“ချစ်စထုံးနှောင် …………..အပိုင်းနှစ်”

“ချစ်စထုံးနှောင်……………..”(အပိုင်းနှစ်)

“သမီး မောင်ဝေ နဲ့ လက်ထပ်ဘို့ အချိန်တန်ပြီ ထင်တယ်”
လို့မေမေပြောတော့ ကျမမှာ ဖြေစရာအဖြေမရှိပါ။
ကျမမှာ ကိုဝေကို ငြင်းပယ်စရာအချက်မရှိပါ။
ရှိခဲ့ရင်လဲမေမေ တို့လက်မခံဘူးဆိုတာကိုလဲအသေအချာသိပြီးသား။
ဘာမှပြန်မပြောတဲ့ ကျမကို မေမေက တိုက်စစ်အရှိန်ထပ်မြှင့်လာပါတယ်။
“သမီးနဲ့ တွဲနေတဲ့ကောင်လေးကို မေမေတို့ သဘောမကျဘူးလို့တော့ မဆိုချင်ပေမယ့်
သမီးက မောင်ဝေနဲ့လက်ထပ်ပါမယ်ဆိုလို့ မေမေတို့လူကြီးတွေကလဲစီစဉ်ပြီးသား။
နောက်ကိုယ်လက်ထပ်မယ့်သူရှိရက်နဲ့ အခြားယောက်ျားလေးနဲ့တွဲနေတာကလဲ
သဘာဝမကျဘူး၊
မောင်ဝေကိုလဲ အားနာစရာကောင်းတယ်။
နောက်ပြီး သမီးနေတာက မိဘအုပ်ထိန်းမှု့နဲ့ဝေးတဲ့ တစ်မြို့တစ်ရွာမှာလေ။”
“သမီး ကိုဝေကိုလက်မထပ်ချင်ဘူး မေမေ”
“အခုမှပြောလို့ မရတော့ဘူးလေ အားလုံးက စကားအပြီးပြောထားပြီးသား။
ဒါကလဲသမီးကိုမေးပြီး လက်ခံပါတယ်ဆိုလို့ မေမေတို့စီစဉ်တာလေ “
“အဲဒီတုန်းက သမီးမှာမှ ချစ်သူမရှိသေးတာဘဲမေမေရယ် ”
“သမီး ဒါတွေအခုမှလာပြောမနေနဲ့တော့လေ။
မောင်ဝေနဲ့အမြန်ဆုံးလက်ထပ်ဖို့ စီစဉ်တော့မယ်
နောင်ကြာရင် မျက်နှာပျက်စရာတွေဖြစ်ကုန်မယ် ”

ညပိုင်းရောက်တော့ မန်းလေးကန်တော်ကြီးစောင်းက 12ပန်းနားမှာထမင်းသွားစားကြပါတယ်။
ကန်ရေပြင် အစပ်နားမှာ သီးသန့်ထိုင်လို့ရတဲ့ လုံးခြင်းတဲလေးတွေဆောက်ပေးထားပါတယ်။
ကြမ်းပြင်ပေါ်မှာ တင်ပလ္လင်ခွေထို်င်ပြီးစားရတဲ့နေရာလေးပါ။
သီးသန့်ဖြစ်ပြီး အေးအေးဆေးဆေးစကားပြောလို့ရပါတယ်။
အဲဒီဆိုင်မှာလူကြိုက်များတာကတော့ ကောက်ရိုးမီးကြက်ကင်နဲ့ငါးမန်ကျည်းသီး ပါ။
ကျမတို့သုံးယောက် ထမင်းစားရင်းနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ဇာတိမြေနဲ့ဝေးကွာ
နေတဲ့ကျမကို ရပ်ရွာအပြောင်းအလဲတွေကို တစ်ယောက်တလဲပြောပြနေကြတာ အချိန်တွေ
ဘယ်လိုကုန်သွားမှန်းတောင် မသိဘူး။
စကားပြောနေရင်း က မေမေသန့်စင်ခန်းသွားချင်တယ်ဆိုတာနဲ့ ကျမအဖော်လိုက်အသွား
ခဏလေးဘဲဆိုပြီး ဟန်းဖုန်းကိုခုံပေါ်မှာ အမှတ်တမဲ့နဲ့ ထားခဲ့ပါတယ်။
အဲဒါ ကျမအမှားတစ်ခုကျူးလွန်မိတယ်ဆိုတာ နောက်မှ နောင်တများစွာနဲ့သိရပါတယ်။
ကျမတို့ပြန်လာတော့ “နောင်မပါတ်သက်ရင်ကောင်းမယ်ဗျာ”လို့ကိုဝေပြောနေတာကို
နားစွန်နားဖျားကြားလိုက်ရပါမယ်။
ဒါပေမယ့်ကျမကိစ္စပြောတယ်လို့မထင်မိဘူး။
သူကိစ္စသူပြောတယ်ဘဲမှတ်နေတာပါ။

ကျမတို့ တည်းတဲ့ဟော်တယ်ပြန်ရောက်လာတော့ ညကိုးနာရီစွန်းစွန်း။
အခန်းထဲမှာမေမေနဲ့စကားပြောနေတုန်း “မြနဲ့မောင်နဲ့ခုမှတွေ့တာ”
ဆိုတဲ့အသံလေးကြားရပြန်ပါတယ်။
အဲဒါနဲ့ကျမအခန်းအပြင်ထွက်ပြီးစကားပြောတော့
ညနေပိုင်းဖုန်းဆက်တာမောင်ဖြစ်နေတာသိရပါတယ်။
ကိုဝေ ကမောင့်ကို မာမာတင်းတင်းနဲ့ နောင်မပါတ်သက်ဘို့ပြောလိုက်တာခုမှသိရပါတယ်။
မောင်ကလဲသူကြောင့် ကျမတို့မိသားစုအတွင်းပြဿနာတက်မှာကိုတော့စိုးရိမ်ပါတယ်။
တကယ်ဘဲ မဆက်သွယ်ရတော့ဘူးလားလို့မေးတော့ကျမမှအဖြေရအတော်လေးခက်သွားပါတယ်။
ကျမ ကိုဝေကို စိတ်လဲအတော်လေးတိုသွားပါတယ်။
ဒါနဲ့ ကိုဝေအခန်းတံခါးကိုခေါက်ပြီးအပြင်ထွက်ဘို့ခေါ်လိုက်ပါတယ်။
“ဘာလို့ကျမဆီဖုန်းလာတာကို နောက်မဆက်သွယ်နဲ့လို့ပြောလိုက်ရတာလဲ”
“ မဆက်သွယ်စေချင်လို့ပေါ့ မိသွယ်ရ “
“ အဲဒါ နင့်ကိစ္စမှ မဟုတ်တာ ကိုဝေရာ“
“ ဘာလို့ငါ့ကိစ္စမဟုတ်ရမှာလဲ မိသွယ်ရ ငါတု့ိက လက်ထပ်ကြတော့မယ့်သူတွေလေ“
“ ကိုဝေရာ ငါ့ကိစ္စ ငါဖြေရှင်းပါမယ် နင်အသာနေစမ်းပါ“
“ အေး နင်းမရှင်းရင် အလုပ်ထွက်ပြီး မိုးကုတ်ပြန်လာရုံဘဲ“
“အဲဒါ ငါ့အပိုင်းပါ ။
နောက်ငါ့ကိစ္စထ ဲနင်လုံးဝမပါနဲ့။
အခုချိန်မှာ သဘောတူထားကလွဲရင်နင်နဲ့ငါ ဘာမှမဆို်င်သေးဘူး။
အေး နင်နဲ့လက်ထပ်ပြီးရင်တော့ နင့်သဘော “
“ငါ ကတော့လုပ်စရာရှိတာလုပ်မှာဘဲမိသွယ် နင်စိ်တ်မများနဲ့”
ကျမတို့စကားများနေတာကို မေမေကြားသွားသလားတော့ မသိဘူး။
အခန်းပြင်ထွက်လာတာနဲ့ ပြောလက်စ စကားရပ်ပြီး အခန်းထဲဝင်လိုက်ရပါတယ်။
အခန်းထဲရောက်မှ ကျမ မျက်ရည်တွေ တစိ်မ့်စိမ့်ကျလာပါတော့တယ်။
“ သမီး မောင်ဝေနဲ့စကားများလာသလား“
“ဟုတ်တယ် မေမေ စကားများလာတာ။
ညနေက သမီးဆီလာတဲ့ဖုန်းကို သူပြောချင်တာတွေပြောလွှတ်လို်က်တာ။
သမီး လူကို သူဘာမှဝင်ပြောစရာ အကြောင်းမရှိဘူး “
“ နောက်သူနဲ့သမီးက လက်ထပ်ကြတော့မှာဘဲကွယ်“
“စိတ်ချ မေမေ သမီးကိစ္စကို သမီး ပြီးပြတ်အောင်လုပ်မှာပါ “
“ သမီးရယ် မေမေတို့ကလဲ လူကြီးချင်းက နှစ်အိမ့်တစ်အိမ်လိုဖြစ်နေတော့ မျက်နှာပျက်ရမှာကိုစိုးရိမ်တယ်လေ“
“ မေမေ ကိုဝေ သာ ဝင်မပါ ပါ့စေနဲ့။
ပေးထားတဲ့ကတိအတိုင်းသမီးကိုဝေကိုဘဲလက်ထပ်မှာပါ“
မေမေလဲကျမအနားက ခွာသွားတော့မှ ကုတင်ပေါ်မှာ လှဲအိပ်နေရင်းငိုမိပါတယ်။
ဖျပ်ကနဲ့မေမေ့ကို လှမ်းကြည့်မိတော့ မေမေ့မျက်နှာလဲမကောင်းပါဘူး။
ဒါနဲ့မေမေ့အနားကိုသွားပြီး
“မေမေ သမီးဘဝမှာ ဘယ်သူနဲ့မှ မပါတ်သက်ခဲ့တာလဲ မေမေသိပါတယ်။
မောင်နဲ့ကျမှ သမီးဘယ်လိုချစ်မိသွားတယ်ဆိုတာတော့ မပြောတတ်ဘူး။
မေမေ သမီး ပေးပြီးတဲ့ကတိကို မဖျက်ပါဘူး။
သမီးကို အချိန်နည်းနည်းပေးပါ။
ဒီနှစ်ကုန်ရင် ကိုဝေ ကိုလက်ထပ်ပါမယ်။
အခုဒီတစ်ယောက်နဲ့ပြတ် အိမ်ကပေးစားတဲ့လူနဲ့ချက်ခြင်းလက်ထပ်တော့ မလုပ်ချင်ဘူးမေမေ”
“ အေးပါ သမီးရယ် သမီးကောင်လေးနဲ့ကိစ္စကို သမီးအမြန်ဆုံးရှင်းထား။
မေမေလဲ နက်ဖြန် မနက်ပြန်မယ်။
လက်ထပ်ဘို့ကိစ္စကို တပေါင်းပွဲ မတိုင်ခင် စီစဉ်လိုက်မယ်နော်“
“ ရတယ်မေမေ သမီးပေးထားတဲ့ကတိအတိုင်း လက်ထပ်မှာပါ“
မေမေနဲ့စကားပြောအပြီး ကျမအိပ်ယာထဲဝင်ခွေနေမိပါတယ်။
ည ဆယ်နာရီကျော်ကျော်လောက် မောင့်ဆီက ဖုန်းထပ်လာပေမယ့် မကိုင်တော့ဘဲ ဖုန်းကိုပိတ်ထားလိုက်ပါတယ်။
မောင့်ကို ဘယ်လိုပြောရမယ်ဆိုတာ စဉ်းစားရင်း အတွေးတွေချာချာလည်။
နိုးတစ်စိပ် အတွေးတစ်စိပ်အိပ်တစ်ဝက်နဲ့ စိတ်ပျက်စရာ ညတစ်ညကို လွန်မြောက်ခဲ့ရပါတယ်။
???????????? ????????????????? ????????????????????? ??????????????????
မနက်မိုးလင်းတော့ မေမေထုံးစံအတိုင်း (84-85)ကြား 31လမ်းဝင်းထဲက မန်းလေးရဲ့
နာမယ်ကျော် “စိုးစိုးမုန့်တီ”ကိုဝင်စားပြီး ကျမကိုအဆောင်ပြန်ပို့ ပြီးတော့မှ မေမေတို့မိုးကုတ်
ကိုပြန်သွားကြပါတယ်။
ကျမအဆောင်ပြန်ရောက် ညက ကောင်းကောင်းမအိပ်ခဲ့ရတော့ မူးနောက်လို့နေပါတယ်။
ဒါနဲ့ဘဲရုံးကိုခွင့်လှမ်းတင်လိုက်ပါတယ်။
ကျမကုတင်ပေါ်လှဲနေရင်းကအိပ်မပျော်ခင်လေးမှာ
“မေမေက သမီးစိမ်းမြ ကိုစိတ်ချပြီးသား”ဆိုတဲ့စကားလေးက
ကျမကိုလှူပ်မရအောင်ချုပ်နှောင်နေတာကိုတွေးမိပြန်ပါတယ်။
ခဏဆိုလှဲလို်က်တာကနေ ကျမအိပ်ပျော်လို့သွားပါတယ်။
“မြနဲ့မောင်နဲ့ခုမှတွေ့တာ”ဆိုပြီးခေါင်းအုံးဘေးနားမှာထားတဲ့ဖုန်းမြည်သံကြားတော့လန့်အနိုး
နာရီကို ကြည့်လိုက်တော့ ညနေသုံးနာရီ။
ကျမအကြာကြီး အိပ်ပျော်သွားတာဘဲလို့တွေးနေတုန်း
“မြရဲ့မောင်ရောက်နေတယ်ဟေ့”ဆိုတဲ့အောက်ထပ်ကအော်ခေါ်တဲ့အသံကြားတော့
“မောင်ခဏစောင့်နော် ရေအမြန်ချိုးလိုက်မယ်”လုို့အမြန်ပြောရင်းရေချိုးဘို့ကမန်းကတမ်း
အိပ်ယာကထလို်က်ရပါတယ်။
ရေအမြန်ချိုးပြီး အဆောင်အောက်ဆင်းတော့မောင်စောင့်နေပါတယ်။
“ရှမ်းထမင်းဆိုင်သွားရအောင်”
“ထမင်းမစားရသေးဘူးလား”
“မနက်စာကိုမစားရသေးတာ အခုမှနိုးတာ”
ထမင်းဆိုင်ရောက်တော့ မောင်က စားပြီးသားဆိုတော့ကျမတစ်ယောက်ထဲဘဲထမင်းစားရပါတယ်။
စားပြီးတော့ မောင်က ဒိန်ချဉ် သောက်ချင်တယ်ဆိုတာနဲ့အေးအေးဆေးဆေးစကားပြောလို့ရမယ့်
78လမ်းပေါ်က “မင်းသီဟ”ကိုသွားကြပါတယ်။
အဲဒီဆိုင်လေးက ဘူတာကြီးနဲ့နီးပါတယ်။
ဆိုင်အပေါ်ထပ်မှာ မှန်တွေကာထားတော့ ဖုံမဝင် အဲကွန်းဖွင့်ထားတော့ နေကောင်းရုံခပ်အေးအေး။
ဆိုင်အပြင်အဆင်ကြည့်ပြီးဈေးကြီးမယ်ထင်တော့ တော်ရုံလူမလာ။
(ဈေးကတော့ သာမန်ဆိုင်တွေနဲ့အတူတူယူတာပါဘဲ)
သီချင်းကလဲခပ်တိုးတိုးလေးဖွင့်ထားတယ်ဆိုတော့အေးအေးဆေးဆေးနဲ့
စကားပြောလို့ကောင်းပါတယ်။
“မနေ့ညက ဘာလို့ဖုန်းမကိုင်တာလဲ”
“မေမေနဲ့စကားပြောနေလို့”
“အခြေအနေက…………”
“အမှန်အတိုင်းပြောရရင် မကြာခင် ကိုဝေနဲ့လက်ထပ်ရမှာဘဲ၊
နောက်ဆိုအခုလိုတွေ့ရမတော့မယ်မထင်ဘူးမောင်”
“မျော်လင့်ထားတာ ထက် ဆိုးသွားပြီပေါ့”
“အရင်ကတော့ အမေ့ကို တောင်းပန်လို့ရရင်တောင်းပန်ပြီး
မောင်နဲ့လက်ထပ်မယ်လို့ တွေးထားခဲ့တာလေ။
ပြောရင် ရနိုင်မယ်လို့လဲ ထင်ခဲ့မိတယ်။
အခုကတော့ လုံးဝ ကို မဖြစ်နိုင်တော့ဘူးမောင်၊
အဓိက ကတော့ ကိုဝေဘဲ သူကိုက လက်ထပ်ချင်နေတာ။”
ကျမတို့နှစ်ယောက်ရဲ့စကားဝိုင်းက တိတ်ဆိတ်၊
အပေါ်ထပ်မှနေ့လည်ခင်းရှင်းနေတော့ စားပွဲထိုးကောင်မလေးတွေကလဲအိပ်ငိုက်။
ပြီးသွားတာကို မဖွင့်တော့ သီချင်းသံကလဲတိတ်ဆိတ်။
“မောင်ရေ………မောင်နဲ့မတွေ့ခင်ကတည်းက ကိုဝေနဲ့က လူကြီးခြင်းသဘောတူပြီးသား။
ပြောရရင်တော့အရှည်ကြီး။
နောက်အဲဒီအချိန်က ကျမစိတ်ထဲမှာအ ချစ်ဆိုတာလဲ မရှိခဲ့ဘူး။
အဲတော့ လွယ်လွယ်နဲ့ခေါင်းငြိမ့်ခဲ့မိတာပေါ့။
မောင်နဲ့တွေ့မှ ကျမ အလိုလိုနေရင်းချစ်မိသွားခဲ့တာလေ။
မောင်နဲ့တွေ့တာပျော်ပေမယ့် တစ်ချိန်မှာအိမ်ကပေးစားသူနဲ့ယူရမယ်ဆိုတာလဲသိပြီးသား။
အဲဒါကိုတွေးမိရင် အိပ်မပျော်တဲ့ညတွေလဲ အများကြီးပါမောင်ရာ။
မောင့်ကို လှည့်စားတာ တော့ မဟုတ်ပါဘူး။
ရင်ထဲက ကို အလိုလိုချစ်မိတာ မောင်နဲ့နေရ ရင်ကြည်နူးမိတာတော့ အမှန်ပါ။
မောင်နဲ့နေခွင့်ရှိသလောက်လေးနေမယ်ဆိုတဲ့စိတ်ကို မတားဆီးနိုင်ခဲ့ဘူးမောင်ရယ်။”
ကျမက သာမောနေအောင်ပြောပေမယ့် မောင်ကတော့တိတ်ဆိတ်မြဲ။
ကျမရှေ့သာ သူထိုင်နေပေမယ့် ကြေကွဲမူ့တွေစွန်းပေနေတဲ့မျက်ဝန်းတွေက
အဝေးတစ်နေရာကိုရောက်နေသလို။
လူခြင်းသာမျက်နှာခြင်းဆိုင်နေပေမယ့်မောင့်အတွေးကတော့ အဝေးမှာထင်ပါရဲ့။
အတော်လေးကြာအောင် စကားမပြောဘဲထိုင်နေမိကြပါတယ်။
နောက်မှ
“မောင် ဒီနေ့ကစပြီးမောင်နဲ့ကျမ တွေ့တာနောက်ဆုံးလို့ ထားလိုက်ရအောင်နော်”
“ စိမ်းမြ စိတ်က အဲလောက်တောင် မာနိုင်သလား“
“အဲလို မာလို့တော့ မဟုတ်ဘူးလေ…………ကျမ မေမေ့ကိုပေးထားတဲ့ကတိမဖျက်ချင်ဘူး “
“ ကျမ ရင်ထဲမှာခံစားရတာ ကြေကွဲရတာ ကျမအသိဆုံးပါ“
“မောင့်ဘက်ကိုကော ထည့်စဥ်းစား မပေးတော့ဘူးလား “
“ကျမ လက်တွေ့ကျကျဘဲ ဆုံးဖြတ်ချင်တယ်မောင်ရယ်။
နက်ဖြန်ကစပြီး ကျမကို မနက်လာမခေါ်နဲ့တော့ နော်
နောက်ပြီး ဖုန်းလဲမဆက်နဲ့တော့ “
ကျမတို့နှစ်ယောက်စကားဝိုင်းကပြန်လည်တိတ်ဆိတ်လို့သွားပါတယ်။
ခဏနေမှာမောင်က ဝန်ထမ်းကောင်မလေးကိုခေါ် ပိုက်ဆံရှင်း။
“သွားကြစို့”တစ်ခွန်းဘဲပြောပြီး အောက်ကိုဆင်းလာခဲ့ကြပါတယ်။
အပြန်လမ်းတစ်ခုလုံးလဲတိတ်ဆိတ်။
အဆောင်ရှေ့ရောက်တော့ ကျမကိုနုတ်မဆက်ဘဲ ဆိုင်ကယ်မောင်းထွက်သွားပါတယ်။
အဲတော့ ကျမလုပ်နိုင်တာက အခန်းထဲရောက်မှ ကျိတ်ငိုမိတာပါဘဲ။
&&&&&&&&&&&&&&&& &&&&&&&&&&&&&&&&& &&&&&&&&&&&&&&&&&&&&&&
နောက်ရက်တွေမှာတော့မောင့်ဆီက ဖုန်းမလာပါဘူး။
ကျမလဲအလုပ်သာသွားနေရတာ စိတ်မပါလက်မပါ။
ရင်ထဲမှာဟာတာတာ။
အလုပ်မှာလဲ အလွဲလွဲအမှားမှား။
အစကတော့ အားလုံးကသတိမထားမိကြပါဘူး။
နောက်ရုံးကလူတွေက စသတိပြုမိကြပါတယ်။
“မြနဲ့မောင်နဲ့ခုမှတွေ့တာ”အသံကို မကြားရတဲ့သူတွေကပေါ့။
ဘယ်ပျောက်နေသလဲ ……..စိတ်ကောက်နေကြတာလားပေါ့။
အဆောင်က လူတွေကတော့
“မြရဲ့မောင်လာတယ်ဟေ့”ဆိုတဲ့အသံတိတ်နေတာကြာတော့
ခရီးထွက်သွားသလားပေါ့။
အဲလိုသတိတရနဲ့အမေးခံရရင် ကျမအတွက်ကတော့ငိုချင်ရဲ့လက်တို့။
ဘာမှမဖြေနိုင်ဘဲ မျက်ရည်တွေသာ ကျလာတတ်တော့အားလုံးကသနားတယ်
ထင်ပါတယ် နောက်ဘယ်သူမှ မမေးကြတော့ပါဘူး။
ကျမအတွက်ပိုပြီးအနေခက်စေတဲ့နေ့ကတော့အလုပ်ပိတ်တဲ့ဥပုဒ်နေ့တွေပါဘဲ။
ခါတိုင်းဆိုရင် မနက်စောစောထ မောင်နဲ့ အတူမုန့်စား။
ဘုရားကြီးသွား ဒါမှမဟုတ်အောင်တော်မူ ကျောက်တော်ကြီး ဒါမှမဟုတ် တနေ နေရာပေါ့။
တစ်ခါတစ်လေတော့လဲ အေးအေးဆေးဆေး စကားပြောလို့ရတဲ့ အောင်ပင်လယ်ဘက်က
အေးမြသန်ရှင်းတဲ့လေကိုရှူရင်း တိတ်ဆိတ်တဲ့သစ်ပင်ရိပ်မှာထို်င်ချင်ထိုင်။
တစ်ခါတစ်လေတော့လဲ မန်းလေးကန်တော်ကြီးစောင်းသွားချင်သွား။
မောင်တို့အိမ်လိုက်ပြီး မောင့်မေမေချက်တာပြုတ်တာကိုကူ သီချင်းတွေဆို
ကိုရီးယားကားတွေအတူကြည့် စကားတွေပြော။
ရုပ်ရှင်ကြည့်တဲ့အခါသွားနဲ့ တစ်ပါတ်နဲ့တစ်ပါတ် မထပ်အောင်လည်။
တစ်ခါတစ်လေ မောင်ချော့တာခံချင်တော့ အလိမ်အလိမ်စိတ်ကောက်ပြ။
အခုတော့ အဲဒါတွေနဲ့ဝေးနေတော့ ရင်ထဲမှာ ဟာတာတာ။
မျုးိကြီးရဲ့ ကန်တော်ကြီးအင်းလျားလဲ မသွားချင် မနေတတ်လို့ဆိုတဲ့သီချင်းလေးကို ပိုစာနာမိလာသလိုလို။
အခုမောင်နဲ့လဲ အဆက်ဖြတ်လိုက်ရော ဘယ်မှလဲမသွားချင်။
ကုန်ခဲတဲ့အချိန်တွေ ရှည်လွန်းတဲ့နေ့တွေကိုတစ်ယောက်ထဲဖြတ်သန်းရပါတော့တယ်။
အရင်ကတည်းက အတူသွားအတူလာ သူငယ်ချင်းက သိပ်မရှိဆိုတော့ ပိုဆိုးတာပေါ့။
တစ်လကျော်ကျော်လောက်ရောက်တော့ ကျမစိတ်တွေမခိုင်ချင်တော့ပါဘူး။
မောင့်ကို ပြန်ဆက်သွယ်ရင်ကောင်းမလား။
မေမေတို့ ိုနဲ့သဘောတူထားတာကို ဘဲ ဇွတ်မှိတ်ပြီးဖျက်လိုက်ရမလား။
ဆိုတဲ့အတွေးတွေနဲ့ဝေဝါးလာပါတယ်။
မောင် သိပ်နေနိုင်တယ်ဆိုတဲ့အတွေးကလဲ ကျမရင်ထဲကိုုတိုးဝင်လာတဲ့အခါ ငိုမိပါတယ်။
တစ်ရက် တိတ်ဆိတ်တာအတော်ကြာနေတဲ့
“မြနဲ့မောင်နဲ့ခုမှတွေ့တာ…………..”ဆိုတဲ့အသံလေးမြည်လာပါတယ်။
ကျမစိတ်ထဲမှာအရမ်းပျော်သွားပါတယ်။
ဝမ်းလဲဝမ်းသာမိပါတယ်။
ကျမဖုန်းလေးကို ကောက်ကိုင်မယ်အလုပ်
မေ့မေ့ရဲ့
“မေမေက သမီးစိမ်းမြ ကိုစိတ်ချပြီးသား”ဆိုတဲ့လေးကို ဖျတ်ကနဲကြားမိလိုက်တော့။

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင် အဆွေးပါးပါးလေး
(17-2-2012)

21 comments

  • ကော်နက်ရှင် ခပ်စုတ်စုတ်ကြောင့်
    တစ်ဝက်တစ်ပိုင်းဖြစ်လိုဖြစ်
    ကော်မင်းပိတ်လို့ပိတ်
    စိတ်……………လေ………….တယ်။

  • water-melon

    February 17, 2012 at 8:56 am

    လေးပေါက်
    ဒီစာထဲမှာ မန်းလေးက စားသောက်ဆိုင်၊မုန့်ဆိုင်တွေပါတယ်နော့၊
    လေးပေါက် စာရင်းပြုစုထားတာလား
    ကြည့်ရတာတော့ ဖြစ်ရပ်မှန်ထင်တယ်

  • Moe Z

    February 17, 2012 at 9:10 am

    လေးပေါက် ကိုရီးယားသွားပြီးဇာတ်ညွှန်းရေးဖို့များ စိတ်ကူးနေတာလား
    ဇာတ်သိမ်းပိုင်းစောင့်နေပါတယ်ဆိုမှ ဆက်လက်ဖော်ပြပါမည်တဲ့ 🙁

  • မင်းသမီးတစ် မင်းသားသုံး အခုမှ ပထမတစ်ယောက်နဲ့ စလမ်းခွဲမှာလေကွယ်။
    တစ်ယောက်ယောက်နဲ့တော့ တွဲပေးမှရမှာပေါ့။
    ဟိုက ကမ်းလှမ်းထားပါတယ်။
    အညံ့ဆုံးဇာတ်လမ်း လိုချင်လို့တဲ့။
    စကားလက်ဆောင်ပါးလိုက်ပါမယ်။
    မိတ်ဆွေ စိတ်ရှည်ပါ။

    • စိန်ပေါက်ပေါက်

      February 18, 2012 at 11:06 am

      များနဲ ့ပဲ ပေးချားရမယ်နော်..
      လူဂျိုးလုပ်နဲ ့

  • nozomi

    February 17, 2012 at 9:57 am

    သိချင်ပြီ ဆို ဖြတ်ပြီ ကိုပေါက်ကြီး ဝဋ်လည်မယ်နော
    တကယ်ကို စိတ်ဝင်စားနေပါတယ်
    ရသ အရေးပိုင်တဲ့ ကိုပေါက် တို့ ကိုပေ တို့ကို အားကျမိရဲ့
    ကောက်ရိုးမီးကြက်ကင်နဲ့ငါးမန်ကျည်းသီး ကိုစားချင် မင်းသီဟ မှာလဲ ထိုင်ချင်လာတယ်
    ( မန်းလေးရောက်ရင် လုပ်ရန် စာရင်းထဲ တို့ထားလိုက်မယ်)

    ဖတ် နေရင်း နဲ့ ကိုကြောင်ကြီး ဇတ်လမ်းလေးနဲ့ သွားတူနေသလားလို့ ( သူကိုယ်တိုင် ဝန်ခံထားတာလေ)
    သူ နဲ့ နန္ဒာလှိုင်နဲ့ ကြိုက်နေတုန်းရွှေမင်းသမီး က အိမ်ကပေးစားတဲ့ ဟိုအဘိုးကြီး သားနဲ့ ယူတဲ့ အကြောင်းလေးလေ
    ကိုကြောင်းကြီး စိတ်မကောင်းပါဘူးဗျာ ၊ ကြာပြီ ဆိုတော့ မေ့လိုက်ပါတော့ နော

  • FattyCat

    February 17, 2012 at 10:03 am

    ဟာကွာ….ဖြတ်သွားပြီပြန်…စောင့်နေတယ်နော်…နောက်တစ်ပိုင်း…..

  • စိန်ပေါက်ပေါက်

    February 17, 2012 at 10:52 am

    မာမီပေါက်နော်..မာမီပေါက်
    မြကို မောင်နဲ ့ပဲ ပေးစားရမယ်..
    မပေးစားရင် မာမီ့ကို ချောင်းရိုက်ပစ်မှာ
    အဲဒီ ကိုဝေ(ကိုလင်းဝေမဟုတ်)က ခွက်ပုန်းသမား၊နှာဘူး၊တဏှာရူး ဂေါက်သီးကြီး
    အဲတာ မောင်နဲ ့ပဲပေးစားရမယ်..ဒါဗျဲ..

    လူငယ်ချင်းချင်း ကြိုက်ရာလူ အဝှာပြုပစေပေါ့
    အဲဒီလူဂျီးတွေက နှလုံးသားရေးရာမှာ ကွန်ထရိုး သိပ်လုပ်ချင်ကြတာပဲ

    ပုံ
    စိတ်မရှည်တဲ့
    မှောင်

    • စိန်ပေါက်ပေါက်

      February 17, 2012 at 6:20 pm

      ဟုတ်ကဲ့ပါ မှောင်

  • Khin Latt

    February 17, 2012 at 9:45 pm

    ရင်တွင်းဖြစ် ဆိုရင် “ကိုပေါက်” က “ကိုဝေ” တော့ မဟုတ်ဘူး မဟုတ်လား။ အဟိ 😉
    လေးပိုင်း .. ဆိုတော့ မနဲ စိတ်ရှည်ရမှာပါလား။
    ခံစားချက် တွေ ပိုများရင် ဒါထက် ပိုနိုင်သေး ဆိုတော့ ကာ ….
    “စိမ်းမြရေ ဘယ်သူ့ကို မှ အယူဘူး” လို့ မာမီ့ ကို ပြောလိုက် လို့ ချွန်ပေးလိုက်မယ်။
    မြန်မြန်လေးတော့ ရေးပါ ဆြာ ရေ့။

    စိတ်ကိုအတင်းဆွဲဆန့်ပေးနေရသော
    ကိုလတ် 😀

  • unclegyi1974

    February 17, 2012 at 10:41 pm

    ကိုရင်ပေါက်ငယ်ကဇာတ်ကိုမော်ဒန်ဖိုင်းလုပ်နေတာလားဟင်

  • ကျုပ်တို့ငယ်ငယ်တုန်းက မင်းသီဟလက်ဖက်ရည်ဆိုင်မရှိဘူးလေ။
    ဆေးကျောင်းနားမှာဝင်းသီတာ။
    ကျောင်းထဲမှာ အုန်းမဲကြီး။
    ကလေးဆေးရုံနားမှာ စိန်မြင့်မိုရ်။
    မြို့လည်ခေါင်မှာဆိုရင် မုတ်ဆိတ်နဲ့မင်းမင်းကျော်။
    ဘုရားကြီးနားမှာဆိုရင် လေနတ်သား………….
    အန်ကယ်ကြီးကလဲ သိရဲ့သားနဲ့ရူးချင်ယောင်ဆောင်နေပြန်ပြီနော်…………….

  • ရွှေဘိုသား

    February 17, 2012 at 10:48 pm

    မောင်နဲ့တွေ့တာပျော်ပေမယ့် တစ်ချိန်မှာအိမ်ကပေးစားသူနဲ့ယူရမယ်ဆိုတာလဲသိပြီးသား။
    အဲဒါကိုတွေးမိရင် အိပ်မပျော်တဲ့ညတွေလဲ အများကြီးပါမောင်ရာ။
    မောင့်ကို လှည့်စားတာ တော့ မဟုတ်ပါဘူး။
    ရင်ထဲက ကို အလိုလိုချစ်မိတာ မောင်နဲ့နေရ ရင်ကြည်နူးမိတာတော့ အမှန်ပါ။
    မောင်နဲ့နေခွင့်ရှိသလောက်လေးနေမယ်ဆိုတဲ့စိတ်ကို မတားဆီးနိုင်ခဲ့ဘူးမောင်ရယ်။”

    လေးပေါက်က ကိုယ့်သား အနာဟောင်းလာဆွနေတာပဲ ရန်ကုန်ရောက်ပြီးနောက်နှစ် GTC ကချစ်ဦးသူလေး သဲနုစိုး အဲဒီတော်ကီတွေနဲ့ ကျနော့်ကိုပစ်သွားတာ နေ့က 1.April.2009 ကျနော်ပြန်ပြောနိုင်တာ တစ်ခွန်းထဲ ရပါတယ် မင်းအဆင်ပြေသလိုလုပ်လိုက်ပါ ငါကတော့ April Fool မှာအရူးလုပ်ခံရတယ်လို့ပဲ သဘောထားလိုက်ပါ့မယ်လို့လေ ပြောရင်းတောင် ငိုချင်လာပြီ အဟင့် အဟင့်

  • သနားဒယ်……………….ဒဂယ်
    ရွှေဘိုသားလေးရယ်။
    ငါအစားပြန်ရှာပေးပါမယ်ကွယ်………………………………

  • unclegyi1974

    February 17, 2012 at 11:03 pm

    ဟဟ
    ဒါကြောင့်မို့လို့မော်ဒန်ဖိုင်းလုပ်တယ်ပြောတာပေါ့
    တနည်းပြန်လည်ဆန်းသစ်ခြင်း
    သီချင်းလိုဆိုဗားရှင်းအသစ်နဲ့ပြန်ဆိုတေးခေတ်ဟောင်းကိုဟစ်ဟော့နဲ့ပေးစားလိုက်တာလေ

  • MaMa

    February 18, 2012 at 6:47 am

    ကိုပေါက်ဆီက ရသစာပေရေးနည်း သင်တန်းတက်ချင်တယ်။
    သီချင်းနဲ့ နာမည်နဲ့ကိုက်အောင် နာမည်ကို ယူတာလား။
    နာမည်ယူပြီးမှ ကိုက်ညီတဲ့ သီချင်းရွေးတာလား။
    ဒီဇာတ်မှာ ဒီသီချင်းက တော်တော် တာ သွားနေလို့ 🙂

  • အဲဒ”ီရွွှေပြည်စိုး”သီချင်းရင်းတုန်းလေးက ကျနော်မိတ်ဆွေ ပုရစ်မ(နာမယ်ရင်းက မြပုရစ်)ဆိုတဲ့ကောင်မလေးရဲ့ ဖုန်းထဲမှာထည့်ထားတော့ အမြဲကြားနေရတာပါ။
    အဲဒီအသံလေးကို ကြားတာကနေ ကြားဘူးတဲ့ သိဘူးတဲ့ ဇာတ်လမ်းလေးဖြစ်လာတာလေ။
    တကယ်ပြောရရင် ရသစာရေးသူဆိုတာ ကြားလိုက် မြင်လိုက်တာလေးက နေဆက်စပ်ပြီး
    တော့ မှ အနုပညာပစ္စည်းတွေဖန်တီးကြတာပါ။

  • ကိုပေါက်ရေ ခပ်ပါးပါးလေးဆွေးသွားပါတယ်။ကျနော့်မလဲ ဖုန်းလဲဆက်မရ၊
    မက်ဆေ့ချ်ပို ့တော့လဲ မပြန်ဘူး။ခက်ချေပြီ။
    မြနဲ ့မောင်နဲ ့ခုမှတွေ ့တာဖြစ်ချင်နေတယ်။ဟွန် း

  • အဲဒါဆိုရင်တော့ ရင်ဂိုသီချင်းသာ နာနာဆိုပေတော့
    အတောင်ပန်ပါရင်မင်းဆီကို……………………………………….

Leave a Reply