ဒုတိယဒီမိုကရေစီ၊ အမြစ်မရှိသောသစ်ပင်နှင့် ချအုံကြီးအကြောင်း (အပိုင်း-၃)
မြန်မာ့တို့ရဲ့ နိုင်ငံရေး (Politic) သမိုင်းကိုကြည့်ရသမျှကတော့ ဖွဲ့စည်းခဲ့သမျှ Political Organization တွေအားလုံး ပြိုကွဲသွားတာချည်းပါပဲ။ အခွင့်အရေးတစ်ခုမရချိန်အထိ စုစည်းနေကြ သေးပေမဲ့ အခွင့်အရေးတစ်ခုလည်းရရော စပြီး ပြိုကွဲတော့တာပါပဲ။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွား လာတာတာတော့ ပြိုကွဲခြင်းတွေပဲဖြစ်ပါတယ်။ ဖဆပလအဖွဲ့ကြီးဟာလည်း နှစ်ခြမ်းကွဲ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းထူထောင်ပေးခဲ့တဲ့ ပြည်သူ့ရဲဘော်အဖွဲ့လည်း နှစ်ခြမ်းကွဲပါတယ်။ ကွန်မြူနစ် ပါတီ ကလည်း အလံနီ၊ အလံဖြူစသည်ဖြင့်ကွဲပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မြန်မာ နိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးပါတယ်။ မြန်မာတွေကို လေ့ကျင့်သင်ကြားပေးတဲ့ ကျောင်းတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင် ရဲ့ ပြုပြင်မှုတွေက မြန်မာလူမျိုးတွေကို သူမတူ အောင် ပြောင်းလဲစေခဲ့ပါတယ်။ အများအားဖြင့် မြန်မာလူမျိုးတွေဟာ အရောင်း/အဝယ် လုပ်ငန်း တွေမှာ ပါဝင်လေ့မရှိပါဘူး။ လူတွေနဲ့ဝေးရာမှာသာနေထိုင်လိုသူတွေဖြစ်ပါတယ်။ ဒါကြောင့် မြို့ကြီးပြကြီးတွေရဲ့ အစွန်မှာနေသူများဟာ မြန်မာတွေသာဖြစ်ပါတယ်။ သင်ကြားပေးခဲ့တဲ့စနစ် ထဲမှာလည်း အရောင်းအဝယ်လုပ်ငန်းတွေမပါပါဘူး။ တစ်ချို့က အရောင်းအဝယ်လုပ်ငန်းဆိုတာ လူလိမ်တွေလုပ်တယ်လို့တောင်ယူဆကြတယ်။ ဘဝရည်မှန်းချက်ကတော့ ကံပါသလောက်ပါပဲလေ။ အေးအေးနေရရင်ပြီးရောဆိုတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ငါ့မှာ အိမ်၊ ကားရှိရင်နားပြီဆိုတဲ့ လူမျိုးက များ ပါတယ်။ ဒါပေမဲ့ ဒီလိုလူမျိုးတွေဟာ အခွင့်အာဏာတွေရလာပြီဆိုရင် အေးအေးနေလိုသူတွေ မဖြစ်တော့ပါဘူး။ အလွန်ဖေါက်ပြန်သူတွေဖြစ်လာပြီး။ လူအချင်းချင်းသတ်ဖို့ကို ဝန်မလေးသူတွေ ဖြစ်လာကြပါတယ်။ ဒီလိုလူ့အသိုင်းအဝိုင်းမျိုးရှိတဲ့အတွက် မြန်မာတွေဟာ အဖေါက်ပြန်ဆုံး လူတွေ ဖြစ်လာပါတယ်။
လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး Political System က ပါလီမန်ဒီမိုကရေစီဖြစ်ပြီး သက်ဆိုင်ရာ လွတ်တော်များအတွက် အမတ်နေရာများကို ပါတီအသီးသီးမှ ဝင်ရောက် ပြိုင်ဆိုင် ကြပါတယ်။ ဒီပြိုင်ဆိုင်မှုတွေဟာ အလွန်ပြင်းထန်ပါတယ်။ ဒီပါတီတွေရဲ့ ပါတီဝင်တွေကလည်း ပြိုင်တယ်။ ဗေဒင်ဆရာတွေလည်းပြိုင်တယ်။ နတ်ကတော်တွေကလည်းပြိုင်တယ်။ အာဏာရ အောင်နည်းမျိုးစုံနဲ့အားထုတ်ကြရတယ်။ အင်္ဂလိပ်စကားမှာ Pandering ဆိုတဲ့ စကားလုံး တစ်လုံးရှိတယ်။ ဒါကတော့ ပြည်သူတွေရဲ့ မမှန်ကန်တဲ့လိုလားမှုတွေကို လုပ်ပေးမယ် ဆိုပြီးစည်းရုံးတာပါပဲ။ ကိုယ်မဲရအောင် ကတိအမျိုးမျိုး၊ မက်လုံးအမျိုးမျိုးပေးပြီးစည်းရုံးကြတယ်။ အာဏာရတဲ့အချိန်မှာ လုပ်ပေးမလား၊ မလုပ်ပေးဘူးလားဆိုတာကတော့ နောင်လာခါနောင်လာဈေးပဲ။ အဲဒီအထဲမှာ တစ်ခုကတော့ ဗုဒ္ဒဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်လုပ်ပေးမယ်ဆိုတဲ့ ဦးနုနဲ့သခင်တင်တို့ပေါင်းထားတဲ့ နု-တင် ဘက်မှ အဆိုတင်သွင်းတာပါပဲ။ မြန်မာနိုင်ငံက ဗုဒ္ဒဘာသာကအများစုဆိုတော့ အများစုရဲ့ထောက်ခံမှုအတွက်လုပ်လိုက်တာပါ။ အများကနှစ်သက်ကြပေမဲ့ ဗုဒ္ဒဘာသာမဟုတ်တဲ့လူနည်းစုတွေက အယုံအကြည်ကင်းမဲ့လာတယ်။
အတိုက်အခံကတော့ ဦးဘဆွေနဲ့ ဦးကျော်ငြိမ်းဖြစ်တော့ ဆွေ-ငြိမ်း လို့ခေါ်ပါတယ်။ အငြင်းအခုန်တွေကလွှတ်တော်ထဲအထိ မပြီးမပြတ်ကျပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ငယ်ကျိုးငယ်နာတွေဖေါ်တဲ့အဆင့်ထိဖြစ်လာတယ်။ လိုအပ်တဲ့အမတ်နေရာမရတော့ အစိုးရမဖွဲ့နိုင်ဘူး၊ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်အောင် အမတ်တွေကို ဝယ်ကြရတယ်။ လွတ်တော်ဘေးကကွက်လပ်ကြီးဟာ အမတ်ဈေးရောင်းပွဲတော်ကြီးဖြစ်လာတယ်။ အမတ်တွေ အတွက် ကလည်း စိန်လိုလား၊ ရွှေလိုလား၊ ဇိမ်မယ်လိုလား၊ ဇိမ်မယ်ဆိုတာတောင်မှ သုံလ ဗိုက်ကြီးသည်ကို ရှာပေးရသေးတယ်။ တစ်နေ့တစ်နေ့ဘာမှ မလုပ်နိုင်ဘူး၊ လက်ရှိအစိုးရပြောသမျှ အတိုက်အခံဘက်က အယုံအကြည်မရှိအဆိုပဲတင်သွင်းနေတယ်။ ဒီလိုငြင်းခုန်နေကြရင်းနဲ့ ကွန်မြူနစ်တွေတောခိုကုန်ရော၊ ကရင်တွေလည်းတောခိုကုန်ရော။ ကရင်တပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာလိုက်တာ အခု ၁ဝ မိုင်ကုန်းက ကျောက်တော်ကြီးဘုရားနားထိတောင်တိုက်ပွဲဖြစ်နေတယ်။ ၈ မိုင်ကျော်ရင် ရန်ကုန်ထဲရောက်ပြီ။ နိုင်ငံတကာအစိုးရတွေက ရန်ကုန်အစိုးရလို့တောင်လှောင်ပြောင်နေကြတယ်။ ဒီလိုမျိုးခါးသီးတဲ့အဖြစ်တွေက ပထမဒီမိုကရေစီတုန်းကပေးခဲ့တာပါ။ အခုဒုတိယဒီမိုကရေစီမှာတော့ ဒီလိုမျိုးထပ်မဖြစ်ပါစေနဲ့လို့သာဆုတောင်းနေပါတယ်။ အပိုင်း-၄ ဆက်ဖတ်ပါ။
5 comments
htoosan
March 2, 2012 at 9:42 pm
ွှအရေးကောင်းပြီး အရှိန်လွန်နေုပြီ ဆရာကြီး ။ တစ်နေ့ ၂ ပုဒ်သာ ဆိုတာလေးမေ့သွားလို့လားခင်ဗျာ….
နေဝန်းနီ
March 2, 2012 at 10:37 pm
ကျွန်တော့ ကိုတာ ပေးလိုက်ပါ…။ ဒီနေ့ တစ်နေ့တွက်တာလေ………။ 😛 😛
ဖတ်လို့ကောင်းကောင်းနဲ့ ဆက်ဖတ်နေချင်တာ…။ ဆက်ပါဦး…။ နောက်နေ့……..ပေါ့ ရေးနိုင်သူတွေရေးနေတာအားပေးရမှာပေါ့…။
uncle kyaw
March 2, 2012 at 11:54 pm
ဒုတိယ ဒီမိုကရေစီ ဆိုတာတော့ ရုပ်လုံးပေါ်လာပြီဗျို့..စာရေးသူရဲ့ တင်ပြချက်ကိုပြောပါတယ်..အမြစ်မရှိတဲ့သစ်ပင်ဆိုတာလဲ..ခပ်ဝါးဝါး တွေ့နေရပြီ..ခြ အုံ ကြီး က ဘာတွေဖြစ်မလဲဆိုတာ ဆက်လက်စောင့်ဖတ်နေပါ့မယ်ဗျာ…ရေးတဲ့ စကားပြေ ကျစ်လစ်လွန်းလို့ လေးစား အားကျတယ်ဗျို့ …ဗဟုသုတ တွေလည်း တိုး …လူထဲမှာ အာပေါင်အာရင်းသန်သန်နဲ့ ဆြာဂျီး လုပ်ကြည့်မယ်ဗျာ…မေ့သွားရင် asiamasters ထဲ ပြန်ဝင်ဖတ်မယ်….လိုအပ်ရင် ပရင့်ထုတ်ထားမယ်..မှတ်ထား ..အန်ကယ်ကျော်တဲ့..(စပ်ဖြဲဖြဲ မျက်နှာပုံများ ထည့်လိုသော်လည်း မထည့်တတ်သေးပါခင်ဗျာ) ခွိ ခွိ
asiamasters
March 3, 2012 at 8:23 am
တစ်ရက်အတွင်း Post သုံးပုဒ်တင်လိုက်မိတာကိုတော့ ဒီနေရာကပဲတောင်းပန်ပါတယ်။ စည်းကမ်းဆိုတာက အများသဘောတူလုပ်ထားပြီးရင် လိုက်နာရမှာမဟုတ်လား။ တကယ်တော့ ဒီအကြောင်းတွေကို ရေးချင်နေတာကြာပါပြီ။ အလုပ်များနေတာကတစ်ကြောင်း၊ ခရီးသွားနေတာကတစ်ကြောင်းကြောင့်မရေးဖြစ်ခဲ့ပါဘူး။ ရေးထားပြီးသားကို Post တင်တာမျိုးမဟုတ်ပဲ၊ စိတ်ထဲကထွက်လာတာကိုပဲ Reference တွေနဲ့ကိုညှိပြီးရေးတော့ အမြဲတမ်းတော့လည်းမရေးနိုင်ပါဘူး။ စိတ်ကပါနေတဲ့အချိန်လေးပဲရေးနိုင်တာပါ။ အခုရက်ပိုင်းတွေမှာတော့ ဒီစိတ်က အတော်ပါနေပါတယ်။ ယခင်မှားခဲ့ကြတဲ့ အကြောင်းလေးတွေကို အခုအချိန်မှာ ပြင်ကြရအောင်ရည်ရွယ်ချက်နဲ့ရေးခဲ့တာပါ။ နောက်နောင် တစ်ရက် သုံးပုဒ် မတင်တော့ပါဘူး။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 3, 2012 at 10:26 am
ဒီလိုငြင်းခုန်နေကြရင်းနဲ့ ကွန်မြူနစ်တွေတောခိုကုန်ရော၊ ကရင်တွေလည်းတောခိုကုန်ရော။
ကရင်တပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာလိုက်တာ အခု ၁ဝ မိုင်ကုန်းက ကျောက်တော်ကြီး
ဘုရားနားထိတောင်တိုက်ပွဲဖြစ်နေတယ်။ ၈ မိုင်ကျော်ရင် ရန်ကုန်ထဲရောက်ပြီ။ နိုင်ငံတကာ
အစိုးရတွေက ရန်ကုန်အစိုးရလို့တောင်လှောင်ပြောင်နေကြတယ်။ ဒီလိုမျိုးခါးသီးတဲ့အဖြစ်တွေက
ပထမဒီမိုကရေစီတုန်းကပေးခဲ့တာပါ။ အခုဒုတိယဒီမိုကရေစီမှာတော့ ဒီလိုမျိုးထပ်မဖြစ်ပါစေနဲ့
လို့သာဆုတောင်းနေပါတယ်
________
အရင်လို ကအပျက်ပျက်နဲ ့မကွဲကြစေလိုပေမယ့်၊သမိုင်းမှာ မလှမပကြီးဖြစ်ခဲ့ရုပ်ဆိုးခဲ့တာ သတိရ
စရာပါ။နောက်ပို ့စ်ကိုစောင့်ဖတ်ပါမယ်။