နည်းနည်းပြောမယ် (၂)
ကျနော်ဒီစာလေးကိုရေးဖို့ရာ အကြိမ်ကြိမ်တွေးနေခဲ့ရတာပါ။ ကျနော့်လိုဘာမဟုတ်တဲ့
လူတစ်ယောက်က တကယ့်စာရေးဆရာကြီးကို ဝေဖန်တာမျိုးဖြစ်နေမှာလည်းစိုးရိမ်
မိတာအမှန်ပါ။ အဲ့လိုသဘောမျိုးမဟုတ်ကြောင်းကိုတော့ ကြိုတင်ဝန်ခံထားပါရစေ။
ကျနော်ဒီစာလေးကိုရေးမိတာဟာ ဆရာကိုတာပြောသလို ဆန့်ထွက်တွေးမိခြင်းဟုသာ
ယူဆပေးကြစေလိုပါတယ်…။
ကျနော်ပြောချင်တဲ့ အကြောင်းအလေးကတော့ မြောင်းတကာ စာပေဟောပြောပွဲမှာ ဆရာ
ကောင်းသန့်ရဲ့ ဟောပြောချက်လေးတွေကို ဆန့်ထွက်တွေးမိခြင်းလို့ပဲ ပြောပါရစေတော့ဗျာ။
ဆရာကပြောပါတယ် ကျနော်တို့မြန်မာလူမျိုးတွေဟာ စာမဖတ်ကြလို့ တခြားနိုင်ငံတွေထက်
ဆင်းရဲနေကြတယ်လို့ပြောပါတယ်။ ဆရာ့နည်းတူ တခြားသောစာရေးဆရာတွေလည်းပြောကြ
တာပါပဲ။ ကျနော်တွေးမိတာ မြန်မာတွေဘာကြောင့်စာမဖတ်ကြတာလဲဆိုတာကိုပါ။
ဆရာက နိုင်ငံတကာမှာ စာအုပ်ထုတ်ဝေမှုနဲ့ မြန်မာပြည်မှာစာအုပ်ထုတ်ဝေမှုကိုလည်းနှိုင်းယှဉ်
ပြောပြသွားပါသေးတယ်။ နိုင်ငံတကာမှာ စာအုပ်ထုတ်ရင် အနည်းဆုံးသောင်းဂဏန်းထုတ်ဝေပါ
သတဲ့ ။ ကျနော်တို့နိုင်ငံမှာ အရောင်းရဆုံးစာအုပ်မှာ ငါးထောင်လောက်ပဲရိုက်ရတယ်လို့ဆိုပါတယ်။
စာရင်းဇယားအရတော့တော်တော်ကွာခြားတာ အမှန်ပါ။ ဘာကြောင့်မြန်မာတွေစာမဖတ်ကြပါသလဲ။
ကျနော့်အမြင်ကိုပြောပါတော့မည်။ ကျနော်တို့လူမျိုးတွေ ထမင်းစာဘို့ကို အလုပ်လုပ်နေကြရလို့ပါ
ပဲ။ ဟလူရ… ထမင်းစားဘို့တော့ လူတိုင်းအလုပ်လုပ်ကြရတာပေါ့ကွလို့ပြောကြပါလိမ့်မည်။
ကျနော်တို့လူမျိုးတွေက ထမင်းစားရဘို့ကို အသည်းအသန်အလုပ်လုပ်နေကြရတာပါ..။
ကွန်မြူနစ်သဘောအရပြောရရင် လူ၁၀ဝမှာ ၁၀ဝလုံးအလုပ်လုပ်ရမယ်မဟုတ်လား။
ကျနော်တို့တိုင်းပြည်မှာတော့ လူ၂၀ဝအတွက် လူ၁၀ဝက အလုပ်လုပ်ပေးနေရသလိုပါ..။
အဆိုးမြင်လွန်းသလိုဖြစ်နေမှာလည်းစိုးရိမ်မိပါတယ်..။ လူ၁၀ဝအလုပ်လုပ်လို့ရလာတဲ့ငွေကြေး
ကိုကျန်လူ၁၀ဝက မျှဝေအဲ..နောက်တစ်မျိုး အတင်းအဓမ္မလုယူသုံးစွဲနေတယ်ပေါ့ဗျာ..။
စာပေဖတ်ဖို့ရာ အချိန်မပေးနိုင်အောင်ကို အလုပ်လုပ်နေကြရတာပါ..။ စာဖတ်ကြဖို့နေရာက
ရော ဘယ်လိုတွေဖြစ်နေလဲဆိုတော့…စာပိတ်တိုက်တွေဖြစ်နေပါတယ်…။ ရပ်ရွာအနှံ့ စာကြည့်တိုက်
တွေဖွင့်လှစ်ကြပါတယ်..။ပြီးတာနဲ့ တစ်ခါတည်း ပိတ်လစ်ကြတော့တာပါပဲ..။
(အခုတော့ အနယ်နယ် အရပ်ရပ် စာကြည့်တိုက်တွေ ဖွင့်နေကြတာ အားရစရာပါ..
တကယ့်စာကြည့်တိုက်စစ်စစ်ပေါ်ပေါက်လာတာ ဝမ်းသာစရာပါ..)
အဲ့လိုတွေဖြစ်နေတော့ စာပေကိုတကယ်ဝါသနာပါတဲ့လူတွေက စာအုပ်ကို ဝယ်ဖတ်ကြရတော့တာ
ပါ။ အဲ့လိုဝယ်ဖတ်ဘို့ရာ ကျနော်တို့မှာ အပိုငွေလေးရှိမှဖြစ်မယ်မဟုတ်လား။ အပိုငွေလေးရှိနေပြန်
လည်း စာအုပ်ဆိုင်ပေါ်မှာက ကိုယ်ကြိုက်တဲ့ စာအုပ်ကရှိဦးမှလေ..။ ကျနော်ဆို စာအုပ်တစ်အုပ်ဖတ်ရ
ဘို့ မိုင်သုံးဆယ်ဝေးသောခရီးကို သွားပြီး စာအုပ်ဝယ်ရပါတယ်…။ အဲ့လိုအခက်အခဲလေးတွေက
အသေးစားလေးပဲထားပါတော့..။ ကြာတော့ကျနော်တို့ စာဖတ်ကြဖို့ကို ပျင်းရိလာကြတော့တာပေါ့။
စာအုပ်တစ်အုပ်ဖတ်နိုင်ဖို့ရာ အဲ့လောက်တွေခက်ခဲနေတဲ့ ကျနော်တို့လူမျိုးတွေ စာဖတ်နဲကြတာပါ။
နောက်တစ်ခုက စာထဲကဟာတွေကအပြင်လောကမှာ ဘာမှအသုံးချမရပါဘူးကွာ စိတ်ကူးယဉ်တွေပါ
ဆိုတဲ့ အတွေးအခေါ်တွေကလည်းရှိနေကြပြန်သေးတာကိုးဗျ…။ ကျနော်ငယ်ငယ် ကျောင်းသားဘဝက
ရုပ်ပြတွေ ဝတ္ထုတွေဖတ်တယ်ဗျ… အဲ့တာကို အိမ်ကမိဘတွေရော ဆရာ ဆရာမတွေပါ အားမပေးဘူး။
ကျနော့်ဆရာမတစ်ယောက်ဆိုရင် အတန်းထဲ လူအများရှေ့မှာကို ကျနော့်ကိုပြောဘူးတယ်….
ကျောင်းစာမကျက်ပဲ တခြားစာတွေဖတ်နေလို့တဲ့လေ…. ဒါပေမယ့် ကျနော်အပြင်စာတွေဖတ်လို့
စာမေးပွဲ မကျခဲ့ဘူးပါဘူး ..။ နောက်ပြီး ကျနော်စာဖတ်တာကိုမြင်တဲ့ လူကြီးတစ်ယောက်က
မှတ်ချက်ချဘူးသေးတယ်… ဒီကောင် စာသမားယောင်ယောင်ဘာယောင်ယောင်နဲ့ လက်ကြောတင်း
အောင် အလုပ်လုပ်မဲ့ကောင် မဟုတ်ဘူး စိတ်ကူးနဲ့ပဲ ရူးနေမဲ့ကောင်တဲ့…
တချို့ကလည်း စာတွေသိပ်မဖတ်နဲ့ ကြောင်သွားလိမ့်မယ်တဲ့ ..ဒီလို စကားကိုပြောတဲ့လူက
ကလေးတွေကို စာသင်ပေးနေတဲ့ ဆရာမတစ်ဦးကိုယ်တိုင်ရဲ့ နှုတ်ကထွက်လာတာပါ…
နောက်တစ်ခုဗျာ မူလတန်းပြဆရာမလေးတစ်ယောက်ကို ကျနော်ကစာတွေဖတ်ဗျ…
ဒါမှစာသင်တဲ့အခါ ပြောစရာစကားလေးတွေရလာတတတ်တာလို့ပြောတော့ ..
ကျမကစာဖတ်ရမှာ ပျင်းတယ်ရှင့်ဆိုပဲ..
ဒီလိုစာမဖတ်တဲ့ ဆရာမတစ်ယောက်က ကလေးတွေကိုရော စာဖတ်ကြပါလို့ တိုက်တွန်းမိပါ့မလား။
ကဲ..ဒါလေးတွေကတော့ မြန်မာတွေစာမဖတ်ကြခြင်းရဲ့
အကြောင်းအရာလေးတွေ ကျနော်တွေးမိသလောက်ပါ..။
ဆရာပြောသွားတဲ့အထဲမှာ နီဂရိုးမကြီးသားအမိသုံးဦးအကြောင်းပါသွားပါတယ်..။စာမတတ်တဲ့
နီဂရိုးမကြီးက သားနှစ်ယောက်ကို ဆရာဝန်ကြီးနဲ့ အင်ဂျင်နီယာကြီးဖြစ်အောင်သင်ကြားပေးခဲ့တဲ့
အကြောင်းပါ..။သူ့သားတွေကို အဲ့လိုဖြစ်စေတဲ့အကြောင်းက သူအလုပ်သွားလုပ်ရတဲ့ အိမ်တွေက
စာအုပ်စင်ကြီးတွေကိုမြင်ပြီး စာပေဖတ်ခြင်းဟာ ဘဝမှာချမ်းသာကြွယ်ဝခြင်းနဲ့ သက်ဆိုင်ရမယ်
ဆိုတဲ့အတွေးနဲ့ သားတွေကို စာဖတ်ခြင်းအလေ့ပျိုးထောင်ပေးခဲ့တာပါ။ သူ့သားတွေကိုစာကြည့်
တိုက်မှူးဆီအပ်တော့ စာကြည့်တိုက်မှူးကလည်း သူ့သားတွေဝါသနာပါတဲ့ အရာတွေကိုမေးပြီး
စာအုပ်တွေရှာပေးပါသတဲ့..။အဲ့ကနေ အတန်းတွေအောင်ပြီး တက္ကသိုလ်ရောက်ပေါ့..။အဲ့..ဒီနေရာမှာ
နီဂရိုးမကြီးက သူများတွေအိမ်မှာ အဝတ်လျှော်ရတာတဲ့ဗျ..။ကျနော်တို့နိုင်ငံမှာလည်း အဝတ်လျှော်တဲ့
မိန်းမကြီးက သူ့သားသမီးတွေကိုပညာတတ်ဖြစ်အောင်လုပ်ပေးခဲ့တာတွေရှိပါတယ်..။
တက္ကသိုလ်ရောက်တော့ပညာသင်ထောက်ပံ့ကြေးနဲ့ကျောင်းတက်ကြတာဆိုပဲ..။ပညာသင်ထောက်ပံ့
ကြေးဆိုလို့ ဟိုတစ်နေ့က ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရတာကတော့ ၂၀၁ဝခုနှစ် တက္ကသိုလ်ဝင်
တန်းအောင် ကျောင်းသားတစ်ဦးရဲ့ မိဘဆိုလားဗျ ပညာသင်ထောက်ပံ့ကြေးပေးတယ်ဆိုလို့
လျှောက်လိုက်တာတဲ့ ..ထောက်ပံ့ကြေးလည်းရပါတယ်တဲ့…။ဘယ်လောက်များလဲဆိုတော့..
၃၀ဝကျပ်ပါတဲ့လေ…ကဲ…အဲ့လိုတွေဆိုတော့ ကျနော်တို့လူမျိုးတွေ စာမဖတ်တာ ပညာမဲ့နေတာ
ဆန်းသလားဗျ…( အဆိုးမြင်လွန်းပြန်ပြီထင်ပါရဲ့ဗျာ…)
ကျနော်တို့ရဲ့ မိဘတွေနီဂရိုးမကြီးလိုပဲ တာဝန်ကျေကြပါတယ်…
သားသမီးတွေကို ကျောင်းတွေထားပေး ဘွဲ့တွေရအောင်ထားပေးကြပါတယ်…
သို့သော်… သားသမီးတွေကပဲ နားမလည်တာလား … ခေတ်ကပဲ မကောင်းတာလား
မသိဘူးခင်ဗျ… သားသမီးတွေကျောင်းပြီးသွားတော့ မိဘတွေ မွဲပြာကျ ဘွဲ့ရတဲ့
သားသမီးတွေက အိမ်ထောင်ကျ တချို့ဆို လမ်းမှားရောက် မူးယစ်ဆေးတွေစွဲပေါ့ဗျာ…။
ဘွဲ့ရသွားတဲ့သူတွေအတွက်ရော အလုပ်အကိုင်အခွင့်အလမ်းတွေက ဘာတွေရှိလဲ…။
ကျောင်းတက်စဉ်ကလည်းငွေကုန် အလုပ်အကိုင်ရဘို့လည်းငွေကုန်ပေါ့ …
ကျနော်ပြောတာ အဆိုးဘက်တွေများနေတယ်ထင်ကြမယ်… တချို့တွေလည်း
ကြိုးစားပြီး ဘွဲ့တွေရ အောင်မြင်သွားတာတွေရှိပါတယ်… ဒါပေမယ့် ဒါမျိုးက
လက်ချိုးရေလို့ရမယ်ထင်ပါတယ်…. ဒါတွေဘာကြောင့်ဖြစ်ရသနည်း ….
တွေးကြည့်ကြပေါ့ဗျာ…..။
ဆရာပြောသွားသည့်အထဲမှာ နိုင်ငံခြားသားများက မိမိတို့ရှာဖွေရရှိသော ငွေကို ခရီးထွက်ရာမှာ
အကုန်သုံးပါသတဲ့။ ကျနော်တို့လူမျိုးတွေကတော့ ငွေကိုရှာပြီး အိမ်ဆောက် အလှူလုပ်ဖို့လောက်ပဲ
သုံးကြပါသတဲ့။ ကျနော်ဒီအဆိုကို လက်မခံလိုပါဘူးဗျာ။ ကျနော့်အယူအဆကိုလည်း အားလုံးက
သဘောထားကွဲလွဲနိုင်ပါတယ်။ လူတစ်ဦးဟာ တစ်နေ့လာလည်း ဒီအလုပ် တစ်နေ့လာလည်းဒီအလုပ်
ကြာတော့ အလုပ်အပေါ်မှာ ငြီးငွေ့လာကြသူတွေချည်းပါပဲ။ တစ်နှစ်တစ်ခါလောက်တော့ ဘယ်သူမဆို
ခရီးမထွက်ချင်တဲ့ မရှိပါဘူး။ ဒါဆိုဘာကြောင့် ကျနော်တို့လူမျိုးတွေ ခရီးမထွက်ကြပါသလဲ။
ပထမတစ်ချက်ကတော့ ငွေကြေးအဆင်မပြေလို့ပါ။ ထားတော့ ငွေမရှိလို့ခရီးမထွက်တာကိုတော့။
ငွေရှိတဲ့လူတွေကရော ဘာလို့ ခရီးမထွက်ကြပါသလဲ။ ကျနော်မြင်သလောက်တွေးမိသလောက်တော့
စိတ်အပန်းပြေစေဖို့ ခရီးထွက်တာက ကျနော်တို့နိုင်ငံမှာ ပိုပြီးစိတ်ပင်ပန်းစေလို့ပဲ လို့ထင်မိတယ်ဗျ။
မြန်မာနိုင်ငံအောက်ပိုင်းဒေသများက ခရီးသွားရခြင်းအခက်အခဲကို သိပ်မဟုတ်ဘူးလို့ မြင်ရင် မြင်နေ
ကြမှာပါ။ မြန်မာနိုင်ငံအထက်ပိုင်းက လူတွေတော့ ခရီးသွားရခြင်းရဲ့ အခက်အခဲကို လူတိုင်းသိကြပါ
တယ်။ ဒါကြောင့် မသွားမဖြစ်တဲ့ ခရီးမှသာ သွားကြတော့တာပါ။ ဘာတွေအခက်အခဲဖြစ်သလဲ။
ပထမအခက်အခဲကတော့ ယာဉ်စီးလက်မှတ်ကိစ္စပါ။ ခရီးသွားရာမှာ အဲ့ဒီအခက်အခဲကို မြန်မာပြည်မှာ
နေကြသူတွေတိုင်း သိကြပါတယ်။ ကျနော်တို့အထက်မြန်မာပြည်ကလူတွေ အဓိကအားထားရတဲ့
ယာဉ်ကမီးရထားပါ။ ဒီမီးရထားကလည်း တစ်ရက်မှာ ငါးစင်းမပြည့်ပါဘူး။ မန္တလေး မြစ်ကြီးနားခရီးမှာ
ဘူတာပေါင်းကိုတွေးကြည့်ပါ။ ဒီရထားငါးစင်းလောက်နဲ့ ခရီးသည်နဲ့ ဘယ်လိုမျှတပါလိမ့်မလဲ။
ဒီတော့ကြပ်ကြပ်ညှပ်ညှပ်စီးရတော့တာပေါ့။ ဒီကြားထဲ အစစ်အဆေးတွေကလည်းပေါမှပေါကိုးဗျ။
ဘောင်းဘီရှည်ဝတ်ထားတဲ့ လူတိုင်းကိုကြောက်နေကြရတော့တာပါ။ တစ်ယောက်လာလိုက် မှတ်ပုံတင်
ပြခိုင်းလိုက် ခရီးဆောင်အိတ်ကို စစ်သွားလိုက်ပေါ့။ ဒီတော့ ဘယ်လိုလူမျိုးတွေက ခရီးသွားချင်ပါတော့
မလဲ။ ဒီတော့ ဒေသန္တရ ဗဟုသုတတွေလည်း နည်းပါးကြတာပေါ့ဗျာ…။
ကျနော်တွေးရင်းရေးရင်း စာတွေကတောင်ရောက်မြောက်ရောက်ရှိနေချေ၏။ ကျနော်တို့လူမျိုးတွေ
စာဖတ်ကြရပေမည်။ သို့မှသာ ဆရာအော်ပီကျယ်ပြောသလို အတတ်ပညာဖြင့်မောင်းနှင်သော
တိုင်းပြည်၊ ပညာဖြင့်ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းဖြစ်လာပေလိမ့်မည်…။
ထိုကဲ့သို့သော တိုင်းပြည်ကြီးကို ကျနော်ရောက်ရှိလိုလှပေသည်။ သို့သော်ကျနော်တို့ လူမျိုးတို့သည်
အဘက်ဘက်မှ အောက်ကျလျှက်ရှိနေရသည်။ ဘာကြောင့်ပါနည်း..စာမဖတ်ခြင်းတည်းဟူသော
အချက်တစ်ချက်တည်းကြောင့်သောမဟုတ်တန်ရာ…။
ကျနော်တို့မြန်မာလူမျိုးတို့၏ အစပုဂံခေတ်ကိုသွားကြပါစို့..ဘာစနစ်ကျင့်သုံးခဲ့ပါသနည်း။
သက်ဦးဆံပိုင်ဘုရင်စနစ်မဟုတ်လားဗျာ…ပုဂံပျက်တော့ ပင်းယ အင်းဝ တောင်ငူ ညောင်ရမ်း
ကုန်းဘောင်ခေတ်တိုင်အောင်ရော ဘာစနစ်နဲ့ အုပ်ချုပ်ခဲ့ပါသလဲ..သက်ဦးဆံပိုင်စနစ်ပါပင်…။
ဆရာဦးအောင်သင်းကတော့ မြန်မာတွေရဲ့ ဥပဒေသည် ကြောက်စရာကောင်းပုံနှင့် ထိုဥပဒေကြောင့်
ပင် သူ့ကျွန်ဖြစ်ရပုံများကို စကားပုံလေးများနှင့်ပြောလေ့ရေးလေ့ရှိသည်။
“ရှင်ရွှေထီး သေမြေကြီး” “ ဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်” “ကျူပင်ခုတ်ကျူငုတ်မကျန်စေရ”
အဲ့လိုဥပဒေကြောင့် ကျနော်တို့လူမျိုးတွေ သူ့ကျွန်ဖြစ်ခဲ့ရပါသတဲ့ဗျာ…ဟုတ်ပေပြီ…
ကုန်းဘောင်ခေတ်ပျက်ပြီး ကျနော်တို့ သူ့ကျွန်ဘဝက ရောက်လာတော့ရော
ဘာစနစ်တွေ ကြုံတွေရပါသနည်း။ ခုထိရော ကျနော်တို့ ဘယ်လိုစနစ်တွေအောက်မှာ
ကြီးပြင်းလာနေကြရပါသနည်း…။ ကျနော်တို့လူမျိုးတွေ မတိုးတက်တာ စာမဖတ်ခြင်းတစ်ခုထဲကြောင့်
ဟုတော့ ကျနော်မမြင်မိပါ။
တစ်ခါက ကျနော့်ထက်အသက်ကြီးသော အစ်ကိုတစ်ယောက်ပြောသည်ကို သတိရမိပါသည်။
“ငါတို့က အစမ်းသပ်ခံကာလထဲမှာပါသွားလို့ ဆယ်တန်းမအောင်ခဲ့တာ”ဟု ပြော၏။
“ဘယ်လိုအစမ်းသပ်ခံကာလလည်းဗျ…”ဟု ကျနော်မေးရာ သူက ငါတို့ ဆယ်တန်းနှစ်မှာ
ဝိဇ္ဖာ သိပ္ပံ ခွဲထားတယ်လေ..နောက်နှစ်ကျတော့ နှစ်ခုမခွဲပြန်တော့ဘူး အဲ့လိုဆိုတော့
ပညာရေးကိုစမ်းသပ်နေတာမဟုတ်လားတဲ့…။ ကျနော်ဘာပြန်ပြောရမှန်းမသိတော့ချေ။
စနစ်တွေအကြောင်းတော့ ကျနော်သိပ်မသိပါ..။ မူနှင့်လူ ဘယ်အရာအရေးကြီးသလဲ
ဟူ၍ မေးလေ့ရေးလေ့ရှိကြပါသည်။ နှစ်ခုလုံးအရေးပါလိမ့်မည်ဟုသာ ကျနော်တွေးထင်
မိပါသည်။ ကျနော်တို့တွေ မူကောင်းတွေလည်းချမှတ်ရပါမည်..။ လူကောင်းတွေလည်း
ပေါ်ပေါက်လာအောင် ပျိုးထောင်ရပါလိမ့်မည်..။ ခေတ်အဆက်ဆက်သူရဲကောင်းများမှာ
အနှိပ်ကွပ်ခံ ဘဝများဖြင့်သာ နေထိုင်ကြရသည်ကများပါသည်..။ ထိုသို့သော
အတွေးအခေါ်ပညာရှင်တွေ အတတ်ပညာရှင်တွေကို ကျနော်တို့ ပေါ်ထွက်လာစေဘို့ရာ
လမ်းဖွင့်ပေးရပါမည်..။ နောက်တစ်ချက်က လူငယ်များကို ပိုမိုကောင်းမွန်သော အနာဂတ်
ကိုတည်ဆောက်လိုစိတ်ရှိအောင်ပျိုးထောင်ပေးကြရပါမည်..။
လူငယ်များ ဘွဲ့တွေရပြီး လုပ်ငန်းခွင်ထဲသို့ ဝင်ကြမည်ဆိုလျှင် တိုင်းပြည်အကျိုးကိုသယ်ပိုးလိုသော
စိတ်ဖြင့်သာ ဝင်ရောက်လုပ်ကိုင်ကြသင့်ပါသည်။ ဘယ်နေရာက ဂွင်ကောင်းတယ် ဘေးပေါက်
ဘယ်လောက်ရတယ်ဆိုသည့် အတွေးများကိုလည်း ချန်ရစ်ထားသင့်ကြပါပြီ။
ထိုသို့သော စိတ်ထားမျိုးထားတတ်စေရန်အတွက် ကျနော်တို့တွေ စာဖတ်ကြရပါမည်..။
ထိုသို့ စာဖတ်လာကြစေရန်အတွက် စာကြည့်တိုက်များ စာဖတ်အသင်းများဖွဲ့စည်း
ခြင်း စာပေဟောပြောပွဲများကျင်းပခြင်း စသည့်လုပ်သင့်လုပ်ထိုက်သော အလုပ်များကို
လုပ်ကိုင် ဆောင်ရွက်ကြရပါမည်..။ဘာကြောင့် ညာကြောင့် အစရှိသည့် တစ်ဦးအပေါ်
တစ်ဦးအပြစ်တင်မှုများ လက်ညှိုူထိုးကဲ့ရဲ့မှုများကိုလည်း လုံးဝမလုပ်သင့်ကြတော့ချေ..။
ပြုပြင်ပြောင်းလဲမှုများမပြုလုပ်ပဲကျနော်တို့ဒီအတိုင်းသာဆက်သွားမည်ဆိုလျှင်
ပုံပြင်ထဲကလူလို ဗဟုသုတဆိုတာဒါပါလားးဟုတွေးးးနေမိလေမလားမသိချေ..။
ကျနော်တို့ ရှမ်းဂဒူးနယ်က သားအဖ မန္တလေးသို့ ဝါးဖောင်စုန်သွားကြပါသတဲ့..။
မန္တလေးရောက်ခါနီး စစ်ကိုင်းတောင်ရိုးက စေတီပုထိုးတွေမြင်တော့ သားဖြစ်သူက
“ဟာ….အဘရာ…စေတီတွေများလိုက်ပုံများပျိုးထားသလားမှတ်ရတယ်”ဟု ပြော၏။
ထိုအခါ အဖေဖြစ်သူက “မင်းကွာ ဗဟုသုတကလည်းနည်းပါ့…အဲ့တာပျိုးထားတာ
မဟုတ်ဘူး..အလေ့ကျပေါက်တာကွ” ဟုပြန်ဖြေ၏..။
ဒီလိုနှင့် မန္တလေးမှာ ဝါးတွေရောင်းပြီး ဖအေဖြစ်သူက ရေဒီယိုလေးတစ်လုံးဝယ်ကာ
ရွာပြန်ခဲ့ကြတာပေါ့ဗျာ..။ ရွာရောက်တော့ ဖအေဖြစ်သူက ရေဒီယိုလေးကိုမနက်တိုင်း
ဖွင့်ပေါ့။ သားဖြစ်သူက မနီးမဝေးကနေ နားစွန်နားဖျား ကြားမိတာကို ဖအေကိုမေးတယ်
“အဘ..အဘ…အဲ့ဒီ..ကုလားသမက်..ဘကြီးမိုးကမြန်မာမဟုတ်လားးးဗျ”
အဖေဖြစ်သူ “ တယ်လည်းးဗဟုသုတနည်းတဲ့ကောင်ကိုးးကွ…ကုလားသမက်မဟုတ်ဘူးကွ
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပါကွ” ဟုပြန်ပြောတာပေါ..။
သားဖြစ်သူက သူမေးတိုင်းဖအေဖြစ်သူက ဗဟုသုတမရှိဘူးပြောတော့ ဗဟုသုတ
ဆိုတာကြီးကိုသိချင်လာတယ်..။ ဒါနဲ့ “အဘ..အဘ..ဗဟုသုတဆိုတာ..ဘာလဲဗျ..”
လို့မေးတာပေါ့လေ..ဖအေဖြစ်သူကလည်းးသေချာမရှင်းပြတတ်တော့
“ဗဟုသုတဆိုတာ ဗဟုသုတပေါ့ကွာ”လို့ပြန်ဖြေတယ်..။သားဖြစ်သူကလည်းမရှင်းလို့ထပ်မေး
လုံးချာလည်နေတော့တာပေါ့..ဒီအခါမှာ ဖအေဖြစ်သူက စိတ်ဆိုးလာပြီး “ဗဟုသုတဆိုတာ
ဒါကိုခေါ်တယ်..ဒါကိုခေါ်တယ်ဆိုပြီးးးပုဆိုးးလှန်ပြလိုက်ပါသတဲ့…။
အဲ့လိုဗဟုသုတွေတော့မရှိကြစေလိုပါ..။
နောက်တစ်ခုကတော့ ပညာနဲ့ပတ်သက်တဲ့ ပုံပြင်လေးပါ..။ရွာတစ်ရွာမှာ လင်းမယားနှစ်ယောက်
ရှိသတဲ့ဗျာ..။လင်ဖြစ်သူက တစ်နယ်တစ်ကျေးကို စီးပွားရှာသွားမယ်ဆိုပြီး ခရီးထွက်ခါနီး
မယားဖြစ်သူကို မှာပါတယ်တဲ့..။“မိန်းမရေ ပညာနဲ့နေ..ပညာနဲ့စား….ပညာနဲ့သွား…ပညာနဲ့အိပ်”
လို့မှာပါသတဲ့..။ အဲ့လိုမှာကြားပြီး လင်ဖြစ်သူက စီပွားရှာထွက်သွားတာပေါ့လေ..။
တစ်နှစ်လောက်နေတော့ လင်ဖြစ်သူပြန်လာတဲ့ အခါမှာ သူ့မိန်းမဘေးမှာ ယောက်ျားတစ်ယောက်
ကိုတွေ့လို့ မေးကြည့်တော့ မိန်းမဖြစ်သူက “ရှင်ပဲ ပညာနဲ့နေ…ပညာနဲ့စား…ပညာနဲ့သွား..ပညာနဲ့အိပ်
ဆိုလို့ အခုကျမ ကိုပညာနဲ့ နေတယ်လေ” ဟူသတတ်..။
ကျနော်တို့လူမျိုးတွေ ပုံပြင်လေးထဲက ဗဟုသုတမျိုး ပညာမျိုးတွေနဲ့ ဝေးကွာပြီး အစစ်အမှန်
ဗဟုသုတများ ပညာများနှင့်ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း ကျနော်တွေးမိသမျှ
သော အကြောင်းအရာများကို နည်းနည်းပြောမယ်ဆိုပြီး ရေးခဲ့သောစာအား ဤနေရာလေးမှာ
နိဂုံးချုပ်လိုက်ပါကြောင်းခင်ဗျားး။အမှားတစ်စုံတစ်ရာပါရှိပါက စာရေးသူကျနော်၏
အမှားအယွင်းသာဖြစ်ပါကြောင်း…..
9 comments
ရှမ်းပြည်သား (တောင်ပိုင်း)
February 19, 2012 at 10:38 am
စာဖတ်ဖို့ဆိုတာ လူကြီးပိုင်းတွေသာမကပဲ အဓိကစာဖတ်ဖို့လိုတဲ့ လူငယ်တွေပါပါဝင်ပါတယ်။ လူငယ်တွေကိုယ်တိုင်ကို စာဖတ်ဟေ့ဆိုရင်တီဆားနဲ့ပက်သလိုပဲဗျ ၁ဝတန်းက ကျွန်တော့်ညီတစ်ယောက်ရဲ့
ဓါတုဗေဒအထူးထုတ်တစ်အုပ်မှာ ဆရာဦးဉာဏ်ထွန်းဆိုတဲ့ကထိကတစ်ဦးကရေးထားတယ်ဗျ။
” He who graduates today and stops learning tomorrow,becomes uneducated the day after.”
“ယနေ့ဘွဲ့ရပြီး၊မနက်ဖန် စာမလေ့လာသူသည် ၊ သန်ဘက်ခါစာမတတ်ဖြစ်သွားမည်။” တဲ့ဗျ ဒီအဆိုအရဆိုရင်တော့ ကျွန်တော်တို့ရဲ့ပြည်ထောင်စုအစိုးရမတိုင်ခင်ရှေးအစိုးရအဆက်ဆက်စာမတတ်သူပပျောက်ရေးဆိုတဲ့ဆောင်ပုဒ်ကြီး ပျောက်ကွယ်သွားနိုင်လေရဲ့ဗျာ။ ဘာပြုလို့တုန်းဆိုတော့ ဆရာကပြောထားတာစာမလေ့လာသူတဲ့လေ စာလေ့လာဖို့မပြောနဲ့စာဖတ်ရုံဖတ်ဖို့တောင် ဒီလောက်ပြောရခက်နေရင် စာလေ့လာဖို့ကတော့ဝေလာဝေးပဲပေါ့ဗျာ။ နောက်ပြီးကျွန်တော်တို့နိုင်ငံကဘွဲ့
ရလူငယ်အများစုကိုကြည့်ကြပါဦး ဒီစာကျက်ဒီစာဖြေ ပြီးရင်ဘွဲ့ရတဲ့အထိဖြစ် တစ်ချို့ဆိုရင်မဟာတန်းတွေ ဘာတွေတောင်ဝင်ကြသေး ကိုယ်တတ်ထားတဲ့ပညာကိုဘယ်လိုအသုံးချရမယ် ဘယ်လိုအသုံးဝင်တယ် ဘယ်အချိန်အသုံးချသင့်တယ်
ဆိုတာတောင်ကောင်းကောင်းမစဉ်းစားနိုင်ကြတဲ့သူတွေများနေပါတယ်။ ကွန်ပျူတာတက္ကသိုလ်ကကျောင်းသားတွေဆိုရင် ဘွဲ့သာရသွားကြတယ်။တစ်ချို့ကွန်ပျူတာဘယ်ကစဖွင့်ရမယ်ဆိုတာမသိသေးဘူး။
ဥပဒေကျောင်းသားတွေကိုကြည့်ဦးမလား ကျောင်းသာပြီးသွားကြတယ် လူသတ်မှုနဲ့လူသေမှုဘယ်လိုခြားနားတယ်ဆိုတာမသိကြသေးဘူး။ အင်္ဂလိပ်စာဘာသာရပ်နဲ့ကျောင်းပြီးသွားတဲ့ လူငယ်တွေကိုကြည့်ရင်လည်း ဖော်နက်တစ်ဆိုတာဘာမှန်းမသိတဲ့သူတွေရှိကြတယ် အက်ဆေးတစ်ပုဒ်ကို
မိမိအားကိုးနဲ့ပြည့်စုံကြွယ်ဝစွာရေးသားဖော်ပြနိုင်တဲ့လူ ရှာမှရှားပါပဲ။ ဓာတုဇီဝနဲ့ကျောင်းပြီးသွားကြတဲ့သူတွေဆိုရင်လည်း မြန်မာ့ရိုးရာသရော်ကင်ပွန်းခေါင်းလျှော်ရည်တောင်
ကိုယ်တိုင်မလုပ်တတ်ကြဘူး။ သတ္တဗေဒကျောင်းသားတွေကြည့်ဦးမလား ပိတုန်းနဲ့ချေးပိုးထိုးကောင်တောင်ကောင်းကောင်းမခွဲတတ်ကြသေးဘူး။
ကျောင်းသားတွေကျောင်းသူတွေရဲ့ခေါင်းထဲကို စာတွေပဲရိုက်သွင်းထားပြီး အသုံးချနည်းကိုတော့မသင်ကြားနိုင်သေးကြဘူးဗျ။ လူငယ်တွေကိုယ်တိုင်ကလည်း ဒီကိစ္စတွေကိုပြေလည်အောင်ဖြေရှင်းနိုင်ဖို့ မစဉ်းစားကြဘူး။ ချက်တင်ထိုင်မယ် ၊ လျှောက်လည်မယ် ၊ နှလုံးသားရေးရာအတွက်တွေနဲ့ အချိန်ပေးနေကြရတာနဲ့တင်အချိန်ကုန်တာများတယ်။ စာဖတ်ဖို့ဆိုတာ စာမေးပွဲနီးရင်တောင်မစဉ်းစားကြဘူး ကော်ပီဆိုင်တွေပေါတာပဲတွေးထားကြတယ်။ဆက်သာပြောမယ်ဆိုရင် အခုကျင်းပနေတဲ့ လွှတ်တော်အစည်းဝေးသာပြီးသွားမယ် ပြောစရာကုန်မှာမဟုတ်ဘူးကိုထွန်းဝင်းလတ်ရေ။
windtalker
February 19, 2012 at 12:29 pm
တစ်ခု ရှိသေးတယ်ဗျ ။
“ ဝတ္ထုတွေ ကာတွန်းတွေထဲကလို စိတ်ကူးယဉ်မနေနဲ ့” ဆိုကလားဘဲ ။
kotun winlatt
February 19, 2012 at 2:44 pm
အားလုံးကောင်းလာဘို့ အားလုံးမှာတာဝန်တွေရှိပါတယ်ဗျာ…
အားလုံးဝိုင်းကြဝန်းကြမှသာ နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်တဲ့
နိုင်ငံဖြစ်လာမှာပါ…
လောလောဆယ်ဆယ်တော့ ဆရာမင်းလူရဲ့စကားလေးကိုပဲ
ကြားယောင်နေမိတာပါပဲ…
ကျနော်တို့နိုင်ငံ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်ပါပြီ..
(ဥပမာ- မီတာခပေါ့ဗျာ) ဆိုတာလေးကို သတိရနေပါတော့တယ်ဗျာ…
MTY
February 19, 2012 at 5:36 pm
အဓိက..ကစာဖတ်အားကောင်းဖို့ကိုအားပေးတာမှန်တယ်။
ဒါမှလဲself learningကတိုးတက်လာမှာ…ကိုယ့်ကိုကိုယ်သင်ကြားမှု
ကပိုအရေးကြီးတယ်လို့ယူဆမိပါကြောင်း။
blackchaw
February 19, 2012 at 6:03 pm
ကိုထွန်းဝင်းလတ်ရေ။
ကျွန်တော်လည်း လေးလေးစားစား
စိတ်ပါဝင်စားစွာ ဖတ်သွားပါတယ်ဗျာ။
နေဝန်းနီ
February 19, 2012 at 6:08 pm
နည်းနည်းပြောမယ်ဆိုလို့သာပဲ ထွန်းဝင်လတ်ရေ့…….. မနည်းဖတ်သွားရပါတယ်..။ ပြောချင်နေတာတော့ကြာပါပြီ…။ ကိုယ်ပြောရင်ညီလေးပြောသလိုချောချောမွေ့မွေ့ မဖြစ်မှာကတော့သေချာတယ်..။ နောက်ထပ်နည်းနည်းဆက်ပြောပါဦး…။
ကိုပေါက်(မန္တလေး)
February 19, 2012 at 6:16 pm
အဲတော့ ကိုယ့်အနီးအနးက ကလေးတွေကို စာဖတ်ချင်လာအောင်ကိုယ်ကိုတိုင်က ပျုးိထောင်ပေးဘို့လိုအပ်တယ်လေ။
အဲတော့ ကိုယ့်အနားက ကလေးတွေစာဖတ်ရအောင် စာအုပ်တွေရှာပေးပေါ့ဗျာ။
ကျနော်ရေးဘူးတယ် စားစေချင်ရင် ချကြွေး ဖတ်စေချင်ရှာပေး ဆိုပြီးတော့။
စိန်ပေါက်ပေါက်
February 19, 2012 at 6:25 pm
ကျနော်တောင် မဆီမဆိုင် အလုပ်ရမှ စာဖတ်တတ်သွားတာမိုလို ့ အလုပ်တောင် ကျေးဇူးတင်နေရမလိုပဲ
အရင်က ဘာစာမှမဖတ်
လမ်းသွားရင် ချိတ်ထားတဲ့ ဆိုင်တွေက ဆိုင်းဘုတ်ကြော်ငြာတော့ ဖတ်တောပေါ့ဗျာ 😆
လက်လုပ်လက်စား ဘဝသများတွေအနေနဲ ့တော့ ထမင်းတစ်နပ်၊သားသမီးအတွင် ရုန်းကန်နေရတာနဲ ့ စာဖတ်ချိန် မပေးနိုင်ပါဘူးဗျာ
အလုပ်လုပ်ရာကပြန်လာရင် စား၊သောက်၊စီစဉ်စရာရှိစီစဉ် ပြီး မနက်ဖြန်အတွက် အားမွေးဖို ့ တန်းအိပ်ကြရတာပါ..
ဂယ်တော့
စာဖတ်ခြင်း မဖတ်ခြင်းဟာ ဝါသနာနဲ ့လဲ ဆိုင်သလို ဘဝပေးအခြအနေကြောင့်လဲ သက်ဆိုင်မယ်ထင်ပါတယ်..
အဓိကကတော့ ဝါသနာ ပါဖို ့ထင်ပါတယ်
တော်သေးဘီ ကိုဂျက်လီရေ
ဘိုင့်လဘိုင်…
kotun winlatt
February 20, 2012 at 11:29 am
ဟုတ်ပါတယ်… အစ်ကိုတို့ရေ ..
ကိုယ့်ကိုယ်ကို သင်ကြားမှုအရေးကြီးတယ်ဆိုတာ
ဒါပေမယ့် သင်ကြားလိုစိတ်ရှိအောင်တော့ ကျနော်တို့
လေ့ကျင်ပေးရပါလိမ့်မယ်…
စားစေချင်ရင်ချကျွေး ဖတ်စေချင်ရင် ရှာပေးဆိုတာလည်း
မှန်တာပါပဲ…
ကျနော်တတ်နိုင်သေလာက် ကလေးတွေစာဖတ်ဖြစ်အောင်
စာစောင်လေးတွေ လှူပေးနေပါတယ် ခင်ဗျာ…
အဓိကဝါသနာဆိုပေမယ့် အဲ့လိုဝါသနာဖြစ်လာအောင်
ကျနော်တို့ တိုက်တွန်းပေးရမယ်ထင်ပါတယ်……
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ….