“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ …” အပိုင်း (၃)

True FaithJuly 2, 20101min692

ရေးသူ – မင်းဟန်

အခန်း (၉)

၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဦးနုက ပြည်ထောင်စုပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်သည်။ “ဆွေ၊ ငြိမ်း” တို့ကမူ ဖဆပလအနေနှင့်ပင် ရွေးကောက်ပွဲ ဝင်ကြ၏။ “ဆွေ၊ ငြိမ်း” တို့၏ ကြွေးကြော်သံက ….“ရှုံးရင်လည်း နိုင်ရမည်” ဟူ၍ ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲကား ….. မသမာမှုများ၊ ဘက်လိုက်မှုများ၊ အကြမ်းဖက် ခြိမ်းခြောက်မှုများ …. လုပ်ကြံသတ်ဖြတ်မှုများ အတွင်းမှာပင် ကျင်းပပြီးစီးခဲ့သည်။ ရွေးကောက်ပွဲပြီးသည့်နောက် အာဏာရရှိခဲ့သည့် ဦးနု၏ ပထစ အစိုးရက ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်၏။ ဒေါ်အောင်ဆန်းစုကြည် သည်လည်း မိခင်နှင့်အတူပင် အိန္ဒိယသို့ လိုက်ပါသွားမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစု အိန္ဒိယသို့ ပြောင်းရွှေ့ရေးအတွက် ပြင်ဆင်ကြရ၏။ ယူသွားကြမည့်ပစ္စည်းများ ထုပ်ပိုးကြ၏။ အချို့ပစ္စည်းများက သဘောင်္နှင့် ပို့ရမည့် ပစ္စည်းများဖြစ်သည်။ ပစ္စည်းအများစုက စာအုပ်၊ စာတမ်းများ ဖြစ်၏။

ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ အသက်သည် ၁၅ နှစ်မျှသာ ရှိသေးသော်လည်း ကျောင်းစာအပြင် အခြားပြင်ပမှ စာအုပ်စာတမ်းများအား ဖတ်ရှုနေပြီဖြစ်သည်။ စာဖတ်ဝါသနာက ထိုစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်တွင် အမြစ်တွယ်နေလေပြီ။ ဒေါ်အောင်ဆန်းစုကြည်၏ အဓိက ဝါသနာက စာဖတ်ခြင်းဟုပင် ဆိုရမည်။ ပြင်ပစာပေများအား အထူး နှစ်သက်မက်မောစွာ ဖတ်၏။ နှစ်သက်သည့် စာအုပ်များကိုလည်း တခုတ်တရ သိမ်းဆည်းတတ်၏။ ဒေါ်အောင်ဆန်းစုကြည်အဖို့ ဤသို့ စာပေဝါသနာ ထက်သန်ရင့်မာလာစေရန်အတွက် နည်းပေး၊ လမ်းညွှန်ခဲ့သည့် ပုဂ္ဂိုလ်များက ရှိ၏။ တဦးက ….. ဦးအုန်းဖြစ်သည်။ ဦးအုန်းက တက္ကသိုလ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျောင်းနေဘက် … ဖဆပလအတွင်း၌လည်း တွဲ၍လုပ်ကိုင်ခဲ့ဖူးသည့် လုပ်ဖော်ကိုင်ဖက်တဦး..။ နောင်တွင်မူ …. သတင်းစာဆရာ၊ ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး….။ ဦးအုန်းက ဒေါ်အောင်ဆန်းစုကြည်အား ဖတ်သင့်ဖတ်ထိုက်သည့် စာအုပ်များအား ညွှန်း၏။

ဦးအုန်းကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်အား စာအုပ်လမ်းညွှန်များပေးခဲ့သူ နောက်တဦးကား …. အိုးဝေဦးညိုမြ ဖြစ်သည်။ ဦးညိုမြက ဒေါ်အောင်ဆန်းစုကြည်အား “ဟားဗက်ဂန္တဝင်” (Harvard Classics) စာအုပ်တွဲ တစုံလုံးအား လက်ဆောင်ပေး၏။ ဒေါ်အောင်ဆန်းစုကြည် နှစ်သက်သည့် စာအုပ်များစာရင်းတွင် “ဟားဗတ်ဂန္တဝင်” စာအုပ်တွဲလည်း ပါ၏။ မကြာခဏ ပြန်ပြန်ဖတ်သည်။ နယူးဒေလီသို့ ဒေါ်အောင်ဆန်းစုကြည် သယ်ယူသွားမည့် ပစ္စည်းအများစုက စာအုပ်များ ဖြစ်သည်။

နယူးဒေလီတွင် ဒေါ်အောင်ဆန်းစုကြည်တို့ နေရသည့်အိမ်က …. အက္ကဘာလမ်း (Akbar Road) တွင် ရှိသည်။ အိမ်နံပါတ်က ၂၄ ဖြစ်သည်။ ခြံက ကျယ်ဝန်း၏။ ပန်းပင်များနှင့် ဥယျာဉ်ကြီးတခုအလား ….။ အိမ်မှာလည်း ကြီးမားခန့်ငြား တင့်တယ်လွန်းလှ၏။ ဒေလီရှိ ဒေါ်အောင်ဆန်းစုကြည်တို့ နေအိမ်လမ်းထိပ်တွင် သပြေပင်များရှိသည်။ သပြေသီး သီးချိန်၌ ခရမ်းရောင်ရင့်ရင့် ရှည်မျောမျော သပြေသီးတို့က လမ်းဘေးတွင် ပြောင်ပြောင်လက်လက်နှင့် ဖွေးနေသည်။ သပြေသီးအား ဒေလီတွင်က “ဇမ္ဖု” ဟု ခေါ်ကြသည်။ သပြေပင်များအကြား ဖြတ်လျှောက်သွားမိသည့် အချိန်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကဗျာဆရာကြီး မင်းသုဝဏ်၏ ကဗျာတိုလေးအား သတိရမိ၏။

“ဝါဆို ….. ဝါခေါင်

ရေတွေကြီးလို့ …..

သပြေသီးမှည့် ကောက်စို့ကွယ် …..”

အခန်း (၁ဝ)

နယူးဒေလီ၌ ဒေါ်အောင်ဆန်းစုကြည်သည် “ဂျိုးဇက်နှင့် မေရီ ကွန်ဗင့်ကျောင်း” (Convent of Jesus and Mary) တွင် ပညာဆက်သင်ရသည်။ ကျစ်ဆံမြီး တုတ်တုတ်ရှည်ရှည်ကြီးနှင့် ၁၅ နှစ်သမီးအရွယ် ဒေါ်အောင်ဆန်းစုကြည်သည် ကျောင်းသစ်၊ အတန်းသစ်၊ မိတ်ဆွေအသစ်များအကြား၌ ထူးဆန်းနေသည်။ “ဂျိုးဇက်နှင့် မေရီ ကွန်ဗင့်ကျောင်း” တွင် တနှစ်ခန့် ပညာသင်ပြီးသည့်နောက် …. ဒေါ်အောင်ဆန်းစုကြည်သည် ဒေလီတက္ကသိုလ်၊ လေဒီရှယ်ရီရမ် ကောလိပ် (Lady Shri Ram College) သို့ ဝင်ခွင့်ရ၏။

ဒေါ်အောင်ဆန်းစုကြည် ပညာသင်ခဲ့ဖူးသည့် နယူးဒေလီမြို့မှ Lady Shri Ram Collage

၁၉၆၂ ခုနှစ် ……။

လေဒီရှယ်ရီရမ် ကောလိပ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးသိပံ္ပဘာသာရပ်အား အဓိကဘာသာအဖြစ် ယူခဲ့၏။ ဒေလီတက္ကသိုလ်တွင် တတ်ရောက်နေစဉ် … ရန်ကုန်မှ စိတ်မချမ်းမြေ့ဖွယ် သတင်းများအား ဆက်တိုက်ဆိုသလိုပင် ကြားနေရ၏။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်းဦးဆောင်သည့် စစ်တပ်က တိုင်းပြည်အာဏာအား သိမ်းယူလိုက်၏။ ၆၂ ခုနှစ် အာဏာသိမ်းပွဲက ၅၈ ကဲ့သို့ ကတ္တီပါအာဏာသိမ်းပွဲမျိုး မဟုတ်….။ ပစ်ခတ်မှု ပါ၏။ သမ္မတ၏ အိမ်တော်အား ဝင်ရောက်စီးနင်ရာတွင် ပစ်ခတ်ဝင်ရောက်၏။ သမ္မတ စပ်ရွှေသိုက်၏ သားတဦး သေဆုံးခဲ့ရ၏။ သွေးနှင့်စသော ခရီးအစ…..။ မြန်မာပြည်က အမှောင်နက်နက်အတွင်းသို့ တိုးဝင်ကာ သွားနေလေပြီဟု ဒေါ်အောင်ဆန်းစုကြည် တွေးထင်မိခဲ့၏။

ဒေါ်အောင်ဆန်းစုကြည် ဒေလီတက္ကသိုလ်တွင် ကျောင်းတက်နေစဉ်အတွင်း ဗိုလ်နေဝင်း၏ အာဏာသိမ်း တပ်မတော်အဖွဲ့အပေါ် ရန်ကုန်တက္ကသိုလ် ကျောင်းသားတို့က ဆန့်ကျင်ဆန္ဒပြကြသည့် သတင်းများ ကြားရ၏။ စိုးရိမ်ထိတ်လန့်စွာနှင့်ပင် နားစွင့်နေမိသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ တောင်းဆိုချက်ကိုမူ ဒေါ်အောင်ဆန်းစုကြည် သဘောတူ၏။ ကျောင်းသားတို့၏ ရပ်တည်ချက်နှင့် ရဲဝံ့မှုအား သဘောကျနှစ်သက်၏။ မိမိသည်လည်း ဒေလီတက္ကသိုလ်၌ ပညာသင်နေသည့် ကောလိပ်ကျောင်းသူတဦး….။ “ကျောင်းသား” ဟူသော “သွေး” က “ဝေး” သော်လည်း “နီး” စေ၏။ ရင်ခုန်သံချင်းက …. “ဟာမီုနီ” ဖြစ်၏။ ဤသို့ပင် ….. ဒေါ်အောင်ဆန်းစုကြည် ခံစားမိ၏။ ပြီးလျှင် ….. မိမိကိုယ်တိုင်က “အရပ်ဖက် အုပ်ချုပ်ရေးတွင် တပ်မတော်မှ လက်နက်နှင့် ပါဝင်ပတ်သတ်သည်ကို မနှစ်သက်…..။ စစ်တပ်အာဏာသိမ်းမှုအား နင့်နင့်သည်းသည်း ဆန့်ကျင်၏။”

၁၉၆၂ ခုနှစ် ဇူလိုင်လ ရ ရက် …..။

မိခင်မှတဆင့် ရန်ကုန်၏ သတင်းဆိုးကြီးအား ကြားရ၏။

“ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံကြီးကို ဗိုလ်နေဝင်းက ယမ်းဘီးလူးနဲ့ ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီ……”

ဒေါ်ခင်ကြည်၏ စကားသံက …. တိုး၍ တိမ်ဝင်သွား၏။ စကားလုံးတို့က လည်ချောင်းအတွင်း တစ်ခံနေသည့် အလား….။ ပြီးမှ …. ဒေါ်ခင်ကြည်၏ လည်ချောင်းဝမှ စကားလုံးတို့သည် ထစ်ထစ်ငေါ့ငေါ့နှင့် အားယူ၍ ထွက်လာသည်။

“အထဲမှာရှိနေတဲ့ …. ကျောင်းသားတွေအားလုံးလည်း ….. ကျဆုံးကုန်ကြတယ်……”

“အို …”

ဒေါ်အောင်ဆန်းစုကြည် တကိုယ်လုံး တောင့်တင်းသွား၏။ တဒင်္ဂအတွင်း သွေးတို့ လှည့်လည်မှု ရပ်တန့်ပြီး အေးခဲသွားသည့် အလား…..။

နာကြည်းမှု….. ကြေကွဲမှု….. အံ့ဩမှု….. ထိတ်လန့်မှု….. ဝမ်းနည်းမှု…. ဒေါသ…။ ဤခံစားမှုဝေဒနာတို့က တဒင်္ဂအတွင်း တပြိုင်တည်း စုပြုံ၍ ဖြစ်ပေါ်ခဲ့သည်လား……။ ဒါမှမဟုတ်….. တခုပြီးတခု …. ပဉ္စလက်ဆန်စွာနှင့် ဖြစ်ပေါ်ခံစားခဲ့ရသည်လား…..။ ဒေါ်အောင်ဆန်းစုကြည် မဝေခွဲတတ်……။ ခဏငယ်ပေါင်းများစွာအား လွန်သော် …. အသိတရားသည် ခန္ဓာနှင့် ပြန်၍ကပ်မိ၏။ ဤတွင်မှ …. သတိထားမိသည်မှာ …. မောပမ်းမှုကြီးစွာနှင့် အသက်ရှူနေရခြင်း…..။ ရင်ထဲတွင် မောနေ၏။ အမောက ….. ဖော်ပြ၍ မတတ်စွမ်းသာ။ တကိုယ်လုံး နုံးချိနေသည်။

မိခင်ဒေါ်ခင်ကြည်သည်လည်း မိမိကဲ့သို့ပင် ဖြစ်၍နေမည်ဟု ဒေါ်အောင်ဆန်းစုကြည် ထင်မိ၏။ ဗိုလ်နေဝင်းက ဖေဖေ ထူထောင်ခဲ့သည့် တပ်မတော်အား ပထမဖျက်ဆီး၏။ ပြီးလျှင်…. မြန်မာ့လွတ်လပ်ရေးအတွက် ဖေဖေတို့ စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည့် ကျောင်းသားသမဂ္ဂအား ဖြိုဖျက်ပြန်သည်။ ဗိုလ်နေဝင်းသည် ဖေဖေလက်နှင့် လုပ်ခဲ့သမျှအား ခြေနှင့်လိုက်၍ ဖျက်နေလေ၏။ ဤသို့ပင်…. ဒေါ်အောင်ဆန်းစုကြည် မြင်မိ၏။ ဤ အမြင်အား အကိုဖြစ်သူ ကိုအောင်ဆန်းဦးအား ပြောပြလျှင်…. သူ မည်သို့ဆိုလေမည်နည်း။ အကိုဖြစ်သူ ကိုအောင်ဆန်းဦးက ကိစ္စအတော်များများတွင် သူနှင့် အမြင်မတူ…..။ တခုခုဆိုလျှင် ….. ကိုအောင်ဆန်းဦးက တဖက်…..။ သူတို့ သားအမိက တဖက် ….အမြဲပင် အမြင်မတူကြ….။

အခန်း (၁၁)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်နှင့် နယူးဒေလီသို့ ဒေါ်ခင်ကြည် တာဝန်ကျသည့်အချိန်တွင် “နေရူး” သည် အိန္ဒိယတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဆဲဖြစ်သည်။ ပန်ဒစ်နေရူးက သခင်အောင်ဆန်းအား….လေးစား၏။ တူသားညီနောင်သဖွယ်လည်း ချစ်ခင်၏။ ငယ်ရွယ်ပျိုမြစ်သည့် သခင်အောင်ဆန်းအား အရှေ့အာရှအတွက်ပါ မျှော်လင့်ပြီး အားထားခဲ့၏။ မျှော်မှန်းခဲ့၏။ ဤအတွက်ပင်….. သခင်အောင်ဆန်း၏ ဇနီးနှင့် မိသားစု ဒေလီသို့ ရောက်လာသည့်အခါတွင် ပန်ဒစ်နေရူးက ဒေါ်ခင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်၌ ဂရုစိုက်၊ အလေးထား ဆက်ဆံခြင်းဖြစ်မည်။

ကျောင်းအားရက်များတွင် ဒေါ်အောင်ဆန်းစုကြည်သည် “အက္ကဘာ”လမ်း နေအိမ်မှာပင် “ပီယာနို” သင်၏။ ဂျပန်ပန်းအလှပြင်နည်းကိုလည်း သင်ရ၏။ မိခင်ဖြစ်သူက စီစဉ်ပေးခြင်းဖြစ်သည်။ ဒေါ်ခင်ကြည်က သမီးဖြစ်သူအား ဂီတ၊ အလှ၊ အနုပညာတွင်လည်း ခံစားသက်ဝင်စေလိုဟန် တူ၏။

ဒေါ်အောင်ဆန်းစုကြည်က ငယ်စဉ်ကပင်…. စနစ်တကျ လေ့ကျင့်ပျိုးထောင်မှုအောက်၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ မိခင်ဒေါ်ခင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်အား ကြံ့ခိုင်၊ ဖြတ်လတ်စေရန်လည်း မြင်းစီးအတတ်အား သင်စေပြန်သည်။ ဒေါ်အောင်ဆန်းစုကြည် မြင်းစီးလေ့ကျင့်သင်ကြားရသည့် မြင်ကွင်းက…. အိန္ဒိယနိုင်ငံသမ္မတကြီး၏ ကိုယ်ရံတော်တပ်ဖွဲ့ မြင်းစီးလေ့ကျင့်ရာ မြင်းကွင်းဖြစ်သည်။ ထိုမြင်းကွင်း၌ပင် ပန်ဒစ်နေရူး၏ မြေးများဖြစ်သည့် ရာဂျစ်ဂန္ဒီ၊ ဆန်ဂျေးဂန္ဒီတို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် မြင်းစီးလေ့ကျင့်ခဲ့၏။

ဒေလီ၏ ဆင်ခြေဖုံးဘက်တွင် “မေရော်လီ” (Mehrauli) အမည်ရှိ ရပ်ကွက်တခု ရှိသည်။ ထိုရပ်ကွက်တွင် “အသောက ဝိဟာရ” အမည်ရှိ ဗုဒ္ဒသာသနိက အဆောက်အအုံတခု ရှိ၏။ “အသောက ဝိဟာရ” က ပြုပြင်ထိန်းသိမ်းသူ မရှိသဖြင့် ယိုယွင်းပျက်စီးနေ၏။ ဒေါ်ခင်ကြည်သည် ဗုဒ္ဒဘာသာကိုးကွယ်သည့် သံတမန်တို့၏ ပံ့ပိုးကူညီမှုအား ရယူ၍ “အာသောက ဝိဟာရ” အား ပြုပြင်ထိန်းသိမ်းခဲ့သည်။ နောင်တွင်….. “အာသောကဝိဟာရ” က ဒေလီရှိ ဗုဒ္ဒဘာသာဝင်တို့၏ ဗုဒ္ဒဘာသာပွဲတော်ကြီးများ ကျင်းပရာ…. ဝတ်ပြုရာ…..။ ကမ္မဌာန်းဘာဝနာ တရားစီးဖြန်းရာ….. သာသနိကအဆောက်အအုံကြီးတခု ဖြစ်လာခဲ့၏။ မိခင်ကြီး၏ ဘာသာရေးရာဆောင်ရွက်မှု အဝဝတွင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း အတူတွဲ၍ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်ပင်….။

အခန်း (၁၂)

၁၉၆၃ ခုနှစ်တွင် ဒေလီတက္ကသိုလ် (Lady Shri Ram College) မှ နိုင်ငံရေးသိပ္ပံအဓိကနှင့် ဒေါ်အောင်ဆန်းစုကြည် ကျောင်းပြီးခဲ့၏။ ထိုစဉ်က….. ဒေါ်အောင်ဆန်းစုကြည်၏ အသက်မှာ ….. ၁၈ နှစ်စွန်းရုံမျှသာ ရှိသေး၏။ ပညာရေးအား ဆက်လက်သင်ကြားရန်အတွက် နည်းလမ်းရှာကြ၏။ ထိုစဉ်က….. အကိုဖြစ်သူ ကိုအောင်ဆန်းဦးသည် အင်္ဂလန်တွင် ကျောင်းတက်နေ၏။ ဒေါ်ခင်ကြည်က သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အင်္ဂလန်တွင်ပင် ပညာဆက်၍ သင်နိုင်ရန် စီစဉ်၏။

ဗြိတိန်နိုင်ငံသား လော(ဒ်)ဂိုးဘု(သ်) (Lord Gore Booth)နှင့် ဇနီးဖြစ်သူ ပက်တြိရှာ (Patricia) တို့က …. ဒေါ်ခင်ကြည်၏ မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။ ရန်ကုန်တွင် နေစဉ်ကတည်းက ဒေါ်ခင်ကြည်နှင့် သိကျွမ်းခင်မင်ခဲ့သည့် မိတ်ဆွေများ ဖြစ်သည်။ ထိုစဉ်က …. လော့(ဒ်)ဂိုးဘု(သ်)သည် ရန်ကုန်တွင် ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်နှင့် ရောက်ရှိနေခဲ့၏။ ယခု….. ဒေလီတွင် လော့(ဒ်)ဂိုးဘု(သ်) ဇနီးမောင်နှံနှင့် ဒေါ်ခင်ကြည်တို့ ပြန်လည်ဆုံတွေ့ကြခြင်း ဖြစ်သည်။ လော့(ဒ်)ဂိုးဘု(သ်)က ဒေလီသို့ ဗြိတိသျှမဟာမင်းကြီး တာဝန်နှင့် ရောက်လာခြင်း ဖြစ်သည်။ မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့မှုကား ……. ချစ်ကြည်ရင်းနှီးမှုအား တိုး၍ …..ခိုင်မြဲစေ၏။

၁၉၆၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်၊ ဟူးချိကောလိပ်၌ ဒေါ်အောင်ဆန်းစုကြည် ကျောင်းဝင်ခွင့် ရ၏။ အောက်စဖို့၌ ပညာသင်စဉ် တလျှောက်လုံး လော့(ဒ်)ဂိုးဘု(သ်) နှင့် ပက်တြိရှာသည် မိသားစုအရင်းအခြာကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်အား စောင့်ရှောက်၏။ ပက်တြိရှာတို့၏ အိမ်သည် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုအိမ်ကဲ့သို့….။ ဒေါ်အောင်ဆန်းစုကြည်က..ပက်တြိရှာတို့၏ မိသားစုဝင် သမီးတစ်ဦးကဲ့သို့…..။ လော့(ဒ်)ဂိုးဘု(သ်)နှင့် ပက်တြိရှာတို့တွင် သား ၂ ဦးနှင့် သမီး၂ ဦး ရှိ၏။ သူတို့နှင့် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မောင်နှမရင်းခြာများသဖွယ်….ရင်းနှီးနွေးထွေးခဲ့ကြ၏။ ဤအိမ်မှပင် ….ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်ရှိ နိုင်ငံရေးသမားကြီးများ၊ တော်ဝင်အစိုးရ အမှုထမ်းကြီးများနှင့် သိကျွမ်းခွင့် ရခဲ့၏။

အခန်း (၁၃)

အောက်စဖို့တက္ကသိုလ်တွင် တက်နေစဉ်အတွင်း နွေရာသီကျောင်းပိတ်ရက်များ၌ ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ရှိရာ နယူးဒေလီသို့ နှစ်စဉ်ပြန်မြဲ…..။ တနှစ်တွင်မူ ….ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ရှိရာ ဒေလီသို့ မပြန်ဘဲ …. မိခင်ထံတွင် ခွင့်တောင်းပြီး ဒေါ်သန်းအေးရှိရာ အယ်(လ်)ဂျီးရီးယားနိုင်ငံသို့ သွားရောက်၏။ ဒေါ်သန်းအေးအား ရင်းနှီးသူများက “ဒိုရာသန်းအေး” ဟုသာ ခေါ်ကြ၏။ အများကမူ ….“လှေကလေး” သီချင်းနှင့်အတူတွဲ၍ အဆိုတော် “ဘိလပ်ပြန်သန်း” ဟု သိကြ၏။ ဒေါ်သန်းအေးက …. ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးလှသည့် မိန်းခလေးမိတ်ဆွေများထဲမှ ရှားရှားပါးပါး မိတ်ဆွေတဦး…။

၁၉၄ရ ခုနှစ်တွင် မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် ဆွေးနွေးရန် ဗိုလ်ချုပ်တို့ လန်ဒန်သို့ သွားစဉ်က …. ဒိုရာသန်းအေးသည် လန်ဒန်တွင် ရှိနေ၏။ လန်ဒန်ဆွေးနွေးပွဲက တလမျှ ကြာ၏။ ထိုကာလများတွင် ဒိုရာသန်းအေးသည် ဗိုလ်ချုပ်တို့အား အစစအရာရာ ကူညီခဲ့၏။ ဒေါ်အောင်ဆန်းစုကြည်တို့ သားအမိ ဒေလီတွင်ရှိစဉ် ဒိုရာသန်းအေးသည် ကုလသမဂ္ဂ ပြန်ကြားရေးဌာန ဝန်ထမ်းအဖြစ်နှင့် နယူးဒေလီသို့ တာဝန်ကျ၏။ ဒေလီတွင် ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဒိုရာသန်းအေးတို့ ပိုမိုရင်းနှီးခဲ့၊ ခင်မင်ခဲ့ကြ၏။ ဒိုရာသန်းအေးက အိန္ဒိယမှ အယ်(လ်)ဂျီးရီးယားသို့ ကုလသမဂ္ဂ ဝန်ထမ်းတာဝန်နှင့်ပင် ရွှေ့ပြောင်းတာဝန်ထမ်းရ၏။ ဤတွင် …. ဒေါ်အောင်ဆန်းစုကြည်က မိခင်ထံ ခွင့်တောင်းပြီး ဒိုရာသန်းအေးနှင့် သွားနေခြင်းဖြစ်သည်။

၁၉၅၆ ခုနှစ် ဇွန်လတွင် ဗိုလ်မှူးကြီး ဟွာရီဘူမီဒီယန် (Houari Bou Medienne) က သမ္မတ အာမတ်ဘင်ဘဲလားအား ဖြုတ်ချပြီး အာဏာသိမ်း၏။ အယ်ဂျီးရီးယား အာဏာသိမ်းမှုက သွေးထွက်သံယိုမှု မရှိခဲ့….။ အယ်ဂျီးရီးယားက ၁၈၆၅ မှ စပြီး ပြင်သစ်၏ ကိုလိုနီဖြစ်ခဲ့၏။ ကိုလိုနီသက်ရှည်၏။ ၁၉၅၄ ခုနှစ်တွင် အယ်ဂျီးရီးယား အမျိုးသား လွတ်မြောက်ရေး တပ်ဦးက ပြင်သစ်ကိုလိုနီအစိုးရအား လက်နက်ကိုင်၍ တော်လှန်သည်။ ဖိနှိပ်သူနှင့် လွတ်မြောက်ရေးလှုပ်ရှားမှု ပဋိပက္ခက ကြီးမား၏။ နောက်ဆုံး ….. ပြင်သစ်သမ္မတ ဒီဂေါလက်ထက်တွင် “အေဗီယန်စာချုပ်” (Treaty of Evian) အား ချုပ်ဆိုပြီး အယ်ဂျီးရီးယား လွတ်လပ်ရေး ရခဲ့၏။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၄ ရက်…..။ လွတ်လပ်ရေး ရပြီးနောက်….. အယ်ဂျီးရီးယား အမျိုးသားခေါင်းဆောင် အာမက်ဘင်ဘဲလား (Ahmed Ben Bella) သမ္မတ ဖြစ်လာ၏။

၆၅ အာဏာသိမ်းမှုက လွတ်လပ်ပြီး ၃ နှစ်အကြာ ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှု ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည် အယ်ဂျီးရီးယားသို့ ရောက်သည့်အချိန်၌ အာဏာသိမ်းမှုက ဖြစ်ပွားပြီးစ…..။ ရက်ပိုင်းမျှသာ ရှိဦးမည်။ မြို့တော် …. အယ်ဂျီးရီးယားက …. နာလန်ထစ မြို့တော်….။ ၈ နှစ်ကြာ လက်နက်ကိုင်တိုက်ပွဲများနှင့် ကြုံခဲ့ရသည့် မြို့တော် ….. အပျက်အဆီးများနှင့်….။ သံရုံးများ၊ ကုလသမဂ္ဂရုံးများက ယခုမှ အခြေပြုစ….။ အဆောက်အအုံ ရှားပါးမှုက အဓိက အခက်အခဲ ဖြစ်နေသည်။ ရေပေးဝေယူရေး၊ လျှပ်စစ်မီး ….. အားလုံးသည် အစမှ ပြန်စရမည့် အခြေ။ ကိုလိုနီ ပြင်သစ်အာဏာပိုင်တို့ ထွက်ခွာသွားခဲ့ကြပြီးနောက်…. ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား လုပ်ဆောင်ကြရန် စေတနာ့ဝန်ထမ်း လူငယ်များ အယ်ဂျီးရီးယားမြို့ပျက်ကြီးသို့ တဖွဲဖွဲဝင်လာနေကြ၏။

ဒေါ်အောင်ဆန်းစုကြည်သည် အယ်ဂျီးရီးယားတွင် ဖိတ်ကြားခံရသည့် ဧည့်ခံပွဲများထက်….. လမ်းပေါ်မှ အယ်ဂျီးရီးယား လူမျိုးများနှင့်တွေ့၍ အယ်ဂျီးရီးယားတွင် ဖြစ်ထွန်းနေသည့် အခြေအနေများအား မေးမြန်းလေ့လာရန်သာ စိတ်ထက်သန်လျက် ရှိသည်။ အယ်ဂျီးရီးယားတွင် NGO (အစိုးရမဟုတ်သောအဖွဲ့) တဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်သွယ်သည်။ ထို NGO က နှစ်ပေါင်းများစွာ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ရသည့်ဒဏ်မှ လွတ်မြောက်ကာစ လူထုအား ကူညီထောက်ပံ့သည့် လုပ်ငန်းများ လုပ်ကိုင်သည့် အဖွဲ့ဖြစ်သည်။ လတ်တလောလုပ်ငန်းက ….. လွတ်လပ်ရေး တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် တော်လှန်ရေးသမားများ၏ မိသားစုများအတွက် နေအိမ်အဆောက်အအုံများ ဆောက်လုပ်နေကြ၏။ စီမံကိန်းက ကြီး၏။ အယ်ဂျီးရီးယား လူမျိုးများအပြင် နိုင်ငံစုံမှ စေတနာ့ဝန်ထမ်း လူငယ်များလည်း ပါ၏။ ရုရှား၊ ပြင်သစ်၊ ဟော်လန်၊ လက်ဗနွန်၊ ဂျာမဏီမှ လူငယ်များ….။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ထိုလုပ်ငန်းတွင် ဝင်၍ လုပ်အားပေး၏။ မြန်မာပြည်မှ တဦးတည်းသော စေတနာ့ဝန်ထမ်း….။ ရက်သတ္တပတ်ပေါင်းများစွာ လုပ်ခဲ့၏။ ပူပြင်းသော ရာသီဥတုအတွင်း ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း ဒေါ်အောင်ဆန်းစုကြည်….။ ကျောင်းများ ပြန်ဖွင့်မှပင် အယ်ဂျီးရီးယားမှ အောက်စဖို့သို့ ပြန်သွားခဲ့တော့၏။

2 comments

  • Khin Thida Soe

    July 2, 2010 at 9:00 am

    ကျေုးဇူး အကြီးကြီး တင်ပါတယ် အခု လို ဖတ်ရတာ

  • lwantaycho

    July 2, 2010 at 12:25 pm

    အခုလို ခပ်များများတင်ပေးစေချင်ပါတယ်………..

Leave a Reply