“ပေါက်ပန်းပွင့်ချိန်ခါမီ တပေါင်းမိန်ရာသီ”
“ပေါက်ပန်းပွင့်ချိန်ခါမီ တပေါင်းမိန်ရာသီ”
ဒီနေ့မနက်အလုပ်သွားတော့ ဘုရားကြီးစာတိုက်ကွေ့ကို နည်းနည်းလေးအကျော်
ကျောက်လမ်းမပေါ်မှာ ကြွေကျနေတဲ့ပေါက်ပန်းပွင့်တွေကို တွေ့တော့ အပေါ်မော့ကြည့်မိပါတယ်။
အုးိ………………တပင်လုံး ပုစွန်ဆီဖျော့ဖျော့အသွေးနဲ့ပေါက်ပန်းပွင့်တွေဝေလို့ပါကလား။
ဒါဆိုရင် တပေါင်းရောက်ခါနီးပြီပေါ့။
တပေါင်းဆိုတာနဲ့လွမ်းစရာအကြောင်းလေးတွေက ရင်ထဲမှအစီအရီပေါ်လို့လာပါလေရော။
သင်္ကြန်ရေကို အကြိုထောက်တဲ့ပန်းက ပိတောက်ဆိုရင်
မိန်တပေါင်းကို ကြိုဆိုတဲ့ပန်းက ပေါက်ပန်းလို့သတ်မှတ်ချင်ပါတယ်။
ကျနော်ပေါက်ပန်းပွင့်ရဲရဲလေးတွေကို ငယ်စဉ်ဘဝကတည်းက နှစ်သက်ခဲ့တာပါ။
ဟိုခပ်ငယ်ငယ်မြစ်ငယ်ဘက်မှာနေကြတုံးကပါ။
အခုလို ရာသီမျိုးမှာပေါ့ ………
ပုလိပ်ချည်မျှင်စက်ထဲက အဖေ့သူငယ်ချင်းအိမ် ကိုသွားကြတဲ့အခါ
မြစ်ငယ်တံတားကိုကျော်ပြီး တောင်ဘက်ကိုရောက်တာနဲ့ လမ်းတစ်ဖက်တစ်ချက် မှာပေါက်ပင်တွေတန်းစီနေတာကိုတွေ့ရပါတယ်။
အရွက်နည်းနည်းလေးဘဲကျန်အောင၊်
တစ်ပင်လုံးဖုံးအောင်ဝေနေအောင် ၊
ပွင့်နေတဲ့ပေါက်ပန်းပွင့်တွေမြင်ရင်အရမ်းကိုသဘောကျခဲ့တာပေါ့။
တကယ်တော့ပေါက်ပန်းဆိုတာ လှသာလှတယ် စားလို့လဲမရ
မွှေးလဲမမွှေး။
ဒါပေမယ့် ကျနော်ကတော့ဒီအပွင့်လေးတွေမြင်တာနဲ့သဘောတွေကျနေခဲ့တာအမှန်ပါဘဲ။
(နောင်ကြီးလာတော့ စာအုပ်ထဲမှာပါတဲ့ ပြည်နှင့်အရေး ပေါက်နဲ့ကျေး ဆိုတာ ဒီပေါက်ပင်တွေကို
ညွှန်းထားတာကိုသိရပြန်ပါတယ်။
ပေါက်ပင်အပွင့်က ပုစွန်ဆီလိုလို အနီလိုလို အရွက်ကစိမ်းစိမ်း။
ကြက်တူရွေးရဲ့ နုတ်သီးက အနီ ကို်ယ်ထည်က အစိမ်း။
ပေါက်ပန်းပွင့်ချိန်မှာ အဲဒီကျေးတွေများ အပင်ပေါ်နားနေရင်ခွဲခြားမရသလို
တိုင်းပြည်နဲ့ ပြည်တွင်းရေးရာတွေကလဲ ခွဲခြားမရဘူးလို့ဆိုချင်တာပါ။)
မိန်ရာသီခေါ်တဲ့ အခုလို တပေါင်း လမှာ မြူမူန်တွေက မိူင်းမိူင်းရီရီ ၊
ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် ရီဝေဝေ မပီမသ မနက်ပိုင်းဆိုပိုသိသာလှပါတယ်။
အဲဒီအချိန်မှာ အလေ့ကျပေါက်တဲ့အပင်လို့ ဆိုနိုင်တဲ့ ပေါက်ပင်တွေ လက်ပံပင်တွေကို မြင်လိုက်ရရင်
ပေါက်ပင်တွေကလဲ ရဲရဲနီ။
လက်ပန်တွေကလဲ ရဲရဲနီစွေးစွေး။
ရွက်ဟောင်းချွေလို့ ရွက်သစ်လောင်းခါစ သစ်ပင်တွေကလဲ ရိုးတံနီနီဖူးတံချီ။
ရွက်သစ်အစို့စိမ်းစိမ်းလေးတွေထွက်ပြူစ မြင်ရတာနဲ့တင် အင်မတန်ကို လွမ်းစရာကောင်းလှပါတယ်။
ဒီတပေါင်းလ ကတော့ မြန်မာ့ ဆယ်နှစ်လထဲမှာ အသာယာဆုံးသောလလို့ပြောကြပါတယ်။
ရှေးစာများမှာတော့ “တပေါင်းသာခေါင်လများနောင်”လို့ အဆိုရှိပြန်ပါလေရော။
ဒီတစ်ပေါင်းလက ဘယ်လောက်များသာယာပြီးလွမ်းစရာကောင်းပါလဲ လို့ဆိုရင်
ရသေ့သူတော်စင်များတောင်မှာ ဈာန်လျှောတဲ့အထိကို သာယာတယ်လို့ဆိုထားတော့ ကျနော့်လိုသာမန်လူလွမ်းတာ ဘာဟုတ်သေးလို့လဲတောင်ဆိုနိုင်ပါရဲ့။
တပေါင်းလက နေ့ပိုင်းမှာတော့နွေအစမို့ပူစပြုလာပေမယ့် ညပိုင်းမှတော့ ဆောင်းရဲ့လက်ကျန်အအေးဓါတ်က စိုးမိုးနေတတ်ပြန်ပါတယ်။
ဒါကြောင့်လဲ “နေ့ပူလို့ ညချမ်း တပေါင်းလသရမ်းဆိုကြပြန်ပါတယ်။
ဒီတပေါင်းလကတော့ ကျနော်တို့မြန်မာလအခေါ် ရာသီအနေနဲ့ကတော့
မိန်ရာသီ လို့သတ်မှတ်ထားပါတယ်။
ဒီတစ်ပေါင်းလ ရဲ့ လွမ်းစရာကောင်းလှတဲ့အကြောင်းကို စပ်ဆိုထားကြတဲ့
စာတွေ ကဗျာတွေကတော့ အများကြီးရှိပါတယ်။
နောက်ကျနော်တို့မန္တလေးကို ပြောင်းနေတဲ့အချိန် အိမ်ဘေးနားမှာနေတဲ့
”ဦးလေးမောင် “ကသီချင်းအင်မတန်ဝါသနာပါတယ်။
သူ့ဖွင့်နေကျသီချင်းထဲမှာ အခုအဆိုတော် ထွန်းထွန်းတို့ရဲ့အဖိုးဦးအံ့ကြီးရဲ့သီချင်း
မိန်ရာသီ ဆိုတဲ့သီချင်းကတော့ ကျနော့်အကြိုက်။
“ ခိုင်ရွှေညှာတံဝင်း နှင်းကြွင်းဖွဲ့တဲ့ မိန်လရာသီ လေသွေးရာချီ…………..
ရွှေဖီငုံကင်း အင် ကြင်းတွေက နီ နံသာရည် တောလုံးဖြာချေပြီ “ဆိုတဲ့အသံများကြားရရင်
ဘယ်ကိုလွမ်းမှန်းမသိလွမ်းလာပြန်ပါလေရော။
ပိုလွမ်းစရာကောင်းတာကတော့
“ညှင်းလေပြေက မြောက်တောင်နှော………
ရွက်ဝါမြေလို့ သက်ကြွေလျောခဲ့ပြီ သိင်္ဂီတောလုံးထိန်ချေပြီ……………”
ဆိုတဲ့အပိုဒ်ရောက်ရင် ကိုယ်တိုင်တောင် တောအုပ်ထဲရောက်သွားသလိုခံစားရပြန်ရော။
နောက်ကျနော်တို့ငယ်ငယ်က ခေတ်စားတဲ့သီချင်းလေးတပုဒ်ရှိပါသေးတယ်။
အေးအေးသွယ်နဲ့အဖွဲ့ဆိုထားတဲ့သီချင်းလေးပါ။ဂီတလုလင်မောင်ကိုကိုရေးထားတာပါ။
“နွေမိန်တပေါင်း………နေရှိန်လောင်း….ရွက်ဟောင်းကြွေကျျ မြေခခဲ့ပြီကွယ်…….”
ဆိုတဲ့ လက်ပန်ပွင့်ကောက်သီချင်းလေးပါဘဲ။
အဲဒီသီချင်းလေး ကို ပြည်ထောင်စုနေ့ပွဲတွေမှာရော အရပ်ထဲကဇာတ်တွေမှာရော
“လေရူးသုန်သုန် မြူမူန်လွင့်ပါး စကားပြန့်ပျုးရာသီဦးဝယ်
ကြည်နူးစရာ တို့ရွာများမယ် ကြီးမားပင်စည် ပွင့်နီလက်ပန်
ဝဲပျံမြေပေါ်လျှောင်းစက်ပျော်တယ်”ဆိုတဲ့နေရာများဆိုရင်
လက်ပန်ပွင့်တွေကြွေကျလာတာကို အလိုလို မြင်ယောင်လာသလိုပါဘဲ။
မြင် ဆိုငယ်ငယ်က မြစ်ငယ်မီးရထားလိုင်းမှာနေခဲ့တုံးက ကျနော်တို့နေတဲ့လိုင်းခန်းကနေ
မြောက်ဘက်ကိုထွက်သွားလိုက်ရင် “သံပုံ”လို့ အရပ်ကခေါ်တဲ့နေရာကိုရောက်ပါတယ်။
မီးရထား အပျက်က သံထည်တွေကို ပုံထားတဲ့နေရာပါ။
အဲဒီ “သံပုံ”တွေကြားထဲမှာ လူသွားလမ်းမြေလမ်းကလေးက ကွေ့ကွေ့ကောက်ကောက်။
နံဘေးမှာ အလေ့ကျပေါက်နေတဲ့ မိုးနှံပင်တို့ တောကြက်ဟင်းခါးသီးပင်တို့ကင်းပုံသီးပင်၊ ဇီးသီးပင်
တွေကလဲ ပေါမှပေါ။
“သံပုံ”ကိုလွန်သွားလို့ ချောင်းလေးတစ်ချောင်းကိုကျော်ရင် “ဓနုံးရွာ”ကိုရောက်ပါတယ်။
နွေရာသီကျောင်းပိတ်ရက်ရောက်တဲ့အခါ အဖေတို့စက်ရုံပိတ်တဲ့ တနင်္ဂနွေလိုနေ့မျိုးမှာဆိုရင်
အိမ်နီးနားခြင်းတွေစုပြီး အဲဒီ ဓနုံးရွာကို ပျော်ပွဲစားထွက်ကြပါတယ်။
အိမ်ကနေထမင်းဟင်းတွေကို ချိုင့်ကြီးချိုင့်ငယ်နဲထည့်။
စားစရာသောက်စရာတွေကို ခြင်းတွေနဲ့ထည့်လို့ပေါ့။
ကျနော်တို့ကလေးတွေက လမ်းတွေ့သမျှ အလေ့ကျပေါက်တဲ့ပန်းတွေခူး။
ကြက်ဟင်းခါးသီးတို့ ကင်းပုံသီးတို့ ရသမျှအသီးတွေလျှောက်ခူး၊
မိုးနှံပင်ကအသီးတွေခူးစား။
မိုးနှံရွက်ကို လိပ်ပြီးအပြိုင်အဆိုင် တကျိကျိနဲ့ ပီပီ့မူတ်။
လူကြီးတွေက နားမခံသိလို့အော်တော့မှရပ်။
အခုလို လက်ပန်ပွင့်ချိန်များဆိုရင် လက်ပန်ပင်အကြီးကြီးတွေကအရွက်ကိုမရှိသလောက်
တပင်လုံးရဲရဲနီနေအောင်ပွင့်ပါတယ်။
လက်ပံပွင့်ချိန်မှာဆိုရင် လက်ပံပင်ပေါ်မှာ ဇရက်တွေကလဲ ပကျိပကျိနဲ့ဆူညံလို့နေတတ်ပါတယ်။
လက်ပံပွင့်တွေက လေတိုက်တိုင်းတဖြုတ်ဖြုတ်ကြွေကျတော့မြေပေါ်မှာရဲပဒေါင်းခပ်လို့နေပါတယ်။
ကျနော်တို့ကလေးတွေက မြေခနေတဲ့လက်ပန်ပွင့် ကို အသဲအသန်ကောက်ကြပါတယ်။
အပင်ပေါ်ကနေကြွေဆင်းလာတဲ့ လက်ပန်ပွင့်ကို မြေမခ ခင်ရအောင်လုကြတာလဲအမော။
အဲလို မြေမကျတဲ့အပွင့်ကို ရရင်စာမေးပွဲအောင်တယ်လို့ပြောကြတာကိုးဗျ။
လက်ပံပွင့် ကောက်နေတဲ့အချိန်မှာ လက်ပန်ပွင့်ကောက်သီချင်းကိုလဲ ရသလောက်အော်ဆိုကြတာပါဘဲ။
စာသားမှန်တာ မမှန်တာ မသိဘူး ဝိုင်းအော်ကြတာပျော်စရာ။
“နွေမိန်တပေါင်း………….” လို့ အော်နိုင်ရင်ကို အတော်ဟုတ်နေပါပြီ။
လက်ပန်ပွင့်ကောက်ပေးရင်လူကြီးတွေက သဘောကျပါတယ်။
လက်ပန်ပွင့်ကအရွက်တွေကိုချွေ၊လက်ပန်ခေါင်းကိုအခြောက်လှန်း။
ပုန်းရည်ကြီးနဲ့ချဉ်ရေချက်စားလို့ရတာကိုးဗျ။
ကလေးဘဝဆိုတော့ ဘာလုပ်ရလုပ်ရ ပျော်နေတာအမှန် အပူအပင်ကင်းတာကိုးဗျ။
ကျောင်းသားဘဝကတော့ အခုလို တပေါင်း ဆိုတဲ့မတ်လနားနီးရင်
ကြောက်လဲကြောက်ပျော်လဲပျော်ပါဘဲ။
ကြောက်ဆိုတာက အတန်းတင်စာမေးပွဲကြီးဖြေရတော့မှာမို့။
ပျော်ဆိုတာက နွေရာသီရက်ရှည်ကျောင်းပိတ်မှာမို့လို့။
နောက် ခရီးလဲထွက်ရမယ် ပွဲလဲကြည့်ရမယ်လေ။
ကျနော်တို့ငယ်ငယ်က မတ်လ 27 တော်လှန်ရေးနေ့ရောက်ပြီဆိုရင် မန်းလေးနန်းတွင်းထဲက
ကျောက်တိုင်ကွင်းထဲမှာ ပျော်ပွဲရွှင်ပွဲတွေရှိတယ်။
ခေတ်ပေါ်တီးဝိုင်း ၊အငြိမ့်၊ရုပ်ရှင် ပျော်စရာတွေအစုံ။
ပွဲဈေးခင်းကြီးကလဲ အကျယ်ဆို အကျယ်ကြီး။
လူတွေကလဲစည်မှစည် မင်္ဂလာတံတားပေါ်ကို ပြည့်ညှပ်သွားအောင်စည်ခဲ့တာ။
မှတ်မှတ်ရရ ပြောရရင် အခု Lဆိုင်းဇီရဲ့အဒေါ် Lခွန်းရီတောင် ဒီလိုတပ်မတော်နေ့ပွဲမှာ
မိထ္တီလာလေတပ်တီးဝိုင်းနဲ့သီချင်းတွေလာဆိုသွားသေးပါသဗျာ။
အဲဒီတုန်းကတော့ စန်းစန်း ဆိုတဲ့နာမယ်နဲ့ပေါ့။
နောက်တပ်မတော်နေ့ဖြစ်တဲ့ မတ်လ 27ရက်နေ့ဆိုရင်လဲ စစ်ကြောင်းတွေချီလာတာကိုမနက်
အစောကြီးထကြည့်ရတာအမော။
“ဒို့ဗမာတွေရဲစွမ်းပြမည် အာဇာနည်ပီပီ”တို့
“မိုးတွေကလဲ မစဲဘဲရွာနေတယ် မြစ်ချောင်းအင်းအိုင်ရေတွေပြည့်လို့…………….”တို့
ဆိုတဲ့သီချင်းတွေကို သံပြိုင်ဆုို ၊
လမ်းလျှောက်ကြတဲ့ တပ်မတော်သားတွေကလဲ ညီညီညာညာ မာန်အပြည့်၊
စစ်တီးဝိုင်းကလဲ ဘင်ခရာတွေက လဲ တဒိန်းဒိန်း။
ဘေးကရပ်ကြည့်နေတဲ့ကျနော်တို့ကလေးတွေ မှာလဲအလိုလိုနေရင်းစိတ်တွေတက်ကြွလို့ပေါ့။
လူထုက ကမ်းထားတဲ့ ပန်းကုံးတွေ လည်မှာဆွဲ
အောင်သပြေတွေ သေနတ်မှာထိုးထားပြီး ချီတက်လာတဲ့ တပ်မတော်သားတွေက လဲတပြုံးပြုံ့း။
ကျနော်ငယ်ငယ်က ကြုံခဲရတဲ့လွမ်းစရာပုံရိပ်ပေါ့။
နောက်အခုလိုတပေါင်းရောက်ရင်ပျော်စရာတစ်ခုကျန်ပါသေးတယ်။
ကျနော်တို့အမေဘက်က ရော အဖေ့ဘက်ကပါမုံရွာအဆက်တွေ။
အဲတော့ အလုံဘိုးဘိုးကြီး ကိုးကွယ် ကြတာပေါ့။
အမေ့ဖက်ကတော့ မုန့်ဆီကြော် ကြော်ပြီးဝေရတဲ့ အမျိုးပါ။
အဲတော့ တပေါင်းလရောက်ပြီဆိုရင် နတ်တင်ဘို့ အားလုံးကိုဝေဘို့ မုန့်ဆီကြော်တွေကြော်ကြပါတယ်။
အဲလိုမုန့်ဆီကြော် ကြော်တဲ့နေ့ဆိုရင် နတ်တင်ဘို့ဖယ်ပြီးပြီဆိုတာနဲ့ကျနော်တို့ကလေးတသိုက်ပွဲတော်
စတည်တော့တာပါဘဲ။
ဆော့လိုက် ကစားလိုက် အိမ်ထဲဝင် မုန့်ဆီကြော်နုှိက်စားလိုက်နဲ့ တနေကုန်ပါဘဲ။
လူကြီးတွေက အော်လဲ အော်အော်ဘဲ ဝင်ခလုတ်ထွက်ခလုတ်နဲ့နိူက်စားကြတာပါ။
အိအိထွေးထွေးလေးမြေပဲများများ အုန်းသီးနမ်းခြင်းနဲ့အဲလိုမုန့်ဆီကြော်မျိုး
အခုချိန်မှာ မစားရတာကြာပေါ့။
(ပွဲဈေးတန်းက မုန့်ဆီကြော် ကြာကြာထားရင်မာသွားရော)
အဖေ့အမေဘက်က ကြတော့ အလုံမှာရှိတဲ့ ဘိုးဘိုးကြီး နန်းကို “နန်းဦးတိုက်”သွားရတဲ့အမျိုးပေါ့။
အလုံနတ်ပွဲနီးပြီဆိုတာနဲ့ ဘိုးဘိုးကြီးပွဲကိုသွားဘို့ပြင်ကြဆင်ကြ။
ဟိုမှာစားဘို့ အခြောက်အခြမ်းတွေဝယ်ကြနဲ့လူကြီးတွေက အလုပ်တွေရှုပ်။
ကျနော်တို့ကလေးတအုပ်ကတော့ ဟိုရောက်ရင်ဘယ်လိုဆော့ကြမယ်ဆိုပြီးအကြံတွေထုတ်ပေါ့။
သွားမယ့်နေ့အလုံ- မုံရွာရထားပေါ်ရောက်ပြီဆိုတာနဲ့ကျနော်တို့ကလေးတစ်သိုက်ကရထားပေါ်ဆော့
တော့တာပါဘဲ။
စစ်ကိုင်းတံတား ဖြတ်ပြီဆိုတာနဲ့ ဧရာဝတီမြစ်ကြီးမြင်ပြီဆိုတာနဲ့တဟေးဟေးနဲ့အော်ကြ။
စစ်ကိုင်းတောင်မြင်တာနဲ့ ဘုရားတွေလက်ညှိုုးထိုးပြီးပြကြ၊
လူကြီးတွေကတော့ တံတားပေါ်ဖြတ်တဲ့အချိန် ခေါင်းမထုတ်နဲ့ လက်မထုတ်နဲ့အော်။
အမှတ်အရဆုံးကတော့ ကြေးမုံ ဘူတာ တို့ အာလကပ္ပတို့ရောက်ရင်စားရတဲ့ဇီးယိုပါဘဲ။
ဇီးသီးအကြီးကြီး ကို ယိုထိုး ချိုနေတာတောင်အပေါ်ကသကြားဖြူးပေးပြီး ညောင်ဖက်နဲ့ထည့်ထားတဲ့
ဇီးယိုပါဘဲ။
တကယ်ကို သတိရမိပါရဲ့။
အလုံရောက်ပြီဆိုတာနဲ့ ကျနော်တို့ရဲ့ပျော်ပွဲကြီးစတာပါဘဲ။
ကျနော်တို့တည်းတဲ့ကျောင်းက ကိုရင်ကြီးတစ်ပါးကိုခေါ်။
ချင်းတွင်းမြစ်ရေတိမ်တိမ်လေးကိုဖြတ်ပြီး သောင်ပြင်ပေါ်ပြေးတန်းလိုက်တန်း ကစားကြ၊
သဲပုံစေတီလုပ်တမ်း သဲအိမ်လုပ်တမ်းကစားကြ။
သူများစိုက်ထားတဲ့ကုလားပဲခင်းထဲက အပင်ကိုနုှတ် ပြီး ကိုရင်ကြီးမီးဖုတ်ကြွေးတဲ့ကုလားပဲမီးဖုတ်
တွေစားကြ တစ်ခါတစ်လေ အခင်းရှင်ချကျွေးတဲ့မုန့်တွေစားကြနဲ့ပျော်စရာ။
တပေါင်းဆိုတာ ကျနော်ငယ်ဘဝမှာတော့ တကယ့်ကိုအပျော်တွေစုခဲ့တာအမှန်ပါဘဲ။
နောက် တပေါင်းဆိုရင် မန်းလေးမြို့အရှေ့တောင်ဘက်က ရွှေစာရံဘုရားပွဲရှိတယ်ဗျာ။
ငယ်ငယ်ကတော့အရပ်ထဲက လူတွေစု ကားငှား ပြီးသွားကြတာ။
ဟိုရောက်တာနဲ့အရင်ဆုံးပူဆာတာ ထန်းရွက်ပုတီး လည်ပင်းဆွဲဘို့ဘဲ။
ပြီးရင်ထန်းရွက်ငါးကြီးတွေလက်ထဲကိုင်ထားမယ်။
ရှမ်းမတွေလာရောင်းတဲ့ မုန့်ခေါင်းအုံး ပွပွ ချိုချို ကို တဂျွတ်ဂျွတ်နဲ့ကိုက်စားမယ်။
လူကြီးတွေအလစ်မှာ ရေစပ်နားဆင်းဆော့မယ်။
ရှမ်းသံနှောတဲ့ တီးဝိုင်းက အမစောမွန်လှကို နတ်ချော့နေတာကို သွားငေးမယ်။
တကယ့်ကိုပျော်ခဲ့ရတာပါနော်။
ဒီတပေါင်းလ မှာဆိုရင်မြန်မာပြည်နေရာအနှံအပြား ပွဲတော်တွေကျင်းပကြပါတယ်။
ရန်ကုန်၊မန်းလေး၊မိုးကုတ၊် သီပေါ အစရှိတဲ့မြို့တော်တော်များများမှာလဲ ဘုရားပွဲတွေကျင်းပကြ၊
သဲပုံစေတီပွဲတွေကျင်းပ ကြဆိုတော့ အဝေးရောက်နေသူများ ကိုယ့်ဇာတ်ိမြေက ပွဲကိုလွမ်းရတဲ့လ
ဆိုရင်လဲ မမှားလောက်ပါဘူး။
တကယ်တော့တပေါင်းဆိုတာ ကျနော်အတွက်အပျော်တွေပြည့်နှက်နေတဲ့လပါဘဲ။
“ဘိုးတော် ဘာငေးပြီးစီးနေတာလဲ…………..”
ဆိုပြီး ပါးစပ်ကလဲ အော် ဟွန်းအကျယ်ကြီးတီး ပြီးကလော်တုတ်သွားတဲ့အသံကြားလို့ကြည့်လိုက်တော့
နံပါတ်မပါ ဆိုင်ကယ.်ဦးထုပ်မပါ ဆံပင်စုတ်ဖွားရဲ့ခါးကို နှစ်ကိုယ့်တစ်စိတ်ဖြစ်အောင် နစ်ဝင်သွားမတတ်ဖက်ပြီး ထိုင်လိုက်သွားတဲ့ ဘောင်းဘီအတို ပေါင်ပေါ်နေတဲ့
ကောင်မလေးကို မြင်လိုက်ပါတယ်။
အော် …….ကျနော်ကလဲ ပေါက်ပွင့်မြင်မိတာနဲ့ တပေါင်းဖီလင်ဝင်ပြီးတွေးချင်ရာတွေးငေးချင်ရာငေး
ဖြစ်သွားတာကိုးဗျ။.
အော်ပြောလက်စနဲ့ဆက်ပြောလိုက်ပါအုံးမယ်။
ကျနော်တပေါင်း ကိုဘယ်လောက်ချစ်သလဲဆိုရင် မဒမ်ပေါက်က မိန်ရာသီဖွားဗျာ။
ပေါက်ပန်းကို ဘယ်လောက်ချစ်သလဲဆိုရင် ကျနော့်နာမယ် ကိုပေါက်ဗျာ။
ကဲ ဘယ်နှယ့်ရှိစ……………………….
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(1-3-2012)
20 comments
water-melon
March 1, 2012 at 8:33 am
မဟာအတုလမင်းကြီးက တပေါင်းလသာယာပုံကို
” မြိုင်ခြေငယ် သင်းပါလို့၊ အင်ကြင်းငယ် ရွှေဖီ၊ ဝတ်မှုန်ငယ်စီသည်၊ မြနဒီ သောင်တခိုက၊ မောင်မယ်ညိုမြူးပြန်တော့တယ်လေး။
ရာသီမိန်ငယ်၊ ဂိမှာန်ရက်ပြောင်း၊ လတပေါင်းမို့၊ ရွက်ဟောင်း ကြွေကာ၊ ဥတ္တရာသီနှင့်၊ကြယ်မှာဘဒြပိုဒ်၊ လေးချက်ချိန်ကို၊ တိတ်ခြေဆိုက်လို့၊ စရိုက်ကယ်ဖွေရှာ၊ ကိုတံငါလဲ၊ ဘာသာတောင်တင်၊ ပျော်မြူးသာရွှင်တော့တယ်၊ သဘင်လခါမှီကို၊ သဲစေတီ ငွေသောင်ကမ်းက၊ လွမ်းလှတယ်လေး”။ ။
ကိုပေါက်(မန္တလေး)
March 1, 2012 at 8:54 am
မြန်မာရှေးစာဆိုတွေက တပေါင်းလဖွဲ့ကို အတော်လေး ဖွဲ့ဆိုထားခဲ့ကြတယ်.။
ရှာပြီးတင်ပေးပါအုံးမယ်။
TITAN
March 1, 2012 at 9:57 am
ကိုပေါက်ရေ့
ပေါက်ပန်းပင်နဲ့ လက်ပန်ပင်က မျိုးနွယ်တူတူပဲလားဗျ
ဆူး
March 1, 2012 at 12:32 pm
ပေါက်ပန်းပင် ချိုပါလျက် ဆား က ဖျက်တယ် ဆိုတာ အဲဒီ အပင်က အပွင့်လား..
ဆူး က ပေါက်ပင် ဆိုတာ ပုပု သေးသေး ထင်ထားတာ..
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 1, 2012 at 12:50 pm
ကိုပေါက်တို ့လက်ဆော့လိုက်မှ ပူလွန်းတဲ့နွေက
အလှကိုတကယ် ခြယ်လွန်းသွားပါပီ။
လှလိုက်တဲ့ ပေါက်ပန်းပွင့်လေးတွေ……
ကိုပေါက်(မန္တလေး)
March 1, 2012 at 1:19 pm
ရွာတော်ရှင် စကားပုံတွေပြောင်းပြန်လန်အောင်မလုပ်ပါနဲ့ကွဲ့။
ပြည်ပန်းညိုချိုပါလျက် ဆားကဖျက် ပါကွယ်…………………………
ဆူး
March 1, 2012 at 4:45 pm
မှားသွားတာပါ.. ရုတ်တရက် တွေးလိုက်တာ ပေါက်ပန်း ထင်မိလို့..
နောက်ထပ် စာချိုး တခုရှိသေးတယ်
ပေါက်ပင် ဘာလို့ ကိုင်း
ဗိုင်းနားလို့ ကိုင်း
ဗိုင်းဘာလို့ နား
ငါးပွက်လို့ နား
နောက်တော့ မေ့သွားပြီ။
နွေဦး
March 1, 2012 at 1:40 pm
ရသစုံအောင်ပေးလိုက်တာလားကိုပေါက်ရယ်..
ပုံတွေကြည့်ပြီး မျက်စေ့ထဲအေး နေအောင်ခံစား ရသလို
စာတွေဖတ်ပြီးလဲ ရင်ထဲ နွေး သွားအောင် ခံစားရပါတယ်..
ကိုပေါက်ရဲ့ ငယ်ဘဝလေး ဖတ်ရတော့ ကိုယ့်ငယ်ဘဝလေးကို
သတိရ တမ်းတမိတယ်..လူကြီးဖြစ်မှ ခလေးဘဝ ရဲ့ အရသာကို
သိရတာ..ဒါတောင်မှ အခုလို သူများပြောတဲ့အခါမျိုးမှ..
အချိန်ယူ တွေးပြီး ကြည်နူးရတာပါ..
သတိပေးဖေါ် ရတယ်လို့တွေးပြီး ကျေးဇူးတင်ပါတယ်..ကိုပေါက်..
ကိုပေါက်(မန္တလေး)
March 1, 2012 at 2:50 pm
လက်ပန်နဲ့ပေါက် အမျိုးမတော်လောက်ဘူးနော်
Khaing Khaing
March 1, 2012 at 3:33 pm
လေးပေါက် နံပါတ် 3ကပုံလေးက လှလိုက်တာ ဂျပန်ပြည်ကပန်းပင်ပုံလိုလို ကိုရီးယားကအပင်ပုံလိုလိုနဲ့ လွမ်းလိုက်တာလေးပေါက်ရယ်…..
ကိုပေါက်(မန္တလေး)
March 1, 2012 at 4:08 pm
ဧကန္တတော့ မယ်ခိုင့်ချစ်ချစ်က ကိုရီးယားမှာထင်တာဘဲနော်……………………..
amatmin
March 1, 2012 at 5:34 pm
ငယ်ဘဝ တွေအကြောင်း ရေးတာလေးတွေများ ဖတ်ရရင်ကို သဘောကျနေတာ..
ကိုပေါက်ရေးလိုက်တော့ အတိုင်းထက်အလွန်ပါပဲ..
ဒါတောင် တပေါင်းပဲ ရှိသေးလို့နေမယ်..၁၂ရာသီအပြည့်သာဆို.စာတအုပ်ဖြစ်သွားမှာပဲ..
ပြီးတော့ ဘုရားရှင် နဲ့တပေါင်းလ တောင်မှ အဆက်အစပ်ရှိသလားလို့..
ကာဠုဒါယီမထေရ်က တပေါင်းလရဲ့ သာယာပုံကို ဂါထာပေါင်း ၆၄-ဂါထာ သီကုံးပြီး လျှောက်ထားလို့
ရဟန္တာပေါင်း ၂-သောင်း ခြံရံပြီး ကပိလဝတ်ပြည်ကို ကြွှချီတယ် ဆိုလား..
ကိုပေါက် ရဲ့ ရက်မြတ်ခညောင်း လတပေါင်းကို အားပေးရင်း ပုံလေးတွေ ကူးသွားပါတယ်ဗျ. 🙂
ကိုပေါက်(မန္တလေး)
March 1, 2012 at 6:00 pm
ဒီပိုစ်လေးကို ရေးဘို့ အတွေးစပေးသူကတော့ ရှိတ်ဂျာနယ် အယ်ဒီတာ ကိုသာဇော်ပါ.။
သူကကျနော်ကို ကိုပေါက် တပေါင်းလ အကြောင်းရှေးဟောင်းနှောင်းဖြစ်လေးရေးပေးပါလု့ိ ပြောတာနဲ့ ရေးဖြစ်သွားပါတယ်။
သူက သူ့ဂျာနယ်မှာ (29-2-2012)နေ့ထုတ်မှာပုံနှိပ်တော့ ကျနော်က မတ်လ တစ်ရက်နေ့မှာမှ
ဝက်ဆိုဒ်မှာတင်ရပါတယ်.။
ဘာဘဲဖြစ်ဖြစ်ရေးလိုက်ရတော့ စိတ်ထဲမှာအလွမ်းပြေသွားသလိုပါဘဲ။
ကျေးဇူးတင်ပါ၏။
windtalker
March 1, 2012 at 9:44 pm
အင်း ပေါက်ပင်တွေ ကြည့် ကိုပေါက်ရေးတဲ့ စာတွေ ဖတ်အပြီး ၊ ပေါက်ဖော်လို အန်းမပီးပေမယ့် ၊ အောက်တစ်ခါတော့ ပီးသွားကြောင်း ရယ်ပါလေ
MaMa
March 1, 2012 at 10:08 pm
ကိုပေါက်ရေ-
မိန်ရာသီနဲ့ ပေါက်ပန်းပွင့် တကယ်လိုက်ဖက်တယ်နော်။
နတ်ဖက်တဲ့ စုံတွဲဖြစ်ရမယ်။ 🙂
ပေါက်ပန်းကို ဟင်းချက်စားလို့ ရမှန်း မသိခဲ့ဘူး။
ကျမတို့ ငယ်ငယ်ကတော့ စာအုပ်ထဲက အရုပ်တွေကို ပေါက်ပွင့်နဲ့ အရောင်ခြယ်ကြတယ်လေ။
aye.kk
March 1, 2012 at 10:15 pm
မိန်ရာသီရဲ ့အလှ….
ပန်းချီကားချပ်များ…
ရုန်းမထွက်နိုင်အောင်ညို့စားထား…။
ကိုပေါက်(မန္တလေး)
March 1, 2012 at 10:23 pm
အေး ကေကေ ပြောတဲ့စကား
ကျနော့်ရင်ထဲမှာပီတိပွား။
နွေဦး
March 1, 2012 at 10:50 pm
အားမရသေးလို့ နောက်တကြိမ် ဝင်ဖတ်တော့လဲ
ရင်နဲ့ အပြည့်ခံစား ရသေးတယ်…
မကြေနပ်သေးရင် နောက်တခေါက် ဖတ်ဦးမှာ…
ကျေးဇူးပါ ကိုပေါက်ရယ်..
ကိုပေါက်(မန္တလေး)
March 2, 2012 at 8:30 am
ကျနော်ကလည်းအားပေးသူများကိုကျေးဇူးတင်ပါ၏။
ကိုပေါက်(မန္တလေး)
March 2, 2012 at 12:18 pm
ပေါက်ကျော်မရေ လက်ပန်ပွင့်ကောက်သီချင်း ဂေဇက်မှတင်ပေးထားတယ် ဒိပိုစ်မှာလင့်ပြန်လုပ်ပေးပါအုံးနော်။။