“ချစ်စထုံးနှောင်……………..”(အပိုင်းတစ်)
“ဒီ………..ဒီ………..ဒီ”
“မြနဲ့မောင်နဲ့ခုမှတွေ့တာ……………….”
“ခွမ်း……………………………..”
“ဒီလောက်ထိတောင် ဖြစ်နေရင်မင်းအဲဒီကောင့်ဆီဘဲလိုက်သွားတော့”
“ဒုန်း…………………….”
တယ်လီဖုန်း မြည်သံလေးတစ်ခုက ဒီလောက်အခြေအနေထိဆိုးဝါးသွားမယ်လို့
ကျမ မထင်ခဲ့မိတာ ကျမအမှားပါဘဲ။
အဲဒီအချိန်လေးမှာအဖြစ်ချင်ဆုံးကိုပြောပါဆိုရင် ဒီဆိုင်ထဲကနေအငွေ့ပျံပြီး
အပြင်လေဟာနယ်ထဲကိုရောက်သွားချင်တာပါ။
“ကိုဝေ”လာခေါ်လို့ အဆောင်က ကမန်းကတန်းထွက်လိုက်လာတော့
ကျမမှာပိုက်ဆံအိပ်လဲမပါ။
ဆိုင်ကယ်လဲမပါ။
လက်ထဲကိုင်ထားမိတဲ့ဟန်းဖုန်းတစ်လုံးသာပါလာပါတယ်။
အဲတော့နှစ်ယောက်မှာစားထားတဲ့မုန့်ဘိုးရှင်းဘို့၊
ဗောဓိကုန်းက အဆောင် ကို အရောက်ပြန်ဘို့ ဆိုတာတွေက ခေါင်းထဲပြေးဆောင့်လာပေမယ့်
ဖြေရှင်းဘို့အဖြေမရ။
သူငယ်ချင်းတွေလှမ်းခေါ်ရအောင်ကလဲ ဆက်သွယ်စရာဖုန်းက ကြမ်းပြင်ပေါ်မှာ
တစစီ ပြန့်ကျဲ။
သေဘဲသေလိုက်ချင်ပါတယ်။
အဲတော့ ကျမလုပ်နိုင်တာကိုဘဲအမြန်ဆုံးအကောင်အထည်ဖော်လိုက်ပါတယ်။
မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီးငိုချလိုက်တာပေါ့။
ဒီထက်ပို့ပြီး မတတ်နိုင်တော့ဘူးလေ။
@@@@@@@@@@@@@@@@@@@@ @@@@@@@@@@@@@@@@@@@
“ လာသွားကြစို့……………. “ဆိုပြီးကျမလက်မောင်းကို လူတစ်ယောက်ဆွဲထူလိုက်ပါတယ်။
အရမ်းကိုရှက်နေတဲ့ကျမကလဲ ယောင်တိ ယောင်နနဲ့ သူခေါ်ရာနောက်ကို ပါသွားပါတယ်။
နောက်တော့ ဆိုင်ဝန်းထမ်းကောင်မလေးတွေ လိုက်ကောက်ပေးထားတဲ့ ဖုန်းအကွဲ အစအနထွေ ထည့်ထားတဲ့ ကျွတ်ကျွတ်အိပ်လေးကိုယူပြီး ဆိုင်အပြင်ကိုထွက်ဘို့အလုပ်
“ မုန့်ဘိုးတွေ………. “လို့ကျမကအပြော
“ အေးဆေး……….ကျနော်ရှင်းပြီးသား “
သူဆွဲခေါ်ရာနောက်ကိုသာရှက်ရှက်နဲ့လိုက်လာမိပါတယ်။
ဆိုင်အပေါ်ထပ်ကနေ အောက်ကိုဘယ်လိုရောက်လာမှန်းမသိ။
စိတ်ထဲကတော့ “ တော်ပါသေးရဲ့ “လို့တွေးမိပါတယ်။
အဲဒီနေ့ကဆိုင်လူရှင်းနေတာရယ် အခုလိုကူညီမယ့်သူပေါ်လာတာကြောင့်ရယ်ပါ။
ဆိုင်ကယ်တွေထားတဲ့နေရာရောက်တော့မှ
“ ကျနော် အမကို ဘယ်လိုက်ပို့ပေးရမလဲ “
“ လရိပ်ပြာအဆောင် ……..ဗောဓိကုန်း“
အဲတော့မှသူက ခေါင်းတစ်ချက် ငြိမ့်ပြပြီး။
ဆိုင်ကယ်ပေါ်တက်ခိုင်းပါတယ်။
သူ့ဆိုင်ကယ်နောက်က လိုက်သာလာရတယ် ဆိုင်ကယ်ဦးထုပ်မပါတော့
မော်တော်ပီကယ်ဖမ်းမှာကို တော့ တွေးကြောက်မိပါတယ်။
တစ်ခါမှ မသိဘူးတဲ့တစိမ်းတစ်ယောက်ဆိုင်ကယ်နောက်ကလိုက်ဘူးတာ ဒါပထမဆုံးပါဘဲ။
ဘယ်လမ်းကနေ ဘယ်လိုသွားတယ်ဆိုတာမသိလောက်အောင်ကိုစိတ်က ပူထူလို့နေပါတယ်။
သွားနေရင်း လမ်းရဲ့အရှေ့ဘက်ကို ဆိုင်ကယ်အကွေ့မှာ ကျမတို့သူငယ်ချင်းတွေထို်င်နေကျ လက်ဖက်ရည်ဆိုင်လေးကို မြင်တော့မှအဆောင်နားရောက်လာတယ်ဆိုတာသိရပါတယ်။
အဆောင်ရှေ့မှ သူ့ဆိုင်ကယ်ရပ်လိုက်မှ အသာဆင်းပြီး
“ ကျေးဇူး“လို့ပြောရရုံဘဲရှိသေးတယ်
“ ရတယ်အမ ဒီမှာ အမ ဖုန်းက ဆင်းကဒ်၊ညနေကျရင် ဟင်းဆက်အသစ်ဝယ်လာခဲ့မယ်။
အဆောင်ကဘဲစောင့် ကျနော်နာမယ် အောင်လင်း “
“ ကျမက စိမ်းမြသွယ် “
ဘာမှထပ်မပြောရသေးခင် ဆိုင်ကယ်ကို မောင်းထွက်သွားပါတယ်။
ကျမလက်ထဲမှာတော့ ဆင်းကဒ်ရယ် ဖုန်းအကွဲအစအနတွေထဲ့ထားတဲ့ အိတ်ကလေးတစ်လုံး။
နေ့လည်ဆိုတော့ အဆောင်မှာလူရှင်းနေလို့သာ
လူစိမ်းတစ်ယောက်နဲ့တွဲလာတာမြင်ရင် စုံစမ်းစပ်စု လုပ်ကြမယ့်ရန်က လွတ်ပါတယ်။
ဒါနဲ့ဘဲအဆောင်ထဲကိုခပ်သွက်သွက်ဝင်လာခဲ့ပါတယ်။
အခန်းထဲရောက်ပြီဆိုမှ အတိုးချပြီး………………………..။
?????????????????? ????????????????????? ???????????????????? ???????????????
“ကိုဝေ” ဒီနေ့လုပ်လိုက်တဲ့ အပြုအမူကြောင့် သူ့အပေါ်မှာ ကျမ လုံးဝကိုစိတ်ကုန်သွားပါတယ်။
အတော်လေးကို သဘောထားသေးသိမ်တဲ့လူ၊
မပေါင်းထိုက်တဲ့ လူ လို့ သတ်မှတ်လိုက်ပါတယ်။
သူ့ကို ယတိပြတ်ငြင်းပယ်ဘို့အတွက်ဆုံးဖြတ်ချက် ပြတ်ပြန်သားသားချနိုင်အောင် အတည်ပြုပေးလိုက်သလိုပါဘဲ။
ဒီနေ့သူ့အချိုးက ကျမအပေါ်မှာ သက်သက်မဲ့ ုနိုင်စားတယ်လို့ ခံစားရပါတယ်။
“မောင်”နဲ့ကျမ ဘယ်လိုမှ ဆုံဆည်းစရာ လမ်းမရှိတော့တာလဲသူ အသိပါ။
“မြနဲ့မောင်နဲ့ ခုမှတွေ့တာ” ဆိုတဲ့ ဖုန်းမြည်သံလေးထဲက”မောင်”ဆိုတဲ့ “ကျော်မျိုးထွန်း”နဲ့ကျမ ချစ်မိခဲ့ ပါတ်သက်မိခဲ့တာကတော့ ပြန်ပြင်လို့မရတဲ့အရာတစ်ခုလေ။
ဒါကအများသိ ဖုံးကွယ်စရာမလိုတဲ့ အဖြစ်အပျက်တစ်ခုပါ။
ဒါပေမယ့် အခုလက်ရှိအနေအထားမှာ“မောင်”ကျမကို ဘယ်လိုမှ ဆက်သွယ်လို့ မရတဲ့နေရာ ကိုရောက်နေတယ်ဆိုတာကိုလဲ “ကိုဝေ” အသေအချာသိရက်နဲ့ ။
သူဒီလို လုပ်လိုက်မှ မေ့ပျောက်ဘို့အတွက် ကြိုးစားလို့မေ့ဖျောက်နေရတဲ့ အကြောင်းလေးတွေက
ကျမအတွေးထဲမှာ ပလုံစီလာပြန်ပါတယ်။
မောင်နဲ့ကျမတွေ့ခဲ့ကြတာ လွန်ခဲ့သောသုံးနှစ်။
ဒါပေမယ့် ဝေးနေခဲ့တာကတော့ တစ် နှစ်စွန်းစွန်း။
အလွမ်းတွေကိုဖန်တီးလာမယ့် ဇာတ်လမ်းအစကတော့ ………………။
######### ############### ######### ##########
မန်းလေးရတနာပုံတက္ကသိုလ်ကနေ ကျောင်းပြီးတဲ့အခါ ကျမ မွေးရပ်မြေ” မိုးကုတ်”
ကို မပြန်ဖြစ်ပါဘူး။
မြို့မှာသုံးနှစ်လောက်အနေကြာသွားတော့အေးချမ်းဆိတ်ငြိမ်တဲ့မွေးရပ်မြေထက်
ဆူညံသွက်လက်တဲ့ မန်းလေးမြို့ကိုခင်တွယ်စိတ်ပိုမိတာကတော့အမှန်ပါဘဲ။
အဲတော့ မန်းလေးမှာဘဲအလုပ် လုပ်ပြီး ပညာဆက်သင်ချင်ပါသေးတယ်လိို့
အိမ်ကိုပူဆာရပြန်ပါတယ်။
နေလက်စ အဆောင်မှာဆက်နေ။
ကျမတို့လူငယ်ကြားမှာရေပန်းစားတဲ့ LCCI ဆိုတဲ့စာရင်းကိုင်သင်တန်းကို မနက်အစောတန်းမှာ ဆက်တက်။
နေ့ဘက်မှာအလုပ်ရှာလုပ် စိတ်ကူးထဲတော့ဟုတ်နေတာပါဘဲ။
အလုပ်မရသေးခင်တော့ အရင်အတိုင်းဘဲ အိမ်ကနေပိုက်ဆံတောင်းရတာပေါ့။
သင်တန်းကြေးကလဲ သိန်းချီပြီးကုန်တယ်လေ။
အဲတော့ မန်းလေးမှာဆက်နေခွင့်ရဘို့အတွက် အလုပ်တစ်ခုရအောင်အသဲအသန်ရှာရတာပေါ့။
ကံကောင်းတာတစ်ချက်ကတော့ အခုခေတ်မှာ အလုပ်ပေါတာပါဘဲ။
နိုင်ငံခြားကလာရောက်မြုပ်နှံတဲ့လုပ်ငန်းရှင်လဲ ရှိ၊
ပြည်တွင်းကလုပ်ငန်းရှင်တွေလဲရှိ၊
တစ်နိုင်တစ်ပိုင် ဆိုင်ထောင်သူတွေလဲရှိဆိုတော့ အလုပ် လုပ်ချင်တဲ့လူငယ်အတွက်
အဆင်ပြေပါတယ်။
ကျမလိုဘဲ မန်းလေးမှာကျောင်းတက်ရင်း အလုပ်လုပ်နေကြတဲ့ နယ်ကမိန်းကလေးတွေ
အများကြီးပါဘဲ။
စားဝတ်နေရေးအတွက် အဆင်ပြေသလားမေးရင်တော့ မပြေ့ တပြေလို့ဘဲဖြေရမှာပါဘဲ။
သိုသိုသိပ်သိပ်နဲ့ရောင့်ရဲစွာနေနိုင်မယ်ဆိုရင် အိမ်ကိုပြန်မပို့နိုင်တောင်မှ လက်ဖြန့်တောင်း
ရတဲ့ဘဝက လွတ်ကင်းနိုင်ပါတယ်။
တစ်ခုတော့ရှိတာပေါ့ မနေတတ်မထို်င်တတ် တပ်မက်မူ့များရင်တော့လဲ အချိန်မရွေး
ဘဝယိမ်းယိုင်သွားနိုင်တာကလဲ အသေအချာပါဘဲ။
အဆောင်နေတဲ့မိန်းကလေးတစ်ယောက်ကိုတွက်ကြည့်ရင် အဆောင်လခက
တစ်လကိုတစ်သောင်းကနေတစ်သောင်းခွဲကြား။
ထမင်းကို အဆောင်မှူးမသိအောင်ခိုးချက်။
အလုပ်ကိုတစ်ဝက်ထည့် တစ်ဝက်ကိုအကြော်တစ်ရာဘိုးနဲ့စား။
ကော်ဖီမစ်တစ်ထုပ်ကိုနှစ်ခါခွဲသောက်။
ထမင်းအိုးတည်ရင်းကြက်ဥထည့်ပြုတ်။
ဒါမှမဟုတ်အလုပ်ကြမှ ဟင်းငါးရာဘိုးကို သူငယ်ချင်းနှစ်ယောက်စပ်တူဝယ်စား။
ညနေအဆင်ပြေသလိုစား။
ဝတ်ဘို့စားဘို့ဘာမှမပါ တစ်လခြောက်သောင်းကတော့ သေချာပေါက်လိုပါတယ်။
ကျမ သင်တန်းတက်နေတုန်းမှာဘဲ သတင်းစာထဲကြော်ငြာတဲ့အလုပ်မှန်သမျှလျှောက်လွှာတင်
ဝင်ဖြေပေါ့။
အလုပ်လျှောက်တယ်ဆိုတာကိုပြောရရင် ကျမတို့အတွက်လွယ်ကူတဲ့ကိစ္စတော့လဲမဟုတ်ပြန်ပါဘူး။
တစ်ချို့အလုပ်ကလျှောက်လွှာဝယ်ရတယ်(သူတို့ကတော့လေးစားအောင်လို့ပါပေါ့)။
တစ်ချို့အလုပ်တွေကတော့ရဲစခန်းတို့ရပ်ကွက်ထောက်ခံစာတို့ မတောင်းဘူး။
တစ်ချို့ကတော့ အဲဒါမပါရင်လျှောက်လွှာလက်မခံပြန်ဘူး.။
အဲတာတွေအတွက်ကလည်းတို့တိတို့တိနဲ့ ငါးရာတစ်ထောင် ကုန်မှ
ထောက်ခံစာ ဆိုတဲ့ စာရွက်ကလက်ထဲရောက်ပါတယ်။
သူတို့ကလဲ လျှောက်လွှာတင်ကတဲက ပြည့်စုံမှလက်ခံတယ်လေ။
အဲတော့ ကျမတို့ဘက်ကလည်းလျှောက်စတင်ကတည်းကမေးလိုက်ပါတယ် မရွေးရင်လျှောက်လွှာပြန်ပေး-မပေးပေါ့။
ပြန်မပေးဘူးဆိုရင် သေချာမှဝင်ဖြေပါတော့တယ်။
လိုင်စင်ပုံကတော့ ဒါဇင်လိုက်ရိုက်ထားတော့ အဆင်ပြေပါတယ်။
ဆိုပါစို့အလုပ်လေးငါးဆယ်ခုလောက်လျှောက်အပြီးမှာ လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့
အရောင်းစင်တာတစ်ခုမှာအလုပ်ရပါတယ်။
စာရင်းကိုင်ပေါ့။
အဲဒီအလုပ်မှာ လုပ်ရင်း”မောင်”နဲ့စတွေ့တာပါဘဲ။
ကျမတို့အလုပ်က လူငယ်တွေဦးစီးတော့ ခေတ်မီတဲ့အတွေးတွေနဲ့ဝန်ထမ်းတွေကိုအုပ်ချုပ်ပါတယ်။
သူတို့ဆိုင်ဖွင့်တဲ့နှစ်ပါတ်လည်နေ့ဆိုရင် ပျော်ပွဲရွှင်ပွဲတွေရော၊
အလုပ်ထဲမှာကြိုးစားတဲ့ဝန်ထမ်းတွေကိုဆုပေးပွဲတွေလုပ်ပါတယ်။
လုပ်တာကလဲ ပြီးစလွယ်မဟုတ်ပါဘူး။
ခန်းမကောင်းကောင်းမှာငှားလုပ်တာပါ။
အဲဒီမှာဝန်ထမ်းတွေကိုယ်တိုင်ပါဝင်တဲ့ပြဇာတ်တွေ၊သီချင်းအဆိုအကတွေလဲပါသပေါ့။
နောက် အပြင်လောကမှာအနုပညာနယ်ပယ်ထဲမှာ နာမယ်ရှိပြီးသားအနုပညာသည်တွေကိုလဲဒီအထဲမှာ
အတူပါဝင်ဆင်နွဲဘို့အကူအညီတောင်းထားပါသေးတယ်။
အဲဒီနှစ်ပါတ်လည်ပွဲလေးမှာ မောင်နဲ့ကျမစတွေ့တာပါဘဲ။
မောင်က အပြင်လောက မှ လူသိများစပြုနေတဲ့အနုပညာသမား။
ကျမတို့ပွဲမှာလာရောက်စီစဉ်ပေးသူပေါ့။
ဒီပွဲမှာ ကျမက သီချင်းဆိုတဲ့အပြင်တေးသရုပ်ဖော်ရတဲ့သူပေါ့။
ထူးထူးဆန်းဆန်းလေးမောင်စီစဉ်ထားပုံက ရှေးသီချင်းထဲက
အလိုက်တူပြီးစာသားမတူတဲ့သီချင်းနှစ်ပုဒ်ကို တေးသရုပ်ဖော်နဲ့ အဆိုတွဲပြီးကရမှာပါ။
မတူတဲ့သီချင်းနှစ်ပုဒ်ကိုတစ်လှည့်စီဆိုရင်းသရုပ်ဖော်ရမှာလေ။
အဲဒီသီချင်းကို မောင် စိတ်ကူးရပြီးရှာလာတာပါ။
“ရွှေပြည်စိုး” ဆိုတဲ့သီချင်းနဲ့ “ဟေဝန်နန်း”ပါဘဲ။
“ရွှေပြည်စိုး”ဆိုတဲ့သီချင်းလေးကို ဆိုရင်းကျမက တောသူလေးအဖြစ်သရုပ်ဖော်ရမှာ။
မောင်ကတော့ “ဟေဝန်နန်း”ကို သူကိုယ်တိုင်ဆိုပြီး ကျမတို့အဖွဲ့ကကောင်မလေးတွေက
သရုပ်ဖော်ကြပါတယ်။
အငြိမ့်သီချင်းဖြစ်တဲ့ရွှေပြည်စိုးသီချင်းကိုကျမက ဆို။
ကျမတို့အဖွဲ့ရယ် ကျမရယ်က ကောက်စိုက်မလေးလိုသရုပ်ဆောင်ပေါ့။
မောင်နဲ့ယောက်ျားလေးအဖွဲ့က ဟေဝန်နန်း သီချင်းနဲ့သရုပ်ဆောင်။
ဒီသီချင်းမှာထူးဆန်းတာက ဇာတ်ခုံတစ်ခုထဲမှာ ကျမတို့နှစ်ဖွဲ့က တစ်ဖက်စီနေ။
ပြီးရင် တစ်လှည့်စီ သီချင်းတစ်ပိုဒ်ဆိုလိုက် သရုပ်ဖော်လိုက်နဲ့ပေါ့။
အဲဒီရက်တွေက နေ့မှာအလုပ်တွေလုပ်။
ညဆိုရင် အဆို အကတိုက်။
အဆောင်ကိုလဲ ခွင့်တောင်းထားရတာပေါ့။
ဒီပွဲလေး မပြီးခင်အထိ အပြန်နောက်ကျတာကို ခွင့်လွှတ်ပေးဘို့။
ကျမနဲ့မောင်က တစ်လှည့်စီဆိုရာတာ စစခြင်းရက်က အဝင်အထွက်တွေမှားတော့
အားလုံးတဝါးဝါး တဟားဟား နဲ့မောရမှန်းတောင်မသိပါဘူး။
ကျမနေတာက ဗောဓိကုန်းနားက အပြင်ဆောင်။
မောင်နေတာက မဟာမြိုင် အဲတော့ အကတိုက်ပြီးလို့အပြန် မောင် က
ကျမကိုအဆောင်ပေါက်ဝထိ ပို့ပေးပါတယ်။
အပွင့်လင်းဆုံးပြောရရင် ကျမက မောင့်ကို စချစ်မိသွားတယ်ထင်တာပါဘဲ။
ကျမ ကျောင်းသူဘဝတစ်လျှောက်လုံး ယောက်ျားလေးသူငယ်ချင်းတွေနဲ့အတူသွားကြလာကြ
ပေမယ့်ကျမကို ရင်ခုန်အောင်စွမ်းဆောင်နိုင်သူပါမလာပါဘူး။
ကျောင်းသူကျောင်းသားဘဝ ကျမကိုလာပြီး “ကာလသားရောဂါ”ထသူတွေရှိပေမယ့်
ကျမရင်ခုန်လောက်စရာလူ မတွေ့ခဲ့တာအမှန်။
အနုပညာကိုနှစ်သက်သူကျမက အနုပညာမှာ ကျွမ်းကျင်တဲ့မောင့်အပေါ်မှာ
အထင်ကြီးလေးစားမူ့ကို အချစ်ဆိုတာပေါက်ဖွားဘို့ တွန်းအားပေးလိုက်သလိုပါဘဲ.။
သီချင်းတိုက်ရင်းက “မြနဲ့မောင်နဲ့ ခုမှတွေ့တာ လူဝါးမဝခင်တုန်းက ပြောကြတော့ ရီစရာပါ”
ဆိုတဲ့ခြေဆင်းအပိုဒ်လေးက” မြနဲ့မောင်နဲ့ခုမှတွေ့တာ”စာသားလေးကို ဆိုရတာ စီးစီးပိုင်ပိုင်ရှိလှပါတယ်။
(မြနဲ့မောင်နဲ့ခုမှတွေ့တာ…….ဆိုတဲ့နေရာရောက်ရင် နင့်မျက်လုံးလေးတွေ အရည်လဲ့နေသလိုဘဲ လို့ ကျမသူငယ်ချင်း မိနွယ်ကမှတ်ချက်ချပါတယ်။
အချစ်ကြောင့် ရွှန်းလဲ့နေတာဖြစ်မယ်ထင်ပါတယ်။
မောင်ကလဲ ကျမသူ့အပေါ်စိတ်ညွှတ်နေတာကို ရိပ်မိပါတယ်။
ပွဲရက်မတိုင်ခင်အတွင်း ညပြန်ရင် 35လမ်းပေါ်က အလင်းဆိုင်တွေမှာမုန့်ဝင်စား။
စကားတွေပြော ဆိုတော့တစ်ပါတ်အတွင်းမှာ အတွင်းစိတ်ချင်းပိုနီးလာသလိုခံစားရပါတယ်။
မောင်ရဲ့ စုံစမ်းသလိုလို အကဲစမ်းသလိုလိုမေးတဲ့မေးခွန်းမြှားတွေအောက်မှာ
မလုံတဲ့ဒိုင်းက ကျမကို အကာအကွယ်မပေးနိုင်သလိုသလိုပါဘဲ။
ကျမရဲ့ တိမ်းညွှတ်နေတဲ့စိတ်ကို မောင်ရိပ်မိသွားတာအမှန်ပါဘဲ။
တကယ့်ပွဲညမှာတော့ အတူသွားကြဘို့အဆောင်ကိုလာခေါ်တော့
မောင့်ဆိုင်ကယ်နောက်က ကျမလိုက်ခဲ့ပါတယ်။
ပွဲကကြတော့လဲ အင်မတန်မှပျော်စရာကောင်း။
ကျမတို့အတွက် ပရိသတ်ကရော သူငယ်ချင်းတွေကရော အလုပ်က လူကြီးတွေကလဲ
ဆုတော်ငွေတွေချတော့ ပျော်စရာပိုကောင်း။
ကျမအတွက်တော့ အကောင်းတွေစုတဲ့ညလို့တောင်ပြောချင်ပါတယ်။
ပွဲပြီးလို့အပြန် မောင်ကျမအဆောင်ကို ပြန်အပို့မှာ ကျမက မောင့်ခါးကို
အလိုလိုဖက်မိသွားပါတယ်။
စိတ်ထဲမှာအပျော်တွေကဲနေတော့ သတိလက်လွတ်ဖြစ်သွားတယ်ထင်ပါတယ်။
ဒါပေမယ့် တကယ့်ကို ဖွဖွလေးမှ ဖွဖွလေးဖက်ထားမိတာပါ။
အဆောင်ရှေ့နားရောက်ခါနီးမှ မောင့်ခါးကိုဖက်ထားမိတာ သတိရပြီးလွှတ်မိပါတယ်။
အဆောင်ရှေ့ရောက်တော့ ကျမ အထဲကို ဝင်မယ်အလုပ် မောင် က
“ခဏ” လို့ပြောလို့ ကျမ ခြေလှမ်းတွေအရပ်။
အဆောင်ရှေ့က စက္ကူပန်းရုံအကွယ်မှာ ကျမပါးကို ဖွဖွလေးနမ်းရင်း
“ချစ်တယ်” လို့ မောင ်က အပြောမှာ ကမ္ဘာလောကကြီးတစ်ခုလုံး
ပန်းနုရောင်တွေဖုံးလွှမ်းသွားတယ်လို့ထင်မိပါတယ်။
ကျမအရမ်းကိုရှက်သွားလို့ပါ။
%%%%%%%%%% %%%%%%%%%%%%% %%%%%%%%%%%%%
မောင်နဲ့ကျမချစ်သူတွေဖြစ်သွားတဲ့ အချိန်တွေကတော့ပျော်စရာကောင်းပါတယ်။
ဝါသနာတူ အကျင့်တူတော့လဲ တစ်ယောက်အပေါ်တစ်ယောက်ပိုနားလည်မိတယ်လို့ထင်ပါတယ်။
ကျမအလုပ်ပိတ်တဲ့ရက်ဆိုရင် မောင့်အိမ်ကိုအလည်လိုက်သွားတတ်ပါတယ်။
အနုပညာနဲ့ထုံမွှမ်းနေတဲ့ မောင်တို့အိမ်ကလေးက ကျမအတွက်တော့ တကယ့် အေးရိပ်.။
မြန်မာသီချင်းတွေကို နှစ်သက်တတ်တဲ့ ကျမကတော့ မောင်တို့အိမ်ရောက်ရင်
သီချင်းခွေအပုံကို မွှေ လို့ သီချင်းတွေဆိုရင် မောင့်မေမေက ဘေးနားကနေပြီး
ခုံပုတ်လို့စီးချက်လိုက်။
တစ်ခါတစ်လေ မောင့်မေမေ ကိုယ်တိုင်ဝင်ဆို အတော်ကို ပျော်စရာကောင်းလှပါတယ်။
နောက် မီးဖိုထဲမှာ စကားပြောရင်းတစ်ယောက်တစ်လက်နဲ့ချက်ကြပြုတ်ကြ။
မိဝေးဖဝေးနဲ့ အဆောင်မှာနေဖြစ်သလိုစားနေရတဲ့ကျမအတွက်တော့
အင်မတန်မှနှစ်သက်စရာပါဘဲ။
ဒါပေမယ့်လူ့ဘဝဆိုတာ “ပျော်စရာတခဏ စိတ်ညစ်စရာ ဗလပွ”လို့ပြောတတ်တဲ့
မုံရွာသူ မလှသန်းစကား အတိုင်းပါဘဲ။
မောင်နဲ့ကျမ ချစ်သူတွေဖြစ်နေတာကို သတင်းကြားသွားတဲ့ကျမအိမ်က
“ စိမ်းမြရေ မေမေတို့ကို ပေးထားတဲ့ကတိကို မမေ့နဲ့နော်”ဆိုတဲ့ဖုန်းပြောတိုင်း
ဒီစကားကို မပါ ပါအောင် အမိအရပြောတတ်တဲ့ အမေ့စကားသံက ကျမ ကို သတိပေးတာလိုလိုခြိမ်းခြောက်တာလိုလို ။
ဟုတ်တော့လဲဟုတ်ပါတယ်။
ကိုဝေနဲ့ကျမ အရွယ်ရောက်ရင်လက်ထပ်ပေးမယ်လို့ လူကြီးချင်းမြန်းပြီးသားပါ။
ကိုဝေတို့ မိဘတွေနဲ့ ကျမတို့အိမ် ကျောက်စပ်တူလုပ်ကြတာ အမြဲမြတ် အမြဲအဆင်ပြေ။
အဲတော့လဲ ကျမတို့ပေါက်စနကတည်းက အတူတွဲပြီးလုပ်ခဲ့ကြတာဆိုတော့ ကျမတို့
အရွယ်ရောက်လာတဲ့အခါ “ဥမကွဲ သိုက်မပျက်”ဆိုတဲ့စကားနဲ့ချည်နှောင်ပါတော့တယ်။
ပိုးဆိုးတာက တစ်ဦးတည်းသောသားနဲ့ တစ်ဦးတည်းသောသမီးဖြစ်နေတာပါဘဲ။
ခက်တာက တစ်ဇွတ်ထိုး နိုင်လွန်းတဲ့ ကိုဝေ ကိုလက်တွဲဖော်အဖြစ် လက်ခံဘို့
ကျမစိတ်တွေက ငြင်းဆန်နေတာပါဘဲ။
ငယ်စဉ်ကတည်းက အတူနေလာတော့ သွေးမတော်သားမစပ်ပေမယ့်
မောင်နှမတွေလိုဖြစ်နေ။
အရွယ်ရောက်ချိန်မှာ တက္ကသိုလ်ရောက်သွားတဲ့ကျမက အဝေးမှာနေ။
ပညာရေးမထူးချွန်တဲ့ ကိုဝေ က ဇာတိမြိုမှာနေရင်း မိဘလက်ငုတ်လက်ရင်းဆက်လုပ်။
အဲတော့ သိတတ်ချိန်မှာအနေဝေးတော့ သူ့အပေါ်မှာဘယ်လိုမှ ရင်ခုန်သံမမြန်နိုင်တာအမှန်။
အပွင့်လင်းဆုံးပြောရရင် ကိုဝေနဲ့လက်ထပ်ရမှာကို ကြောက်ပါတယ်။
အခုချိန်မှာတော့ ငြင်းလို့မရနိုင်တာလဲ အသေအချာပါဘဲ။
ဒါပေမယ့်မောင့်ကိုချစ်တာကချစ်တာပါဘဲ။
ဒါပေမယ့် ရင်ထဲမှာ အိပ်ပျော်နေတဲ့ အချစ်က မောင်နဲ့ကျမှအလန့်တကြားနိုးထလာသလိုပါဘဲ။
ထူးအိမ်သင်ရဲ့ “ရင်ခုန်ရင်အချစ်ဘဲကွယ်”ဆိုတဲ့စကားသာမှန်ရင် မောင့်ကိုကျမချစ်တယ်ဆိုတာ
သိပ်သေချာပြီပေါ့။
မောင်နဲ့စတွေ့တဲ့အချိန်ကတည်းက ကျမရင်တွေခုန် နှလုံးသားတွေလှုုပ်ယှားလာတာမို့ပါ။
ကျမနဲ့မောင်ချစ်သူတွေဖြစ်လို့လေးလအကြာ ကျမမွေးနေ့ရောက်လာပါတယ်။
အဲဒီရက်မတိုင်ခင် မောင်သီချင်းလေးတွေ ရောင်းရတော့ သူ့လက်ထဲမှာငွေရွှင်။
ကျမအတွက် ဟန်းဆက်အသစ်လေးတစ်လုံးမွေးနေ့လက်ဆောင်ပေးပါတယ်။
နောက်မင်မိုရီကဒ်လေးထဲမှာ ရင်းတုန်းတွေထဲ့။
မောင့်ဖုန်းလာရင် သူများနဲ့ထူးခြားအောင် “မြနဲ့မောင်နဲ့ခုမှတွေ့တာ” ဆိုတာလေး
ထည့်ပေးထားပါတယ်။
ဟုတ်သပေါ့ မောင်နဲ့ကျမ ချစ်သူဖြစ်ဘို့အတွက် ဒီသီချင်းလေးက အဓိကပံ့ပိုးသူဘဲလေ။
အဲဒီနေ့ကစလို့ ကျမဆီလာတဲ့ အဝင်ဖုန်းတွေထဲမှာ
“မြနဲ့မောင်နဲ့ခုမှတွေ့တာ”ဆိုတဲ့အသံလေးကတန်းစီဇယားထိပ်ဆုံးမှာ အမြဲနေရာယူထားသပေါ့နော်။
မေမေဆီကဖုန်းလာတိုင်း
“ စိမ်းမြရေ မေမေတို့ကို ပေးထားတဲ့ကတိကို မမေ့နဲ့နော်”
ဆိုတဲ့စကားလေးနဲ့အဆုံးသတ်မြဲ။
“မြနဲ့မောင်နဲ့ခုမှတွေ့တာ” ဆိုတဲ့မောင့်ဖုန်းသံလေးကလဲကျမအနားမှာ အမြဲဝေစီဆဲ။ ဒါတွေဟာတစ်နေ့မှာလမ်းခွဲခြင်းနဲ့အဆုံးသတ်ရမယ်ဆိုတာကို ကျမလက်ခံထားပြီးသားပါ။
ဒါပေမယ့် စိတ်ချမ်းသာစရာကောင်းလွန်းတဲ့ မောင်နဲ့အတူဖြတ်သန်းရတဲ့အချိန်ကာလကို ရသလောက်တော့ဆွဲဆန့်ထားချင်မိပါတယ်။
ဒါတွေကို အဆုံးသတ်ဖို့အတွက် မေမေနဲ့ကိုဝေတို့မန်းလေးကိုရောက်လာခဲ့ပါတယ်။
မောင်နဲ့အတူ ကျမအလုပ်ပြန်လာတဲ့တစ်ရက် အဆောင်ရှေ့မှာ အိမ်ကားကားလေးရပ်ထားတာ
တွေ့တော့ မေမေတို့လိုက်လာပြီဆိုတာသိလိုက်ပါတယ်။
မောင့်ဆိုင်ကယ်ပေါ်က ကျမအဆင်း မေမေ့မျက်နှားထားခပ်တင်းတင်းဆိုတော့ မောင်နဲ့မိတ်ဆက်ပေး
မယ်ဆိုတဲ့ ကျမအကြံအစည်ကို စွန့်လွှတ်လိုက်ရပါတယ်။
ကိုဝေကတော့ စီးကရက်သောက်ရင်း အခြားတစ်ဖက်ကို တမင်ငေးနေပါတယ်။
မောင်ကတော့ ကျမနဲ့ရုပ်ခြင်းအတော်လေးဆင်တဲ့မေ့မေ့ကိုအတွေ့
“သွားပြီနော်”လို့နုတ်ဆက်ပြီး ဆိုင်ကယ်မောင်းထွက်သွားပါတယ်။
“စိမ်းမြရေ အဆောင်မှူးကို ခွင့်တိုင်လိုက် မေမေတို့နဲ့ဒီညလိုက်အိပ်မယ်လို့”
ဆိုတဲ့မေ့မေ့အသံက မတင်းမာပေမယ့် နူးညံ့မူ့မပါတာကတော့အသေအချာ။
ရင်ထဲမှာခံစားမိလိုက်တာကတော့ “မြနဲ့မောင်နဲ့ခုမှတွေ့တာ”ဆိုတဲ့ဇာတ်လမ်းရဲ့
အဆုံးသတ်ပိုင်းကိုရောက်လာပြီဆိုတာကိုပါဘဲ။
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး
(14-2-2012)
27 comments
ကိုပေါက်(မန္တလေး)
February 14, 2012 at 9:29 am
ဒီဝတ္တုလေးကတော့ အခန်းဆက် လုပ်လိုက်ရတယ်။
ရှည်လွန်းရင် ဖတ်ဘို့ခက်မှာစိုးလို့။
MaMa
February 14, 2012 at 9:44 am
ိကိုပေါက်ရဲ့ အရေးအသားက စွဲဆောင်မှုရှိတယ်။
ဇာတ်လမ်းဇာတ်ကွက်လည်း ခိုင်မာတယ်။
ဒီတစ်ခါလည်း ကိုရီးယားဇာတ်လမ်းတွဲလို အဆက်လိုက် လာမှာလား။
နောက်တစ်ပိုင်း တင်ပါတော့ ဗျို့……….
amatmin
February 14, 2012 at 10:19 am
အစချီ ကတည်းက မင်းသား၃လက်နဲ့တခါထဲ ပွဲထွက်လာတာကိုး..
ပြီးတော့ နေရာချ ဇာတ်ပြန်ခွဲသွားတာ မိုက်တယ်ဗျာ..ဆက်ဖတ်ချင်နေပီ.
ဒီတော့ ပေါက်ဖော်မ လေသံနဲ့ အော်လိုက်မယ်ဗျာ..
ဗျို့.. နောက်တပိုင်း မြန်မြန်လေးလုပ်ပါဦးးး 😛
ကိုပေါက်(မန္တလေး)
February 14, 2012 at 11:57 am
ဒုတိယပိုင်းရေးနေတာ ပြီးတော့မယ်။
လေးပိုင်းလောက်တော့ ရေးရမယ်ထင်ပါတယ်။
အားလုံးကြိုက်တယ်ဆိုရင် ပိုရှည်မှာသေချာပါတယ်။
nozomi
February 14, 2012 at 12:19 pm
တစ်ကြောင်း နှစ်ကြောင်း ဖတ်မိတာတင် ရပ်လို့ မရတော့ဘူး ကိုပေါက်ရေ
တော်တော်လေးကောင်းဗျ
၄ ပိုင်းလောက် ရေးမယ်ဆိုရင်တော့ အားလုံးပြီးတော့ မှ စုဖတ်တော့မယ်ဗျာ
ဆက်လက်ဖော်ပြပါမည် ဆိုတဲ့ ဒဏ် မခံနိုင်လောက်တော့ဘူး
အဖြေကို မြန်မြန်သိချင်နေမိတယ်
အရိုက်ခံရပြီးတဲ့ နောက် စိမ်းမြသွယ်ကို အဆောင်လိုက်ပို့တာ ကိုပေါက်များလား
ကိုပေါက်(မန္တလေး)
February 14, 2012 at 12:39 pm
ကိုနိုရေ
သိပ်မစောင့်ရပါဘူး ………………………………..
အမြန်ဆုံးရေးနေပါတယ်။
အခုဒုတိယပိုင်းပြီးတော့မယ်။
စိန်ပေါက်ပေါက်
February 14, 2012 at 2:03 pm
အမရေ
ရိုက်ချက်တွေကော ရေးချက်တွေကော ရေလည် ဆလံ ပေးရလောက်အောင်ပဲ ထိမိလှပါတယ်..
မြနဲ ့မောင်နဲ ့ ဘာဆက်ဖြစ်မတုန်း..စောင့်မျှော်လျက်
မောင်
Moe Z
February 14, 2012 at 3:04 pm
မောင်က ကိုရီးယားရောဂါနဲ့ ဂန့်သွားမှာတဲ့ 😀
pooch
February 14, 2012 at 2:57 pm
သူမို့ ထိုင်ငိုနေသေးတယ်။ ကိုယ့်ဖုန်းသာ အဲ့လို ကိုင်ပေါက်လို့ကတော့ ဒင်းကို ရည်းစားရော ဘာရော နားမလည်ဘူး ပါးတချက်လောက်တော့ ပစ်ရိုက်လိုက်မယ် ။ မှတ်လောက်သားလောက် ဟီး..
စိန်ပေါက်ပေါက်
February 14, 2012 at 3:02 pm
ဟုတ်
ဒုတိယပိုင်းကြရင် ပါးရိုက်တဲ့အခန်းထည့်ပေးမယ်ပြောတယ်…
စိတ်ရှော့လိုက်တော့နော်
K@oru
February 14, 2012 at 3:20 pm
ဖိုးအက်စ် ဆို သတ်တောင် သတ်လောက်တယ်..
😀
ကိုပေါက်(မန္တလေး)
February 14, 2012 at 3:16 pm
မယ်ပု ညည်းအဲလို စိတ်ကြမ်းကိုကြမ်းမို့လု့ိ
ကွမ်………………….ကွမ်…………………ကွမ်………………….
FattyCat
February 14, 2012 at 3:22 pm
ကိုပေါက်ရယ်…
အဲဒီသီချင်းလေးလေး…ရွှေပြည်စိုးကို အော်ရီဂျင်နယ်…လေဘာတီမမြရင်ဆိုထားတာရှိရင်
တင်ပေးပါဗျာ…လိုချင်လို့…
“ရွံ့တွေကပ်စေး၊ ကပ်စေး ပုတီးလုပ်ကာဆွဲတတ်ပါတယ်…အုန်းမုတ်ခွက်ကိုရှာကြံ ဒေါ်လာပြားက ဆယ့်ငါးပြားလောက် ဆွဲလိုက်တာ…ကိုကိုများက မြှောက်စားပေမယ့် ဟိုတုန်းကလောက်မပျော်ပါ” ဆိုတဲ့ စာသားလေးကိုကြိုက်လို့ပါဗျာ…
ကြောင်ဝတုတ်
aungnng87
February 14, 2012 at 4:13 pm
နောက်အပိုင်းတွေမြန်မြန်လေးတင်ပေးပါဗျို့။ဇာတ်လမ်းကဖတ်လို့ ကောင်းပါတယ်ဗျို့။
water-melon
February 14, 2012 at 5:38 pm
“ကိုဝေ”လာခေါ်လို့ အဆောင်က ကမန်းကတန်းထွက်လိုက်လာတော့
ကျမမှာပိုက်ဆံအိပ်လဲမပါ။
ဆိုင်ကယ်လဲမပါ။
ဝတ်ထားတော့ ညဝတ်အကျီလေးတစ်ထည်သာပါသည်
LCCI ဆိုတော့ မိန်းထဲက ကျော်စွာဝင်းမှာတက်တာလား။
မြနဲ့မောင် ဘယ်လိုပြီးမလဲ ❓
စိန်ပေါက်ပေါက်
February 14, 2012 at 5:45 pm
ဘယ်လိုဖြစ်လို ့ လိုက်စပ်စုချင်နေရတာလဲ
အချိန်တန်ရင် ပြီးမှာပေါ့ဟဲ့
water-melon
February 14, 2012 at 6:00 pm
ညည်းပူပါလားဟဲ့
ကိုယ့်နေရာကိုယ်နေစမ်းပါ
ဟိုစပ်စပ်ဒီစပ်စပ်နဲ့
အခြောက်က အခြောက်နေရာ နေစမ်းပါဟဲ့
မောလိုက်တာ 😀
စိန်ပေါက်ပေါက်
February 14, 2012 at 6:05 pm
ဟုတ်ကဲ့
ဘယ်လိုပြီးမလဲဆိုတာ ဇာတ်သိမ်းရင် သိရပါလိမ့်မယ်နော့
ကိုပေါက်(မန္တလေး)
February 14, 2012 at 6:14 pm
ဇာတ်သိမ်းကြိုသိချင်ရင် ပိုက်ပိုက်ပေး။
ပြောပြမယ်။
စိန်ပေါက်ပေါက်
February 14, 2012 at 6:22 pm
အကြွေးရပါသလား ခင်ဗျ
ကိုပေါက်(မန္တလေး)
February 14, 2012 at 6:32 pm
အကြွေးတစ်ဈေး လက်ငင်းတစ်ဈေး ကြိုက်မှမေးပါ။
Khin Latt
February 14, 2012 at 8:21 pm
မနေနိုင်လို့ အချိန်ခိုး ဝင်မန့် ခဲ့ပါသည်။
ကို ပေါက်ရေ – မိုက်တယ် ဗျာ။
လက်တန်းရေး နေတာထင်ရဲ့။ ဘယ်လိုများ ရေးလဲ လို့ အားကျမိလေခြင်း။
မြ ကိုတော့ ကိုဝေ လက်ထဲ မအပ်လိုက်ပါနဲ့ ဗျို့။
စမ့်တငန့်ငန့်ဖြင့်
မလတ်
ဒီတော့မြ အမေကြီး ကို ဂေဇက်ရွာထဲ ပို့ပေးလိုက်ပါ။
သူ့ကို နားချ ကြည့်လိုက်ရအောင်။ ကြောင်ကြီးကို တာဝန်ပေးမယ်။ 😀
ရွှေဘိုသား
February 14, 2012 at 9:33 pm
မြနဲ့မောင် ခုမှတွေ့တာ ကျနော်လည်း ဒီပို့စ်ကိုခုမှတွေ့တာ ကွန်နက်ရှင်ရယ် မရက်စက်လိုက်ပါနဲ့ ဝတ္ထုထဲကတော့ အမေရောက်လာပြီ သိပ်မဟန်တော့ဘူး ဒီကလည်း လေးလာပြီ လိုင်းကသိပ်မဟန်တော့ဘူး
ကိုပေါက်(မန္တလေး)
February 14, 2012 at 9:47 pm
ကြောင်ကြီး လက်အပ်လို့ မရဘူးကိုလတ်
ဟိုတစ်ခါတုန်းက ကြောင်ကြီးနှိပ်စက်လိုက်တာ လေးရက်လောက် လိပ်ပြာပျောက်သွားတယ်။
တူမနဲ့ပေးစားမယ်လို့ ကတိပေးထားလို့သာ ကြည့်နေရတာ အဲဒီကောင်လူဆိုးရယ်။
unclegyi1974
February 14, 2012 at 11:54 pm
အင်းခံစားချက်အပြည့်နဲ့ရေးထားပုံပဲ
ကိုပေါ်က်ရဲ့ကိုယ်တိုင်ရေးပုံတူနဲ့တူတယ်
padonmar
February 15, 2012 at 12:26 am
ကိုပေါက်က ဝတ္ထုရေးရင် မိန်းကလေးဖက်က ရေးပေးတတ်တယ်နော်။
နွေးသီးတုံးကလည်း ဒီလိုပဲ။
အစလေးကကို ဆွဲဆောင်မှုရှိနေတာ။
အဆုံးထိ ဆက်ဖတ်မိရော။
ဒီသီချင်းလေးလည်းကြိုက်ပါတယ်။
marblecommet
February 15, 2012 at 6:41 am
ကိုကြီးပေါက်
အချိန်မရလို့ မဖတ်ခဲ့ရဘူး ဝင်မန့်သွားတယ်နော်
ဖေ့ဘွတ်မှာတွေ့ကြမယ်ဗျာ
မိုးလင်းသွားပြီဗျ
အိမ်ပြန်တော့မလို့
……….
ရေထဲကလူ
မောင်ကမ်း…..