“ချစ်စထုံးနှောင်…………….ဇာတ်သိမ်း”
“ချစ်စထုံးနှောင် အပိုင်းလေး………ဇာတ်သိမ်း”
အချစ်ဆိုတာ ကို အမျိုးမျိုး အဓိပ္ပါယ်ဖွင့်တတ်ကြပါတယ်။
ဆန့်ကျင်ဘက် သဘောဆောင်လို့ပေါ့။
တစ်ချို့ကတော့ပေးဆပ်ခြင်းသက်သက်တဲ့၊
တစ်ချို့ကတော့ ပိုင်ဆိုင်ရမှတဲ့၊
တစ်ချို့ကတော့ အချစ်ဆိုတာ ဘဝမှာ တစ်ခါထဲဘဲပွင့်တဲ့ပန်းတဲ့။
တစ်ချို့ကတော့ အချစ်ဆိုတာ အကြိမ်ကြိမ်ပေါက်ဖွားခွင့်ရှိပါသတဲ့။
တစ်ချုို့ကတော့ အချစ်ဆိုတာ ဖန်တီးယူလို့မရဘူးတဲ့၊
သူ့အလိုလို တိုက်ဆို်င်မှ ပေါက်ဖွားလာတာပါတယ်။
အချို့ကလဲ အချစ်ဆိုတာ ပြုစုပျုးိထောင်ယူလို့ရပါသတဲ့။
အချစ်ဆိုတာပူလောင်ခြင်းတဲ့
အချစ်ဆိုတာအေးငြိမ်းခြင်းတဲ့
အချစ်ဆိုတာ နာကျင်ကြေကွဲစရာတဲ့
အချစ်ဆိုတာပျော်ရွှင်ကြည်နူးစရာတဲ့
အချစ်ဆိုတာ………………………………
အချစ်ဆိုတာ……………………………………
ပြောလို့ရေးဖွဲ့လို့ မဆုံးသလို။
အချစ်နဲ့ပါတ်သက်လို့ အနက်အမျိုးမျိုးဖွင့်ကြတာ ပြန်တွေးကြည့်တော့
မျက်မမြင်ပုဏ္ဏား ဆင်စမ်းသလိုပါဘဲ.။
ကိုယ်လက်နဲ့ထိမိသလောက်လေးအပေါ်မှာ အကဲဖြတ်ကြတယ်လို့ထင်ပါရဲ့။
တွေးရင်းတွေးရင်း အဖြေမရနိုင်ဘဲလည်ထွက်နေတာလဲ ဒီအချစ်ပါဘဲ။
အချစ်ကြောင့်ပျော်ရွှင် အချစ်ကြောင့်တက်ကြွ အချစ်ကြောင့်စိတ်အားတက်
အချစ်ကြောင့် စိတ်ဆင်းရဲ အချစ်ကြောင့် မိန်းမော အချစ်ကြောင့် စိတ်ပျက်
တတ်လဲ တတ်နို်င်လွန်းတဲ့အချစ်လို့ဘဲဆိုလိုက်ချင်ပါရဲ့နော်…………………..
********** *************** *************** ********************
ကိုဝေနဲ့ပြဿနာတက်ပြီးပြန်လာတဲ့နေ့ ကျမရှေးဟောင်းနှောင်းဖြစ်တွေပြန်စဉ်းစားနေမိပါတယ်။
ဘယ်လောက်ကြာအောင်စဉ်းစားနေမိတယ်ကို မသိလိုက်ပါဘူး။
ဧည့်သည်လာတယ်ဆိုလို့ဆင်းကြည့်လိုက်မှ နေ့လည်က ကျမကို အဆောင်ပြန်လို်က်ပို့ပေးတဲ့သူ
ဖြစ်နေပါတယ်။
သူ့လက်ထဲမှာ ဟန်းဆက်လေးတစ်လုံး။
အဲဒါနဲ့ကျမအပေါ်ပြန်တက် ပိုက်ဆံအိတ်ယူပြီးပြန်ဆင်းလာခဲ့ပါတယ်။
“အမ ဖုန်းအတွက် ဟန်းဆက်ဝယ်လာလိုက်တယ် အရင်ပုံစံနဲ့အတူတူဘဲ”
“ကျေးဇူးတင်ပါတယ်………..ကိုအောင်လင်းရယ်”
“ရပါတယ် အမ “
“ အချိန်ရလားမသိဘူး……….လက်ဘက်ရည်ဆိုင်မှာ အေးအေးဆေးဆေးသွားစကားပြောရအောင်လို့ပါ”
“ရတယ်အမ သွားမယ်လေ…… “
“ဒါဆိုရင် ဆုံဆည်းရာ ကိုဘဲလမ်းလျောက်သွားကြရအောင် ဆိုင်ကယ်ဇက်သော့ခတ်ထားခဲ့”
သူန့ကျမ အဆောင်နဲ့သိပ်မဝေးတဲ့” ဆုံဆည်းရာ” ဆိုတဲ့လက်ဖက်ရည်ဆိုင်လေးကို သွားခဲ့ကြပါတယ်။
လက်ဖက်ရည်ဆိုင်မှာထိုင်ကြတော့မှသူကကျမကို ဟန်းဆက်ကလေးပေးပါမယ်။
ကိုဝေဖျက်ဆီးလို့ပျက်သွားတဲ့ ဟန်းဆက်လေးအတိုင်းပါဘဲ။
“ဘယ်လောက်ပေးခဲ့ရလဲမသိ……………”
“ခြောက်သောင်းခွဲပါ”
“အခုလိုကူညီပေးတာ အရမ်းကျေးဇူးတင်ပါတယ်”
“ ကျနော်က အမကိုသိတယ် “
“ ရှင်……….. “
“ ဟုတ်တယ် အမတို့ရုံးကို ကျနော်တို့က ပစ္စည်းအမြဲလာပို့တာလေ အမကသာ သတိမထားမိတာ။
နောက် ကျနော့် အမ ဝမ်းကွဲကလည်းအမတို့ရုံးမှာဘဲလေ မကေသီ သိတယ်မို့လား “
“ အော် မသီရဲ့ မောင်ကိုး “
လောကကြီးကတယ်လဲကျဉ်းပါလားလို့သာတွေးမိပါတယ်။
အဲတော့လဲ ရင်းနှီးပြီးသား တစိမ်းဆိုတော့ သူ့အကြောင်းကိုယ့်အကြောင်းဖလှယ်မိကြပါတယ်။
အတော်ကြာအောင် ဟိုရောက်ဒီရောက်စကားတွေပြောလိုက်တာ မိူင်းနေတဲ့စိတ်တောင်
ကြည်လင်သွားသလိုပါဘဲ။
နည်းနည်းလေးမှောင်လာတော့ လက်ဘက်ရည်ဘိုးကို ကျမကဇွတ်ရှင်း
သူ့ကို လဲဟန်းဆက်ဘိုး ပိုက်ဆံပေးပြီးအဆောင်ကိုပြန်လာခဲ့ကြပါတယ်။.
အဆောင်ရောက်တော့ မီးထွန်းချိန်ရောက်လု့ိ အားလုံးအပြင်ထွက်ဘို့တာစူနေချိန်နဲ့ဆုံတော့
စူးစမ်းတဲ့မျက်ဝန်းများအောက်မှာ နည်းနည်းတော့အနေခက်ပါတယ်။
ကျမဆီမလာဘူးသေးတဲ့လူစိမ်းတစ်ယောက်နဲ့တွဲပြီးပြန်လာတာကို စိတ်ဝင်တစားနဲ့ကြည့်နေကြလို့ပါဘဲ။
****************** ************* ***********************
အခုရက်မှာ စိတ်အညစ်ရဆုံးပါဘဲ။
ကိုအောင်လင်းနဲ့ လက်ဖက်ရည်ဆိုင်ထို်င်ပြီးပြန်လာတဲ့ညက
မေ့မေ့ဆီက ဖုန်းလာပါတယ်။
ကြည့်ရတာ ကိုဝေက အရင်တိုင်ထားပုံရပါတယ်။
မသိချင်ယောင်ဆောင်ပြီး ကိုဝေ လာသေးလားလို့မေးတာပါ။
ကျမကလဲ စိတ်ပေါက်ပေါက်နဲ့ ကိုဝေ ကျမကို ပွဲကြမ်းသွားတဲ့အကြောင်း
အားလုံးပြောလိုက်ပါတယ်။
မေမေလည်း နည်းနည်းတော့ စိတ်ညစ်သွားတယ်ထင်ပါရဲ့ ဖုန်းဆက်မပြောတော့ဘူး။
မေမေဆီက ဖုန်းလာလိုက်ရင် ကိုဝေ အကြောင်း။
ဒေါသကြီးပေမယ့် စိတ်ရင်းကောင်းတဲ့အကြောင်း။
ငယ်ကတည်းက သိသူတွေမို့ ရေရှည်မှာ အဆင်ပြေမယ့်အကြောင်း။
သူ့မိဘတွေက သမီးကိုအရမ်းချစ်တဲ့အကြောင်း။
နှစ်အိမ်တစ်အိမ်ဖြစ်နေတဲ့အကြောင်း။
နောက်ဆုံးတော့ ပေးထားတဲ့ကတိမဖျက်ဘို့မှာအဆုံးသတ်ပါတယ်။
ကျမကတော့ မေမေ့ကို ပြန်ပြီးဖြေရှင်းချက်တွေမပေးပေမယ့်
မေမေကို မေးခွန်းတစ်ခုတော့ မေးလိုက်ပါတယ်။
မေမေ့ သမီးဘက်က နေမှာလား မတော်ရသေးတဲ့သမက်ဘက် နေမှာလားလို့ပါ။
အဲဒီမှာ မေမေ စိတ်တိုသွားပုံရပါတယ်။
ဖုန်းချသွားရော။
ကိုဝေ နဲ့လက်မတွဲဘူးဆိုတာကတော့ ဆုံးဖြတ်ချက်ချပြီးသားပါ။
ကျမနဲ့ပြဿနာတက်ပြီး သုံးရက်လောက်နေတော့ ကိုဝေ ဆီကဖုန်းလာပါတယ်.။
အစက ကျမဖုန်းမကိုင်ပါဘူး။
ဒါပေမယ့် မကိုင်မချင်းတောက်လျှောက်မြည်နေတော့ ဘေးလူတွေကိုအားနာတာနဲ့
ကိုင်လိုက်ရပါတယ်။
သူမှားသွားတဲ့အကြောင်းတောင်းပန်တာပါ။
ဒါပေမယ့် မိန်းကလေးတစ်ယောက်ကို လူကြားသူကြားမှာအရှက်ရအောင်လုပ်ပြီးမှ
တောင်းပန်ပါတယ်ဆိုလို့ရပါ့မလားနော်။
မိန်းကလေးတယောက် ရှက်သွားတယ်ဆိုတာက တောင်းပန်လို့ပြီးသွားတာမှမဟုတ်တာ။
ကျမသူပြောတာကို လူမူ့ရေးအရ နားထောင်လိုက်ပါတယ်။
ဒါပေမယ့် အင်းအဲ နဲ့စိတ်မပါလက်မပါ ပုံလုပ်ပြလိုက်တော့ သူသဘောပေါက်သွားပါတယ်။
သူပြောချင်တာပြီးလောက်တဲ့အချိန်မှာ နောက်ဘယ်တော့မှ မဆက်သွယ်ဘို့ရယ်၊
အရင်ကဘယ်လိုကတိပေးထားထား လုံးဝလက်မထပ်ဘူးဆိုတာကိုတော့ အမိအရပြော
လိုက်ပါတယ်။
သူ့ဆီကလာတဲ့ဖုန်းကို မကိုင်ဖြစ်အောင် “ကယ်ကြပါအုံးရှင်……………”ဆိုတဲ့ရင်းတုန်းကိုပြောင်း
ထားလိုက်တယ်။
အဲဒီအသံနဲ့ဖုန်းလာလို့ကတော့ ကိုင်ကိုမကိုင်တာ။.
ဘယ်လောက်ကြာအောင်မြည်မြည်မကိုင်ဘူး။
သိပ်နားညည်းရင်ဖုန်းပိတ်ထားလိုက်တယ်။
သူဖုန်းကိုမကိုင်မှန်းသိတော့ ဒီပြင့်ဖုန်းနဲ့ဆက်တယ်။
သူ့အသံကြားရင်မကိုင်မှန်းသိတော့သူများကိုအငှားခေါ်ခိုင်းတယ်။
နောက်တော့ ခပ်ပြတ်ပြတ်ပြောလိုက်တော့ ထပ်မဆက်တော့ဘူး။
ဒါပေမယ့် အမေတို့ကတစ်ဆင့်လှည့်လာပြန်ပါတယ်.။
အမေ့ပြောတိုင်းမငြင်းပေမယ့် သူ့ကိုဘယ်တော့မှလက်မထပ်ဘူးလို့တော့ပြောထားလို်က်ပါတယ်။
နောက်တော့ အမေလဲလက်လျော့သွားတာလား အကြံဘဲထုတ်နေလားတော့မသိ အရင်လောက်
လက်ထပ်ဘို့အကြောင်းမပြောတော့ပါဘူး။
ကျမကလဲ အိမ်ကို လုံးဝမပြန်ဘဲနေလိုက်ပါတယ်။
မပြန်လို့လဲရပြီ ကျမမှာအဖော်ရှိပြီလေ။
အရင်လိုပျင်းစရာမကောင်းတော့ပြန်ပါဘူး။
ဘာလို့လဲဆိုတော့ ကိုအောင် က ကျမအပါးမှာအမြဲလိုလိုရောက်နေလို့ပါဘဲ။
ပိုရင်းနှီးသွားစေတဲ့အကြောင်းကလဲရှိလာပြန်တာကိုး။
@@@@@@@@@ @@@@@@@@@@@@ @@@@@@ @@@@@
တစ်ရက်ကျမတို့ရုံးက ကထိန်ကို စစ်ကိုင်းတောင်မှာသွားခင်းပါတယ်။
ကထိန်က တန်ဆောင်မုန်းလပြည့်နေ့မှာ ခင်းမှာဆိုတော့ အဖိတ်နေ့ညနေကတည်းက လှူဘွယ်ပစ္စည်းတွေကို ချိတ်ထားတဲ့ ပဒေသာပင်တွေကို ကားပေါ်တင် အဆိုအကတွေနဲ့
စစ်ကိုင်းဘက်ကို ချီတက်ကြပါတယ်။
ဒီကထိန်သွားခင်းကြတဲ့ ဘုန်းကြီးကျောင်း(ချောင်လို့ခေါ်ကြပါတယ်)ကို ကျမတို့ဝန်ထမ်းတွေရဲ့
မိသားစုတွေရော ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေပါ အားလုံးစုပြီး ညအိပ်သွားကြတာလေ။
ထမင်းဟင်းချက်တဲ့အဖွဲ့က အဖိတ်နေ့ မနက်ပိုင်းကတည်းက ကြိုသွားပြီး ချက်ပြုတ်ထားပါတယ်။
ကျမတု့ိရုံးအဖွဲ့တွေက ညနေကျမှ စစ်ကိုင်းဘက်ကို ကူးကြတာပါ။
စစ်ကိုင်းမှာ ညအိပ် မနက်မှ ဘုန်းကြီးတွေကိုဆွမ်းကပ်ကြမှာပါ။
ညပိုင်းမှာတော့ ကုလားကားကြည့်ကြမှာပါ(ဖဲရိုက်တာကိုပြောတာနော်)။
နောက်ဝါသနာပါသူတွေအတွက်ကလဲ ကာရာအိုကေနဲ့သီချင်းဆိုလို့ရတယ်လေ။
.ညနေခင်းရောက်တော့ လမ်းမှာဆိုလာကလာကြတာအရှိန်မသေဘဲ ကထိန်ခင်းတဲ့
ချောင်ရောက်တော့ ဆက်ဆိုကြပါတယ်။
မသိတတ်တဲ့တစ်ယောက်က ကျမကို ရွှေပြည်စိုးသီချင်းလာဆိုခိုင်းနေပြန်ပါတယ်။.
ဒီနေ့အဘို့ ကျမသီချင်းဆိုချင်စိတ်မရှိပါဘူး။
ဒါပေမယ့်အားလုံးကတောင်းဆိုတော့လဲမနေသာပါဘူး။
ညနေစောင်းရောက်တော့ ထမင်းစားသောက်ပြီး တောင်ပေါ်တက်ကြပါတယ်.။
ကျမတို့ သွားပြီးကထိန်ခင်းတဲ့ချောင်က ဆွမ်းဦးပုညရှင် ဘုရားနဲ့နီးပါတယ်။
အဲဒါနဲ့ ညနေစားလဲ စားပြီးရော ကျမရယ်မကေသီရယ်အားလုံးလေးငါးယောက်လောက် ဘုရားရင်ပြင်တော်မှာသွားထိုင်ကြပါတယ်။
ခဏနေတော့ ကိုအောင်တို့လဲနောက်ကလိုက်လာကြပါတယ်။
သန့်ရှင်းတဲ့လေအေးအေးကြောင့်အေးမြနေတဲ့ပါတ်ဝန်းကျင်။
လေအလှပ်မှာ ခပ်သာသာလေးမြည်နေတဲ့ဆည်းလည်းသံ။
ဝင်းပတဲ့လရောင်အောက်မှာ တလက်လက်တောက်ပနေတဲ့မြစ်ပြင်။
လရောင်အပြက်မှာ လက်လက်သွားတဲ့မြစ်ပြင်ပေါ်မှာ မျောနေတဲ့ မီးဖောင်လေးတွေ။
မြင်ရတာ တကယ့်ကိုလွမ်းစရာ။
အဲဒီအချိန်မှာ ဘယ်ကဆိုနေမှန်းမသိတဲ့သီချင်းသံလေးက လွင့်ပျံလာပါတယ်။
“လရောင်ထဲ ငါလမ်းလျှောက်ချင်တယ်၊
ဘယ်ကိုရောက်နေလဲ မစဉ်းစားဘူးကွယ်၊
မင်းနဲ့ဆို သိပ်ပျော်မှာဘဲ
ကြင်နာသူလေးအခုလောက်ဆိုလွမ်းလို့နေမလား
အသဲများကွဲသွားမလားကွယ်
အိုးအိုး………….ဆွေးတယ်” ဆိုတဲ့ထူးအိမ်သင်သီချင်းလေးပါဘဲ။.
ကျမရင်ထဲကို ဘာလွမ်းလို့လွမ်းရမှန်းမသိအောင်ဖြစ်သွားပါတယ်။
မောင့်ကိုတော့လွမ်းသလိုလို။
ဒါပေမယ့် မောင်နဲ့က ပြီးဆုံးခဲ့သောဇာတ်လမ်းတစ်ခု။
သူ့အနေအထားကို ကျမရော ကျမမိဘအသိုင်းအဝိုင်းကပါလက်မခံနိုင်တာအသေအချာ။
ချစ်တော့ ချစ်တယ် ဒါပေမယ့် အချစ်အတွက်နဲ့တော့ အနစ်မွန်းမခံနိုင်ဘူးလေ။
အိမ်ထောင်ပြုခြင်းနဲ့ချစ်ခြင်းက တသီးတစ်ခြားစီလို့ကျမက ခံယူထားပါတယ်။
အသဲမာလို့တော့ မဟုတ်ဘူးပေါ့နော်။
ကိုဝေကြပြန်တော့ လဲ ဆင်ခြင်ဉာဏ်နည်းပါးတယ်လို့ ထင်မိပါတယ်။
အခုလိုမရခင်အချိန်မှာတောင် သဝန်တို ပြီးခဲ့တဲ့အတိတ်ကို အရမ်းကိုတူးဆွ
လို့နေချင်သူက အိမ်ထောင်ဖက်ဖြစ်လို့ပေါင်းကြသင်းကြရင် ဒါကို ပြန်မတူးဘူးလို့
ဘယ်သူမှ အာမမခံနိုင်တာကတော့ အသေအချာ။
ကျမမောင်နဲ့ချစ်ခဲ့တာကို အမဲစက်ကြီးတစ်ခုလို နိုင်ကွက်တစ်ခုလိုအသုံးချမှာကတော့
အတိအကျဘဲလို့ဆိုချင်ပါတယ်။
အဲတော့ စောစောစီးစီးဇာတ်လမ်းဖြတ်တာ အကောင်းဆုံးလို့ခံယူပါတယ်။
အားလုံးကဝိုင်းဖွဲ့ပြီးစကားပြောနေပေမယ့် မိန်းမောဖွယ်ရာကောင်းလှတဲ့ပါတ်ဝန်းကျင်
သာယာတဲ့သီချင်းသံထဲမှာ ကျမပျော်ဝင်သွားတော့အားလုံးကိုမေ့သွားပါတယ်။
ကျမအတွေးတွေက ဟိုရောက်ဒီရောက်။
ဘယ်လောက်ကြာအောင်ကျမစဉ်းစားနေမိတယ်ဆိုတာမသိလိုက်ပါဘူး။
“အမ………..အေးလာပြီ ပြန်ကြစို့” လို့ “ကိုအောင်” သတိပေးလို့ကြည့်လိုက်မှ
ကျမတို့နှစ်ယောက်ကလွဲလို့ဘယ်သူမှ မရှိတော့တာကိုသိပါတယ်။
ကျမအတွေးးကောင်းနေလိုက်တာ ဘယ်ချိန်ပြန်သွားကြမှန်းတောင်မသိလို်က်ပါဘူး။
ဒါနဲ့ဘဲဘုရားပေါ်ကဆင်းပြီး ကျမတို့ကထိန်ခင်းတဲ့ချောင်ကိုပြန်လာကြပါတယ်။.
စစ်ကိုင်းတောင်ရဲ့လရောင်ဆမ်းတဲ့ညကတော့ တကယ့်ကို တိမ်းမူးဖွယ်ရာကောင်းလောက်အောင်
သာယာလှပါတယ်။
အေးမြလတ်ဆတ်တဲ့ဆောင်းဦးပေါက်လေပြေကြောင့် အေးအေးမြမြ။
တိတ်ဆိတ်ငြိမ်သက်နေတဲ့ပါတ်ဝန်းကျင်မှာ ပြည့်လုဆဲလမင်းရဲ့ငွေရောင်အဆင်းအလင်းက
အရွက်နည်းနည်း အပွင့်များများရိုးတံကျဲကျဲ တရုပ်စံကားပင်တွေအပေါ်ကို ထိုးထားတော့
လမ်းပေါ်မှာ အရိပ်တွေကျနေပုံကလှပ။
အဲတော့ စိတ်တွေကလဲ အေးချမ်းလို့နေပြန်ပါတယ်။
ချောင်အနားလေးကို ရောက်ခါနီး မှာ ကိုအောင်က
“မမ ခဏ”ဆိုပြီးကျမရှေ့ကနေရပ်လိုက်ပါတယ်။
အတော်လေးကို နီးနီးကပ်ကပ်ဆိုတော့ သူ့ဆီက ကိုယ်သင်းနံ့တောင်ရနေပါရဲ့။
“ကျနော် အမ ကို လက်ထပ်ချင်တယ်”လို့ဆို်လာပါတယ်။
သူပြောလာတာကို ကျမ မအံ့ဩမိပါဘူး။
သူနဲ့ကျမ သွားကြလာကြဆုံကြတိုင်းသူကျမကိုကြည်တဲ့မျက်ဝန်းကို ပုံဖော်နိုင်လို့ပါဘဲ။
သူနဲ့အတူသွားကြတဲ့အခါ ကျမအပေါ်ကို သူဂရုစိုက်တာ။
ကျမဘာလိုအပ်မလဲလို့ စောင့်ကြည့်ပြီး ကူညီဘို့အဆင်သင့်ဖြစ်နေတာ၊
သူကျမ ကို တစ်ခုခုပြောတော့မလို ပါးစပ်ပြင်ပြီးမှ ဆက်မပြောတော့တာတွေကို
တွေ့နေရတော့ မိန်းမတွေရဲ့သင်စရာမလိုတဲ့အသိစိတ်အတိုင်း “ကိုအောင်” ်ရဲ့
အတွင်းစိတ်ကိုဖောက်ထွင်းပြီး ကျမ မြင်နေပါတယ်ဆိုရင်မလွန်လောက်ပါဘူး။
“ဗြုန်းစားကြီးပါလား ကိုအောင်ရဲ့”
“မဟုတ်ဘူးအမ ကျနော်အမကိုဒီစကားပြောချင်နေတာ ကြာပြီ မပြောရဲလို့”
“အခုတော့ ဘယ်က သတိ္တတွေရှိသွားရပြန်သတုံး”
“ သတိ္တရှိလို့တော့ မဟုတ်ဘူး အခုချိန်မှ မပြောရင် နောက်ပြောခွင့်ကြုံမှာမဟုတ်တော့ဘူး “
“ ကိုအောင် မမ မှာအရင်ကချစ်သူရှိခဲ့တယ် အိမ်ကနေ ယူခိုင်းထားတဲ့သူလဲရှိတယ်၊
မဖြစ်နိုင်လောက်ပါဘူး…….သူများမေးငေါ့တာလဲမခံချင်ဘူး “
“ဒါဆို ကျနော့်ကို မချစ်ဘူးပေါ့ “
အဲဒီမေးခွန်းအရောက်မှာတော့ ကျမ အငိုက်မိသွားသလိုပါဘဲ။
“ အခုချက်ခြင်းတော့ မဖြေနိုင်သေးဘူး မမ နှလုံးသားကို ပြန်မေးခွန်းထုတ်အုံးမယ်လေ“
“ ဘယ်လောက်ကြာအောင်များစောင့်ရမှာလဲ ဗျာ “
“ စိတ်ချပါ ကြိုးရှည်ရှည်နဲ့လှန်ထားတတ်တဲ့ သူစာရင်းထဲမှာ ကျမ မပါ ပါဘူး။
ဒါပေမယ့် မာမီးခေါက်ဆွဲလောက်တော့ လဲ မြန်ချင်လို့မရဘူးလေ “
“ဒါဆို အခုချက်ခြင်းဖြေရင်ပိုကောင်းမယ်ထင်တာဘဲ “
“ ဒါကတော့ နိုးပါ………..
ဘယ်ဖြစ်နိုင်ပါ့မလဲနော် ကျမက မာမီးခေါက်ဆွဲခြောက်မှ မဟုတ်တာနော်။
ကျမရပ်နေရာကနေခပ်သွက်သွက်လျှောက်လိုက်ပါတယ်။
ကျမတို့ကျောင်းဝိုင်းထဲဝင်လိုက်တဲ့အခါမှာ အတော်လေးအံ့ဩသွားပါတယ်။
ကျမတို့နှစ်ယောက်ကိုစောင့်ကြည့်သူတွေရှိနေတာကိုသိလိုက်လို့ပါ။
ကျမအတွက် ကြည်နူးစွာအိပ်ပျော်ခဲ့ရတဲ့ ညလေးတည ဆို်ရင် မမှားပါဘူး။
&& + && && + && && + && && + && && + && && + && && + &&
နောက်နေ့မနက် အစောကြီးထပြီး ဘုရားဆွမ်းကပ်ကြပါတယ်။
ဆွမ်းဦးပုညရှင်လို့ အမည်တွင်တာက ဘုရားကို ဘယ်လောက်စောစောထပြီးဆွမ်းကပ်ကပ်
ဘုရားမှာဆွမ်းကပ်ပြီးသားရှိနေနှင့်လို့ပါတဲ့။
မနက်အိမ်ယာထတော့ ဆွမ်းကပ်ပြီး ကျောင်းတိုက်က သံဃာတော်တွေ ကိုဆွမ်းကပ်ပါတယ်။
အဲဒီကျောင်းမှာရှိတဲ့မယ်သီလရင်လေးတွေက အောက်ခြေသိမ်းကစအကုန်လုပ်ကြပါတယ်။
သူတို့လုပ်မှတော့ ကျမတို့တစ်တွေလဲဘယ်နေနို်င်မလဲ ဝိုင်းလုပ်ကြရတာပေါ့။
သံဃာတော်တွေပြီးတော့ ကျမတို့ဖိတ်ထားတဲ့ဧည့်သည်တွေကို ဧည့်ခံ။
ကျမတို့တစ်တွေလည်း စားပေါ့။
မနက်မိုးလင်းကတည်းက “ကိုအောင်” ကို ကျမ မမြင်ရသေးပါဘူး။
သူများတွေကူညီလုပ်ကိုင်နေတဲ့နေရာမှာလည်းမတွေ့။
ကျမ “ကိုအောင်”် ကိုရှာနေတာကို သိနေတဲ့ “မသီ”က
“မရှာနဲ့ သူ့သူငယ်ချင်းတွေနဲ့ရှင်ဖြူရှင်လှဘက်သွားတယ်၊
ငါတို့လဲ ထမင်းစားပြီးရင်လိုက်သွားကြမှာ”
ကျမတို့လဲထမင်းစားသောက်ပြီးရော “ကိုအောင်” တို့သွားတယ်ဆိုတဲ့ဆီကိုလိုက်ခဲ့ကြပါတယ်။
ကျမတို့လမ်းမသိမှာစိုးတော့ ကျောင်းက မယ်သီလရင်လေး နှစ်ပါးကလိုက်ပို့ပေးပါတယ်။
အရင်ဆုံး အဲဒီနားမှာ ရှိတဲ့ ဝင်္ကပါထဲကို ဝင်ကြည့်ကြပါတယ်။
ကျောင်း အောက်ကနေဝင် မီးလုံးမှောင်မှောင်လေးထွန်းထားတဲ့လမ်းကျဉ်းလေးကနေ
ဝင်သွားလိုက်တာ လမ်းပေါ်ကို ပြန်ရောက်သွားပါတယ်။
နောက်တော့ ဥမင်သုံးဆယ်ကို ဝင်ကြပါတယ်။
ပြီးမှအောက်ဖက်ကိုဆင်း ပြီး အရှေ့ဘက်က တောလမ်းကျဥ်းကျဥ်းလေးအတိုင်း
အပေါ်ဘက်ကို တက်သွားတော့ရှင်ဖြူရှင်လှရောက်ပါတယ်။
ဧရာဝတီမြစ်ကို အပြည့်အဝ အပေါ်စီးကနေ လှမ်းမြင်ရတဲ့နေရာလေးပါ။
ဒီဘုရားအပေါ်ဘက်ကိုတက်သွားလိုက်ရင် ပျံလွန်တော်မူပြီးတာကြာပေမယ့်
မပုတ်မသိုးရှိနေတဲ့ဆရာတော်ကြီးတစ်ပါးရဲ့ရုပ်ကလာပ်ကို ဖူးမြင်နိုင်ပါတယ်။
ကျမကတော့ မြစ်ပြင်ကိုမြင်နေရတဲ့နေရာလေးမှာ သီလရှင်လေးနှစ်ပါးနဲ့
စကားတွေပြောနေဖြစ်ပါတယ်။
သူတို့နဲ့စကားပြောရတာ စိတ်အေးချမ်းလှပါတယ်။
တစ်ပါတ်မှာ မှ အဝေးဖိတ်ရယ် အနီးဖိတ်နှစ်ရက် မန္တလေးကိုသွားလို့
အလှူခံရပါတယ်။
ဒါနဆန်ထွက်ခံလို့ ရလာတာလေးနဲ့ လောက်ငှအောင် နေကြထိုင်ကြတာကိုသိရ မြင်ရတော့
လို်ချင်တပ်မက်မူ့တွေ မကျေနပ်မူ့တွေနဲ့ နေ့စဉ်ဖြတ်သန်းလာရတဲ့
ကိုယ့် ဘဝကို စိတ်ကုန်လာသလိုပါဘဲ။
လှပသော အေးချမ်းသော မြင်ကွင်းလေးကို ငေးမောကြည့်နေတုန်း
ကျမအနား“ ကိုအောင်“ရောက်လာပါတယ်။
သူရောက်လာပေမယ့် ကျမ စကားပြောချင်စိတ်မရှိ။
အေးငြိမ်းတဲ့နေရာလေးမှာ မှ ရနိုင်တဲ့စိတ်ချမ်းမြေ့မူ့ကို ခံစားလို့နေမိပါတယ်။
“ အမ ကျနော်ကိုစိတ်ဆိုးနေသလား“
တိတ်ဆိတ်နေတာကို မခံနိုင်တဲ့ကိုအောင် ကမေးလာပါတယ်။
“ စိတ်ဆိုးစရာလဲအကြောင်းမရှိဘဲနဲ့ ဘာဖြစ်နေတာလဲ ….“
“ ဟုတ်ဘူး အမက စကားမပြောလို့ …………“
“ တကယ်လို့ စိတ်ဆိုးတယ်ဆိုရင်ကော………“လို့မေးတော့
ခပ်ပြုံးပြုံးနဲ့ “ စိတ်ဆိုးပြေအောင် ချော့မှာပေ့ါ မမရဲ့“လို့ပြောလိုက်တာလေးက
ကျမအသဲနှလုံးကို သိမ်းပိုက်လိုက်တဲ့ စကားလေးဖြစ်လို့သွားပါတယ်။
ဘာမှထူးထူးဆန်းဆန်းမပါတဲ့ စကားလေးက
“ ကိုအောင်“အချစ်ကိုလက်ခံမိစေဘို့ ကျမ အသဲနှလုံးဗဟိုချက်ကိုထိအောင်
ပစ်ခွင်းတဲ့မြားတစ်စင်းပေါ့။
အော် မဆွတ်ခင်က ညွှတ်ချင်နေမိသလားလို့ ကိုယ့်ကို ကိုယ်မေးခွန်းပြန်ထုတ်ရတဲ့အထိပါဘဲ။
တစ်ခါတစ်ရံအချစ်ဆိုတာကို ဖြစ်ပေါ်စေဘို့ တွန်းအား ဆိုတာ တိုက်ဆိုင်မူ့ရှိဘို့ဘဲလိုအပ်တယ်လို့
ထင်မိပါတယ်။
တိုတိုပြောရင်တော့ စစ်ကိုင်းက ပြန်ရောက်ပြီး တစ်ပါတ်အကြာ မှာ
“ ကိုအောင်“အချစ်ကို လက်ခံလိုက်ပါတယ်။
သူ့ကိုချစ်တယ်လို့ အဖြေပေးတဲ့နေရာလေးကတော့ ကဗျာမဆန်လှပါဘူး။
သူနဲ့ကျမ ဘုရားကြီးက အပြန် 82လမ်း “ပေါင်းလဲတိုက်” အရှေ့ပေါက်နားလေးက
ကျမအလွန်ကြိုက်တဲ့မြီးရှည်ဆိုင်လေးမှာ မြီးရှည်ဝင်စားကြပါတယ်။
မြီးရှည်သည် ဝဝ ကြီးက ကျမမြင်တာနဲ့ ပွဲကြီး အသားနည်းနည်းဝက်ဆီဖတ်ကြော်များများ
နဲ့အဆင်သင့်ပြင်ပေးပါတယ်။
ဖြစ်ချင်တော့ ဗိုက်ဆာဆာနဲ့ ကျမ အလောတကြီးစားလို်က်တော့ ငရုတ်သီးဖတ်လည်ချောင်းကပ်သွားပြီး ချောင်းဆိုးပါတော့တယ်။
အဲဒီမှာ “ ကိုအောင်“ က ရေနွေးကြမ်းကို အေးအောင်မူတ်ပေးပြီးသောက်ခိုင်းပါတယ်။
ပြီးမှ “ ကိုအောင် ကိုချစ်တယ်လို့ပြောရင် ချောင်းဆိုးမြန်မြန်ပျောက်တယ်“ဆိုပြီးစပါတယ်။
ကျမကလဲ သူ့ကိုစချင်တာနဲ့“ ကိုအောင့်ကို အရမ်းချစ်ပါသတဲ့ရှင်“လို့ပြောရင်း
တကယ့် ချစ်သူတွေဖြစ်သွားကြတော့တာပေါ့။
ကိုအောင် နဲ့ကျမချစ်သူဖြစ်သွားပေမယ့် ဘာမှတော့ အပြောင်းအလဲမရှိပါဘူး။
အခေါ်အဝေါ်တွေလဲမပြောင်း အသွားအလာပုံစံလဲမပြောင်း။
ပြောင်းလဲသွားတာကတော့ ကျမရဲ့ပါတ်ဝန်းကျင်ပါဘဲ။
တချို့က ကိုအောင်ဘက်ကနာကြပါသတဲ့။
တချို့ကတော့ ကလေးကို မုန့်ပေးကြိုက်သလိုပါဘဲတဲ့။
တစ်ချို့ကတော့ ကျမဘက်က နေသူတွေကတော့
သူ့စိတ်နဲ့သူချစ်တာ အပြစ်မရှိပေါ့။
အပျိုလူပျို ကြိုက်တာဘာဖြစ်လဲပေါ့။
နှစ်ဖက်မိဘတွေက သဘောတူထားတဲ့ ကိုဝေနဲ့လဲ ငယ်ကတည်းက အတူနေခဲ့ကြပါတယ်။
ကျောင်းသွားတူတူ ကစားအတူတူ ဘုရားဖူးထွက်ရင် လည်ကြရင်လဲအတူတူ။
ဒါပေမယ့် အရွယ်ရောက်ချိန်က စလို့ သူ့စည်းသူ့ကမ်းနဲ့ နေခဲ့ပါတယ်။
မောင် နဲ့ချစ်ရပြန်တော့လဲ အတူလည်ကြစားကြ သွားကြတော့ရှိပါတယ်။
ဒါပေမယ့် ညအိပ်ညဉ့်နေသွားတာမျိုးမရှိသလို ဆိတ်ကွယ်ရာဆိုတာကိုလဲ
ခြေလှမ်းမမှားခဲ့ဘူးပါဘူး။
သမီးရီးစား ချစ်သူများရဲ့ နေခွင့်ရှိသလောက်တော့ သူ့အတိုင်းအတာနဲ့သူခွင့်ပြုခဲ့ပေမယ့်
မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ထိန်းသိမ်းနိုင်မူ့စည်းကို မချိုးဖောက်ခဲ့တာအမှန်။
အခု ကိုအောင် က ကိုယ့်ထက်အသက်ငယ်သူဆိုတော့ ပိုလိုတောင်သတိထားရပါသေးတယ်။
ဒါပေမယ့်လောက က လောကဘဲလေ။
ပျော်ခဲ့ရခဏပေါ့။
ကျမမှာချစ်သူအသစ်ရနေတာကို သတင်းရသွားတဲ့မေမေက ညတိုင်းဖုန်းဆက်လို့
နားတွေပူနေအောင်ပြောပါတယ်။
သူ့ဖုန်းကို မကိုင်မှန်းသိပေမယ့်လည်း ကိုဝေဆိုတဲ့လူကလဲ ဖုန်းကို အကြိမ်ပေါင်းများစွာဆက်ပါတယ်။
ကျမအနားမှာ နေကြတဲ့ အဆောင်သူတွေ လုပ်ဖော်ကိုင်ဘက်တွေရဲ့ တူညီသော မတူညီသော
တိုက်ဆိုင်သော မတိုက်ဆိုင်သော သူတွေ့ရဲ့ အမြင်တွေ တီးတိုးစကားသံတွေ မထိတထိပြောသံတွေ
မကြားတကြားပြောသံတွေက လဲ စိတ်အနှောင့်အယှက်ဖြစ်စေတာ အမှန်ပါဘဲ။
တစ်ရက်မှာတော့ မောင့်မေမေလို့ စိတ်ထဲမှာအလိုလိုသိနေလောက်အောင်မောင်နဲ့ဆင်တူလှတဲ့
ကျမ ထိပ်တိုက်တွေ့ရပါတော့တယ်။
သူက ကျမအလုပ်ကို လိုက်လာပါတယ်။
ညနေအလုပ်ဆင်းရင် စကားနည်းနည်းပြောချင်လို့ပါပေါ့။
အဲဒါနဲ့ အေးအေးဆေးဆေးစကားပြောရအောင် လူအမြဲရှင်းတဲ့ လမ်း80ပေါ်က ရွှေနိုင်လွန်အအေးဆိုင်မှာချိန်းလိုက်ပါတယ်။
ကျမစိတ်ထဲမှာ စိတ်တော့လှုပ်ယှားပါတယ် ဒါပေမယ့်ကောင်းသောလာခြင်းမဟုတ်ဘူးဆိုတာကိုတော့
ကြိုသိနေသလိုပါဘဲ။
တွေ့ဆုံးခန်းကတော့ မဟာဆန်လှသော ရုပ်ရည်ပိုင်ရှင်မောင့်မေမေရဲ့ပညာသားပါလှသောစကားများ
အချုပ်ကတော့
“မောင်က ကျမထက်အသက်ငယ်သူဖြစ်တဲ့အတွက် အိမ်ထောင်သက်ရှည်လာရင်အဆင်မပြေနိုင်လောက်ဘူးဆိုတာ၊
နောက် ကျမမှာလည်း အိမ်ကနေသဘောတူထားတဲ့လူရှိသလို ကိုအောင်မှာလည်း ရှိနေတာ။
ကျမနဲ့တွဲခဲ့တဲ့နောက်ဆုးံရီးစားက မူးယစ်ဆေးနဲ့ပါတ်သက်နေသူဖြစ်တဲ့အတွက်ခေတ်ပေါ်
အေဘီစီဒီတွေ ကျမမှာလဲ ရှိချင်ရှိနေနိုင်တာ စတဲ့ နာလိုခံခက်ဖြစ်လောက်စရာစကားတွေကို
အေးဆေးညင်သာ သိမ်မွေ့စွာနဲ့ ကျမနားထဲကို လောင်းထည့်လိုက်တဲ့အခါ ကျမနားထဲရောက်ချိန်မှာတော့
သံရည်ပူအဖြစ်ပြောင်းလဲသွားအောင်စွမ်းဆောင်လိုက်ပါတယ်။
နောက်ဆုံးမတော့ ကျမ ရုပ်ရည် ပညာ အသိုင်းအဝိုင်းနဲ့ဆိုရင် ကို်အောင်ထက်သာသူနဲ့အလွယ်
တကူတွေ့နိုင်မှာဖြစ်ကြောင်း ဆိုတဲ့စကားနဲ့ပြန်ပင့်ပေးလိုက်ပြန်ပါတယ်။
အဆောင်ကို ပြန်ရောက်ချိန်မှာတော့ အရုပ်ကြိုးပြတ်။
လာနေကြအချိန် ကိုအောင် အဆောင်ကိုရောက်လာတော့ ဆင်းမတွေ့ဖြစ်။
ညရောက်နြပ်တော့ “ဘာလုပ်သင့်လဲ”ဆိုတဲ့ အတွေးတွေနဲ့ထွေးလုံးရစ်ပတ်လို့အိပ်မပျော်။
ဘယ်သူနဲ့မှလဲ သိပ်မပြောချင်တော့ ရုံးကနေခွင့်ယူလို့ ထား ဖုန်းကိုလဲပိတ်ထားလိုက်ပါတယ်။
တိုင်ပင်စရာအဖော်မရှိ အိပ်မပျော်သောညတွေလဲ များခဲ့တာအမှန်ပါ။
တစ်ယောက်ထဲအိပ်မပျော်တဲ့ ည…….တစ်ညရဲ့ .သန်းခေါင်လောက်မှာ
တိုးတိတ်ငြင်သာတဲ့ ဂစ်တာသံလေးနဲ့အတူ သီချင်းလေးတပုဒ်လွင့်ပျံလို့လာပါတယ်။
“ဝါဆိုရက်စုံအခါတွင်းမို့
လူခြေတိတ်တဲ့ စစ်ကိုင်းဘက်က
တောရကျောင်းငယ်လေးတစ်ခုမှာ
ယာယီနားခိုလှုံနေစဉ်။
နေရီညိုညို ညနေခင်း
ယုံကြည်မူ့တွေအပြည့်နဲ့အတူ
ကုန်းမို့မြေရဲ့ဟိုးအထက်ဆီ
စေတီလေးရယ်ငြိမ်သက်ခြင်း။
တွယ်တာမိတဲ့လူတွေကြားကလေ
ဝေဒနာဖြစ်မယ့်အာရုံကန့်သတ်လို့
ကြည်လင်လာအောင်နေထိုင်ရင်း
ရင်မှာရှိတဲ့ သညာဟောင်းတို့ကို
ပြန်လည်ဆင်ခြင်ကြည့်နေတုန်း
တကယ်ဆိုရေဟာအရောင်အဆင်းမဲ့
ဆိုးတဲ့အရောင်းတိုင်းလိုက်လို့သာ
စွန်းရစ်ထင်သလိုဘဲ
တွယ်တာညိတဲ့အာရုံနောက်လိုက်ကာ
လူရဲ့သဘောလဲရေအတိုင်းဘဲ
ရောင်စုံစွန်းထင်းခဲ့တဲ့စိတ်ကို ဖြူစင်အောင်ပြန်ဖွပ်အုံးမယ်။”
ဒီသီချင်းလေးကြားလိုက်ရတဲ့အခါ ကျမဘာလုပ်ရမယ်ဆိုတာကို ပြတ်ပြတ်သားသားသိသွားသလိုပါဘဲ။.
ကျမဆုံးဖြတ်ချက်ချနိုင်ပါပြီ။
မတူညီတဲ့ပူလောင်တဲ့အသိုင်းအဝိုင်းကြားမှာ အပြင်မထွက်ဘဲကျမဘယ်လောက်ကြာအောင်
နေနိုင်မှာတဲ့လဲ၊
ဘယ်လောက်များ အသိုင်းအဝိုင်းတစ်ခုလုံးကို ရှောင်နေနိုင်ပါလဲ။
လောကသဘာဝအရ ပူလောင်သောနေရာရှိရင်ငြိမ်းချမ်းသောနေရာဆိုတာလဲ အသေအချာရှိပါတယ်။
နက်ဖြန်မနက်ရောက်ရင် ကျမရဲ့အခန်းထဲမှာ ထားချင်သလိုထားတဲ့ပစ္စည်းတွေကို စနစ်တကျသိမ်းမယ်။
ပြီးရင် မေမေတို့ဆင်ပေးထားတဲ့လက်ဝတ်လက်စားတွေကို ချွတ်ပြီးသေချာပက်ကင်ထုတ်မယ်။
ဆက်သွယ်ဘို့ ဝယ်ပေးထားတဲ့ ဟန်းဖုန်းကလဲ ကျမအတွက်အသုံးမလို တာသေချာပြီဆိုတော့
လက်ဝတ်လက်စားတွေနဲ့အတူ မေမေတို့ဆီပြန်ပို့ပေးမယ်။
ကျမအဝတ်အစားအားလုံးကိုလဲ ထားခဲ့မယ်။
နောင်တည်ဆောက်မယ့် ဘဝအသစ်မှာဒါတွေကျမအတွက်မလိုအပ်တော့ဘူးလေ။
အလုပ်ထွက်စာတစ်စောင်ကိုလဲ လူကြုံနဲ့ပို့ပေးလိုက်မယ်။
မေမေ
သမီး စာရေးလိုက်ပါတယ်။
မေမေကိုပေးထားဘူးတဲ့ကတိ သမီး ဘက်ကပျက်ကွက်တာကိုတော့ ခွင့်လွှတ်စေချင်ပါတယ်။
သမီး ကိုဝေကို လက်မထပ်သလို ဘယ်သူ့ကိုမှလဲလက်ထပ်မှာ မဟုတ်တော့ပါဘူး။
ဘဝမှာ ငြိမ်းအေးစွာနေထိုင်ခွင့်ရှိတဲ့နေရာလေးကို သမီးတွေ့ထားသလို
ရအောင်နေမယ်လို့လဲ ဆုံးဖြတ်ချက်အပြီးချပြီးပါပြီ။
သမီးအတွက်မလိုအပ်တော့တဲ့ ဟန်းဖုန်း ၊ဆိုင်ကယ်နဲ့ လက်ဝတ်လက်စားတွေကို
လဲ”ဒေါ်လေးမေ”တို့အိမ်မှာအပ်ထားခဲ့ပါမယ်။
သမီးအဆောင်က အခန်းထဲက ပစ္စည်းတွေကိုတော့ မေမေ တို့ ကားကြုံတဲ့အခါ
ဝင်သယ်ပေးလိုက်ပါ။
သမီးအတွက်စိတ်မပူပါနဲ့။
အေးငြိမ်းသောနေရာမှာ အေးငြိမ်းစွာ နဲ့ဘဝကိုဆက်လက်ရှင်သန်ေနေမှာပါ။
ဘဏ်စာအုပ်ကတော့ သမီးယူသွားပါတယ်။
ဒါပေမယ့် လိုအပ်မှသုံးမှာပါ။
သမီး စိမ်းမြ
ကျမစာရေးပြီးတဲ့အခါမှာ စိတ်တွေလည်းလွတ်လပ်ပေါ့ပါးလို့သွားပါတယ်။
နက်ဖြန်မနက် ဆိုရင် ဘယ်သူ့ကို မှနုတ်မဆက်ဘဲထွက်သွားတော့မယ်လေ။
ကျမ အတွက်အိမ်မပျော်တဲ့ညတွေ ကုန်ဆုံးသွားတာအသေအချာပါဘဲ။
အိပ်ပျော်ခါနီးဆဲဆဲမှာ ကျမအလွန်နှစ်သက်တဲ့သီချင်းလေးတပိုင်းတစကြားယောင်လာမိသလိုလိို
…………………………………………………..
“နံနက်ခင်း ဆီးနှင်းတို့ အဝေးမလွင့်မီ
နေရောင်ခြည် အရှေ့အရပ်က အကြိုဆိုက်ပြီ၊
မကြည်လင်တာတွေ အမှောင်ရိပ်ထဲသိပ်ခဲ့ကွယ်
မကြာခင်ဆိုရင် မိုးလင်းနိုးထတော့ မယ်……………………….
မကြာခင်ဆိုရင် မိုးလင်းနိုးထတော့ မယ်………………………
မကြာခင်ဆိုရင် မိုးလင်းနိုးထတော့ မယ်………………………
မကြာခင်ဆိုရင် မိုးလင်းနိုးထတော့ မယ်………………………
မကြာခင်ဆိုရင် မိုးလင်းနိုးထတော့ မယ်………………………
(ချစ်စထုံးနှောင် ဆိုတဲ့စကားလုံးလေးရဲ့ မူရင်းပိုင်ရှင်က ရှင်မဟာရဋ္ဌ်သာရ ဖြစ်ပါတယ်။
နှမလက်လျှော့နေလေတော့ ဆိုတဲ့ ရတုထဲကနေ ယူပြီးသုံးထားတာဖြစ်ပါတယ်)
ပြီးပါပြီ
ကိုပေါက်လက်ဆောင် အဆွေးပါးပါးလေး
(25-2-2012)
26 comments
water-melon
February 27, 2012 at 8:24 am
လွမ်းသလိုလို ဆွေးသလိုလို
အချစ် မရှိမကောင်း ရှိမကောင်း
အသွေးအသားတို့သည် အချစ်နဲ့တည်ဆောက်ထားသည်
အချစ်သည်လည်း အသွေးအသားတို့နှင့်တည်ဆောက်ထားသည်
therefore လူတိုင်းလူတိုင်း ချစ်သူတိုင်းချစ်သူတိုင်း
မိမိချစ်သောသူနှင့် ပေါင်းနိုင်ပါစေ။ချစ်ခရီးလမ်း သာယာဖြောင့်ဖြူးကြပါစေ။
လေးပေါက် အစားဆုတောင်းပေးပါတယ်။
နှူးဘာဂိုဏ်းချုပ်
February 27, 2012 at 8:34 am
အောင်မယ်ငီး …
ထင်ထားတဲ့အတိုင်း ကို လုပ်ချသွားတာပါပဲလား ..အသဲကွဲဆြာဂျီးရဲ့…..
ရင်ထဲ မကောင်းထှာ ….
စိတ်ထိခယက်တွားဘီ …အဟင့် အဟင့် ….
>>>>>>>>နှစ်မလက်လျှော့နေလေတော့ ဆိုတဲ့ ရတု
ဒါလေးတော့ ပြင်လိုက်ပါလား ..ဗျာ …စကားမစပ်….
ရုတ်တရက်ဖတ်လိုက်တာ …ဘယ့်နှယ့် ၂လက်မ လျော့ နေရတာလဲလို့….ခိခိ…
ခင်တဲ့
ဂီ
ကိုပေါက်(မန္တလေး)
February 27, 2012 at 8:37 am
ဖရဲမ လေးပေါက်အတွက် ဆုမတောင်းနဲ့ရွာထဲ မရသေးသော
အပျိုပေါက် အပျိုလေး အပျိုလတ် အပျိုကြီး များအတွက်ဆုတောင်းပေးရမှာလေ.
ငြိမ်သက်ခြင်း ဆိုတဲ့သီချင်းလေးက တေးရေး နိုင်မင်း ဆိုသူ မွန်းအောင်
ဆီးရီး အမည် စိဉ္စမာဏဉာဏ်
ရွာထဲမှတော့ တင်ပေးထားတယ် လင့်မပေးတတ်လို့ရယ်။
ကိုပေါက်(မန္တလေး)
February 27, 2012 at 8:52 am
ပြင်ပြီးပါပြီး
နဘဂခ ရေ
စိန်ပေါက်ပေါက်
February 27, 2012 at 10:34 am
ဟာ့ထ် ထိတယ်ဂျာ
မှောင်နဲ ့လဲ မညား အောင်နဲ ့လဲ မညား ကိုဝေနဲ ့လဲ မညား ဘုန်းကြီးနဲ ့ညား ..အဲလေ..မယ်သီလရှင်ဝတ်သွားသတဲ့
အဟင့်..နှမြှောစရာ..ကောင်းကြသေးရဲ့လား အရပ်ဂဒို ့ရဲ့..ကြေကွဲသွားဘီ..တိန်..
အူးပေါက်ရေ
သီချင်းတင်ထားတယ်ဆိုလို ့လိုက်ရှာတာ
ဘာတဲ့
ကြည်လေတဲ့..ကြည်လေ ရယ် နဒီမင်္ဂလာရယ်..
ငြိမ်သက်ခြင်းရယ် တွေ ့သဗျာ
ငြိမ်သက်ခြင်းက ဒီမှာဒေါင်းလိုက်ပါဗျို ့.
အနော်ရှာလာခဲ့ပါတယ်..
myanmargazette.net/wp-content/uploads/2012/02/%E1%80%BB1%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%9E%E1%80%80%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%99%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9.mp3
မီဒီယာ လိုင်ဘရီထဲမှာ ရှိပါတယ်..အဲက တစ်ဆင့်ခြင်း ယူနိုင်ပါတယ်
bluerose
February 27, 2012 at 10:41 am
တကယ့်အချစ်စစ်ကိုရှာတွေ့သွားတာပါလား
လေးပေါက်ရေအရမ်းကောင်းပါတယ်
ထင်လိုက်တဲ့အတိုင်းပဲသိမ်းသွားတယ်ဇာတ်လမ်းလေးက
😛
စိန်ပေါက်ပေါက်
February 27, 2012 at 10:43 am
http://myanmargazette.net/wp-content/uploads/2012/02/%E1%80%BB1%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%9E%E1%80%80%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%99%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9.mp3
အရေးထဲ အိပ်တီတီပီ က ကန်ခဲ့သေးတယ်
😆
ကိုပေါက်(မန္တလေး)
February 27, 2012 at 11:36 am
ပေါက်ကျော်မရေ ကျေးဇူးဟ ကျုပ်က သီချင်းမတင်တတ်ဘူးရယ်
pooch
February 27, 2012 at 12:25 pm
တကယ်ဆိုငါ မင်းမရှိရင် မဖြစ်တာပါ………
အချိန်တွေတိုင်းမှာ မင်းက လိုအပ်လို့………..
အမှောင်တွေဖယ် လမ်းပြပါ………
အလင်းရောင်ရယ်………
ကိုယ်ဟာ……… ကယ်တင်ဖို့ လိုပါတယ်…..
မင်းမရှိပဲ အဆင်မပြေဘူး…..
အရာရာဟာလေ မစိမ်းလန်းဘူး………
ဆိုတဲ့ ဇော်ဝင်းထွဋ် သီချင်းကို ကိုအောင်လာဆိုတာကိုလည်း အဲ့ဒီညမှာ ကြားလိုက်ရပါတယ်။
ဒါကြောင့်မို့ သူလည်း ကိုအောင့်နောက်ကို လိုက်ပြီး ရေခြားမြေခြားမှာ အနှောင့်အယှက် ကင်းကင်းနဲ့ ဘဝတခုကို စိတ်တူ ကိုယ်တူ စခဲ့လိုက်တာ ခုဆို သားတွေ သမီးတွေ ပွားစီးပြီး စီးပွားရေးလည်း အဆင်ပြေလို့ နှစ်ဖက်မိဘနဲ့လည်း ပြေလည်သွားပါတယ်တဲ့။
ဒန်တန်တန်……….. 😀
စိန်ပေါက်ပေါက်
February 27, 2012 at 12:35 pm
ဪ..
ရွာထဲကို ဝါးတီးပုံတွေ တင်တင်ပေးနေတဲ့ ဟိုအတိုကြီး ကိုအောင်ဆိုတာ လေးပေါက်ပြောတဲ့လူပဲဖစ်ရမယ်..နော့
ခုမှ ဇာတ်ရည်လည်တော့တယ်..
ကိုပေါက်(မန္တလေး)
February 27, 2012 at 12:43 pm
ဟုတ်တယ် အခုတော့ မတင်နိုင်ရှာတော့ဘူးကွဲ့
Phaung Phaung
February 27, 2012 at 4:08 pm
ဟီး…ဟီး နောက်ဆုံးတော့ သီလရှင်ဝတ်သွားပီမဟုတ်လား။ စိမ်းမြဘဝက တော်တော်လေးကိုရှုပ်ရှက်ခက်နေတာ…ဒာဲဒါပဲကောင်းပါတယ်။
nozomi
February 27, 2012 at 4:50 pm
ီကိုပေါက်ကြီး လို ရေးတတ် ချင်လိုက်တာ
လောကကြီး မနက်ဖြန် ဘာဖြစ်မလဲ ဘယ်သူမှ ပြောလို့ မရဘူးနော
အခုတော့ သူက သံသရာကလွတ်မြောက်တဲ့နည်းကို ရွေးလိုက်ပြီ ၊ သူ့အတွက်တော့ ကောင်းပါတယ် သူကြီးကတော့ ကြိုက်မှာ မဟုတ်ဘူး ၊ နောက်လဲ ဒါမျိုးလေးတွေ လုပ်ပါဦး ၊ ကျွန်တော် အကြိုက်ဆုံး ဇတ်ဝင်ခန်း တစ်ခု ရှိတယ် လရောင် အပြည့်အဝ ရနေတဲ့ လရိပ်အောက်က အခန်းလေးလေ အဲဒီလို နေချင်တယ် ဗျ အရမ်းကြည်နှုးဘို့ကောင်းမှာ အခုတော့ ရန်ကုန်မှာ သာတဲ့လ သာပေမဲ့လဲ အလကားပါဆိုပြီး ကိုထီး သီချင်း ဆိုနေရတယ်
အတွင်းသိ တစ်ယောက်ဆီက ကြားတာ ကိုပေါက် ရေးတာ တကယ့်အဖြစ်အပျက်တဲ့
ကိုအောင်ဆိုတာ ဒီရွာထဲက သော်ဇင်အောင်(လွိုင်ကော်)ဆိုပြီး ရေးနေတဲ့ တစ်ယောက်၊ မောင်ကတော့ ရွှေနှင်းဆီလမ်းထဲမှာ အင်တာနက်ဆိုင်ဖွင့်ရင် အတိတ်ကို ဇာတ်မြုတ်ထားတယ် ၊ ကိုဝေကတော့ ရှက်လို့ဆိုပြီး အရှေ့ကျွန်ကို ထွက်သွားရင် နာမည်ပါပြောင်းလိုက်တယ် ၊
အဲဒီလို ဖြစ်နိုင်တယ်လို့တော့ ထင်သားကိုပေါက် ရဲ့ ဇတ်လမ်းက တော်တော်ကို အသက်ဝင်တာနော
စိန်ပေါက်ပေါက်
February 27, 2012 at 6:37 pm
ဟုတ်လား.
တိပါဘူး များက အူးပေါက်ရဲ့ ငယ်ဘဝ အကြောင်းလားလို ့ 😀
ကိုပေါက်(မန္တလေး)
February 27, 2012 at 6:20 pm
ဒီလို မဖွပါနဲ့ ရှက်ကုန်ပါ့မယ်
ကိုနိုရယ်
ရွှေဘိုသား
February 27, 2012 at 6:26 pm
ဖေကြီးပြောမှ ရှင်မဟာရဋ္ဌ်သာရ ရေးမှန်းသိရတယ် အဲဒီ နှမလက်လျှော့နေလေတော့ ဆိုတဲ့ရတုကို ကျောင်းမှာသင်ရတာ တော်တော်ကြိုက်ခဲ့တယ်
ကျဗျာလေးထဲက အကြိုက်ဆုံးအပိုဒ်လေး
ဆရာမိဘ ဆိုဆုံးမလည်း
နေ့ညမဟူ နှစ်ကိုယ်ယှဉ်တွဲ
ရွာလယ်ပညောင်ပင် ရုက္ခစိုးကို
တူနှစ်ကိုယ် သစ္စာဆိုဖူးသည်
ဆိုတာလေးတွေတော်တော်အကြိုက်တွေ့ခဲ့တယ်
ရွှေဘိုသား
February 27, 2012 at 6:29 pm
ချစ်စထုံးနှောင်ဆိုတာလေးက စကားလုံးလေးကလည်းလှတယ်
လေးပေါက် တကယ်အဖြစ်အပျက်လားဗျ
ကိုပေါက်(မန္တလေး)
February 27, 2012 at 6:37 pm
မဖွပါနဲ့ဆိုမှကွာ………………….
MaMa
February 27, 2012 at 7:40 pm
ကိုပေါက်ရေ- အားလုံးပြီးမှ တဆက်တည်း ဖတ်ချင်တဲ့ ကိုချောကြီးအတွက် တစ်ပုဒ်လုံး အစအဆုံး လုံးချင်းဝတ္ထုရှည် ပြန်စုပြီး တင်ပေးရင်ကောင်းမယ်။
မထင်တဲ့ဘက်က ဖောက်ထွက်သွားတာ ကိုပေါက်ရဲ့ လက်စွမ်းပဲ။
သူများစကား ငှားသုံးရရင် ဇာတ်သိမ်းကိုဖတ်ပြီး စိတ်ထိခယက်သွားပြီ။ 😛
အပြင်မှာရော တကယ်ဒီအတိုင်းပဲလား သိချင်မိတယ်။
ကိုနိုပြောတဲ့အတိုင်း ဇာတ်ဆောင်တွေကို ခွဲတမ်းချလိုက်တော့ ပိုပီပြင်သွားသလိုပဲ။ 😆
ကိုပေါက်(မန္တလေး)
February 27, 2012 at 10:43 pm
အားလုံးတောင်းဆိုချက်အရ ပေါင်းတဲ့ဇာတ်လမ်းလေးတပုဒ်တော့ရေးအုံးမှဘဲ မမရေ။
ကိုပေါက်(မန္တလေး)
February 28, 2012 at 10:45 pm
မမရေ
အပြင်မှာက ဒီထက်ပိုစိတ်ထိခိုက်စရာကောင်းပါ၏။
Khin Latt
February 29, 2012 at 5:34 am
ကိုပေါက်ရေ
ဇာတ်လမ်းကို မတူသော အမြင်နဲ့ ဝေဖန်ရရင်တော့ စိမ်းမြ က
(၁) မိဘ သဘောတူတဲ့သူ နဲ့ ယူရမယ် လို့ သိရက်နဲ့ ဘဝ မှာလက်မတွဲ နိုင်ဘဲ ဘာလို့ မောင့် အချစ်ကိုလက်ခံခဲ့လဲ။
(၂) မောင် ရဲ့ ဆေး ဇာတ်လမ်း က စိမ်းမြ နဲ့ တွေ့ချိန်မှာ ပြတ်နေပြီဘဲ။ အားကိုး နိုင်မယ်လို့ ဘာလို့ မယုံခဲ့တာလဲ။
(၃) မောင် နဲ့ ဖြတ်ပြီး မကြာ သေးဘဲ ကိုအောင် ကို ချစ် ပြန်တော့ ကျွန်မတို့ ရဲ့ မြ ကလေး က စိတ်ညွတ်လွယ်သူ ဖြစ်နေပါရော့လား။
(၄) ကိုအောင် ရဲ့ မာမီကြီးသာ လာမချဲ ရင် အစစ ပြည့်စုံနေသော ကိုအောင် ကိုကျတော့ အမေ နဲ့ ဆန့်ကျင်ပြီး ယူမဲ့ သဘောမှာရှိသလား။
(၅) ထို့ကြောင့် မြ သည် အချစ်ကို ဘဝ လုံခြုံ မှု အတွက်ပါ ကြည့်ပြီး ချစ်နေသူ ဖြစ်ပြန်ပါသလား။
ထို … ထို …. သော အကြောင်းကြောင်း တို့ကြောင့် မြ သည် ရိပ်ကြီးခို ရင်ရော မြဲပါ့ မလား လို့ တွေးနေမိရင်း ……
ကိုပေါက်ရေ – တကဲ့ဇာတ်လမ်း သာဆိုရင်တော့ အပေါ်က မှတ်ချက်တွေ အတွက် ဘွာတေး ပါ။
ဒီလို ရသမြောက် စာတစ်ပုဒ် ကို လက်တမ်း မပင်မပန်း ရေးလိုက်နိုင်တဲ့ အစွမ်း ကို ရချင်စမ်းပါဘိတော့။
မွန်းအောင် သီချင်းကို နားထောင်ရင်း လွမ်းသွားပါသည်။ ကျေးဇူးပါဗျား။:-)
Moe Z
February 29, 2012 at 12:17 pm
အရီးလတ်နဲ့ အမြင်ချင်းတူပါကြောင်း ..
လေးပေါက်ရေ အဲဒါတကယ်မဟုတ်ဘူးဟုတ်
အပြင်မှာ အဲလိုဇယားများတဲ့မိန်းကလေးတွေတွေ့ဖူးတယ်
နောက်တစ်ပုဒ်ကို စောင့်နေတယ်နော် Happy Ending!
ကိုပေါက်(မန္တလေး)
February 29, 2012 at 2:50 pm
အချစ်သည် အားလုံးကိုပြောင်းလဲအောင်ဖန်တီးနိုင်စွမ်းရှိ၏။
ယခုခေတ်မိန်းကလေးများသည် မျက်ကန်းအချစ်ကို လက်မခံတတ်ပါ။
ရီးစားတစ်ထောင်လင်ကောင်တစ်ယောက်ဆိုသော အဆိုကို အသုံးဝင်အောင် ကျနစွာအသုံးချတတ်ကြကုန်၏။
ထိုအပြင် ပေတစ်သီးကျီးတစ်သား တစ်ယောက်ဆိုတစ်ယောက်ပိတောက်ဆို ပိတောက်ခေတ်ဆိုသော ခေတ်ကုန်သွားပြီဟု
အပြင်လောကတွင်မြင်တွေ့နေရပါ၏။
ကိုလတ် ရေ လာရင်ဖွင့်သူ သုံးယောက်ပြည့်လျှင ်ကိုပေါက် အချစ်ဝတ္တု တပုဒ်ရတတ်ပါ၏
သုံးယောက်ပြည့်အောင်စောင့်မျှော်ကြပါကုန်………………………….
Moe Z
February 29, 2012 at 3:09 pm
အဟမ်း .. လေးပေါက်ကို ကုန်ကြမ်းပေးမယ်
သဂျီးသမီး မိစိန်ပေါက်ရယ်၊ မှောင်ခိုကုန်သည်မလေး မေပေါင်ရယ်
ဘေထုပ်ရောင်းတဲ့ ဈေးသည်ကြီး အင်ဂျီးရယ်
သုံးပွင့်ဆိုင် ဇာတ်လမ်းလေးရေးပါလား ..
myat pearl phyu
February 22, 2014 at 5:40 pm
အော် …
Happy Ending လေးပါပဲ …
သူတကယ်အေးချမ်းရာကို တွေ့ရှိ ကျင့်ကြံ အားထုတ်နိုင်ပါစေလို့ …ပဲ