ပြည်နယ်၊ တိုင်းအချို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအချို့ ရှိခဲ့

klnMay 20, 20101min320

ရှမ်းပြည်နယ် ( တောင်ပိုင်း) ၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ် အချို့၌ မေ ၁၆ရက် မွန်းလွဲပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ် ( တောင်ပိုင်း) တောင်ကြီးမြို့နယ် ရွှေညောင်ကျေးရွာအုပ်စု သံလွန်ကျေးရွာ၌ ညောင်ကိုင်းကျိုးကျသဖြင့် မူလတန်းကျောင်း သွပ်မိုးများ ပေါက်ပြဲပျက်စီးခြင်း၊ မှန်တံခါးအချို့နှင့် တရုတ်ကပ်မှန်အချို့ ကွဲအက်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ပြီး ပြောင်းမျိုးစေ့ထုတ်လုပ်ရေးစက်ရုံရှိ အုတ်တံတိုင်း ၁၆ခန်းပြိုလဲခြင်းဖြစ်ပေါ်ခဲ့ကြောင်း ၊ ဖယ်ခုံမြို့ ဟိန်ဓမ္မရပ်ကွက်၊ အောင်ပန်း-လွိုင်ကော်ကားလမ်းနှင့် ကိုက် ၂ဝခန့်အကွာရှိ သစ်ပင်ကြီးတစ်ပင် အမြစ်မှ ကျွတ်ထွက်ပြီး ဖုန်းကြိုးပေါ်ကျသဖြင့် ကွန်ကရစ်ဖုန်းတိုင်နှစ်တိုင် နှစ်ပိုင်းကျိုးသွားခဲ့ကြောင်း၊ တာဝန်ရှိသူများက ဖုန်းတိုင်နှစ်တိုင်ကို အမြန်ဆုံးအစားထိုးလဲလှယ်နိုင်ခဲ့သဖြင့် ဖုန်းဆက်သွယ်မှုပြတ်တောက်ခဲ့ခြင်း မရှိကြောင်းသိရသည်။ ထို့အပြင် မန္တလေးတိုင်းပုသိမ်ကြီးမြို့နယ် သုံးအိမ်ကျေးရွာအနီး၌ ပြင်ဦးလွင်- မန္တလေးကားလမ်း လမ်းဘေးဝဲ၊ ယာရှိသစ်ပင်နှင့်သစ်ကိုင်းအချို့ ကျိုးကျ၍ လမ်းပိတ်ဆို့မှုရှိခဲ့ရာ အနီးပတ်ဝန်းကျင် ကျေးရွာနေပြည်သူများလာရောက်ခုတ်ထွင် ရှင်းလင်းဖယ်ရှားပေးခဲ့သဖြင့် ညနေ ၃နာရီခွဲခန့်တွင်မော်တော်ယာဉ်များပြန်လည်မောင်းနှင် သွားလာနိုင်ခဲပြီဖြစ်ကြောင်း၊ စဉ့်ကူးမြို့နယ် ဟင်္သာဖိုကျေးရွာ၌ နေအိမ်အချို့ပြိုလဲခြင်း၊ အမိုးများလွင့်ခြင်းဖြစ်ပေါ်ခဲ့ကြောင်း ၊အိမ်ပြိုလဲမှုကြောင့် ဟင်္သာဖိုကျေးရွာနေ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားကိုးဦး၊ အမျိုးသမီး၁၁ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အလားတူစစ်ကိုင်းတိုင်း ခနီ္တးမြို့၌ မိုးသီးများ ကြွေကျခြင်း၊ မိုးကြိုးမုန်တိုင်းများကျရောက်ခြင်းကြောင့် အမျိုးသမီးတစ်ဦးသွေးလန့်ပြီးသေဆုံးခဲ့ကာ ထန်းပင်ကျိုးကျပိမိသူ အမျိုးသားတစ်ဦး နံရိုးကျိုးသွားခဲ့ကြောင်း၊ မုံရွာမြို့ ဗိုလ်ချုပ်လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်အနီးသစ်ပင်တစ်ပင် အမြစ်မှ ကျွတ်၍ လဲကျခြင်း၊ သာစည်လမ်းသာစည်ဈေးအနီးတွင် သစ်ပင်တစ်ပင် လမ်းပေါ်သို့ ကျိုးကျခြင်းများဖြစ်ပေါ်ခဲ့သဖြင့် တာဝန်ရှိသူများကဖယ်ရှားရှင်းလင်းခဲ့ကြောင်းသိရသည်။ ယခုကာလတွင် မိုးသက်လေပြင်းများ ကျရောက်ခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းများဖြစ်ပေါ်လေ့ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပိခြင်း၊ ဓာတ်တိုင်များပိခြင်း၊ လျှပ်စစ်ဝါယာရှော့ဖြစ်ခြင်းများဖြစ်ပေါ်တတ်သဖြင့် သတိပြုသွားလာနေထိုင်ကြရန် သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိသည်။