ဒုတိယဒီမိုကရေစီ၊ အမြစ်မရှိသောသစ်ပင်နှင့် ချအုံကြီးအကြောင်း (အပိုင်း-၁)
ဒီနေ့ မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ထပ်ခါတလဲလဲ ပြောဆိုနေကြလေတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ဒီမိုကရေစီအကြောင်းကို နဲနဲပြောရန်လိုလာပါတယ်။ ဒီမိုကရေစီ ဆိုတာက Political System ဖြစ်ပါတယ်။ မူရင်း အဓိပယ်ကတော့ အများသဘောနဲ့ အညီ လုပ်ကိုင် ဆောင်ရွက်ခြင်းပါပဲ။ တကယ်တော့ ဒီကနေ့ပြောနေတဲ့ ဒီမိုကရေစီဆိုတာက မြန်မာနိုင်ငံအတွက် အသစ်အဆန်းကြီးတော့မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက မြန်မာ နိုင်ငံဟာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့တာဖြစ်တယ်။ ၁၉၆၂ ခုနှစ် တစ်ပါတီ ဆိုရှယ်လစ်စနစ်ကို ပြောင်းလဲတဲ့အချိန်ထိပါပဲ။ ဒီတော့ အခုပြောနေတဲ့ ဒီမိုကရေစီဟာ ဒုတိယဒီမိုကရေစီဖြစ်ပါတယ်။
၁၉၄ရ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း တို့ မလုပ်ကြံခံရမီ အချိန်မှာ မြန်မာလူငယ်ခေါင်းဆောင်တွေ၊ ငွေရှင်အရင်းရှင်တွေ၊ ကွန်မြူနစ်လူငယ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရလာရင် ဘယ်လိုရှေ့ဆက်သွားကြမယ်ဆိုတာကို ဆွေးနွေးကြပါတယ်။ မြန်မာမျိုးချစ် လူငယ် ခေါင်းဆောင် တစ်ချို့ကတော့ လုံးဝလွတ်လပ်ရေးကိုလိုချင်တယ်။ တစ်ချို့တော့ အင်္ဂလိပ်လူမျိုးတွေကို အော့ကြော လန်အောင်မုန်းတီးလို့ပဲ။ တစ်ချို့ကတော့ လုံးဝလွတ်လပ်ရေးသာရရင် အင်္ဂလိပ်တွေရဲ့ အုပ်ချုပ်မှု အောက်မှာ ဖွံ့ဖြိုးစည်ပင်နေတဲ့ ရန်ကုန်မြို့လိုနေရာမျိုးတွေ၊ လုပ်ငန်းတွေကို အချောင်ရ လိုတဲ့ရည်ရွယ်ချက်ပဲ။ ငွေရှင်အရင်းရှင် တစ်ချို့ကတော့ မြန်မာမျိုးချစ်လူငယ်ခေါင်းဆောင်တွေကို ဘာအတွေ့အကြုံမှ မရှိသေးတဲ့ သူငယ်နှပ်စားလေးတွေလို့ မြင်တယ်။ သူတို့အမြင်မှာက အင်္ဂလိပ်တွေ အုပ်ချုပ်တဲ့ ဓနသဟာယနိုင်ငံတွေ (Commonwealth) နဲ့ နှိုင်းစာရင် အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံအပေါ်လုပ်ပေးတာအရမ်းနဲသေးတယ်။ ဒါကြောင့် အဲဒီ လိုအပ်ချက်တွေကို အင်္ဂလိပ်အစိုးရ က တည်ဆောက်ပြီးမှ လွတ်လပ်ရေးယူလိုတယ်။ ကွန်မြူနစ်လူငယ်ခေါင်းဆောင်တွေကတော့ လွတ်လပ်ရေးဆိုတာ ပေးလို့မရဘူး။ တိုက်ယူမှရတယ်လိ်ု့ယူဆတယ်။ ဒီတော့ အင်္ဂလိပ်အစိုးရကို ပြန်တိုက်ဖို့ အင်အားကြီးမားတဲ့ တရုတ်၊ အိန္ဒိယ၊ အရှေ့ဥရောပနဲ့ ဆိုဗီယက်ရုရှား ကို တိတ်တဆိတ် ဆက်သွယ်နေတယ်။ ဒါက မြန်မာလူမျိုးတွေအထဲမှာဖြစ်ပျက်နေတာဖြစ်ပါတယ်။
ဒီတော့ ကျောင်းသားခေါင်းဆောင်ကနေစစ်ဗိုလ်ဖြစ်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထား ကကော ဘယ်လို ဖြစ်မလဲ။ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အရှေ့တောင်အာရှဒေသတစ်ခုလုံးမှာ အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာကလည်း အင်္ဂလိပ်ပညာရေးစနစ်နဲ့ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုလို့ဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ Economy ကလည်းအလွန်ကောင်းနေတယ်။ ကမ္ဘာပေါ်မှာ ဆန်စပါးတင်ပို့မှုအများဆုံးနိုင်ငံဖြစ်တယ်။ ရန်ကုန်မြို့ တရုတ်တန်းက ဟိုတယ်တွေဆိုရင် လိုတာအကုန်ရတယ်။ လောင်းကစားမလား၊ စားသောက်မလား၊ ဇိမ်မယ်ရှာမလား၊ အကုန်အဆင်ပြေတယ်။ ကမ်းနားလမ်းမှာလည်း ဓါတ်ရထားကြီးတွေက တဝီးဝီး အဆက်မပြတ်သွားနေတယ်။ လမ်း ၄ဝ ဘက် လှမ်းလိုက်မယ်ဆိုရင် ဇိမ်မယ်တွေထဲမှာ ဂျပန်လိုချင်လား၊ တရုတ်လိုချင်လား အကုန်ရှိတယ်။ ဆေးစစ်ပြီးသား Certificate တွေတောင်ထုတ်ပေးထား။ ဒီလိုမျိုးအရောင်းအဝယ်တွေ ပျော်ရွှင်မှုတွေနဲ့အဆင်ပြေနေပေမဲ့ ခက်တာ လယ်တွေအားလုံးက ငွေတိုးချေးစားတဲ့ ချစ်တီးတွေ လက်ထဲရောက်နေတယ်။ ငွေအတွက် ချစ်တီးတွေနဲ့ အကြောင်းပါတဲ့ အငယ်အနှောင်းဖြစ်ကုန်တဲ့ မြန်မာ အမျိုးကောင်း သမီးလေး တွေ ကလည်းဒုနဲ့ဒေးပါပဲ။ မြန်မာနိုင်ငံ ကျွန်သဘောက်ဘဝကို ရောက်ရတာ Imperial Capitalism ကြောင့် ဖြစ်ရတယ် လို့ယူဆကြတယ်။ မိရိုးဖလာ လယ်လုပ်ပြီးကျေးလက်မှာသာ ကျင်လည်ခဲ့ရတဲ့လူတွေဟာ ငွေရှင်တွေဆိုရင်အလွန်မုန်းလာတယ်။
ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နားလည်သဘောပေါက်မှုနဲ့ ရှေ့ရည်မှန်းချက်က ဘယ်လိုဖြစ်မလဲ။ ကျောင်းသားခေါင်းဆောင်ကနေ ဟိုင်နန်ကျွန်းကို စစ်ပညာသင်သွားတဲ့အချိန်ထိ လွတ်လပ်ရေးကို စစ်တပ်နဲ့တိုက်မှရမယ်လို့သိနေတယ်။ ဒီတော့ ခေါင်းထောင်လာတဲ့ ဂျပန်နဲ့ပေါင်းတာပေါ့။ ဂျပန်ကလည်း လူလယ်ပဲ။ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်ထဲနဲ့ ပေါင်းတာမဟုတ်ဘူး။ ပထမဆုံးဆက်သွယ်ဒါက ဒေါက်တာဘမော်ဖြစ်တယ်။ ဒီအချိန်မှာ ဒေါက်တာဘမော်က မိုးကုတ်ထောင်ထဲရောက်နေတယ်။ ဒီတော့ ဂျပန်တွေက သွားဆရာဝန် ဦးသိန်းမောင် ကတစ်ဆင့်ထပ်ဆက်သွယ်တယ်။ နောက်အုပ်စုတစ်ခုကတော့ သခင်ဘစိန် တို့အုပ်စုဖြစ်တယ်။ နောင် အာဏာရှင်ဖြစ်လာမဲ့ ဗိုလ်ချုပ်ကြီးနေဝင်းဆိုတာက သခင်ဘစိန် အရက်လိုရင်ဝယ်ပေးရတဲ့ တပည့်ဖြစ်တယ်။ အဲဒီအချိန်က လူငယ်တွေအားလုံးရဲ့ စိတ်ဘဝင်မှာ ကွန်မြူနစ်ဝါဒက လွှမ်းမိုးနေတာများတယ်။ အရင်းရှင်စနစ်ရဲ့ လက်ဝါးကြီးအုပ်ခေါင်းပုံဖြတ်မှုတွေကြောင့် မြန်မာတွေဆင်းရဲရတယ်လို့ယူဆတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုးတို့ဟာ ကွန်မြူနစ်ပါတီကိုထူထောင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံးကွန်မြူနစ်ပါတီခေါင်းဆောင်ဖြစ်တယ်။ ကွန်မြူနစ်ပါတီဟာ အစွန်းရောက်လာတော့ ရောင်စုံကွန်မြူနစ်အမျိုးမျိုးကွဲကုန်တယ်။ တကယ်တော့ ဒီခေတ်ကလူငယ်တွေဟာ ဝါးတားတားပဲ ရှိနေပါသေးတယ်။ ဘယ်စနစ်ဘက်ကို လိုက်ရမလဲဆိုတာ သေသေချာချာမသိကြသေးဘူး။ စာအုပ်စာတမ်းတွေ၊ ဆက်သွယ်မဲ့နည်းပညာတွေ၊ ပို့ဆောင်ရေးတွေက အလွန်ချို့တဲ့သေးတယ်။ ဒါပေမဲ့ အဲဒီခေတ်ကလူတွေရဲ့ နားလည်သဘောပေါက်မှုတွေဟာ အလွန်အဆင့်မြင့်နေပါပြီ။
ဒီလိုနဲ့ပဲ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုအတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလန်နိုင်ငံကိုသွားပြီး အက်တလီနဲ့ အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ကြတယ်။ ဒီနေရာမှာ ဒီခောတ်က နိုင်ငံရေးသမားကြီး နှစ်ဦးဖြစ်တဲ့ ဦးစောနဲ့ သခင်ဘစိန်တို့နှစ်ဦးက သဘောမတူပါဘူး။ ဒါကြောင့် အောင်ဆန်း-အက်တလီစာချုပ်ကို ဖတ်လိုက်ရင် Dissent by U Saw and Thakhin Ba Sein ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဝန်ကြီးချုပ်ဖြစ်နေပြီ။ နိုင်ငံကို အုပ်ချုပ်တယ်ဆိုတဲနေရာမှာ စနစ် ၃ မျိုးလုံးကိုကြည့်ရတယ်။ ပထမဆုံးကတော့ Political System ဖြစ်ပါတယ်၊ ဒုတိယတစ်မျိုးကတော့ Economic System ဖြစ်ပါတယ်။ တတိယတစ်မျိုးကတော့ Social System ဖြစ်ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့သူဖြစ်သော်လည်း ကွန်မြူနစ်တစ်ယောက်တော့ မဟုတ်ပါ။ ဒါကြောင့်နောက်ပိုင်းမှာ ကွန်မြူနစ်တွေဖြစ်တဲ့ သိန်းဖေမြင့်တို့၊ သခင်စိုးတို့၊ သခင်သန်းထွန်းတို့နဲ့ အယူအဆပိုင်းမှာကွာလာတယ်။ အောင်ဆန်း-အက်တလီစာချုပ်ဖို့သွားတော့ ပထမပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ တောင်ပေါ်၊ မြေပြန့်နိုင်ငံသားအားလုံးကို ကိုယ်စားမပြုပါဘူးပြောတော့ တစ်ခေါက်ပြန်လာပြီး ပင်လုံစာချုပ်ကို ချုပ်တယ်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်အပြီးမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကရင်အမျိုးသားတွေနဲ့ ပိုပြီးညီညွတ်အောင်လုပ်တယ်။ ပထမဆုံးလေတပ်ဦးစီးချုပ်ဟာ စောရှီုးရှိုးဖြစ်လာတယ်။ သူ့ကိုအားလုံးယုံကြည်တယ်။ အရင်က အမြဲသုံမှုံနေတဲ့ ဗိုလ်ချုပ်ရဲ့ မျက်နှာဟာရွှင်လန်းနေတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ Political System ကို ပြောင်းလဲနိုင်ခဲ့ပေမဲ့ Economic System အနေနဲ့ကတော့ နားလည်မှုအလွန်နဲသေးတယ်။ သူ့အပြစ်တော့မဟုတ်ဘူး။ သူကြီးပြင်းလာတဲ့ အသိုင်းအဝိုင်းက ကုန်သည်၊ အရောင်းအဝယ်လုပ်ငန်း ကမဟုတ်ဘူး။ ဒီတော့ သူပြောနေတာတွေဟာ ဆိုရှယ်လစ်သီအိုရီစာအုပ်ထဲကဟာတွေဖြစ်နေတယ်။ အရင်းရှင်တွေကိုမုန်းတုန်းပဲ။ မြန်မာလူမျိုးတွေကို အမြတ်မထုတ်နိုင်အောင် လုပ်ငန်းတွေအားလုံးကို နိုင်ငံပိုင်လုပ်ဖို့ သဘောတူတယ်။ ဒါကနောက်ပိုင်း ဆိုရှယ်လစ်ခေတ်ဖြစ်လာခဲ့တာ သူတို့ခေတ်ကလူတွေရဲ့အတွေးအခေါ်ပဲ။ အဆိုးဆုံးကတော့ စစ်တွေဖြစ်၊ နိုင်ငံအတွင်းမှာက သူတလူငါတစ်မင်းနဲ့ အင်္ဂလိပ်တွေရဲ့ ကြောင်သူတော်လုပ်ရပ်တွေကလည်း တလစပ်ဆိုတော့ Social System နဲ့ပတ်သက်တာကိုတော့ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ ဒီပထမပိုင်းမှာပြောနိုင်တာကတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ တည်ကြည်တဲ့၊ နိုင်ငံနဲ့လူမျိုးအပေါ်မှာ သစ္စာရှိတဲ့ လူတစ်ယောက်ဖြစ်တယ် ဆိုတာ မငြင်းနိုင်ဘူး။ ဒါပေမဲ့ ဒီခေတ်ကလူတွေရဲ့အားနည်းချက်ဖြစ်တဲ့ Economics နဲ့ Social System တွေအနေနဲ့ကတော့ ရှိနေတာပဲ။ ဒါကြောင့် ၁၉၄ရ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ သူသာမလုပ်ကြံခံရရင် ဘာဖြစ်မလဲဆိုတာကိုတော့ မပြောနိုင်တော့ဘူး။
5 comments
inz@ghi
March 2, 2012 at 1:24 pm
လေးလေးစားစားဖတ်မှတ်သွားပါတယ်ဗျာ
ခင်တဲ့
ဂီ
ကိုရင်မောင်
March 2, 2012 at 4:16 pm
ကျနော်တို့မမှီလိုက်တဲ့အချိန်က နိုင်ငံရေးလောကပါလား
နောက်လူတွေသိသင့်တဲ့အကြောင်းအရာတွေပါ
စိတ်ဝင်စားစွာအားပေးသွားပါတယ်….
padonmar
March 4, 2012 at 12:02 am
4 ရောက်မှ သတိထားမိလို့ ၁ ကနေ ပြန်စဖတ်သွားပါတယ်။
ဦးနုလက်ထက် ပါလီမန်ဒီမိုကရေစီလို့ သုံးတာ စာတွေထဲဖတ်မိပါတယ်။
maungmoenyo
March 4, 2012 at 12:33 pm
သခင်နု ဟာ ဗိုလ်နေဝင်းကို အာဏာရှင်စနစ် အကြောင်းကောင်းကောင်းကြီး lecture ပေးသွားသူပါ။
လင်းဝေ
March 8, 2012 at 5:23 pm
ဖတ်လို့ကောင်းပါတယ်။
ထင်မြင်ယူဆချက် အရတော့ သူသာ လုပ်ကြံမခံရရင် ဘာဖြစ်မလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။
မြန်မာပြည်ကို ကပြောင်းကပြန်အဖြစ်စေဆုံး ကွန်မြူနစ်ပါတီ အကြောင်းနဲ့ သခင်ဘစိန်အကြောင်း ပိုပြီး ကျယ်ကျယ်လေး ရေးပေးပါဦး။