ဗိုလ်ချုပ်မသေ
သခင်မျိုး
‘ ဗိုလ်ချုပ်အောင်ဆန်းက တကယ်မသေဘူးကွ’ ဘ ပြောစကားကြောင့် ကျွန်တော် ထိတ်လန့်အံ့ဩသွားသည်။ ‘ဗျာ….ဟုတ်ရဲ့လား’ ‘အေးကွတကယ်သေတာမဟုတ်ဘူး’ ဘကအတည်ပြုသည်။ ဘ အမည်က ဘကျော်ရေး။ ထိုင်လိုက်လျှင် ဒူးနှစ်လုံးကြား ခေါင်းဝင်သွားအောင်ခါးက ကိုင်းနေရာ ခေါင်း (၃)လုံးနှင့် အဘိုးအိုဟု ပြေရပေမည်။ ဘနေရပ်က နတ်မောက်မြို့၊ တောင်ရွာကြီး ယခုသော် အောင်ဆန်းရပ်။ ဘအသက်က အမေစု (ဗိုလ်ချုပ်မိခင်) တို့နှင့် မတိမ်းမယိမ်းဖြစ်မည်။ ကျွန်တော်က ‘ဦး’ ဟုခေါ်သော ဦးတော်အောင်၏ဖခင်။ ဦးတော်အောင် ဇနီးက ဒေါ်ရွှေဆင် ကျွန်တော်ကအမဟုခေါ်သည်။ သူတို့အိမ် က ဗိုလ်ချုပ်အောင်ဆန်းဝိုင်း (ယခုပြတိုက်) ၏တောင်ဘက်ကပ်လျက်မှာနေသော တောင်သူကြီးများ။ အမ၏အကိုကဦးကြီးဟံဟု ခေါ်သော ကျောင်းအုပ်ဆရာကြီး ဦးဟံသ။ဗိုလ်ချုပ်နှင့် ကျောင်းနေဘက် သူငယ်ချင်း။
ဘကျော်ရေးထိုစကားပြောတော့ ဗိုလ်ချုပ်တို့ကျဆုံးပြီးအနှစ်၂ဝခန့်အကြာ။ ကျွန်တော်ကကျောင်း သားပေါက်စ။ ဘပြောစကားကိုကျွန်တော်နားမလည်။ လက်မခံပါ။ ပြန်ပြီး စောဒနာသည်။
‘ မဖြစ်နိုင်ပါဘူး ဘ ရာ။ ဗိုလ်ချုပ် တို့ကျဆုံးသွားတဲ့အကြောင်း ကျောင်းမှာလဲသင်ရတာပဲ ဘ ရဲ့။ နောက်ပြီးအမေကြီး (အမေ၏အမေ။အဖွား) ကလဲပြောတယ်။ ဗိုလ်ချုပ်တို့အသုဘကို အမေစုခေါ်လို့ အမေကြီးတောင် ရန်ကုန်လိုက်သွားရသေး တယ်။ ဂျူဗလီဟောမှာတဲ့ ဘ ရဲ့။’
ကျွန်တော့်စကားကို ဘ ကပယ်ချသည်။ ‘မင်းနားမလည်နိုင်သေးပါဘူးကွာ။ ကဲ….ဗိုလ်ချုပ်ကို ဂူသွင်းပြီး ဘယ်သူပြန် ဖွင့်ကြည့်လို့လဲ။ အေး ဘယ်သူမှမသိနိုင်ဘူး။ ဗိုလ်ချုပ်က ထွက်သွားပြီကွ။ အဲဒါပဲ။’
ဘကို ဆက်ပြီးမမေးဖြစ်တော့ပါ။ ထိုညက ဘ အိမ်အပေါ်ထပ် ရေနံဆီမီးခွက် အလင်းရောင်မှိန်မှိန် အောက်တွင် ဘပြောသော စကားကို မှုံဝါးဝါး ကျွန်တော်နားမရှင်းခဲ့။ ခေါင်းသုံးလုံးနှင့် အဘိုးအိုက မူလတန်းကျောင်းသားနှင့်မတန်သော စကားတွေ ကျွန်တော့်ကိုဘယ်လို ရည်ရွယ်ချက်နှင့်များ ပြောခဲ့တာ ပါလိမ့်။ ‘ ဗိုလ်ချုပ်တကယ်မသေ’ တဲ့။
‘ဗိုလ်ချုပ်အောင်ဆန်းကအဘတို့နယ်ကို လာပြီးတရားဟောတယ်။ ဘုန်းကြီးကျောင်းအပေါ်ထပ် စင်္ကြန်မှာရပ်ပြီး တရားဟောတယ်။ ကျောင်းအောက်မှာ ပရိတ်သက်က ညို့နေတာပဲ။ အဲဒီအချိန်မှာ လေယာဉ်ပျံကလာပြီး စက်သေနတ်နဲ့ လာပစ်တယ်။ ဘုန်းကြီးတွေရော လူတွေရော ပြေးလိုက်ဝပ်လိုက်ကြ တာမပြောနဲ့။ လူအသေအပျောက်မရှိပေမဲ့၊ ဘုန်းကြီး ကျောင်းကြီး တစ်ကျောင်းလုံးကျည်ထိလို့ ရစရာမရှိ အောင်ဖွာလံကျဲသွားတာပဲ။ ဗိုလ်ချုပ်ကတော့လေယာဉ်ပျံက စက်သေနတ်နဲ့ ပစ်တာဂရုတောင်မစိုက်ဘူး။ သူ့နေရာမှာသူရပ်လျက်ပဲတဲ့။ သိပ်သတ္တိကောင်းတာ။’
လွန်ခဲ့သော ၁၅ နှစ်ကျော်က အဘမြပြောပြခဲ့သောစကားဖြစ်သည်။ အဘမြက ဟင်္သတနယ်မှဟု ထင်သည်။ တိုင်းရင်းဓါတ်ဆေးပညာတွင် ဗဟုသုတအလွန်များသော ဆရာအိုကြီး။ အသက်က(၇ဝ)ကျော်။ အဘစကားကို နားထောင်ရင်း ဗိုလ်ချုပ်၏သတ္တိကိုလေးစားရိုသေစိတ်တဖွားဖွားဖြစ်ခဲ့သော်လည်း အဖြစ် အပျက်ကို ဂဃဏန မမေးမိ။ ယခုမှ သိချင်နေသည်။ ဆရာမြကြီးကတော့ ဆုံးပါးသွားရှာပြီ။ ဆရာမြကြီး နှင့် ဆရာဒကာဖြစ်သော ဘောက်ထော်ကျိုက်လတ်ပစိ ္ဆမာရုံ ဆရာတော်ကြီး ကတော့ ကျန်းကျန်းမာမာရှိ သေးသည်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်တို့လက်ထက်က စကိုးကွယ်ခဲ့သောကျောင်းဖြစ်သည်။ ဆရာမြ ကြီးပြောခဲ့သော စကားအတွက်သဲလွန်စရတန်ကောင်းပါရဲ့။
အဘမြကျွန်တော့်ကိုပြောပြစဉ်က စကားကုန်ဟုတ်ဟန်မတူပါ။ ကျွန်တော့်ဉာဏ်သေးသိမ်သဖြင့်ချန်ထားခဲ့သော စကားများရှိခဲ့ပုံရပါသည်။ အဘမြချန်ထားခဲ့ပုံရသောစကားကို မဟာဗောဓိမြိုင်ဆရာတော်ထံမှကြားသိရသည်။ လွန်ခဲ့သော(၁၅)နှစ် ကျော်က ဆရာတော်ဘုရားကြီးက ကျွန်တော့ကိုမိန့်ဘူးပါသည်။“ဒကာကြီးတို့ ဗိုလ်ချုပ်ကို ရာကျော်ဆရာတော်ကြီးက ဓါတ်လုံး (၁)လုံးချီးမြှင့်ထားတာဗျာ…။ အဲဒီနေ့(ကျဆုံးသည့်နေ့)က ရုံးသွားတာယူမသွားမိဘူးတဲ့ဗျ… လက်ကိုင်ပုဝါလေးနဲ့ထုတ်ပြီး ဘုရား စင်ပေါ်မှာ ကျန်ခဲ့တယ်လို့ တို့ဆရာ ကပြောဘူး တယ်ဗျ”…
ဆရာတော့်စကားကိုကြားသည့်အခါက ဖြစ်ရလေဗိုလ်ချုပ်ရယ်…ဟုစိတ်မကောင်းခဲ့ပါ။ မဟာဗောဓိမြိုင်ဆရာတော်က အဲဒီတုန်းက ရာကျော်ဆရာတော်ဆိုတာ ဘိုးဘိုးအောင်ဝင်ဆောင်ထားတာဗျ…ဟုလည်းပြောခဲ့ဘူးပါသည်။ ဆရာတော်သည် ဝေဘူဆရာတော်၊ မဟာစည်ဆရာတော်၊ ရွှေတောင်ကုန်းဆရာတော်ကြီးများထံမှ နိဿရည်းခံယူ၍ တောတောင် များတွင် ဧကစာကျင့်သုံးနေသော ပုဂ္ဂိုလ်ထူးတစ်ပါးဖြစ်ကြောင်း ပရိသတ်အများသိကြပါသည်။ ဆရာတော်ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ဖြင့် ထောက်ဆလျှင် အခြေအမြစ်မဲ့စကားမဆိုရာပါ။ လွန်ခဲ့သောလက ဆရာတော်၏တပည့် သင်္ကန်းကျွန်းကျောင်းဆရာကြီး ဦးချစ်လှိုင်က ဆရာတော်မှတ်တမ်းများကော်ပီခိုးကူးထားရာ ကျွန်တော်ကိုလည်းပေးခဲ့ပါသည်။ ထိုမှတ်တမ်းဆရာတော့်လက်ရေးမူတွင် ရာကျော်ဆရာတော်ဗိုလ်ချုပ်ကို ဓါတ်လုံးပေးခဲ့ပုံကိုလည်း တွေ့ရှိရပါသည်။ ဗိုလ်ချုပ်အကို ဦးအောင်သန်းရေးသားသော ရသေ့ထူး ဦးစံသိန်းက အမေစုကို ကန်တော့ပုံ၊ ဗိုလ်ချုပ်၏ဦးကြီး ဘုန်းကြီး မန္တလေး အာဇာနည်ရဟန်းတော် ဆီမီးထွန်းတိုက်အုပ်ဆရာတော် မှတ်တမ်း၌ ဘိုးဘွားစဉ်ဆက်ကိုင်ဆောင်ခဲ့သော “ရန်ကြီးအောင်ဓါး” ကို ရှာဖွေတူးဖော်ပြီး ဗိုလ်ချုပ်အားပေးခဲ့ပုံများကို ဖတ်ရှုရသော အခါစဉ်းစားစရာတွေ တိုးလာပါသည်။
ဗိုလ်ချုပ်၏မိဘနှစ်ပါးအနက် ဒေါ်စုသည်အနော်ရထာမင်း၏အဆက် ပုဂံမင်းရိုးမှ ဆင်းသက်လာသူဖြစ်သည်။ အနော် ရထာမင်းကြီး ပုဂံထီးနန်း ကိုပြန်လည်ရယူစဉ်က ပုပ္ပါးနယ်တွင် လူသူစုဆောင်းခဲ့ကြောင်း ရာဇဝင်ကြီးများတွင် ဖော်ပြထားသည်။ ထိုခေတ်ပုပ္ပါးတောင်ရိပ်မှ အနော်ရထာ၏တပ်မတော်ကို စတင်ဖွဲ့စည်းရာတွင် ပင်းနတ်မောက် နယ်သား စစ်သည်တော် များရှေ့ဆုံးက ဗိုလ်ဝင်ခံ၍ သက်စွန့်ကြိုးပမ်းတိုက်ပွဲဝင်ခဲ့သည်။ အနော်ရထာ အောင်ပွဲရသည့်အခါ နတ်မောက်ကိုပြန်၍ ကျေးဇူးပြုခဲ့သည်။ ပိဋကတ်(၃)ပုံကို သထုံမှပင့်ဆောင်လာပြီးနောက်တွင် နတ်မောက်ကိုပြန်လည်၍ မြို့ပြအသစ်တည်ထောင်သည်။ ပုဂံအပျက်တွင် မင်းသမီး(၂)ပါးထွက်ပြေးလာရာ ပင်းနတ်မောက် နယ်သို့ရောက်သည်။ ထိုမှပင်းမင်းကြီး ဦးမြတ်။ ထိုမှအဆက်ဆက်ပေါက်ဖွားခဲ့သည်။ မျိုးရိုးစဉ်ဆက်ဇယားရှိပါသည်။
“သီဟဗာဟော်၊ လင်းကြက်ဆော်၊ မြို့တော်နတ်မောက်တည်သတည်း”ဟု ရှေးသမိုင်းပေစာများတွင် မော်ကွန်းထိုးခဲ့ သည်။ (လင်းကြက်ဆော် ၄၂၃။ ပိဋကတ်တော်များပင့်သည်က ၄၂၁) နတ်မောက်မြို့တွင် အနော်ရထာမင်း ကောင်းမှုတော် စေတီပုထိုးများရှိသည်။ ရှင်အရဟံသိမ်ရှိသည်။ ဗိုလ်ချုပ်၏ဘကြီး၊ ဦကြီးများကျောင်းထိုင်ခဲ့သည်။ ရှင်အရဟံပင့်ဆောင်ခဲ့သော မဟာဗောဓိပင်ကို နတ်မောက်နယ်ပင်းတွင် စိုက်ပျိုးခဲ့သည်။ မင်းတုန်းမင်းလက်ထက် မန္တလေးရွှေနန်းတော်ကြီးတည်သည့်အခါ “မန်းမြို့တောင်ညောင်ပင်ကြီး” ဟူသော ကိန်းခမ်းတဘောင်အရ ဗောဓိပင်စိုက်ရာတွင် ရှင်အရဟံဗောဓိကို ပင့်ဆောင်စိုက်ပျိုးခဲ့ ပါသည်။ စကြာဒေဝီမိဘုရားခေါင်ကြီး ကိုးကွယ်သော ရာဇဂုရု ပင်းဆရာတော်ကြီးကို ပင်းဗောဓိသမိုင်းကျမ်း ပြုစုရန် တောင်းပန်လျှောက်ထားသဖြင့် ကျမ်းထင်ရှားရှိခဲ့ပါသည်။
အမေစုသည် နန်းတွင်းသူတို့တတ်သည့် ကြိုးဗေဒင်ကို ကောင်းစွာတတ်မြောက်ပါသည်။ ဗိုလ်ချုပ်ကို ငယ်စဉ်ကတည်း ကဘုန်းကြီးမည်သူဟု ဟောကိန်းထုတ်ခဲ့သည်။ နီးစပ်ရာဆွေမျိုးများက အမေစုထံကြိုးဗေဒင်မေးခဲ့ဘူးသည်။ သိမှီသောသူများ ယနေ့ထိသက်ရှိထင်ရှားရှိကြပါသေးသည်။
ဗိုလ်ချုပ် ဖခင် ဦးဖာ၏ မျိုးရိုးမှာလည်း ရှေးအဆက်ကို မသိရသေးသော်လည်း မျိုးကောင်းရိုးကောင်းမှပေါက်ဖွားသည်။ အလွန်ရိုးသားဖြောင့်မတ်တည်ကြည်ပြီး ဉာဏ်ပညာကြီးသူဖြစ်သည်။ ငါးပါးသီလစင်ကြယ်စွာစောင့်ထိမ်းသည်။ ကြွားဝါပလွှား မှုမရှိ။ ဘုရားတရားကို လွန်စွာကြည်ညိုကိုင်းရှိုင်းသူဖြစ်သည်။ အတိတ်နိမိတ် စနည်းတဘောင်များကို တတ်ကျွမ်းပြီးနိုင်ငံ၏ ရှေ့ရေးကိုပါကြိုတင်ဟောကိန်းမှန်ကန်အောင် ထုတ်နိုင်သူဖြစ်ပါသည်။ ဦးဖာအကြောင်းကို သူ့မိတ်ဆွေစာရေးဆရာကြီး စစ်ကိုင်းဦးဖိုးသင်းက ကိုယ်တိုင်ရေးအထုပ္ပတ္တိတွင် မှတ်တမ်းတင်ထားပါသည်။
ဗိုလ်ချုပ်သည် ဘုရားတရားကို ရိုသေကိုင်းရှိုင်းသော မိဘမျိုးရိုးမှဆင်းသက်ခဲ့သည်။ ဒီပင်္ကရာဆရာတော်ကြီး ဦးသောဘိတ၏ကျောင်းတွင် ဗုဒ္ဓစာပေကိုလည်း အခြေခံကောင်းများရအောင်တတ်မြောက်ခဲ့သည်။ ဗိုလ်ချုပ်ငယ်စဉ်ကမူ တိုင်းပြည်လွတ်လပ်ရေးရယူရန် နည်းလမ်းအမျိုးမျိုးကို ကြံဆခဲ့ရာ “ပြဒါးရှင်လုံး”ရရင်ကောင်းမှာပဲဟူသော အတွေးမျိုးရခဲ့ ကြောင်း ဗိုလ်ချုပ်ကိုင်တိုင်ရေးသားသည်ကိုလည်း သတိထားမှတ်သားမိပါသည်။
ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားစဉ်က ပုခက်တင်မင်္ဂလာပွဲသည် ထူးခြားဆန်းကျယ်လှပါသည်။ ယင်းပွဲသို့နောင် ငယ် ဆရာဖြစ်လာမည့် ဒီပင်္ကရာဆရာတော်ဘုရားဦးသောဘိတနှင့် သီပေါမင်းနှင့် သာသင်ဘက်ပဌမကျော် ဦးမေဃဝဏ္ဏစာရီ
တို့ ကြွရောက်ချီးမြှင့်ခဲ့သည်။ ဦးမေဃသည် ခန်းပတ်မင်းကြီးဦးယာ၏ မြေးဖြစ်သည်။ ဆရာ တော်ကြီးက “တကောင်းက ဒေါင်းကြွလာမည်”.. ဟူသော တဘောင်အရ၊ ငစဉ်းလဲဗျိုင်းဘုရင်(အင်္ဂလိပ်)ကို ခွပ်မည့်ဒေါင်းမှာ စနေသားရှင်တေဇခေါ် ထိန်လင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကိုတိတိကျကျနိမိတ် ဖတ်ခဲ့ပါသည်။ ဗိုလ်ချုပ်၏ ပုခက်တင်မင်္ဂလာ အချိန်ကို နိမိတ်ကောင်း ယူပြီး “တောရကျင့်စဉ်ကို စတင်ဆောက်တည်ပြီး ပေါက်မြောက်အောင်မြင်ခဲ့သော ပုဂိ္ဂုလ်ထူးတစ်ပါးရှိပါသည်။ နယ်ချဲ့တော် လှန်ရေးသမားကြီး ကင်းတားဗိုလ်ရွှေဘော်၏ တပ်မှတော်လှန်ရေးတပ်သားကြီး ဦးဖြိုးသာဖြစ်သည်။ မဟိဒ္ဓိဆရာ ဖြိုးဟု ထင်ရှားသည်။ မန္တလေးတောင်ရသေ့ကြီး ဦးခန္တီတို့နှင့် ဆက်စပ်၍သာသနာပြုခဲ့သော ပုဂိ္ဂုလ်ကြီးဖြစ်သည်။
ဗိုလ်ချုပ်သခင်ဘဝ၊ သခင်လေးတာနှင့် အတူမုံရွာတွင် နယ်ချဲ့ဆန့်ကျင်ရေးတရားဟောပြီး အပြန်တွင်မန္တလေးဆီမီး ထွန်းကျောင်းသို့ ရောက်ရှိသည်။ ဆရာကြီးဦးဖြိုးသာနှင့် သခင်အောင်ဆန်းတို့ ဆုံစည်းပြီး ဦးဖြိုးသာက သခင်အောင်ဆန်းကို ချီးမြှောက်သောငွေမတ်စေ့နှင့် ခြသေ့ရုပ်ပေးလိုက်ကြောင်း ဦးတေဇဝန္တ၏ မှတ်တမ်းတွင် ဖတ်ရှုရပါသည်။
ပဋိပတ်အကျော် ဇာလီတောင်ဆရာတော်ဘုရားကြီးက “ဘုရားအလောင်းတော်နဲ့တူတယ်”ဟုသမုတ်ခဲ့သည်။ လောက တ္ထစရိယံ လောက၏ကောင်းကျိုး၊ ဉာတတ္ထစရိယံ ဆွေတော်မျိုးတော် မြန်မာပြည်ထောင်စုသားအားလုံး၏ ကောင်းကျိုး ကိုသား မယားနှင့် စည်းစိမ်ဥစ္စာ၊ အင်္ဂါခြေလက်၊ ကိုယ့်အသက်ကို မငဲ့ကွက်ပဲ ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်ကြီးအား ငြင်းဆိုရန် ဗုဒ္ဓတ္ထစရိယံ မဟုတ်ဟု ငြင်းဆိုရန် အဘယ်သို့သော အကြောင်းရှိပါမည်နည်း။
အများသိကြပြီး ဖြစ်သည့်အတိုင်း ဗိုလ်ချုပ်သည် အင်းအိုင်ခလှည့် လက်ဖွဲ့တို့ကို ယုံကြည်သူမဟုတ်ပါ။ မြောင်းမြသား ဆရာချို (အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို)ကမူ လောကီပညာရပ်များကို ယုံကြည်လိုက်စားသူဖြစ်ပါသည်။ “ဆရာချို ကလဲဗျာ…လောကဓါတ် ပညာကို လေ့လာပြီးဒါတွေယုံရသလား” ဟုဗိုလ်ချုပ်က ညည်းခဲ့သည့်နည်းတူ ဆရာချိုကလည်း “ဗိုလ်ချုပ်က ဒါတွေမယုံတော့ ခက်တယ်” ဟု အပြန်အလှန်ညည်းခဲ့ကြပါသည်။
ကျွန်တော်သည် မြန်မာ့လောကီပညာရပ်များကို နှံ့စပ်ကျွမ်းကျင်သူမဟုတ်ပါ။ ဗိုလ်ချုပ်နှင့်ပါတ်သက်သည့် ထူးဆန်း သောအကြောင်းအရာများကို ကြားသိဖတ်ရှုရ၍ တင်ပြခြင်းသာဖြစ်ပါသည်။ မည်သို့ဆိုစေ ဘကျော်အေးတို့ကဲ့သို့ရှေးရိုးစွဲ မြန်မာကြီးများက ဗိုလ်ချုပ်တွင် သေနတ်ဒဏ်ရာတွေဗလပွနှင့် ကျဆုံးသွားခဲ့သည့်တိုင် တကယ်မသေဟု ယူဆစွဲလန်းမှုတွေရှိ နေကြောင်းကို အသိအမှတ်ပြုရပါမည်။ ကျွန်တော်တို့၏ ခေတ်သိပ္ပံပညာရပ်များနှင့် လက်လှမ်းမမှီသေးသည့်တိုင် မတူကွဲပြား သည့်အယူအဆတစ်ခုရှိနေသေးသည်ကို ဒီမိုကရေစီကျင့်စဉ်အရ အသိအမှတ်ပြုရပါမည်။ အငြင်းပွားဖွယ်အနည်းဆုံးကောက် ချက်တစ်ခုကို ဆွဲကြည့်ရလျှင်တော့ ရှေးရိုးမြန်မာတို့သည် သူတို့ချစ်သော ခေါင်းဆောင်ကိုတကယ်မသေစေချင်ကြပါ။ အမြဲတန်းမျှော်လင့်နေကြသည်ဟု ဆိုနိုင်ပါမည်။
မြန်မာတို့သည် ကိုယ့်ခေါင်းဆောင်ကို ချစ်မြတ်နိုးတတ်သော ဓလေ့ရှိသည်။ လူထုအချစ်တော် ခေါင်းဆောင်များ သေသွားလျှင်တောင်မှ အသက်ရှင်နေသေးသည်ဟု ယုံကြည်တတ်ကြသည်။ ကုန်းဘောင်ခေတ်နှောင်း သာယာဝတီမင်း လက်ထက်က ဘကြီးတော် စစ်ကိုင်းမင်း၏သား လုထုကစကြာမင်းဟုယုံကြည်သူ ညောင်ရမ်းမြို့စားမင်းသားကို ကုန်းဘောင် ၅(ည)ဖြင့် ရေမှာ ဖျောက်ခဲ့သည်။ ကတီ္တပါ အိပ်စွပ်ပြီးရေနှစ်သတ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လူထုက သေသည်ဟုမယုံ။ “ကတီ္တပါရွှေအိတ်နှင့် ရေဆိပ်မှာသေဟန်ဆောင်” ခဲ့ပြီး ဘိုးဘိုးအောင်ကလာကယ်သွားသည်။ စကြာမင်းကလေးသည် ရွှေလ ရောင်မြင်းကြီးကိုစီးပြီး ဘိုးဘိုးအောင်နောက်သို့ လိုက်သွားသည်။ တစ်နေ့တော့ပြန်လာမည်ဟု မျှော်လင့်ခဲ့ကြပါသည်။ အထူးသဖြင့် အင်္ဂလိပ်လက်အောက် မြန်မာတို့ရောက်ခဲ့သည့်ခေတ်တွင် ဗုဒ္ဓရာဇာ စကြာမင်းကလေးကို ပို၍မျှော်ကြသည်။ နန်းတော်ရှေ့ဆရာတင် ၏ “မင်းလောင်းမျှော်” ရွှေတိုင်ညွန့်၏ (စကြာသိုက်) တေးသံများ တစ်နိုင်ငံလုံးပြန့်လွင့်ခဲ့သည်။ “စကြာရေချဇာတ်”ကို ကြည့်၍ မျက်ရည်မစဲကြ။ ယနေ့အထိ မြစ်ဝကျွန်းပေါ် ဒေသတွင် ကရင်ဇာတ်ပွဲများက စကြာမင်းဇာတ်ကို ကရင်ဘာသာဖြင့် ကပြနေ ကြဆဲဖြစ်သည်။ စကြာမင်းလေး၏ မိခင် ဘကြီးတော် (စစ်ကိုင်းမင်း)၏ မိဖုရား ဆင်ဖြူမယ်သည် မြောင်းမြရေတွင်းရေကန်သူ ကရင်မလေး နန့်ဂီးသိမ်ဟု အစဉ်အလာမှတ်သားချက်ကြောင့်လည်း ပို၍စွဲလန်းနှစ်သက်ကြသည် ဟု ဆိုပါသည်။
ကုန်းဘောင်ခေတ်(၁၁)ဆက်မြောက် သီပေါဘုရင်လေးကို နယ်ချဲ့တို့ ဖမ်းဆီး၍ အိနိ္ဒယသို့ ပါတော်မူခဲ့သော သီပေါဘုရင်သည် သီပေါမင်းနှင့် ရုပ်ခြင်းဆင်သူ မောင်ချိုကို ဘုရင်လုပ်၍ထည့်လိုက်သည်။ သီပေါဘုရင်သည် ပတ္တမြား ငမောက် အပါအဝင် နန်းစဉ်ရတနာများ သယ်ဆောင်ပြီးနန်းတော်မှ တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။ မြန်မာများ သာမက ထားဝယ်မှ ရှေးဆရာတော်ကြီးများကလည်း ပါတော်မူသော သီပေါအတုဟုပြောလေ့ရှိကြောင်း ဒေါက်တာဦးဖေဉာဏ် ပြောသည်ကို လည်း မှတ်သားမိပါသည်။ သီပေါဘုရင်သည် နောင်တော့ ရသေ့ကြီး ဦးခနီ ္တ အဖြစ်ပြည်တော်ဝင်ကာ သာသနာ ပြုခဲ့သည်ဟုဆိုသည်။ အင်္ဂလိပ်စုံထောက်များ ဦးခနီ ္တနောက်တကောက်ကောက်လိုက်ခဲ့သည်မှာ ဤကောလဟလကြောင့်များ လားဟု တွေးစရာဖြစ်ပါသည်။ ထို့ထက်ပို၍ အတွေးနက်စရာကောင်းသည်မှာ ဦးခနီ ္တ နှင့် ဗိုလ်ချုပ်အောင်ဆန်းတွေ့ဆုံခဲ့ခြင်းပင်။ ဦးခနီ ္တ နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့တွဲရိုက်ထားသော ဓါတ်ပုံကို မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီးဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) ကပြသဘူးပါသည်။ ပြန်ရှာ၍လည်းရနိုင်မည်ထင်ပါသည်။
ရှေးရိုးမြန်မာတို့က ရှေးရိုးစဉ်လာအတိုင်း စကြာမင်းလေးမသေဆိုသကဲ့သို့ ဗိုလ်ချုပ်တကယ် မသေဟု ယူဆ စွဲလန်း နေသလားမသိပါ။ စကြာမင်းကလေးကို ဘိုးဘိုးအောင် ကယ်သဖြင့် ရွှေလရောင်မြင်းကြီးစီးပြီး တစ်နေ့သောအခါပြန်လာမည်ဟု ဆိုကြသလို ဗိုလ်ချုပ်လည်း စီးတော်မြင်း ရွှေလုံး(တပ်ကြပ်မောင်ထူး၊ ဗိုလ်မြင့်ဦးနှင့် မြင်းစီးရာဝယ် ရွှေလုံးပယ်လော့ဟု စာချိုးရ သည့်မြင်းကြီး) ကို စီးပြီးပြန်လာစေချင်ကြပါသည်။
အထူးသဖြင့် ယခုလို ခေတ်အခါသမယမျိုး….တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းတို့ဖြင့် တိုင်းသစ်ပြည် သစ်ပြန်လည်တည်ဆောက်နေသည့်အချိန်၊ ငြိမ်းချမ်းခြင်း ညီညွတ်ခြင်းတို့ လိုအပ်နေသည့်အချိန်၊ သည်လိုအချိန်မျိုးမှာမို့ ဗိုလ်ချုပ်ကို လူထုက ပိုမျှော်ကြပါသည်။
ဗိုလ်ချုပ်တကယ်မသေပါ။ ဗိုလ်ချုပ်ပြန်လာဖို့ တိုင်းပြည်က မျှော်နေကြပါသည်။ ပြန်လာပါဗိုလ်ချုပ်…။
ဗိုလ်ချုပ်မလာအားတောင်မှ ကိုယ်စားလှယ်တော့လွှတ် ပေးဖို့မျှော်လင့်ပါသည်။
လူထုကစောင့်ကြိုနေပါသည်။
ဦးမျိုးတင့်ကြည်
ဖတ်လိုက်ရတဲ့ဆောင်းပါးလေး mandalaygazette ရွာသားတွေဖတ်စေချင်လို့ ကျွန်တော် chiyimhtoo မှတင်ပေးလိုက်ပါတယ်။
5 comments
kyeemite
February 17, 2012 at 11:16 am
ကိုချစိရင်ထူးခင်ဗျား …….တခါမှမဖတ်ဘူးသေးတဲ့အကြောင်းအရာတွေဘဲ…ဒါနဲ့..ဒီစာကိုဘယ်မှာဖတ်ခဲ့ရတယ်…
ဦးမျိုးတင့်ကြည် ဆိုတာဘယ်သူပါလိမ့်..ဆိုတာလေးတွေတော့ ဖြစ်နိုင်ရင်သိချင်သား(သဂျီးလေသံဖြင့်)
ahnyartamar
February 17, 2012 at 11:23 am
Lake a myth, but i’m also hoping that Bo Gyoke will coming back soon.
ahnyartamar
February 17, 2012 at 11:28 am
please correct…….lake = like
Swal Taw Ywet
February 17, 2012 at 1:08 pm
Please let me refer from my post—ဖေဖေါ်ဝါရီ (၁၃) မှသည် ဇူလိုင် (၁၉)ဆီသို့
အာဇာနည် ဗိမ္မာန်မှာ
အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ထောင်ချထားတယ်လို့များ မမြင်မိကြဘူးလားဟင်?
တနှစ်လုံးမှာ တစ်ရက်တည်း အဲဒီ့တစ်ရက်တည်းမှာတောင် နာရီအကန့်အသတ်နဲ့ ထောင်ဝင်စာ တွေ့ခွင့်ပေးနေတယ်လို့ မခံစားရဘူးလား? ကျနော်တော့ အဲဒီ့လိုပဲ ခံစားမိတယ်ဗျာ။
With respect,
Swal Taw Ywet.
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 17, 2012 at 10:59 pm
လုံးဝကို မသိသေးတဲ့အကြောင်းတွေပါတယ်ဗျာ။ဖြစ်နိုင်ရင် တော့ဗိုလ်ချုပ်တို ့ကို
ဒီနေ ့ဖြစ်ပျက်နေတာတွေကို မြင်စေချင်မိတယ်။ဘာပြောမလဲ မသိဘူးနော်။
ကိုချစ်ရင်ထူးရေ မျှဝေပေးလို ့ကျေးဇူးပါနော်။