ကမာရွတ်မြို့နယ်အတွင်းရှိ ရေခဲစက်တစ်ခု အမိုးနီးယားဓာတ်ငွေ့ပိုက် ပေါက်ကွဲမှုဖြစ်ပွား၍ အနီးတဝိုက်မှ အများပြည်သူများအပေါ် ဓာတ်ငွေ့သက်ရောက်မှုနှင့်အတူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

ShwemannmayJune 12, 20101min520

ရန်ကုန်မြို့ကမာရွတ်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကပိုင်ရေခဲစက်တစ်ခုမှ အမိုးနီးယားဓာတ်ငွေ့ပိုက် ပေါက်ကွဲမှုဖြစ်ပွား၍ အနီးတဝိုက်ရှိ အများပြည်သူများအထိတ်တလန့်ဖြစ်မှုနှင့် ဓာတ်ငွေ့သက်ရောက် မှုများခံစားခဲ့ရသည်အပြင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသတင်း ရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁ဝခုနှစ် ဇွန်လ ၁ဝရက်နေ့ ညနေ ၆နာရီ၁ဝမိနစ် ခန့်က ကမာရွတ်မြို့နယ် အင်းစိန် လမ်းမပေါ်ရှိ ဆင်ရေတွင်းကားမှတ်တိုင်အနီး ရေခဲစက်မှပေါက်ကွဲသံတစ်ခုကြားခဲ့ရပြီး ပတ်ဝန်းကျင်သို့ ဓာတ် ငွေ့များပျံ့နှံ့ခဲ့ကြောင်း၊ အဆိုပါဓာတ်ငွေ့များသည် ပတ်ဝန်းကျင်တွင် နေထိုင်သူများ၊ ဖြတ်သန်း သွားလာသည့်သူများအပေါ်တွင် သက်ရောက်မှုများရှိခဲ့ကြောင်း သိ ရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့်  အသက်ရှုကြပ်ခြင်း၊ မူးမေ့လဲခြင်း၊ အော့အန်ခြင်း၊ မျက်စိစပ်ခြင်း၊ မျက်ရည်ပူများကျဆင်းခြင်းနှင့် နှာခေါင်းသွေးယိုခြင်းများ ဖြစ် ပေါ်ခဲ့ကြောင်းသိရသည်။ ထို့အပြင် ရန်ကုန်-အင်း စိန်လမ်းမပေါ်တွင် ပြေးဆွဲနေသော ယာဉ်များမှာ အဆိုပါစက်ရုံအနီး တဝှိက်တွင် ရပ်တန့်ခဲ့ပြီးယာဉ်မောင်းများ၊ ခရီးသည်များ ယာဉ်ပေါ်မှာ ဆင်းပြေးခဲ့ကြောင်း မျက်မြင်သက်သေ များ၏ ပြောကြားချက်အရ သိရ သည်။ အလားတူ အဆိုပါ ဓာတ် ငွေ့ကြောင့် ၁၇၄ ယာဉ်တစ်စီးမှာ မောင်းနှင်ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ တဖက်ယာဉ်ကြောရှိ ဆိုင်းဘုတ်တစ်ခုအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖြစ်ပွားပြီး မိနစ် လေးဆယ်ခန့်အကြာတွင် မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာန၊ရပ်ကွက် မှ တာဝန်ရှိသူများရောက်ရှိလာပြီး  ဖြစ်ရပ်အားစုံစမ်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆို ပါဖြစ်ရပ်မှာ လုပ်ငန်းတွင်အသုံးပြုသည့် အမိုးနီးယားဓာတ်ငွေ့ပိုက်လိုင်းသွားရာလမ်းတလျောက် ဂျိုင်း ဆက်တစ်နေရာမှ ပြုတ်ထွက်ရာမှ ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်ပွားစဉ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး၌ ကုုသလျက် ရှိကြောင်းသိရသည်။

ဖြစ်စဉ်ကို ကမာရွတ်မြို့နယ် ရဲစခန်းမှ (ပ) ၁၈၀/၂၀၁ဝ ပြစ်မှုပုဒ် မ ၂၈၆/၃၃ရ ဖြင့် အရေးယူစစ် ဆေးဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။

အဆိုပါဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ခဲ့ရသူများ၏ပြောစကားများ

”ပေါက်ကွဲသံတစ်ခုကြားလို့ ထွက်ကြည့်လိုက်တော့ ကောင်းကင်ပေါ်ကို မီးခိုးလိုအဖြူရောင်အငွေ့တွေ လုံးခနဲတက်သွားတာတွေ့ရတယ်။ နောက်တော့ အသက်ရှုရတာမွန်းလာပြီး မျက်စိတွေစပ်လာတယ်။ ဓာတ်ငွေ့နံ့ကတော့ မခံနိုင်အောင်ပဲ။အိမ်ပေါ်မှာရှိနေတဲ့ သူတွေအကုန်လုံးပြေးဆင်းကြရ တယ်။ ဒီလိုဖြစ်စဉ်ကနေ့ခင်းဘက် ဖြစ်လို့တော်သေးတယ်။ ညဘက်ဆိုရင်တော့ဒီထက်ဆိုးနိုင်တယ်။”(မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးပြောပြချက်)
”ကားကအဲဒီနေရာနားကို ရောက်ခါနီးအချိန်မှာ ပေါက်ကွဲသံကြားလိုက်တယ်၊ ပြီးတော့ သွားနေရင်းနဲ့ ထိုးရပ်လိုက်တယ်။ နောက်တော့ အသက်ရှုကြပ်လာပြီး မခံနိုင်တော့လို့ အကုန်လုံးဆင်းပြေးရတယ်။ ဆင်းပြေးတဲ့အခါမှာ အဲဒီနားမှာရှိတဲ့အိမ်တွေက ရေတွေထွက်ပေးလို့ပါတဲ့အဝတ်အစနဲ့ ရေစိမ်ပြီး တော့ နှာခေါင်းပိတ်ပြီး ပြေးရပါတယ်။”  (၄၈အထူးဘတ်စ်ကားလိုင်းတွင်ပါလာသူ ခရီးသည်တစ်ဦး၏ ပြောပြချက်)
”အဲဒီစက်ရုံကနေ ဒီလိုဖြစ်တာမျိုး လေးနှစ်အတွင်းမှာ သုံးကြိမ်လောက်ရှိနေပြီ။ အဲတုန်းကတော့ ဒီလောက်မပြင်းထန်ဘူး။ ကျွန်မတို့အနီးအနားနေသူတွေကလည်း အမြဲတမ်းသတိထားနေရတယ်။ ဒီလို အနံ့မျိုးရလာပြီဆိုရင် စက်ရုံကတာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေကို သွားပြီးပြောပြရပါတယ်။” (အဆိုပါအနီးဝန်းကျင်တွင် နေထိုင်သူအမျိုးသမီးတစ်ဦး၏ပြောပြချက်)
”ဒီလိုအမိုးနီးယားဓာတ်ငွေ့ပေါက်တဲ့အခါမှာ ကျွန်တော်က အသက် ၉ဝအရွယ်ရှိတဲ့အမေကိုအနံ့လွတ်တဲ့နေရာကို သွားထားခဲ့တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ တစ် နှစ်အရွယ်သမီးလေးကို ပြန်ခေါ်တဲ့ အခါမှာ သူက စကားလုံးဝမပြောတော့ဘူူး။ အဲဒီတော့ ကျွန်တော်တို့ မိသားစုလွတ်တဲ့နေရာပြေးပြီး လမ်းမှာတွေ့တဲ့ ရေကန်ထဲကရေတွေနဲ့ သမီးမျက်နှာကိုစွတ်ပြီး အနီးမှာရှိတဲ့ ဆေးခန်းကို ဝင်ပြခဲ့တယ်။ ဆရာဝန်က လက်မခံတော့ ရန်ကုန်ဆေးရုံကြီးကို ပြေးခဲ့ရတယ်။  တစ်နာရီနီးပါးဆေးကုသမှုခံပြီးပြန် ဆင်းလာခဲ့ရတယ်”(အသက်တစ်နှစ်အရွယ်ရှိ မဖူးမြတ်ပိုင်၏ ဖခင်ဖြစ်သူ ကိုဇော်ညွှန့်၏ပြောပြချက်)

*******

မြန်မာနိုင်ငံမှာ လူနာတင်ယာဉ် အသုံးပြုတဲ ့အလေ့အထလေးရှိဖို ့လိုပါတယ်။
လူနာတင်ယာဉ်ကို အားကိုးတတ်ဖို ့လိုပါတယ်။ လူနာတင်ယာဉ်ကလည်းအမှန်တယ်အားကိုးအားထားလုပ်နိုင်တဲ့ယာဉ်မျိူးဖြစ်သင့်ပါတယ်။
အဲလိုမပာုတ်ပဲ ကိုယ့်အားကိုယ်ကိုးပြီး ဆေးခန်းပြေး ဆေးခန်းကလက်မခံတော့မှ ဆေးရုံပြေး
ဆေးရုံကျတော့ရော… ချက်ချင်းဖြေရှင်းပေးတာမပာုတ်ပါဘူး
မလိုအပ်ပဲဒုက္ခပိုတတ်ပါတယ်။