ရယ်(ရီ)ရမှာလား??ငိုရမှာလား??
မနေ့က ကျနော် ရွာတစ်ရွာကိုရောက်ခဲ့တယ်… ကျနော်တို့ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့
ရွာလေးပါ …။ ရွာလေးကတော့ အိမ်ခြေ တစ်ရာလောက်ရှိပါလိမ့်မယ်….။
ရွာလေးဆီရောက်တော့ ရွာခံ လူတစ်ဦးနဲ့ စကားပြောဖြစ်တယ် .. တောင်ပြော မြောက်ပြော
ပေါ့ဗျာ…။ ဒီလိုပြောနေရင်း ကျနော်က စာပေဟောပြောပွဲ အကြောင်းလေး စပြောမိတယ်..
ဒီတော့ ရွာခံလူက သူလည်း သူ့ရင်ထဲမှာ စာရေးဆရာတွေလိုပဲ ပြောစရာ စကားတွေ
အများကြီးရှိတယ်ဆိုပဲ … စာရေးဆရာတွေနဲ့ အပြင်မှာတွေ့ပြီး သူ့ရဲ့ အတွေ့အကြုံ
သူ့ခံစားချက်တွေကို ပြောပြချင်လိုက်တာဆိုပဲ … ကျနော်ကလည်း သိတဲ့အတိုင်း
မိကျောင်းသား လျှာကခပ်ရှည်ရှည်ဆိုတော့… လုပ်စမ်းပါဦးဗျ … အစ်ကို့ရဲ့
ပြောပြချင်တဲ့ ဇာတ်လမ်းလေးဆိုတော့ ..သူက ကျနော့်ကို အရင်မေးခွန်း ထုတ်ပါတယ်..
မင်း အသက်ဘယ်လောက်ရှိပြီလဲ .. မဆလ ခေတ်ကိုရော သိလားတဲ့….
ကျနော်က ကျနော့် အသက်နဲ့ မဆလ ဆိုတာ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကိုပြောတာ
မဟုတ်လားလို့ ပြန်ပြောတော့..ဟုတ်တယ်… အဲ့ခေတ်တုန်းက ပြည်သူတွေ ဘယ်လိုခံစား
ရတယ်ဆိုတာရော သိလားတဲ့ … ဒါတော့ ကျနော်လည်း သိပ်မသိဘူးဗျလို့ ..ပြောတော့
အေးး ပြောပြမယ်နားထောင်ဆိုပြီး ပြောပြတော့တာပါပဲ ….
မဆလခေတ်မှာ တောင်သူတွေ ကိုယ်စိုက်လို့ ပျိုးလို့ရတဲ့ စပါးကိုတောင် အားလုံးကိုယ့်
အိမ်မှာ ကိုယ်ထားလို့မရဘူးကွဆိုတာကနေ အစချီပြီး ပြောလိုက်တာဗျာ…
စိတ်မကောင်းစရာတော်တော်များများ ဖြစ်ရပ်မှန်တွေကို ကြားသိရတယ်….
သူကပြောသေးသဗျာ..ကျုပ်..စာမရေးတတ်လို့တဲ့ စာရေးတတ်ရင် ဇာတ်လမ်းကောင်း
ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်နိုင်တယ်ဆိုပဲ…။ သူပြောပြတဲ့ အထဲက တစ်ခုကတော့ ကျနော့်
ရင်ထဲမှာ ရယ်ရမလား ငိုရမလားဝေခွဲမရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ စွဲထင်
ကျန်နေခဲ့ပါတယ်….။
ဇာတ်လမ်းလေးက မဆလခေတ်က သမဝါယမနဲ့ ပတ်သက်ပါတယ်…
အဲ့ခေတ်က စားသောက်ကုန် လူသုံးကုန် အစရှိတာတွေကို ခုခေတ်လို ကုန်စုံဆိုင်တွေမှာ
ရောင်းချခွင့်မရှိပါဘူး …။ သမဝါယမခေါ်တဲ့ ပြည်သူပိုင်ဆိုင်တွေမှာသာ ဝယ်ယူကြရ
ပါတယ်…။ တစ်ရက်မှာ သမဝါယမဆိုင်ကြီးကနေ ပစ္စည်းတွေရောင်းမယ်ဆိုလို့ ရွာကနေ
ရွာသူ/သားတွေ သွားကြတာပေါ့… ရွာဦးကျောင်းဆရာတော်က ရွာထဲကလူတွေ
ဘုန်းကြီးကျောင်းရှေ့က ဖြတ်သွားနေကြတာမြင်တော့ ဒကာတစ်ယောက်ကို လှမ်းမေး
တယ်…။ “ဒကာ..ဒကာ..ဘယ်သွားကြမလို့တုန်း…” ဆိုတော့ ..ဒကာက အကျိုးအကြောင်း
ပြန်လျှောက်သပေါ့ … ဒီတော့ ဘုန်းကြီးက “ အေး..ကွာ…ဒါဆို ငါ့အတွက်လည်း ဓာတ်ခဲ
နဲ့ မီးသီးလေးဝယ်ခဲ့စမ်းပါ” ဆိုပြီးမှာလိုက်သတဲ့ ….
ဒီလိုနဲ့ ညနေပိုင်း သမဝါယမဆိုင်ကို သွားကြတဲ့ ရွာသားတွေ ပြန်လာတော့ ဘုန်းကြီးက
သူမှာလိုက်တဲ့ ဒကာကို မေးပါတယ်..“ ဘယ်လိုလဲ ဒကာ..ဘုန်းကြီးမှာလိုက်တဲ့ ပစ္စည်း
တွေ ပါလာရဲ့လား”ပေါ့…။ ဒီတော့ ဒကာက “အရှင်ဘုရား ဒီနေ့ပစ္စည်းတွေက ရွာသား
တွေ အတွက်မဟုတ်ပါဘူး… ပြည့်သူ့စစ်တွေအတွက်ဖြစ်ပါတယ်တဲ့ဘုရား” လို့
ပြန်လျှောက်တယ်..။ ဒီတော့ ရွာဦးကျောင်းဆရာတော်က ဒီလိုမိန့်တယ်…
“ အေးကွယ်…ဒါဆို မင်းရွာထဲက သူကြီးကို တူမီးတစ်လက် ယူပြီး ငါ့ဆီလာခဲ့စမ်းလို့…
ပြောစမ်းပါကွယ်” ဆိုပြီး မှာလိုက်သတဲ့… ရွာသားလည်း ဘုန်းကြီးဘာကြောင့်မှာတယ်
ဆိုတာ မမေးရဲဘူးလေ..ဘုန်းကြီးဆိုတာက သူတို့ရဲ့ ဆရာလေ..ဒီတော့
မေးခွန်းမထုတ်ရဲဘူး..ဒါပေမယ့်သူတွေးတော့ တွေးတာပေါ့ ဘုန်းကြီးနဲ့ တူမီးသေနတ်က
ဘာဆိုင်လို့လဲပေါ့..။ တူမီးဆိုတာတော့ လက်ဖြစ်သေနတ်ပေါ့…။ ဒါနဲ့ ရွာသားကလည်း
သူကြီးကို သွားပြော..သူကြီးကလည်း ဘုန်းကြီးမှာတာဆိုတော့.. သူကြီးလည်း တူမီးကြီး
ကိုင်ပြီး ဘုန်းကြီးကျောင်းကို သွားရတာပေါ့…။ ကျောင်းရောက်တော့ ဘုန်းကြီးကို
အကျိုးအကြောင်းမေးတယ်..“ အရှင်ဘုရား တပည့်တော် တူမီးယူလာပါပြီ ဘုရား..
အရှင်ဘုရား ဘာလုပ်ချင်လို့ပါလဲ ဘုရား”ပေါ့ …။ ဒီတော့ ဘုန်းကြီးက ဒီလိုပြန်မိန့်
သတဲ့“ အေးလကွာ…သမဝါယမက ပြည့်သူ့စစ်တွေကိုပဲ ပစ္စည်းရောင်းတယ်ဆိုလို့
ငါလည်း ပြည်သူ့စစ်ထဲဝင်မလို့ တူမီးယူခိုင်းလိုက်တာပါ” ဟူသတတ်…။
ကဲ..ဗျာ…မဆလခေတ်ရဲ့ အဖြစ်အပျက်က ကြားလို့မှကောင်းကြသေးရဲ့လား..။
ဘုန်းကြီးတွေတောင် လိုအပ်တဲ့ ပစ္စည်းလေးရဖို့အတွက် ပြည့်သူ့စစ်ထဲသင်ရမလိုဆို
တော့လေ…ရွာသားကြီးကပဲ ဆက်ပြောသေးတယ်.. တော်တော်ဆိုးခဲ့တဲ့ခေတ်ကြီးတဲ့…။
ဒါကတော့ ကျနော်ကြားသိခဲ့ရတဲ့ စနစ်တစ်ခုအကြောင်းပါ… စိတ်မကောင်းဖြစ်ရမှလား
ရယ်ပဲရယ်လိုက်ရမှာလားမသိတော့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ …
အပြစ်ပြောချင်လို့ မဟုတ်ကြောင်းပါခင်ဗျာ.. ကျနော့်မိတ်ဆွေ အပေါင်းအသင်းများလည်း
တွေးစရာလေးများရမလားဆိုပြီး ဒီစာလေးကိုရေးမိတာပါ …
ပျော်ရွှင်ချမ်းမြေ့ကြပါစေ….။
6 comments
Prince of Pennsylvania (PoP)
February 28, 2012 at 2:27 pm
လက်မထောင်ပြီး အားပေးသွားပါတယ် စာအရေးကောင်းတဲ့
ကျောင်းဆြာလေး နေထက်လင်းရယ်..
😀
kotun winlatt
February 28, 2012 at 7:21 pm
ဂီရေ….
ဂီက နာမည်တွေ အမျိုးမျိုးပြောင်းနေတော့ မှတ်ရတာမလွယ်ဘူးဖြစ်နေတယ်…
ဂီ့လို စာရေးကောင်းတဲ့လူတစ်ယောက်က ကျနော့်လို ပေါက်ကရလေးဆယ်ရေး
တဲ့သူကို စာရေးကောင်းတယ်ပြောတော့ ရှက်မိပါတယ်ဗျာ…
ဂီရေးတဲ့ စာတွေကျနော်ဝင်ဖတ်ဖြစ်သလို ပုံလေးတွေလည်းကြည့်ဖြစ်ပါတယ်..
လာရောက်အားပေးတာကို ကျေးးဇူးးတင်တယ်…
ဂီရေ.. ပုံလေးတွေရော စာလေးတွေကိုပါ မျှော်လင့်နေပါတယ်ဗျာ..
ခင်မင်စွာဖြင့်……
laypai
February 28, 2012 at 4:05 pm
ဆိုရှယ်လစ် စနစ် ဆိုတာ က မကောင်းတာလား၊ စနစ်ကို ကိုင်တွယ်တဲ့ လူတွေ မကောင်းတာလားတော့ မပြော တတ်ဖူး။
တောင်သူလယ်သမားကိုယ်တိုင် စိုက်ပျိုး ထားလို့ ရ ရှိလာတဲ့ စပါး ကို
ရောင်းရင်ပဲ ဖြစ်ဖြစ်၊ ဆန်ဖြစ်အောင် ကြိတ်ခွဲရင်ပဲ ဖြစ်ဖြစ်၊ ဆန်ရလာ လို့ ရောင်းရင်ပဲ ဖြစ်ဖြစ် ရာဇဝတ်မှု ဖြစ်ကြရတယ်။ ဘယ်လို ပုပ္မ တွေ တပ်ဖမ်းတယ်တော့ မသိဘူး၊ အဲဒီအမှုနဲ့ ရဲက ဖမ်းလို့ တရားရုံး မှာရင်ဆိုင်ခဲ့ ကြရသူတွေ အများကြီးရယ်။
ကုန်ကုန်ပြောရ ရင် မြိုကျော် နယ်ကျော် ကို အသာထား တရွာနဲ့ တရွာ သယ်ယူဖို့ တောင် လွတ်လပ်မှု မရှိခဲ့ ဘူး။
ဆိုရှယ်လစ် ခေတ် စတည်း က တက်လာတဲ့ ဈေးက လည်း ခုချိန်ထိ အရှိန်မသပ်သေးဘူး။
ဆိုရှယ်လစ်ခေတ် ဈေးမဆစ်နဲ့
တွေ့ရင်ဝယ်ထား ဈေးမများဘူး လို့တောင် ရှိခဲ့ ဖူးတာလား။
ဘာကောင်းတာလဲ တော့ မပြောတတ်ဖူး ဆိုရှယ်လစ် နဲ့ အတူပေါ် လာတဲ့ သမ အမည်ခံ ဆိုင်တွေ နဲ့ သမ ဘဏ် တောင် လက်ကျန်တွေ့ နိုင်သေးတယ်။
kotun winlatt
February 28, 2012 at 7:26 pm
မဆလခေတ်မှာ ဆန်ကုန်ကူးလို့ ဖမ်းခံရတဲ့ အထဲမှာ ကျနော့်မိဘတွေပါပါတယ်…
ဘာကောင်းတာလဲဆိုတော့ စိတ်ပျက်ဖို့ကောင်းတာလို့ပြောရမယ်ထင်ပါတယ်ဗျာ..
မဆလခေတ်က လူကြီးတစ်ယောက်ပြောခဲ့စကားလေး ခုထိကျနော်တို့ရွာထဲမှာ
ပြောနေကြတုန်းပါပဲ…
အီးးးးးး တောင်ကျယ်ကျယ်မပေါက်နဲ့ လေထုညစ်ညမ်းမှုနဲ့ ဖမ်းပစ်မယ်တဲ့
(မှတ်ချက်…ကပေါက်ဖော်ကိုပြောလိုခြင်းမဟုတ်ပါ..)
windtalker
February 28, 2012 at 9:05 pm
အားရပါးရ ပြုံး ဖြစ်သွားပါတယ် ။ ဆရာကျောင်း ရေ ။
kotun winlatt
February 28, 2012 at 9:12 pm
ဟုတ်…ဆြာပေရေ…
ဒါနဲ့ ဆြာပေရေ..
ကျနော်မန်းလေးလာမယ်ဗျ…
ဆြာပေကို ဘယ်လိုဆက်သွယ် ရမှာလဲခင်ဗျ…..။
တစ်ဆိတ်ပြောပေးးးးဦးးး မန်းးလေးးရောက်ရင်ဆုံချင်တယ်ဗျ…။