တိုင်းပြည်ကို ဘဝနဲ ့ ရင်းပြီးချစ်သူ..
မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ့အား အထူးဂုဏ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးရာဇဝင် အတ္ထုပ္ပတ္တိအား အခြေခံ၍ အမည်မသိ စာရေးသူတစ်ဦးကနေ ပြန်လည်ခံစား ဖေါ်ကျူးရေးသားထားမှုကို ဖေါ်ပြအပ်ပါသည်။
ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဘဝမှတ်တမ်း။
ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ။
ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်၊
ေဩာ် …. ဒီနေ့ ငါ့မွေးနေ့ပဲလေ (ဇွန်လ ၁၉ ရက်) ….
ငါ ဘာလုပ်ရင် ကောင်းမလဲ၊
ငါ့ ဘေးနားမှာ ငါ့ကို ချစ်တဲ့ ငါ့ ဖေဖေ မရှိတော့တာလည်း ကြာပါပြီ၊
ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့ မေမေ မျက်ကွယ်ပြုသွားခဲ့တာလည်း (၁၉) နှစ်တောင် ရှိရော့ပေါ့။
ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး၊
ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး၊
ငါ့မွေးနေ့မှာ ငါ့ရဲ ့ အရင်းနှီးဆုံး သွေးသားရင်းချာတွေကို ငါ့နားမှာ ရှိစေချင်လိုက်တာ။
ငါလည်း သွေးနဲ့ကိုယ်သားနဲ့ကိုယ်ပဲလေ၊
ငါ့စိတ်ဓာတ်ကို မာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း
အခွင့်သာရင်တော့ ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ၊
အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်၊ ဘယ်တော့များမှ အခွင့်သာမှာလည်းဟင် …
တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ၊
လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထား အမှတ်ရနေပြီး အထူးတလည် ကျင်းပတတ်ကြတာပဲ၊
ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့။
အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့ အတူတူ၊ အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ၊
အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအေးတို့နဲ့ အတူတူ၊
ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ၊
အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ။
အို …
ငါသိပ်လွမ်းတယ် သိလား …
ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ဝန်ခံပါရစေ …
ငါ့ရဲ ့ဘဝဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ၊
ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်။
အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့၊ မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့၊ မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့၊ ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့
အိမ်မှာ လူတွေများလာလို့။
အို … ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး၊ ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့ရဲ ့ အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေ ဝဲနေလို့ပါလား။
ငါဘာမှနားမလည်ခဲ့ဘူး၊ အဲဒီ့နေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်၊ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ် တတ်တဲ့ ငါချစ်တဲ့ ငါ့ဖေဖေ
အဲဒီ့နေ့က ပြန်မလာခဲ့ဘူး၊ မျှော်ခဲ့လိုက်ရတာ ဖေဖေရယ် ..
နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်၊
ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်၊
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်၊
အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်၊
ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး။ ငါသိတာတော့ အဲဒီ့နေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်။
ဖေဖေရယ် .. ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင် ..
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ၊
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင် ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ ့ ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို လွှမ်းမိုးနေခဲ့တယ်။ ဖေဖေ တကယ် ပြန်မလာခဲ့တော့ဘူးနော် ..
၁၉၆ဝ ခုနှစ်။
မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်၊
အိမ်ကလူတွေကို ပစ္စည်းတွေ လိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်၊
ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့၊
မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့ ပြောတယ်၊
ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့၊
မေမေတို့ပြောင်းရတော့မယ် သမီးလေး ..
ဘယ်ကိုလဲဟင်..
နယူးဒေလီကို
ဘယ်မှာလဲဟင်
နိုင်ငံခြားမှာပေါ့ သမီးလေးရဲ ့၊
မေမေက ဘာသွားလုပ်မှာလဲဟင်
ေဩာ် … မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်၊ မေမေအဲဒီ့မှာ သွားနေရမှာ၊ သမီးတို့လည်း လိုက်ခဲ့ရမှာလေ။
သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ၊
သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့ … ခုဆို မေမေက အဲဒီ့နိုင်ငံကြီးနဲ့ ခု သမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ သွားပြောပေး ရမှာလေ။
ဘာစကားတွေ ပြောရမှာလဲဟင် မေမေ၊
သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်၊ ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်လိုက် ဦးနော်၊ မနက်ဖြန်ညကျရင် မေမေ့ သားသမီးလေးတွေနဲ့ သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်၊ သမီးလေးကြိုက်တဲ့ မုန့်တွေ ဝယ်ထားပေးမယ်။
ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို ပြေးဝင်ခဲ့တယ်။
မေမေက သိပ်တော်တာပဲနော်၊ ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်၊ မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်။
မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို စံနမူနာထားလို့ သမီးရဲ့ ဘဝခရီးတ လျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ။
၁၉၆၄ ခုနှစ်။
ငါ ပျော်လိုက်တာ၊ အောက်စဖို့ဒ်တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်၊ ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီ ကို ငါပြေးသွားခဲ့တယ်။ မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်။ I’m proud of you, honey! လိုု့ ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလို်က်တဲ့ မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ။
မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး။ ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့ တယ်ဆို တာ ငါသိနေတယ်။
အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်။ အမှတ်တရဓာတ်ပုံတွေ ရိုက်လို့ သီချင်းတွေကို တစ်ယောက်တစ် ပေါက် သီဆိုကြလို့ ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့ ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေး တွေ ထင်ကျန်နေဆဲပါပဲလေ။
အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ။ လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်။ Departure Gate ထဲမဝင်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး စကားတစ်ခွန်းပြောတယ်။ I believe in you! တဲ့။ ငါကြက်သီးတွေတောင်ထသွားခဲ့တယ်။ မေမေဝမ်းနည်းနေတာ ငါသိတယ်။ ဒါပေမယ့် မေမေ မငိုခဲ့ ဘူး။
လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်။ ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး။ ငါ့ကို ယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်၊ ဝင်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်၊ ဖတဆိုး သမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူ အောင် ကြိုးစားခဲ့တဲ့ ငါ့ဘဝရဲ ့ အောင်မြင်မှု ပထမခြေလှမ်းသစ်အတွက် ငါ ဂုဏ်ယူနေလို့ပါ၊ ငါ ပျော်နေလို့ပါ၊ ငါ ပီ တိဖြစ်နေလို့ပါ။
တက္ကသိုလ်မှာ ငါ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်။ ငါ့ရဲ ့ Host Parents awGu Lord Gore-Booth တို့ မိသားစုပဲ။ သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်။ သူ့အိမ်မှာပဲ ငါ့ရဲ့ အနာဂတ်ခင်ပွန်း လောင်း မိုက်ကယ်အဲရစ်စ်ကို စတွေ့ပြီး ရင်းနှီးခဲ့ရတယ်။ သူက တိဗက်လူမျိုးတွေအကြောင်း လေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ။ တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့ ယောကျင်္ားကောင်းတစ်ယောက်ပါပဲ။
၁၉၆၉ ခုနှစ်။
နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်။ ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့။ မသန်းအေးတို့အိမ်မှာ ငါနေခဲ့တယ်။ သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ။ အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်။ ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ။
မသန်းအေးက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်။ ငါအလုပ်ရခဲ့တယ်။
Administrative and Budgetary Questions rSm Assistant Secretary အဖြစ်နဲ့ပေါ့။
ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်။ မဟုတ်ရင် ဘယ်အရာကိုမှ အာရုံ စိုက်နိုင်မှာ မဟုတ်ဘူးလေ။ ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteerဝင်လုပ်ခဲ့ တယ်။ ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့။ ငါ့အချိန်တွေ ကျပ်တည်းခဲ့ ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင် အချိန်ပေးခဲ့တယ်။ ငါ့ရဲ့ တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်း မှာ ငါတွေ့ရှိခဲ့တယ်။ နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က (၂) နှစ်ထဲရယ်ပါ။ ဒါပေမယ့် ငါအများကြီး ရင့်ကျက် ပြောင်းလဲခဲ့တယ်။
၁၉၇၂ ခုနှစ်။
မိုက်ကယ်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ သူနဲ့အတူတူ ဘူတန်ကို ထွက်ခွာခဲ့တယ်။ မိုက်ကယ်က ဘူတန်ဘုရင်မိ သား စုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ Research Officer အဖြစ် ဝင်လုပ်ခဲ့တယ်။
ဟိမဝန္တာတောင်ပြာတန်းကြီးတွေရဲ့ အရိပ်အောက်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့တယ်။ အဲဒီ့ အချိန်တွေကို ငါ အမြဲတမ်း သတိရနေမှာပါ။
မိုက်ကယ်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreemrnt တစ်ခုတောင်းခဲ့တယ်။ ငါ့ကို ငါ့တိုင်းပြည်က လို အပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့။ သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ် လေ။ ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘဝရဲ့ ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ ငါ့ရဲ့ လွတ်လပ်စွာဆုံးဖြတ် ပိုင်ခွင့်ပဲ မဟုတ်ဘူးလား။ မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါတယ်။ မေမေကတော့ ထုံးစံအတိုင်းပဲပေါ့။ I trust you … တဲ့။ တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့ ငါ့ရဲ့ အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေ နိုင်တာဟာ ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ။ ငါဘယ်တော့မှ ဦးကျိုး သွားမှာ မဟုတ်ဘူး။
၁၉၇၃ ခုနှစ်။
အင်္ဂလန်ကို ငါပြန်လာခဲ့တယ်။ ငါ့ဘဝမှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ် သိလား။ သားကြီး အဲလက်စ်ကို မွေးခဲ့တယ်။ ငါမိခင်တစ်ယောက် ဖြစ်ခဲ့ပြီပဲ။ အဲဒီ့နေ့က မေမေနဲ့ ငါ စကားအကြာကြီး ပြောဖြစ်တယ်။ မေမေရယ်လေ … ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး။ မေမေက ရယ်စရာတွေ လည်း ပြောလိုက်သေးတယ်။ ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်။ မိုက်ကယ်လည်း ငါ့ဘေးနားမှာ ရှိနေခဲ့တယ်။
၁၉၇၄ ခုနှစ်။
မိုက်ကယ်အလုပ်ရတယ်။ အောက်စဖို့ဒ်တက္ကသိုလ်ရဲ ့ တိဗက်ဘာသာစကားဌာနမှာပေါ့။
၁၉၇ရ ခုနှစ်။
သားငယ် ကင်မ်ကို မွေးတယ်။ ငါ့ရဲ့ ဒုတိယသားလေးပေါ့။ ခုဆို ငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ။ ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး။ ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါ စာတွေရေးဖြစ်ခဲ့တယ်။ ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့။ မိုက်ကယ်ကိုလည်း သူလေ့ လာနေတဲ့ JY Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်။
၁၉၈၅ ခုနှစ်။
ကျိုတိုတက္ကသိုလ်မှာ Visitng Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ လုပ်ဆောင်ချက်တွေကို စာတမ်းပြုစုခဲ့ တယ်။ ငါ ကျေနပ်အားရ ဂုဏ်ယူမိပါတယ်။ ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိ တော့လို့ပါ။
၁၉၈၆ ခုနှစ်။
ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်။ အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့။ ရန်ကုန်ကိုရောက် တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်။ ကြည်နူးလိုက်တာ။ ရေစက်ချနေတဲ့ ငါ့လက် တွေ တုန်နေခဲ့တယ်။ မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်။ ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ။
၁၉၈ရ ခုနှစ်။
ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်။ မိုက်ကယ်က စာတမ်းတွေ ပြုစုနေခဲ့ တယ်။ အင်္ဂလန်ကိုလည်း ငါ ခဏပြန်ခဲ့သေးတယ်။ မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့။ စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်။
ငါ့ရဲ့ Advanced Degree အတွက် Lodon School of Oriental and African studies မှာ စာရင်းပေးခဲ့တယ်။
၁၉၈၈ ခုနှစ်၊ မတ် (၃၁) ရက်နေ ့။
တယ်လီဖုန်းသံမြည်လာခဲ့တယ်။ ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်။ ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းက တော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး၊ မေမေလေဖြတ်သွားတယ်တဲ့။
နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်။ ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အ ပြေးသွားခဲ့တယ်။ မေမေရယ် … မှတ်တောင် မမှတ်မိတော့ဘူး။ မေမေ ခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင် မယ်ဆိုရင် ယူပစ်ချင်လိုက်တာ။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ၊ ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ၊ တော် တော့ကို ပြောင်းလဲသွားခဲ့တာပဲနော်။
ရန်ကုန်မြို့ကြီးမှာလည်း နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်။ အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ ပြည့်နှက်နေတယ်။ (၈) ရက်၊ (၈) လ၊ (၁၉၈၈) ခုနှစ်မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်။
စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်။ သေနတ်ဆိုတာ မိုး ပေါ်ထောင်မပစ်ဘူးတဲ့။ တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်။ ရာဇဝင်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင် ကိုယ်တော်မှိုင်းရယ် …
စက်တင်ဘာ (၁၈) ရက် – စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့။ ငါ ဘာလုပ်ရမလဲ။ ဒီအချိန်မှာ ဒါတွေကို ငါမသိချင် ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား၊ ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက် ငြိမ်းငြိမ်း ချမ်းချမ်းနေလို့ရတယ်။ ဒါပေမယ့် သေချာတယ်၊ ငါ လိပ်ပြာမလုံဘူး။ ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်း နေတယ်။ သူတို့ကို ငါရှက်တယ်၊ ငါ မပြန်ဘူး။ ငါ ဒီမှာနေမယ်။ ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ ့ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ။
သူတို့ ငါ့ကို လိုအပ်နေပြီလို့ ငါ ခံစားရတယ်။ ဟုတ်တယ်၊ ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါ မျက်ကွယ်မပြုနိုင်ဘူး။ ငါဒီမှာနေမယ်၊ ငါ မပြန်တော့ဘူး။ ငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့ ငါ့ဖေ ဖေအတွက် ငါ မြန်မာပြည်မှာနေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်။ လူတိုင်း ကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာ ဖန်တီးယူနိုင်အောင် ငါ ကြိုးစားမယ်။ ဟုတ်တယ်။
NLD ကို စက်တင်ဘာ (၂၄) ရက်နေ့မှာ စတည်ထောင်တယ်။ အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါ ပါဝင် လှုပ် ရှားတယ်။ ဂန္ဒီရဲ့ အဟိ ံသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ။ ဒါကို ငါအသုံးချခဲ့တယ်။ စစ်ဘီလူးရဲ့ မျက်နှာ ဖုံးကို အကြမ်းမဖက် အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်။
ငါ့ကို အသေတောင် ပစ်သတ်တော့မလို့တဲ့။ သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ။ တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီး လှမ်းလျှောက်သွားခဲ့တယ်။ င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ။
သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို လူထုကြီးက ဟေး …. ဆိုပြီး တခဲနက်အားပေးလိုက်ကြတာ၊ ငါ့မှာ ကြက်သီးတွေတောင် ထလို့။
၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ (၂၇) ရက်။
မေမေ ဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ။ ကောင်းရာသုဂတိလားပါစေ မေမေရယ်။ မေမေ့အသက် (၇၆) နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက် ကောင်းကင်ဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်။
၁၉၈၉ ခုနှစ်၊ ဇန်နဝါရီ (၂) ရက်။
မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်။ မေမေ့ကို မြင်စေချင်လိုက်တာ။ မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီး တိုင်တည်သစ္စာပြုခဲ့တယ်။ ဖေဖေနဲ့ မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး ဆောင်ရွက်ခဲ့ကြတယ်။ ဒီတာဝန်ကို ကျေပြွန်အောင် သမီး ဆက်လက်ထမ်းဆောင်ပါ့မယ်။ သမီးသေသည်ထိပေါ့။
ငါ့ကို လိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်။ အရှက်မရှိလိုက်ကြတာလေ။ ငါတို့ လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်။ ရွေးကောက်ပွဲရလာဒ်ကို အကျုံးမဝင်ပါဘူးလို့ ဗြောင်ငြင်းတယ်။ ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်။
အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ် ပြန်ချလိုက်နဲ့။ နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်။ ငါ့အပေါ် ရက်စက်လိုက်ကြတာ။ ကိုယ်ချင်းမစာလိုက်ကြတာ။ ပြောရက်လိုက်ကြတာ။ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ။ နိုင်ငံအပေါ် သစ္စာဖောက်သူတဲ့၊ လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့။ ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး။ ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်။ ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ။
ငါ့ကို နိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့ ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်။ ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ။ မေမေဂုဏ်ယူပါတယ် သားကြီးရယ်။ မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ ခုချိန်ထိပဲလေ။
မေမေက ကိုယ်ကျိုးရှာသူ ဟုတ်မဟုတ်ဆိုတာ သားတို့အသိဆုံးပါ။ သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာ မဟုတ်ပါဘူး။ သားတို့ကို သိပ်ချစ်တာပေါ့။ သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့။ ဒါပေမယ့်သားတို့ရယ်၊ သားတို့ကို ချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို မေမေ ပိုချစ်မိတယ်။ ဒါကို သားတို့ ခွင့်လွှတ်နားလည်ပေးကြပါနော်။ သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘဝဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်။
၂၀၀၃ ခုနှစ် မေလ (၃၀) ရက်။
ရက်စက်လိုက်ကြတာကွယ်။ ရက်စက်လိုက်ကြတာ၊ မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး။ သတ်ဟေ့သတ်ဟ ချဟေ့ချဟ ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ။ အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေ လွှမ်းနေခဲ့တယ်။
ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်။ သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ။ ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘဝမှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့ မေမေစု ဆုတောင်းပေးပါတယ်ကွယ်။ ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့။
အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ။
ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဒာ စွန့်လွှတ်ခဲ့ရရှာပြီ။ ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း နွမ်းလျလှပါပြီ။ မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ။
နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ။ ငါ့ ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ။ ငါ့အသက်လည်း ၆၄ နှစ်ထဲ ရောက်ခဲ့ပြီ။ ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ။
ငါ့မှာတော့ … ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့ …. ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့ …. သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲလေ။
ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်။ အပြင်မှာ နေခြည်တွေ ဖြာနေပြီနော်။
ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ဝင်လာမစဲဖြစ်နေတယ်။
ဒေါ်အောင်ဆန်းစုကြည် … ကျန်းမာပါစေ … ချမ်းသာပါစေ …
ဒေါ်အောင်ဆန်းစုကြည် … ကျန်းမာပါစေ … ချမ်းသာပါစေ …
ဒေါ်အောင်ဆန်းစုကြည် … ကျန်းမာပါစေ … ချမ်းသာပါစေ … တဲ့။
ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး အခန်းပြတင်းကိုဖွင့်လိုက်တယ်။ ငါ့ကို စောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်။ မကြောက်ပါနဲ့ သားရယ်။ ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့ ငါ့ကို ဦးညွှတ်တယ်။ သား စာဆက်ကျက်ပါကွယ် .. စိတ်ကိုအေးအေးသာထားပါ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစား မဟုတ်ပါဘူး။ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက် အသက်နဲ့ ဘဝကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ။
ဒီသစ္စာစကားမှန်ရင် ငါချစ်တဲ့ မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကိုကြိုဆိုနိုင်ပါစေသား။ ငါရှင်သန်နေဦးမှာပါ။ မသေမချင်းပေါ့။
နေရောင်ခြည်ရဲ့ နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်။ အရှင်ဘုရားရဲ ့ မေတ္တာကရုဏာတော်အောက်မှာ ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား၊ မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား၊ ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား၊ မတရားမှုများ ဖယ်ခွာနိုင်ပါစေသား။
ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည် … ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ … အမျှ အမျှ အမျှ … သာဓု … သာဓု … သာဓု။
(ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိ ကိုယ်ရေးရာဇဝင် http://nobelprize.org/nobel_prizes/peace/laureates/1991/kyi-bio.html အား အခြေခံ၍ မြန်မာဘာသာဖြင့် ပြန်လည် ခံစားဖေါ်ကျူးရေးသားခဲ့သော မူလစာရေးသားသူအား အထူးကျေးဇူးတင်ရှိပါကြောင်း ဖေါ်ပြအပ်ပါသည်)။
Aung San Suu Kyi – Biography
nobelprize.org
Nobelprize.org, The Official Web Site of the Nobel Prize
ချစ်ခင်လေးစားသော
ပြည်သူပြည်သား…အာလုံးဧ။်ကိုယ်စား
Shwe Aeim Si တင်ပြထားတာလေးပါ……..နေမင်းခ
ပထမတင်တုန်းက ဓါတ်ပုံတွေပါပါလို့ မပေါ်တာလားထင်လို့ပြန်တင်ပေးလိုက်ပါတယ်။ မတင်ဖူးသေးဘူးထင်လို့ တင်ပေးလိုက်ပါတယ်။ အရင်တင်ပြီးသားပိုစ့်ရှိ တယ်ဆိုရင်တော့ ခွင့်လွှတ်ပေးပါ။ အမေ့ကိုဂုဏ်ပြု ဦးညွတ်ရင်းနဲ့တင်ပေးလိုက်တာပါ။
10 comments
water-melon
March 12, 2012 at 5:46 pm
အမေစု ကျန်းမာပါစေ
ဒီထက်ပိုပြီး တိုင်းပြည်အကျိုးသယ်ပိုးနိုင်ပါစေ။
ရွေးကောက်ပွဲမှာ အကြွင်းမဲ့အနိုင်ရပါစေ။
အမေစုကိုချစ်တဲ့ ဖရဲ
Thel Nu Aye
March 12, 2012 at 6:02 pm
တောင်းပေးတဲ့ဆုနဲ့ပြည့်ဖို့ကျွန်မတို့လဲကူညီအားဖြည့်ဆုတောင်းပေးပါတယ်။
memeseku
March 12, 2012 at 6:36 pm
အာဇာနည်တို့ရဲ.ပန်းတိုင်ကိုလျောက်လှမ်းနိုင်ပါစေ….။
yuiio
March 12, 2012 at 8:00 pm
(ဘဝနဲ့ ရင်းပြီး ရှုံးနိမ့်သွားချိန်တွေမှာ ……. အမေဟာ ကျွန်တော်ဖက် အမြဲနေတယ် )….. (ထူးအိမ်သင်) …. ထူးအိမ်သင်ရဲ့ အမေသီချင်းတွေ နားထောင်ရတာ အရမ်းကို နားတွေ့နေတယ်ဗျာ ……. အမေစုကို မြင်ယောင်ကြည့်လိုက်ရင် ရင်ထဲအထိရောက်တယ်………..။ နောက်ပြီး လေးဖြူရဲ့ အဖေ သီချင်းလည်း ဗိုလ်ချုပ်အောင်ဆန်းကို တမ်းတနေသလိုမျိုးကြားနေရတယ် ။
aye.kk
March 12, 2012 at 8:43 pm
ထောင်တန်တဲ့စကား…
တန်ဘိုးရှိတဲ့အမေစုနှုတ်ကဖွင့်ဟခါပြောကြား…။
အမေစုရဲ ့ပုလဲမျက်ရည်ဥ…
ပြည်သူ လူထုအတွက်ကိုသာပြု..။။
kai
March 13, 2012 at 5:29 am
ဒေါ်အောင်ဆန်းစုကြည်က အသက်ရှင်နေဆဲမို့.. ဒီစာဟာ. ကိုယ်တိုင်ရေးမဟုတ်ရင်.. စာပေ…ဒေါသသင့်နေတယ်ထင်မိတယ်..။
ဒီလောက်ပါပဲ.. 😕
Thel Nu Aye
March 13, 2012 at 1:34 pm
ကိုယ်တိုင်ရေးတော့မဟုတ်လောက်ပါဘူး။ စာပေဒေါသသင့်နေဟန်တော့မရှိပါဘူး။ အမေ့ရဲ့ဘဝ၊ ခံစားချက်တွေကိုအနီးစပ်ဆုံးပုံဖေါ်ထားတာဖြစ်နိုင်ပါတယ်။ ကာယကံရှင်ရင်ထဲမှာဒီထက်မက ခံစားချင်ခံစားရနိုင်ပါတယ်။ သူ့ရဲ့စွန့်လွှတ်မှု့နဲ့စွန့်စားမှု့ဟာဘာနဲ့မှ ဖေါ်ပြလို့မရနိုင်အောင်ကြီး ကျယ်မြင့်မြတ်ပါတယ်သဂျီး။ စာပေဒေါသဆိုတာထက် ဂုဏ်ပြုမှု့ပိုများတယ်လို့တော့ ကျွန်မခံစားရ ပါတယ်။ ဒါကတော့လူတကိုယ် အမြင်တမျိုးမို့ သဂျီးလဲမှန်နိုင်ပါတယ်။
kyeemite
March 13, 2012 at 9:38 am
ဖတ်တော့သွားပါတယ်…မဝေဘန်တတ်ပါ။
ရွာစားကျော်
March 13, 2012 at 12:40 pm
အန်တီစု..
တိုင်းပြည်နှင့်လူမျိုးအတွက် မြန်မာနိုင်ငံတော်ကြီးအတွက်
သေတပန်သက်တဆုံး ကောင်းကျိုးသယ်ပိုးသွားနိုင်ပါစေ..
ကျွန်တော်တို့ချစ်တဲ့ မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့
အလင်းနေ့သစ်များကိုကြိုဆိုနိုင်ပါစေသား။ ….
etone
March 13, 2012 at 4:30 pm
ချစ်တဲ့ မိသားစုနဲ့ ကင်းကွာရတဲ့ ခံစားချက်ကို .. စာနာမိလို့လား … ။ စာရေးသူရဲ့ အရေးသား ပြောင်မြောက်မှုကြောင့်လား …. ဖတ်ရင်းနဲ့ ….. ရင်ထဲတော့ .. တစ်မျိုးပဲ … ။ စူးစူးနစ်နစ်ခံစားချက်တစ်ခုတော့ ဖြစ်မိတယ် အစ်မရေ … ရေးတဲ့လူကိုရော တဆင့် တင်ပေးတဲ့ အစ်မကိုပါ ကျေးဇူးတင်ပါတယ် … ။
သမ္မာဒေဝ နတ်ကောင်း နတ်မြတ်တွေ .. ကောင်းသူကိုကယ် .. မကောင်းသူပယ်ဖို့ … တိုင်တည်လိုက်ရတာလည်း အမောပဲ .. ပူစော်ပသလိုက်ရတာလည်း အမောပဲ … တကယ်တမ်း အကူညီ လိုတဲ့အချိန် .. ဒင်းတို့ ဘယ်ချောင်သွားခွေနေသလဲ မသိ … ။ တင်းထှာ … 👿