နိုင်ငံတကာအဆင့်မီ ခရစ်ကတ်အားကစားကွင်းကြီး ရန်ကုန်မြို့တွင် တည်ဆောက်မည်

klnMay 5, 20101min490

မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်လာမည့် ကမာ္ဘ့အဆင့်မီ ခရစ်ကတ်အားကစားကွင်းကြီးကို ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ယခင်ရွှေပင်လုံဘောလုံးကစားကွင်းနေရာ၌ ဆောက်လုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ ကမာ္ဘ့ခရစ်ကတ်အဖွဲ့ချုပ်နှင့် အာရှခရစ်ကတ်အဖွဲ့ချုပ်တို့၏ ပံ့ပိုးမှုဖြင့် နယူးဇီလန်နိုင်ငံမှ ပညာရှင်များဦးစီးပြီး တည်ဆောက်မည့် ယင်းအားကစားကွင်းမှာ အကျယ်အဝန်း ဧရိယာ ရဒသမ ၅ဧကရှိကြောင်း၊ အားကစားကွင်းဧရိယာအချင်း ၄၆ဝပေရှိ၍ စုစုပေါင်းကျပ်သိန်း ၂၀၀ဝကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ “ယခု ဧပြီလကစပြီး ကွင်းဧရိယာတိုင်းတာ၊ မြက်ရှင်းတာနဲ့ ဆိုင်းဘုတ်တင်တာတွေ ပြုလုပ်နေပါပြီ။ ပြီးရင် တောင်မြေဖို့၊ ဖွဲနဲ့သဲပြန်ခင်းပြီး အပေါ်ကနေ မြက်တွေစိုက်သွားမှာပါ။ နောက်ပွဲကြည့်စင်၊ နားနေဆောင်၊ ရုံးခန်း၊ ကားပါကင်စတာတွေကို အဆင့်ဆင့်တည်ဆောက်မှာဖြစ်လို့ ပွဲကစားလို့ရတဲ့အနေအထားအတွက် အချိန်တစ်နှစ်ခွဲ၊ အားလုံးအပြီးအစီးအတွက် အချိန်သုံးနှစ်လောက် ကြာမယ်ခန့်မှန်းထားပါတယ်၊ ကွင်းကြီးကို ရွှေပင်လုံ ခရစ်ကတ် အားကစားကွင်းလို့ အမည်ပေးထားပါတယ်။ ကစားကွင်း ဧရိယာ၌ ဂျပန်မြက်စိုက်မှာဖြစ်ပြီး ကျန်နေရာတွေကိုတော့ ဘဲစားမြက်စိုက်သွားပါမယ်။ ပွဲကြည့်စင်ကို မြေညီထပ်အပါအဝင် ပရိသတ် ၂၀၀၀ဝဆံ့အဖြစ် သုံးထပ်ဆောက်မှာပါ။ ပြီးရင် နိုင်ငံအဆင့် ပြည်နယ်နဲ့တိုင်း ကျောင်းပေါင်းစုံပြိုင်ပွဲ၊ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲတွေ ကျင်းပသွားပါမယ်” ဟု မြန်မာနိုင်ငံ ခရစ်ကတ် အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်းသိရသည်။