြောင်းနဲ့ပတ်သက် လို့
နောက်ပိုင်းမှာ မိုးနတ်မင်းဟာ စိတ်မကောင်းတော်မူပြီး ကမ္ဘာ့လူသားများကို
ညီလာခံခေါ်သတဲ့၊ သူကဘာပြောသလဲဆို ငါတို့မှာ အရင်တုန်းက အရှေ့အနောက်ဆိုတဲ့
အရပ်တွေသတ်မှတ်ခဲ့တယ်။ အခု တော့ မြောက်ဝံနဲ့တောင်ဝံကိစ္စကြောင့်
ကမ္ဘာ့အစွန်အဖျားတွေမှာ ဒေသသစ်တခုကိုလဲ ငါတို့ အခေါ်အဝေါ်သတ်မှတ်ပြီး
သူတို့ချစ်ခြင်းကို အသိအမှတ်ပြုမယ်ဆိုပြီး ပြောတယ်တဲ့။ အဲဒါနဲ့ဘဲ
မြောက်ဝံရဲ့ အရိုးတွေစု ရာ အရပ်ကိုမြောက်ဝံရိုးစု၊ တောင်ဝံရဲ့ အရိုးတွေစု
ရာအရပ်ကို တောင်ဝံရိုးစု ဆိုပြီး သတ်မှတ်တယ်တဲ့၊ အဲဒီကနေတဆင့် မြောက်အရပ်
တောင်အရပ်ရယ်လို့ဖြစ်လာပြီး နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာတော့
မြောက်ဝန်ရိုးစွန်း တောင်ဝန်ရိုးစွန်းဆိုပြီး ကာလရွေ့လျားလာခြင်းနဲ့အတို
ပြောင်းလဲသွားတော့တယ်တဲ့ကွယ်။ ပုံပြင်လေးကတော့ဒါပါဘဲနော်။ 🙂

ယုံချင်ယုံမယုံချင်နေ – ဒါကြောင့် အရှေ့ဝန်ရိုးစွန်း အနောက်ဝန်ရိုးစွန်းလို့မရှိတာပေါ့ 😛