Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

FM ကတော့ရှယ်ပဲ အစိုးရအာဘော်ကို အဓိက လွှင့်လျက်ရှိ

guestktyJune 4, 20101min1700

ပါးဖောင်းဖောင်းလေးပေါ်တွင် သနပ်ခါးပါးကွက်ဝိုင်းလေး ကွက်ထားသည့် အသက် ၃ နှစ်အရွယ် မိန်းကလေးက တရုတ်ပြည်ဖြစ် ဓာတ်ခဲသုံး ရေဒီယိုငယ်မှ ပျံ့လွင့်လာသော သူကိုယ်တိုင် သီဆိုထားသည့် သီချင်းသံကို နားထောင်ကာ ရယ်မောလိုက် လက်ခုပ်တီးလိုက်နှင့် ပျော်ရွှင်နေသည်။တီးလုံးမပါသည့် ထိုသီချင်းလေးကို စနေနေ့ နေ့လယ် ၁ နာရီအချိန်တွင်လွှင့်သည့် မန္တလေး FM ရေဒီယို၊ ကလေးအစီအစဉ်အတွက် တယ်လီဖုန်းမှတဆင့် သူ သီဆိုပြခဲ့ခြင်း ဖြစ်သည်။ထို အစီအစဉ်တွင် ကလေးများကိုယ်တိုင် သီဆိုထားသော သီချင်း၊ ကဗျာ စသည်တို့ကို တနင်္ဂနွေနေ့ည ရ နာရီတွင် ပြန်လည် ထုတ်လွှင့်ပေးသည့်အတွက် ကလေးနှင့် အတူ မိခင်ဖခင်၊ အဘိုး၊ အဘွားများပါ ပြန်လည် နားထောင်ရင်း ပီတိဖြစ်ကြရသည်။

မိသားစု အပန်းဖြေချိန်များကို ရွေးချယ်ပြီး လူထုစိတ်ဝင်စားစေမည့် အစီအစဉ်များကို FM ရေဒီယိုလိုင်းများမှ လွှင့်ပေးလျက်ရှိသောကြောင့် ပြည်သူလူထုတချို့ စိတ်ဝင်စားစွာ နားထောင်လာကြသည်။

“မနက်ပိုင်းမှာ စံဇာဏီဘိုရဲ့ တနေ့တာအတွက် ကံကောင်းတဲ့ အချိန်တွေကို လွှင့်ပေးတော့ မနက်ဆိုရင် တခါ ရန်ကုန်စီးတီး FM ကို ဖွင့်ဖြစ်တယ်၊ နေ့ခင်းမှာတော့ သိပ်မဖွင့်ဖြစ်ဘူး၊ တခါတလေ စိတ်လိုလက်ရ ရှိရင်တော့ ဖွင့်ဖြစ်တယ်” ဟု ရန်ကုန်မြို့တွင်းပြေးဆွဲနေသော အမှတ် ၄၈ လိုင်းကားမောင်းသူ တဦးက ပြောပြသည်။

မြန်မာနိုင်ငံတွင် ၂၀၀ရ စက်တင်ဘာ၊ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း ဓာတ်ခဲသုံး ရေဒီယိုနားထောင်သူ များပြားလာခဲ့ပြီး အိမ်တိုင်းလိုလိုတွင် ရေဒီယိုငယ်လေးများ ဆောင်ထားကြသကဲ့သို့ ဈေးဆိုင်များ၊ ကားများ တွင်လည်း ရေဒီယိုကို အမြဲတမ်းနီးပါး ဖွင့်နားထောင် လာကြသည်။ ၂၀၀၈ ခုနှစ်မေလက ဝင်ရောက် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း နောက်ပိုင်းတွင်မူ ရေဒီယိုကို ပိုမို အလေးထား နားထောင် လာကြသည်။

ပြည်ပအခြေစိုက် အသံလွှင့်ဌာနများ ဖြစ်ကြသော BBC၊ VOA၊ RFA၊ DVB စသည့် ရေဒိယိုလိုင်းများကို ပုံမှန် အစဉ်တစိုက် နားထောင်ကြသူများရှိသကဲ့သို့ ပြည်တွင်း FM ရေဒီယို လိုင်းများကို ပုံမှန် နားထောင်လာကြသူ များလည်းရှိသည်။

“နိုင်ငံရေးကို စိတ်ဝင်စားတဲ့ သူတွေကတော့ ပြည်ပအခြေစိုက် မြန်မာရေဒီယိုတွေကို မလွတ်တမ်း နား ထောင်ကြတယ်၊ အဲဒါက လူကြီးတွေပေါ့၊ လူငယ်တွေကတော့ FM လိုင်းတွေကို နားထောင်ကြတယ်၊ လူငယ်ကြိုက် ဖျော်ဖြေရေး ကဏ္ဍတွေနဲ့ ဆွဲဆောင်ထားတော့ လူငယ်ပရိသတ်သူတို့မှာ ရှိတယ်” ဟု ရေဒီယို များနှင့် ပတ်သက်ပြီး စစ်တမ်း ကောက်ယူခဲ့ဖူးသူ တဦးက ပြောပြသည်။

စစ်အစိုးရသည် ဖျော်ဖြေရေးလိုင်းများဖြင့် လူထုကို ထိုးဖောက်စည်းရုံးရန်အတွက် အဆိုပါ FM လိုင်းများကို ထူထောင်လာခြင်းဖြစ်ကြောင်း၊ ယခုအခါ ထိုလိုင်းများမှ ဒေါ်အောင်ဆန်းစုကြည်သတင်းများ၊ နိုင်ငံရေးနှင့် သက်ဆိုင်သော သတင်းများကိုချက်ခြင်း လွှင့်ပေးခြင်းဖြင့် ပြည်သူလူထု၏ စိတ်ဝင်စားမှုရရှိရန်
ကြိုးပမ်းနေကြသည်ကို တွေ့မြင်ရကြောင်း သူ့အမြင်ကို ပြောပြသည်။

မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ် နိုဝင်ဘာလ မှစ၍ ရန်ကုန် စီးတီး FM ကို စတင်ထုတ်လွှင့်ခဲ့ပြီး မန္တလေး FM ကို ၂၀၀၈ ခုနှစ် ဧပြီလတွင် စတင်ထုတ်လွှင့်ခဲ့သည်။ ထို FM နှစ်ခုကို မြို့တော်စည်ပင်သာယာရေး
ကော်မတီများက ပိုင်ဆိုင်ပြီး forever ကုမ္ပဏီနှင့်ပူးပေါင်းကာ အစီအစဉ်များ တင်ဆက်နေခြင်းဖြစ်သည်။

“စီးတီး FM ရေဒီယိုကို အလုပ်ထဲမှာ ဖွင့်ပေးထားတယ်၊ ဆေးလိပ်လိပ်ရင်း သီချင်းနားထောင်ဖြစ်တော့ တခြားပေါက်ကရတွေ မပြောဖြစ်ကြတော့ဘူး၊ လုပ်ငန်းခွင်မှာ ရန်ဖြစ်တာတွေလည်း နည်းသွားတယ်” ဟု
ဆေးလိပ်ခုံ လုပ်ငန်းရှင်တဦးက ပြောပြသည်။

မန္တလေး FM မှ တာဝန်ရှိသူတဦးက ၎င်းတို့ FM အနေနှင့် ပရိသတ်ကို ဆွဲဆောင်ရန်အတွက် သီချင်း အစီအစဉ်ကို အများဆုံးထည့်ထားပြီး တခြားဖျော်ဖြေရေးကဏ္ဍ စုစုပေါင်း ကဏ္ဍ ၄ဝ ကျော် ထုတ်လွှင့်နေ ကြောင်း၊ ထုတ်လွှင့်သည့် တေးသီချင်းများအတွက် မူပိုင်ခွင့် ပေးလျက်ရှိကြောင်း၊ တနေ့လျှင် ၁၈ နာရီ အသံလွှင့် နေကြောင်း ပြောသည်။

မန္တလေး FM အနေနှင့် သီချင်းများကို ထုတ်လွှင့်သည့် အကြိမ်တိုင်းအတွက် အနုပညာရှင်များကို အနုပညာကြေး ပုံမှန်ပေးသော်လည်း စာပေသမားများကိုမူ ၎င်းတို့၏စာမူကို အကြိမ်ကြိမ် အသုံးပြု သော်လည်း စာမူခ တကြိမ်သာပေးကြောင်း၊ ထို့အပြင် ထိုစာမူကို မန္တလေး FM တွင်သာမက တခြား FM များတွင်ပါ အခကြေးငွေ မပေးဘဲ လှည့်သုံးနေကြကြောင်း စာရေးဆရာများထံမှ ကြားသိရသည်။

“ကျနော့်ဝတ္ထုကို မန္တလေး FM မှာ လွှင့်မယ်ဆိုလို့ ကိုယ်တိုင် သွားဖတ်ပြရတယ်၊ စာမူခ ကျပ် တသောင်းရတယ်။ အဲဒီ မန္တလေး FM က လွှင့်ပြီးသား ဆောင်းပါးတွေ၊ ဝတ္ထုတွေကို တခြား FM တွေက ယူလွှင့်တယ်။ ဒါပေမဲ့ စာမူခကျတော့ တခါပဲရတယ်” ဟု ရန်ကုန်မြို့ခံ စာရေးဆရာတဦးက ပြောပြသည်။

“မန္တလေး FM က စိုင်းစိုင်းခမ်းလှိုင်ကို တလ ကျပ် သိန်း ၂၀၊ ဟန်ထူးလွင်ကို ၁၅ သိန်း၊ တေးရေး မြင့်မိုးအောင်ကို တလ ၁၅ သိန်းပေးတယ်၊ စာမူခကျတော့ တပုဒ်ကို ငွေကျပ် ၁ သောင်းတဲ့။ ဒါပေမယ့် ခုလိုပေးတာကိုပဲ ကျေးဇူး တင်ရမလိုဖြစ်နေတယ်” ဟု အနုပညာ သတင်းများ ရေးသားနေသော သတင်းထောက်တဦးက ပြောသည်။

FM ရေဒီယိုများအား အစိုးရက ဝါဒဖြန့်ရန် အသုံးချနေသောကြောင့် ဖျော်ဖြေရေးအပြင် သတင်းစာ အာဘော်များကိုလည်းထုတ်လွှင့်ပေးး နေရကြောင်း ပြည်တွင်း သတင်းဂျာနယ် တစောင်မှ
အယ်ဒီတာ တဦးက သုံးသပ်သည်။

စီးပွားရေးဦးပိုင် လီမိတက်၏ လုပ်ငန်းခွဲတခုဖြစ်သောပါရမီတက္ကစီနှင့် လိုင်းကားများပေါ်တွင် စီးတီး FM ကို ပုံမှန်ဖွင့်ထားပေးရမည်ဟု ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ပါရမီယာဉ်မောင်းတဦးက ဆိုသည်။

စစ်အစိုးရသည် ၎င်းတို့နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော ဇေကမာ္ဘ၊ ရွှေတောင်၊ ရွှေသံလွင်၊ သိန်းကျော်ကျော် စသည့် ကုမ္ပဏီတို့အား ၂၀၀၉ ခုနှစ်အတွင်း FM ရေဒီယို ၈ လိုင်းအထိ ချပေးခဲ့ကြောင်း၊ ယခုအခါ ၄ လိုင်းမှာ ၂၀၀၉ ခုနှစ် ဇွန်လတွင် စတင်ထုတ်လွှင့်နေပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွက် ပဉ္စဝတီ FM ကိုလည်းကောင်း၊ ချယ်ရီ FM ကို ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁ ရက် နေ့တွင် ရှမ်းပြည်နယ်အတွက် လည်းကောင်း၊ ရွှေ FM ကို ၂၀၀၉ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ပဲခူး တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့ အတွက် လည်းကောင်း၊ ပတ္တမြား FM ကိုလည်း ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့အတွက် ထုတ်လွှင့် လျက် ရှိသည်။

အဆိုပါ ပြည်နယ်နှင့်တိုင်းများတွင် တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ လွိုင်ကော်၊ စစ်ကိုင်း၊ မုံရွာ၊ မကွေး၊ မြစ်ကြီးနား၊ ဟားခါး၊ ပဲခူး၊ ပြည်၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ မြိတ်၊ ပုသိမ်၊ ကျောင်းကုန်း၊ စစ်တွေ၊ သံတွဲနှင့် အမ်းမြို့များ၌ FM ကို ဖမ်းယူရရှိနိုင်သည်။

FM လုပ်ပိုင်ခွင့် ရရှိကြသည့် ကုမ္ပဏီများသည် သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ သစ်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းအပါအဝင် နအဖစစ်အစိုးရနှင့် အကျိုးတူပူးပေါင်းသည့် လုပ်ငန်းများ
လုပ်ကိုင်နေကြသည့် ကုမ္ပဏီများဖြစ်သည်။

“အဓိက ပစ်မှတ်က လူကြီးလူငယ်မရွေး အားလုံးအပေါ်ကို ထားတာပါ။ သုတ၊ ရသ၊ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာ အကြောင်းအရာတွေအပြင် ကျန်းမာရေး၊ ပညာရေး၊ ဒေသဆိုင်ရာ သတင်းအချက်အလက် တွေကိုပါ ထည့်သွင်း ထုတ်လွှင့်နေပါတယ်၊ နိုင်ငံရေး သတင်းတွေကိုလည်း နောက်မကျရအောင် ဖော်ပြပေး နေပါတယ်” ဟု ပတ္တမြားအက်ဖ်အမ်ထုတ်လုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းတို့ FM သည် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ နံနက် ရ နာရီမှ ည ၉ နာရီအထိ တနေ့ကို ၁၄ နာရီကြာအောင် ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။ရှမ်းပြည်နယ်တွင် စတင်အသံလွှင့်နေပြီ ဖြစ်သော ချယ်ရီ FM တွင် ခေတ်ပေါ်သီချင်းများ၊ ရှမ်းသီချင်းများနှင့် တခြားဖျော်ဖြေရေး အစီအစဉ်များအပြင် စစ်အစိုးရပိုင် သတင်းစာ အာဘော်များနှင့် ဆောင်းပါးများကို အလေးပေး ထုတ်လွှင့်နေကြောင်း ရှမ်းပြည်နယ်ခံများက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်တို့ မကောင်းကြောင်းတွေ၊ သတင်းတွေလည်း လွှင့်တယ်၊ ဒီကလူတွေက သီချင်း တွေ ကြိုက်ပေမယ့် အဲဒီလိုသတင်းတွေ ဆောင်းပါးတွေကိုတော့ မကြိုက်ကြဘူး၊ လာတာနဲ့ တန်းပိတ်လိုက် ကြတယ်၊ ဒီမှာက VOA တို့ BBC တို့ကဖမ်းရခက်တယ်” ဟု ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် နေထိုင်သူတဦးက ပြောပြသည်။

နယ်မြို့များတွင် နေထိုင်ကြသည့် ပြည်သူလူထုမှာ မြန်မာပြည်နိုင်ငံရေး သတင်းများကို နားထောင်လို သောကြောင့် ပြည်ပအခြေစိုက် အသံလွှင့်ဌာနများ၏ ထုတ်လွှင့်ချက်များကို ဖမ်းယူ နားဆင်သော်လည်း လိုင်းရှာရ ခက်ခဲသဖြင့် အလွယ်တကူ ဖမ်းမိသော FM လိုင်းများကိုပင် နားထောင်ကြကြောင်း၊ ထို FM လိုင်းများကို နိုင်ငံခြားမီဒီယာလိုင်းများဟု ထင်မှတ်ပြီး နားထောင်နေသူများလည်း ရှိကြောင်း သူက ဆက်လက်ပြောပြသည်။

တိုင်းရင်းသား အများစု နေထိုင်ရာ မြို့များတွင် FM ရေဒီယိုလိုင်းများ ထုတ်လွှင့်နေခြင်းမှာ ၂၀၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် အသုံးပြုရန် ကြိုတင်စီစဉ်ထားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ် ပြောဆိုသည်။

ယခုလက်ရှိ အနေအထားအရ မြန်မာနိုင်ငံရှိ မြို့ကြီးများနှင့် နယ်မြို့များတွင် နိုင်ငံရေးသတင်း၊
မိုးလေဝသသတင်း စသည့် သတင်းအချက်အလက်ကို သိရှိရန်အတွက် ဓာတ်ခဲသုံး ရေဒီယိုများကိုသာ အားကိုးနေရဆဲ ဖြစ်ကြောင်း သိရှိရသည်။

၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်တည်ထောင်ခဲ့သည့် နိုင်ငံပိုင် အသံလွှင့်ဌာန မြန်မာ့အသံသည် ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံမှ Shin Satellite ကုမ္ပဏီ၏ အကူအညီဖြင့် FM Transmission အသံလွှင့်စက်ရုံ ၉ ရုံကို တပ်ဆင်ကာ အသံလွှင့်လျက်ရှိသည်။

သို့သော်လည်း မြန်မာ့အသံမှာ အစိုးရအာဘော်ကို အဓိက လွှင့်လျက်ရှိပြီး ဖျော်ဖြေရေး အစီအစဉ် ပိုင်းတွင် လည်း အားနည်းသောကြောင့် ပြည်သူလူထုမှာ မြန်မာ့အသံကို နားဆင်မှု လျော့ကျလာခဲ့၍ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလများတွင် ပြည်ပအခြေစိုက် ရေဒီယို်လိုင်းများကို နားထောင်လာကြသည်။

၂၀၀၈ ခုနှစ် မေလက တိုက်ခတ်သော နာဂစ်မုန်တိုင်း အပြီးတွင်မူ တပြည်လုံး အတိုင်းအတာအားဖြင့် ပြည်ပအခြေစိုက် ရေဒီယိုနားထောင်သူ ဦးရေမှာ အမြင့်ဆုံး စံချိန်အထိ ရောက်သွားခဲ့ပြီး ဓာတ်ခဲသုံးရေဒီယို ရောင်းအား တက်ခဲ့ကြောင်း သိရသည်။

ဈေးကွက်အတွင်း ရေဒီယိုအမျိုးအစားပေါင်း ၂ဝ ကျော်ခန့်ရှိပြီး တန်ဖိုးများမှာ အနည်းဆုံးကျပ် ၃ ထောင် တန်မှ ကျပ် ရ သောင်းတန်ထိရှိကြောင်း၊ တရုတ်ပြည်ဖြစ် ဓာတ်ခဲသုံး ကျပ် ၃ ထောင် ဝန်းကျင်တန် ရေဒီယိုများမှာ ရောင်းအားကောင်းလျက်ရှိကြောင်း အရောင်းဆိုင်များမှ သိရသည်။

ထိုသို့ ပြည်ပအခြေစိုက် ရေဒီယိုများကို ပြည်သူလူထုက နားထောင်အား များလာသောကြောင့် စစ်အစိုးရသည် ၎င်းတို့အတွက် မီဒီယာ လက်နက်အဖြစ် ရေဒီယိုလိုင်း အများအပြား ချပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝန်းတွင် ပြောဆိုလျက်ရှိသည်။

“အစိုးရက ရေဒီယိုတွေရဲ့အားကို ကောင်းကောင်း သိတော့ ရေဒီယိုကို ရေဒီယိုနဲ့ တိုက်ဖို့ အခုစပြီး အကောင်အထည် ဖော်နေတယ်လို့ ပြောရမယ်” ဟု ရန်ကုန်မြို့ခံ နိုင်ငံရေးသမားတဦးက ပြောသည်။ ။