မြန်မာဖက်ရှိ ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်း ထိုင်းနိုင်ငံ ဖက်သို့ ပြောင်းလဲ ဖွင့်လှစ်မည်

naykhanaingJune 6, 20101min460

ကော့သောင်း မြို့တွင် ဖွင့်လှစ် ထားသည့် ယာယီ မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်းကို ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ မေလ ၂ရ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာနတွင် ကျင်းပသည့် ထိုင်းနိုင်ငံရှိ မြန်မာ အလုပ် သမားများ နှင့် ပတ်သက်၍ ညှိနှိုင်း အစည်း အဝေးတွင် တာဝန် ရှိသူ များက ပြောကြား ခဲ့သည်။ ယင်းညှိနှိုင်း အစည်း အဝေးတွင် နိုင်ငံခြားရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးမောင်မြင့်က ဦးဆောင်ကာ တာဝန် ရှိသူများ တက်ရောက် ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်။ အစည်း အဝေးတွင် ထိုင်းနိုင်ငံ သို့ တရားမဝင် ရောက်ရှိ နေသော မြန်မာ လုပ်သား များအား တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိရေး နှင့် မြန်မာ အလုပ် သမားသစ်များ တရားဝင် စေလွှတ်ရေး ဆိုင်ရာ စီမံကိန်းတွင် မြန်မာနိုင်ငံသား စိစစ်ရေး၊ ယာယီ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး နှင့် မြန်မာ အလုပ်သမား သစ်များ စေလွှတ်ရေး လုပ်ငန်းစဉ် များကို ပြန်လည် သုံးသပ် ဆွေးနွေးခဲ့ ကြသည်။

သို့ဖြစ်၍ မြန်မာ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်၊ ကော့သောင်း၊ တာချီလိတ်၊ မြဝတီမြို့များရှိ ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးရေး ရုံးများမှ ယာယီနိုင်ငံကူး လက်မှတ်များ ထုတ်ပေး နေမှု၊ ထိုင်း နိုင်ငံရှိ ကုမ္ပဏီများမှ မြန်မာ အလုပ်သမား သစ်များ ခေါ်ယူရေး အတွက် ခေါ်စာ (Demand Letter ) များ ပေးပို့မှု၊ ယာယီ မြန်မာ နိုင်ငံကူး လက်မှတ် လာရောက် လျှောက်ထားမှု အပြင် မိုးရာသီ အတွင်း ကော့သောင်းရှိ ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေး စခန်းကို ရနောင်းမြို့သို့ ပြောင်းရွှေ့ရန် ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ပါရှိသည်။

လက်ရှိတွင် ၂၀၁ဝ မေလ ၂၆ ရက်အထိ ယာယီ မြန်မာနိုင်ငံကူး လက်မှတ် ၉၀၉၁၈ အုပ်ကို နယ်စပ်စခန်း ၃ ခုမှ ထုတ်ပေး ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၂၈ ရက်ကလည်း မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်း သံအမတ်ကြီး He . Mr. Apirath Vienravi က အလုပ်သမားဝန်ကြီးဌာန ဦးအောင်ကြည်ကို တွေ့ဆုံပြီး အလုပ်သမား ရေးရာ ကိစ္စ များတွင် ဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိပါသည်။

source: ဟံသာဝတီသတင်း