ရုပ်ရှင်ရင်းနှီးမြှုပ်နှံမှုနှင့် ရုံတင်စနစ်
၂၀၀၉ ခုနှစ်မှစတင်ကာ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်မှု အရေအတွက် သိသာစွာ မြင့်တက်လာခဲ့သည်။ ဆင်ဆာကျပြီး ပရိသတ်ရှေ့ချပြရန်တန်း စီစောင့်ဆိုင်းနေသည့် မြန်မာရုပ်ရှင်ဇာတ်ကားများမှာ ယခုရုံတင်စနစ် နှင့်တွက်ပါက ၂၀၁၁ ခုနှစ်အထိ ရောက်ရှိနေပြီး လက်ရှိရိုက်ကူးနေသော ဇာတ်ကားများသည်၂၀၁၂ခုနှစ် အတွက် ရည်ရွယ်ရိုက်ကူး နေခြင်းဖြစ်ကြောင်း ရုပ်ရှင်လောကသားများနှင့် တာဝန်ရှိသူများထံမှ သိရှိရသည်။
ရုပ်ရှင်တစ်ကား ကုန်ကျစရိတ်၊ စောင့်ဆိုင်းရမည့် အချိန်နှင့် အကျိုးအမြတ်
ယနေ့ခေတ် ရုပ်ရှင်ဇာတ်ကားတစ်ကား ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်သည် ကျပ်သိန်းထောင် ဂဏန်းဝန်းကျင်ရှိပြီး ရင်းနှီးထား သည့် ငွေကြေးပြန်လည်ရရှိရန် အချိန်တစ်နှစ်ကျော်ကြာ စောင့်ဆိုင်းရမည်ဟု သိရသည်။ ယင်းသို့ သိန်းတစ်ထောင်ဝန်းကျင်ကို တစ်နှစ်ကျော်ကြာ ရင်းနှီးမြှုပ်နှံထားသော်လည်း ပြန်လည်ရရှိမည့် အကျိုးအမြတ်ကိုမူ တွက်ဆရန် ခက်ခဲကြောင်း ရုပ်ရှင် လောကသားများက ဆိုပါသည်။
”လက်ရှိရိုက်နေတဲ့ ရုပ်ရှင်ဇာတ်ကားသစ်က ၂၀၁၂ ခုနှစ်ကျမှ ရုံတင်ခွင့်ရမယ့် ဇာတ်ကားတွေပါ။ ဒါကြောင့် ၂၀၁ဝ မှာရိုက်တာ ဖြစ်ပေမယ့် ၂၀၁၂ ခုနှစ်မှာ ပရိသတ်အကြိုက်က ဘယ်လိုရှိနိုင်လဲ၊ ဘယ်လိုပုံစံရိုက်ရင် အဲဒီအချိန်နဲ့ အံဝင်ခွင်ကျဖြစ်မလဲ စတဲ့ ၂၀၁၂ ခုနှစ်မှာ ဖြစ်လာနိုင်တဲ့ ရုပ်ရှင်ဈေးကွက် အနေအထားကို တွက်ဆပြီး ရိုက်နေရတယ်။ အဲဒီတွက်ကိန်းမှားခဲ့ရင် သိန်းတစ်ထောင် ဝန်းကျင်ကို တစ်နှစ်ကျော်ကြာ ရင်းနှီးထားတဲ့ ထုတ်လုပ်သူရဲ့ မျှော်လင့်ချက်လည်း လွဲနိုင်ပါတယ်”ဟု ဒါရိုက်တာကိုဇော် (အရုဏ်ဦး)က ပြောပြခဲ့သည်။
ဈေးကွက်စီးပွားရေး ခေတ်မှာ စီနီယာနဲ့ တန်းစီရတဲ့ ရုံတင်စနစ်
ရုပ်ရှင်လောက ရွှေထီးဆောင်းစဉ်အချိန်က များစွာသော ရုပ်ရှင်ရုံများထက်တွင် အပြိုင်စနစ်ဖြင့် ရုံတင်ခဲ့ကြသည်။ ယင်းနောက်ရုပ်ရှင်ရုံများ ကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား နှစ်ရှည်ရယူလုပ်ကိုင်စေသည့် အချိန်မှစတင်ကာ အပြိုင်ရုံတင်စနစ်အစား ဆင်ဆာခွင့်ပြု စီနီယာအလိုက်ရုံတင် ပြသစေခဲ့သည်။ ၂၀၀၈ ခုနှစ်အထိ ကျင့်သုံးခဲ့သော ရုံတင်စနစ်မှာရုံတင် ခွင့်စီနီယာအရ ရုပ်ရှင်ဇာတ်ကားသစ်ကို ပထမဆုံးရန်ကုန်မြို့ပေါ်ရှိ သမ္မတ သွင်၊ မင်္ဂလာနှင့် မန္တလေးမြို့ရှိ ဝင်းလိုက်၊ မြို့မရုံများတွင် အနည်းဆုံး သုံးပတ်အထိ ရုံတင်နိုင်သည့် စနစ် ဖြစ်သည်။ အဆိုပါရုံများတွင် နှစ်ပတ်ကြာရုံတင်ပြီးပါက တတိယမြောက်အပတ်တွင် နဝဒေးရုံမှ စတင်ကာ မြို့ပတ်ရုံများနှင့် နယ်မြို့ရှိ ရုပ်ရှင်ရုံ များတွင် အလှည့်ကျတစ်ပတ်စီ ရုံတင်ခွင့်ရရှိသည်။၂၀၀၉ခုနှစ်မှစတင်ကာ နေပြည်တော်၌ အသစ်ဖွင့်လှစ်လိုက်သော ရုပ်ရှင်ရုံနှစ်ရုံတွင် ရန်ကုန်နှင့်မန္တလေးမြို့များ၌ ရုံမတင်မီနှစ်ပတ်စောကာ ရုံတင်ခွင့်ရရှိသည်။ ထို့ကြောင့် ပရိသတ်များသည် ပျမ်းမျှ တစ်လ ရုပ်ရှင်ကားသစ် တစ်ကားနှုန်းဖြင့် စောင့်ဆိုင်းကြည့်ရှုကြရသည်။
လက်ရှိရုံတင်စနစ်သည် တစ်နှစ်လျှင် ရန်ကုန်မြို့ပေါ်၌ ဇာတ်ကားသစ် အများဆုံး ၁၃ ကားဝန်းကျင် ကိုသာ ရုံတင်နိုင်ပြီးအဆိုပါ ၁၃ကား တွင် သုံးပုံနှစ်ပုံခန့်မှာ ရုံတင်နှစ်၏ ကုန်လွန်ခဲ့သောနှစ်အတွက် အကယ် ဒမီစာရင်းဝင်ရန် နယ်မြို့များတွင် နှစ်ကုန်ပိုင်းအတွင်း အလျင်စလို ပြသထားသည့် ဇာတ်ကားများဖြစ် သည်။
”ရုံတင်မယ့် ဇာတ်ကားတွေက ၂၀၁၂ ထိရှိလာတယ်။ ကိုယ့်ကား ဘယ်တော့ ရုံဝင်ခွင့်ရမယ်ဆိုတာကို မသိရပါဘူး။ ကိုယ့်ရှေ့ကကားတွေ ကသုံးပတ်လား၊လေးပတ်လားဆိုတာ မသိရဘူးလေ။ ကိုယ့်ရှေ့ကကားက ဝင်ငွေကောင်းလို့ လေးပတ်ရသွားရင် ကျန်တဲ့ကားတွေက နောက်ကိုတစ်ပတ် ဆုတ်သွားတယ်။ ထုတ်လုပ်သူ အနေနဲ့ ကြည့်ရင် တစ်ပတ်ပိုရရင်လည်း သူ့အတွက် ဝင်ငွေကျပ်သိန်း ၅ဝ ဝန်းကျင်ပိုရမယ်။ လေးပတ်ရလို့ နောက်ဆုံးပတ်ဆိုရင် လူမရှိတော့ ဘူး။ ဇာတ်ကားထွက်ရှိမှုနည်းလို့ ရုံတင်ရက်ကို ရက်ရှည်ပေးတာက တစ်မျိုးပေါ့။ အခုလိုဇာတ်ကားထွက်ရှိမှု များတဲ့အချိန်မှာတော့ ရုံတင်ရက် ကြာတာမကောင်းပါဘူး။ သုံးပတ်အများဆုံးပဲ ပေးသင့်တယ်။ ဒါမှ အားလုံး အဆင်ပြေမယ်လို့ သုံးသပ်မိ ပါတယ်။ ဘယ်ကားမဆို သုံးပတ်ကျော်သွားရင် လူမဝင်တော့ပါဘူး”ဟု ဒါရိုက်တာတစ်ဦးက ရှင်းပြခဲ့သည်။
လက်ရှိရုံတင်စနစ်ရဲ့ အားသာချက်၊ အားနည်းချက်
လက်ရှိရုံတင်စနစ်သည် တစ် လလျင် ပျမ်းမျတစ်ကားနှုန်းသာ ပြသသည့်စနစ်ဖြစ်သည့်အတွက် ရုပ်ရှင်ကြည့်ပရိသတ်များသည် မိမိကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ရုံတင်သည့်ဇာတ်ကားကို ကြည့်ရှုကြရသည်။ ပရိသတ်များအတွက် ရွေးချယ်စရာ အခွင့်အရေး အလွန်နည်းပါးသည့်စနစ် ဖြစ်သည်။ သို့သော် ယင်းစနစ်သည် အပြိုင်ရုံတင်ပြသသည့် ဇာတ်ကားမရှိခြင်းကြောင့် ပရိသတ်ပျံ့နှံ့မှုမရှိသည့်အတွက် ထုတ်လုပ်သူများအနေဖြင့် ရင်းနှီးထားသောငွေကြေးကို အဆင့်မြင့် ရုပ်ရှင်ရုံကြီးများမှ တစ်ဆင့် သုံးပုံနှစ်ပုံခန့်ကို ပြန်လည်ရရှိနိုင်ကြောင်း သိရသည်။ နယ်မြို့ရှိ ရုပ်ရှင်ရုံများမှရရှိသော ဝင်ငွေမှာမူလွန်ခဲ့သော ငါးနှစ်တာကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာနည်းပါးသွားကြောင်း သိရှိရသည်။
များပြားလာတဲ့ ဇာတ်ကားနဲ့ ရုံတင်စနစ်ကို ဘယ်လိုချိန်ထိုးကြမလဲ
”၁၉၉၄ -၁၉၉၅ ခုနှစ်ဝန်းကျင် က ရုပ်ရှင်ဇာတ်ကားထုတ်လုပ်မှု အားကောင်းခဲ့ပြီး ဆင်ဆာစီနီယာနဲ့ မဟုတ်ဘဲ မင်းသားနဲ့စီတယ်။ ရန်အောင်၊ ရဲအောင်၊ ဒွေး၊ ကျော်ဟိန်း စသဖြင့်ပေါ့။ ဆင်ဆာနောက်ကျတဲ့ ကားလည်း ရှေ့ရောက်ရင်ရောက်တယ်။ အဲဒီစနစ်ကျင့်သုံးတုန်းက ဘာဖြစ်လာလဲဆိုတော့ သူကျော်ကိုယ်ကျော် ပြချင်တာတွေဖြစ်လာတဲ့ အတွက် ကိုးဦးကော်မတီဖွဲ့စည်းပြီး နှစ်ပတ်ပဲ ရုံတင်ခွင့်ပေးတဲ့ စနစ်ကို ကျင့်သုံးခဲ့တယ်။ နောက်ဆုံးရောက် နေတဲ့သူကလည်း ပြချင်တာပေါ့။ လက်ရှိအနေအထားအရ ရိုက်တာနဲ့ ရုံရက်စောင့်တာနဲ့ ဆိုရင် တစ်နှစ်ခွဲ၊ နှစ်နှစ်လောက်ကြာတယ်။ ငွေသိန်းတစ်ထောင်ကို သုံးကျပ်တိုးနဲ့တွက်ရင် အဖြေထွက်ပါတယ်။ အဲဒီတော့ အခုအချိန်မှာ ဇာတ်ကားတစ်ကားကို နှစ်ပတ်ပေးပြီး ဝင်ငွေအရမ်းကောင်းတဲ့ ကားမှသုံးပတ်နှုန်းနဲ့သွားရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။ အဲဒီစနစ်နဲ့ သွားရင် တစ်နှစ်ကိုဇာတ်ကား ၁၆ ကားအနည်းဆုံး ရုံတင်နိုင်မယ်”ဟု ရုံတင်ပြသရေး ညှိနှိုင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါသည်။
အပြိုင်ရုံတင်စေသည့် စနစ်သည် ခေတ်နှင့် လိုက်လျောညီထွေရှိပြီး ပြိုင်ဆိုင်မှုမှတစ်ဆင့်တိုးတတ်မှု ကိုရရှိနိုင်သော်လည်း ယင်းစနစ်ကျင့်သုံးခြင်းသည် တစ်ကားနှင့်တစ်ကား ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် လိုအပ်ချက်ရှိသည့် ဇာတ်ကားသည် ကျန်နေခဲ့မည်ဖြစ်သည်။ ပရိသတ်များဘက်မှ ကြည့်လျှင် မိမိကြည့်လိုသည့်အချိန် တွင် ဆန္ဒရှိရာဇာတ်ကားကို စိတ်တိုင်းကျ ရွေးချယ်ခံစားခွင့်ရှိမည်ဖြစ်သည်။
”အပြိုင်စနစ်ကျင့်သုံးဖို့ဆိုတာ ထုတ်လုပ်သူက ကိုယ့်ကားကိုအပြည့်အဝ လုပ်ထားဖို့လိုပါတယ်။ ယှဉ်ပြိုင်ရဲသူများရင်တော့ ရုပ်ရှင်လောက က ဇာတ်ကားကောင်းတွေများပြီး အဆင့်မြင့်လာမယ်လို့လည်း တွက်မိပါတယ်။ အဓိကကယှဉ်ပြိုင်ရဲတဲ့ သတ္တိရှိဖို့ပါ။ အပြိုင်စနစ်ဆိုရင်တော့ တစ်ကားထုတ်လို့ ရှုံးနိမ့်ခဲ့ရင် နောက်တစ်ကား ထုတ်ဖို့ခက်မှာပါ။ ဒီလိုဆိုရင် ဇာတ်ကားထုတ်လုပ်မှု ကျဆင်းသွားနိုင်ပါတယ်။ ရုံတင်ရက်ကို နှစ်ပတ်နဲ့ သုံးပတ် အများဆုံး သတ်မှတ်လိုက်တာ အကောင်းဆုံးလို့ ထင်ပါတယ်” ဟု ရုပ်ရှင်ရုံလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ဆိုပါသည်။
အဲလောက်တွေရင်းနှီးမြုပ်နှံပြီး ဘာလို ့များ ပရိတ်သတ်ကို ပာာသတွေပဲပေးနေကြတာပါလိမ့်။
ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာန ဲ ့ ( ငရုတ်ဆုံထဲထည့်ထောင်းသလို ကြေကွဲနာကျင်ပြသောဇာတ်လမ်းမျိူး မပာုတ်ပါ)
ယဉ်ကျေးမှူ နဲ ့မြန်မာ့စရိုက်ကို ဖေါ်ပြနိုင်တဲ ့ကာားမျိူးတွေရိုက်သင့်ပါတယ်။