အမြင်မှားနှင့် အမြင်မှန် (ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏ၏ တရားတော်)
www.ariyathitsa.org တွင် ရှိသော ဓမ္မဝိဟာရီဆရာတော်၏ “အမြင်မှားနှင့် အမြင်မှန်” တရားဆောင်ပါးဖြစ်ပါသည်။
ဆင်းရဲဒုက္ခမှ ထွက်ရပ်ကို လူတိုင်းပင် လိုလားကြသည်။ ထို့ကြောင့် ဤလိုလားမှု ပြည့်ဝရန်အတွက် လူတိုင်း ကြိုးစားကြ သည်။ အမျိုးမျိုးရုန်းကန်အားထုတ်ကြသည်၊ ထိုသို့ ရုန်းကန်အားထုတ်ကြပါသော်လည်း ထွက်ရပ်ပေါက်သူကား မရှိသလောက် ရှားပါးလှ၏။ ဤသို့ဖြစ်ရခြင်းမှာ ထွက်ရပ်အမှန်ကို မသိဘဲ ထွက်ရပ်အမှားကို အမှန်ဟုသိနေမှုကြောင့်ဖြစ်သည်။
နိုင်ငံရေးအမြင်မှားနှင့် အမြင်မှန်၊ လူမှုရေးအမြင်မှားနှင့် အမြင်မှန်၊ စီးပွားရေးအမြင်မှားနှင့် အမြင်မှန်စသည်ဖြင့် သုံးစွဲကြ သည်များရှိသည်။ စာပေဝေဖန်ရေးနယ်၌ပင် ဝေဖန်ရေးအမြင်မှားဟူသော အသုံးကိုတွေ့ရဖူးသည်။ ထို့ကြောင့် အလွန်တရာ ကျယ်သောစကားလုံးနှစ်လုံးဖြစ်ပေသည်။ ဤသို့အရာကျယ်သည့်အတွက်လည်း ပြတ်ပြတ်သားသား လေ့လာသိရှိထားရန် လိုအပ်ရ
ခြင်း ဖြစ်ပေသည်။
အမြင်မှားနှင့် အမြင်မှန်ဟူသည် အဘယ်နည်း။
ဤမေးခွန်းကို ပညာရှင်အမျိုးမျိုးက ခေတ်ကာလအမျိုးမျိုးတွင် အဖြေအမျိုးမျိုး ပေး၍ ဖြေရှင်းခဲ့ကြသည်။ သို့သော်ယင်း အဖြေများသည် ဘယ်သောအခါမှ တညီတညွတ်တည်းဖြစ်အောင် ညှိ၍ မရခဲ့။ မိမိလက်မခံသည်ကို အမြင်မှား၊ မိမိလက်ခံသည်ကို အမြင်မှန် စသဖြင့် ပြောခဲ့ကြသည်။ ဘာသာရေးနယ်၌သာမက အခြားနယ်များ၌ပင် ထိုသို့ဖြစ်နေသည်။
သို့သော် အမြင်မှားနှင့် အမြင်မှန်ကို အနက်ဖော်ကြရာ၌ ဘာသာရေးမဟုတ်သော နယ်တို့တွင် ရေရှည်ကွဲလွဲသည်ဟု မရှိ တတ်ကြ။ အချိန်အခါအလျောက် ကွဲလွဲသော်လည်း တချိန်ချိန်တွင် တူညီသွားကြသည်ကို တွေ့ရပါသည်။
ကမ္ဘာကို နေကပတ်သည်ဟူသော အမြင်မှားကို ကမ္ဘာက နေကိုပတ်သည်ဟူသော အမြင်မှန်ဖြင့် ပြင်ဆင်နိုင်ခဲ့သည်။ အနုမြူကို ခွဲစိတ်မရဟူသော အမြင်မှားကို ခွဲ စိတ်ရသည်ဟု အမြင်မှန်ဖြင့် ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။
ဘာသာရေးနယ်ပယ်၌ကား ထိုသို့ပြင်ဆင်ဖို့ မလွယ်ကူပေ။ ထို့ကြောင့် အမြင်မှန်နှင့် အမြင်မှားကို အနက်ကောက်ရာ၌ ဘာသာရေးနယ်ပယ်တွင် အခက်ခဲဆုံးဖြစ်သည်ဟုပင် ဆိုရန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဘာသာတရားတို့က ကောက်ယူ
သော အမြင်မှားနှင့် အမြင်မှန်၏အနက်သည် လူ့အသိတရားဖြင့် သက်သေထူနိုင်သော နယ်ပယ်ကို ကျော်လွန်နေသည်ချည်း
ဖြစ်သောကြောင့်ဟု ပြောရပေလိမ့်မည်။ ဤသို့ဖြင့် မှားယွင်းကြောင်းနှင့် မှန်ကန်ကြောင်းသက်သေကို ဘယ်တော့မှမရနိုင်သည့် အခြေသို့ ဆိုက်ရောက်နေရပေသည်။
ခရစ်ယာန်ဘာသာရေး၊ မူဆလင်ဘာသာရေး စသောတရားဓမ္မတို့၌ ထာဝရဘုရားသခင်များဖြစ်ကြကုန်သော “ယေဟိုး ဝါး”နှင့် “အလ္လာဟု” တို့က လူကိုဖန်ဆင်းသည်ဟူသော အယူမှာ အမှန်၊ မဖန်ဆင်းဟူသော အယူမှာ အမှား၊ စသည်ဖြင့် အမြင်မှန်နှင့် အမြင်မှားတို့၏ အနက်ကိုကောက်သည်။ ဟိန္ဒူဘာသာနှင့် ထေရဝါဒဗုဒ္ဓ ဘာသာတရားဓမ္မများ၏ အကောက်အယူ၌လည်း ထိုနည်းနှင်နှင်ဖြစ်၏။ သတ္တဝါတစ်စု (ဥပမာ..လူတစ်ဦး) ဖြစ်လာအောင် အတိတ်ကံက ပြစ်ချသည်ဟု ခံယူမှ အမြင်မှန်။ ထိုသို့ မခံယူ လျှင်အမြင်မှား။ ဤသို့ အမြင်မှန်နှင့် အမြင်မှားအနက်ကို ကောက်ယူကြသည်။
ကမ္ဘာပေါ်၌ ထင်ရှားသောဘာသာကြီးလေးခု၏ တရားဓမ္မများမှ အထက်ပါအမြင်မှန်နှင့် အမြင်မှားအရ (အဓိပ္ပါယ်) ကောက် များသည်ကား လူတို့သိမြင်နိုင်လောက်အောင် သက်သေပြ၍မရသည့် အချက်ပေါ်၌ အခြေခံတည်နေသောကြောင့် မှန်၏ မမှန်၏ကို မပြောနိုင်သော အရကောက်များဖြစ်နေသည်။ ဤဘာသာတရားကြီးများက ညွှန်ပြသောအရာများသည်ကား လူမမြင်နိုင်သော အရာ များသာဖြစ်နေကြပေသည်။ မမြင်နိုင်သော အရာများအပေါ်တွင်သာအခြေခံ၍ ဤကားအမှား ဤကားအမှန်။ သို့မဟုတ်ဤကား အမြင်မှန် ဤကားအမြင်မှားဟု ဟောညွှန်ပြသနေရာ မမြင်ရသောအရာကို အမြင်ခိုင်းခြင်းဖြစ်၍ ဘယ်နည်းနဲ့မှ မမြင်နိုင်ခြင်း ဖြစ်နေ သည်မှာ အဆန်း တော့မဟုတ်ချေ။ စင်စစ် ထိုသို့ မမြင်ရခြင်းကြောင့် မြင်ခိုင်းရခြင်း၏ ရည်ရွယ်ချက်များလည်း ပြီးမြောက်ပြည့်စုံလိမ့် မည် မဟုတ်ချေ။ မြင်ခိုင်းရခြင်း၏ ရည်ရွယ်ချက်သည်ကား လူသားတို့ တရားဓမ္မနှင့် ပြည့်စုံအောင် နေထိုင်စေရေးပင်ဖြစ်၏။
ဘာသာတရားများသည် အမြင်မှားနှင့် အမြင်မှန်ကို ညွှန်ပြရာ၌ အကြောင်းမဲ့မဟုတ်။ ရည်ရွယ်ချက်မဲ့မဟုတ်။ အမြင်မှားနှင့် အမြင်မှန်ကို ခံယူချက်မှားဖြင့် လူသားတို့၏ ကိုယ်၊ နှုတ်၊ နှလုံး ကောင်းမှုများကို အရအမိ တည်ဆောက်စေရေးဖြစ်၏။ အတိုကျဉ်း၍ ဆိုရသော် လူကောင်း လူမွန်များ ဖြစ်မြောက်လာစေရေးဖြစ်၏။ အမြင်မှား၊ အမြင်မှန် ခံယူချက်သည် အသိ သို့မဟုတ် ဒဿန ဖြစ် ပြီး ကိုယ်၊ နှုတ်၊ နှလုံး ကောင်းကျင့် ကောင်းကြံသည် အလုပ် သို့မဟုတ် ဘာဝနာ ဖြစ်ပေသည်။
ထို့ကြောင့် ဘာသာတရားတို့က အမြင်မှန်၊ အမြင်မှား အရကောက်ပြချက်များသည် အကျင့်အကြံ ဘာဝနာအတွက် ဒဿ နကို ပြညွှန်ခြင်းဖြစ်ပေသည်။ ဘာဝနာဟူသည် လူငြိမ်းချမ်းမှုအတွက် အနီးဆုံးအကြောင်းဖြစ်သောကြောင့် ထိုအရကောက်ပြ ချက်များသည် လူငြိမ်းချမ်းရေးရရှိရန် ပြသချက်များပင် ဖြစ်ကြသည်။
ငြိမ်းချမ်းရေးကို လိုလားရကောင်းမှန်း သိသူများသည် အမြင်မှား အမြင်မှန် အရကောက်များကို အောက်ပါအချက် (၆)ချက်နှင့် ပြည့်စုံအောင် ကောက်ယူလိမ့်မည် ဖြစ်သ
၁။ အကဲ့ရဲ့လွတ်ခြင်း၊
၂။ ကိုယ်တိုင် သိမြင်ခွင့်ရခြင်း၊
၃။ သူတစ်ပါးကို ပြ၍ရခြင်း၊
၄။ ကာလ အတိုက်စား မခံရခြင်း၊
၅။ အဆောင်ခံခြင်း၊
၆။ ငြိမ်းချမ်းမှု လက်တွေ့ခံစားရခြင်း…တို့ဖြစ်၏။
လူသား၏ အဆုံးစွန်သော ငြိမ်းချမ်းလွတ်မြောက်မှုသည် လူ့အကျင့်ကောင်း အကျင့်မြတ်တို့ဖြင့်သာ ရယူနိုင်သောအရာ ဖြစ်သည်။ ဤနေရာ၌ အကျင့်ကောင်း အကျင့်မြတ်ဟူသည် အဘယ်နည်း။ ဤမေးခွန်းကို ငြိမ်းချမ်းရေးကို လိုလားရကောင်းမှန်း သိသူ တို့က ဤသို့ဖြေဆိုပေလိမ့်မည်။
ငြိမ်းချမ်းရေးကို လိုလားရကောင်းမှန်း သိသူတို့သည် လူ၌ အစိတ်၊ အစု၊ အမှုဟူ၍ အရာသုံးခု ရှိသည်ဟု မြင်ကြသည်။ ရုပ်ဓာတ်၊ နာမ်ဓာတ်များသည် အစိတ်။အရိုး၊ အသား၊ အကြော၊ ခြေ၊ လက်၊ ခေါင်း၊ ကိုယ်ဟု ဆိုရသော လူကိုယ်ကြီးသည် အစု။ ကိုယ်၊ နှုတ်၊ နှလုံးတို့၏ လှုပ်ရှားမှုများသည် အမှု၊ စသည်ဖြင့် သုံးခုဖြစ်သည်။
ငြိမ်းချမ်းရေးကို လိုလားရကောင်းမှန်းသိသူတို့သည် အထက်ပါ အရာသုံးခု၌ အစိတ်နှင့် အစုက လူ့ကောင်းကျိုးနှင့် ဆိုးပြစ် ကို မဖန်တီးနိုင်။ အမှုကသာ လူ့ကောင်းကျိုး၊ ဆိုးပြစ်ကို ဖန်တီးနိုင်သည်ဟု သိမြင်ကြသည်။ လူ့အကျင့်ကောင်း၊ အကျင့်မြတ်သည် ရုပ်ဓာတ်၊ နာမ်ဓာတ်မဟုတ်ပေ။ အသွေးအသား၊ လူကိုယ်ကောင်ကြီး မဟုတ်။ ကိုယ်၊ နှုတ်၊ နှလုံး အမှုများသာဖြစ်ကြသည်။ ကိုယ်၊ နှုတ်၊ နှလုံးကောင်းလျှင် လူကောင်း ဖြစ်၏။ ငြိမ်းချမ်း၏။ ကိုယ်၊ နှုတ်၊ နှလုံးမကောင်းလျှင် လူဆိုးဖြစ်၏။ ဒုက္ခဖြစ်၏။ ထို့ကြောင့် ကိုယ်၊ နှုတ်၊ နှလုံးကောင်းခြင်းသည် လူ့ငြိမ်းချမ်းရေး သို့မဟုတ် ဆင်းရဲဒုက္ခမှ လွတ်မြောက်ရေးအတွက် တစ်ခုတည်းသော ထွက်ရပ် လမ်းမ ဖြစ်သည်ဟု သိမြင်ကြ၏။
ထို့ကြောင့် လူ့ငြိမ်းချမ်းရေးအတွက် ပွားများအားထုတ်ရမည့် ဘာဝနာဟူသည်မှာ ကိုယ်၊ နှုတ်၊ နှလုံး အမှုများမှတစ်ပါး တခြားမရှိပေ။ ဤသို့ဖြင့် ငြိ်မ်းချမ်းရေးကို လိုလားရ ကောင်းမှန်း သိသူတို့သည် ဘာဝနာကို ထိုသို့ပင် သိမြင်နေကြသည်။ ထို့ကြောင့် သူတို့ ၏ အမြင်မှားနှင့် အမြင်မှန် အနက်ဖွင့်သည်လည်း ကိုယ်၊ နှုတ်၊ နှလုံး ကောင်းမွန်မှုများ နှင့် မစပ်သော အမြင်မှား အမြင်မှန်တို့၏ အရကောက်များကို အကျိုးမဲ့ ဒဿနအမြင်များဟု မှတ်ယူကြလေသည်။
ဤသို့ဖြင့် ငြိမ်းချမ်းရေးကို လိုလားနှစ်သက်ရကောင်းမှန်း သိသူတို့သည်အမြင်မှားနှင့် အမြင်မှန်၏အနက်ကို ဤသို့ဖေါ်ကြ သည်။ လူကို ကျော်လွန်သော အမြင်များနှင့် လူကို ဖျောက်ဖျက်သော အမြင်များသည် အမြင်မှားများဖြစ်သည်။ လူကို ကျော်လွန်သော အမြင်မှား နှစ်ပါးရှိသည်။ လူမမွေးမီနှင့် သေပြီး၌ ဖြစ်မှုအမြင်နှင့် မဖြစ်မှု အမြင်တို့ဖြစ်ကြသည်။ ဖြစ်မှုအမြင်ကို သဿတ အမြင်မှား ဟုဆို၍ မဖြစ်မှုအမြင်ကို ဥစ္ဆေဒအမြင်မှား ဟု ဆိုလေသည်။
လူကို ဖျောက်ဖျက်သော အမြင်မှား သုံးပါးရှိသည်။ လူပြုသောကံကို လက်မခံ သောအမြင် လူပြုသောကံ၏ အကျိုးကို လက်မခံသောအမြင်၊ လူပြုသောကံ၏ အကြောင်းကို လက်မခံသောအမြင်တို့ဖြစ်ကြသည်။ ကံသည် ကောင်းမှု၊ မကောင်းမှု ပြုလုပ်
ခြင်းဖြစ်၏။ ပြုလုပ်ခြင်းဟူသည် ပြုသူကတ္တားဖြစ်သော လူရှိမှဖြစ်ပေမည်။ လူတည်းဟူသော ကတ္တားကို ဖျောက်ဖျက်ခြင်းသည် ပြု လုပ်ခြင်းဟူသော ကိရိယာကို လက်မခံခြင်းဖြစ်ပေသည်။ ပြုလုပ်ခြင်းကိရိယာကို လက်မခံခြင်းသည် ပြုလုပ်ခြင်း၏ အကျိုးနှင့် အ
ကြောင်း နှစ်ပါးလုံးကို လက်မခံခြင်းပင်ဖြစ်၏။
ဤကားငြိမ်းချမ်းရေးကို လိုလားရကောင်းမှန်း သိသူတို့၏ အမြင်မှားအနက် ဖော်ချက်ဖြစ်ပေသည်။ သူတို့သည် အမြင်မှန် ကိုကား အောက်ပါအတိုင်း အနက်ဖော်ကြသည်။
၁။ မကောင်းညစ်ဆိုး ပြစ်မျိုးရှိသောအရာကို မကောင်းညစ်ဆိုး ပြစ်မျိုးရှိသောအရာဟု လည်းကောင်း၊
၂။ ထိုအရာ၌ သာယာစွဲငြိမှုများသည် ဆင်းရဲကြောင်းဖြစ်သည်ကို ဆင်းရဲ ကြောင်းဖြစ်သည်ဟု လည်းကောင်း၊
၃။ သာယာစွဲငြိမှုများ ငြိမ်းခြင်းကို ဆင်းရဲငြိမ်းခြင်းဟု လည်းကောင်း၊
၄။ အပြစ်ကင်း၍ ကောင်းသောအကျင့်အကြံများသည် ဆင်းရဲငြိမ်းကြောင်း ကောင်းသောအကျင့်အကြံများဖြစ်သည်ဟုလည်းကောင်း၊ သိမြင်သော အသိအမြင်များသည် အမြင်မှန်များဖြစ်ကြသည်ဟု ဖွင့်ပေသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးကို လိုလားရကောင်းမှန်း သိသူတို့၏ အမြင်မှားနှင့် အမြင်မှန် ဤအနက်ဖွင့်များသည် လူသားတိုင်း လိုလားအပ်သော ဂုဏ်ရည်ခြောက်ချက် နှင့် ပြည့်စုံပေသည်။
မည်သူတစ်ဦးတစ်ယောက်ကမှ ကဲ့ရဲ့စရာမရှိခြင်း၊
ကိုယ်တိုင်သိမြင်ခွင့်ရှိခြင်း၊
ကာလအတိုက်အစားကို ခံနိုင်ရည်ရှိခြင်း၊
မည်သူမဆိုအား ပြသ၍ရခြင်း၊
မည်သူမဆို ဆောင်၍ရခြင်း၊
လက်ငင်းအကျိုးရခြင်းတို့နှင့် ပြည့်စုံနေပေသည်။
လူလုပ်၍ရသော အလုပ်အမျိုးမျိုး၌ အချို့အလုပ်သည် ဘဝနှင့်အမျှရှိသည်အထိ လေးနက်လှပါသည်။ ထို့ကြောင့် အလုပ် ၏ လမ်းညွှန် ဖြစ်သော အမြင်မှား၊ အမြင် မှန်တို့၌ ပြတ်ပြတ်သားသား ဖြစ်နေအောင် ကြိုးစားအားထုတ်ဖို့ လိုအပ်လှပေသတည်း။
ဉာဏ (ဓမ္မဝိဟာရီဆရာတော်)
4 comments
ဦးဦးပါလေရာ
March 16, 2012 at 10:40 pm
ဟုတ်ပြီ…. အဲဒီလိုမှပေါ့….
မိုးပြာဝါဒကို လုံးဝ လုံးဝ လုံးဝ လက်မခံပါဘူး…။
ဒါပေမယ့် .. ဒီတင်ပြပုံကိုတော့ လက်ခံပါတယ်။ တင်ပြပုံ ကောင်းပါတယ်။ တရားဂုဏ်တော်ခြောက်ပါးကို လိုရာဆွဲ အနက်ဖွင့်ထားတာလေးလဲ သတိထားမိပါတယ်။
ကိုယ့်အယူဝါဒကို ဟောပြောဖြန့်ချီတယ်ဆိုတာ
သူများအယူဝါဒကို စောင်းမြောင်းတိုက်ခိုက်ပုတ်ခတ်အပြစ်မပြောပဲ
အခုပိုစ့် လို ကိုယ့်ဝါဒကို ရှင်းရှင်းချပြ၊ ခိုင်ခိုင်ကြီးရပ်တည်ပြီး ဟောပြောသင့်ပါတယ်။
တက်လာတဲ့ အမေး အထောက်တွေကိုလဲ ကိုယ့်ဝါဒပေါ်တည့်တည့်ရပ်ပြီး
ကိုယ့်ဝါဒရဲ့ အယူ အတွေးအခေါ်နဲ့သာ ခြေဖျက်ရှင်းလင်းသင့်ပါတယ်။
kai
March 17, 2012 at 3:29 am
တရားဂုဏ်တော် (၆) ပါး
သွာက္ခာတော၊ ဘဂဝတာဓမ္မော၊ သိနိ္ဒဋ္ဌိကော၊ အကာလိကော၊
ဧဟိပသိ၁ကော၊ ဩပါနေယျိကော၊ ပစ္စတ္တံဝေဒိတဗ္ဗော၊ ဝိညူဟိ။
မြန်မာပြန်အနက်အဓိပ္ပါယ်
ဘဂဝတော-မြတ်စွာဘုရားသည်၊ဓမ္မော-တရားတော်များကို၊
၁.)သွာက္ခာတော-အစအလယ်ဆုံး၊ သုံးပါးအစုံကောင်းခြင်းဂုဏ်နှင့် ပြည့်စုံအောင် ဟောကြားတော်မူပါပေ၏။
၂.)သိန္နိဋ္ဌိကော-ကျင့်ကြံသူတို့အား တပ်အပ်ထင်ထင်၊ ကိုယ်တိုင်ပင်လျှင်သိနိုင်စွမ်းပါပေ၏။
၃.)အကာလိကော-အခါမလင့် ဒိဋ္ဌလက်ငင်း အကျိုးပေးခြင်းလည်း ရှိပါပေ၏။
၄.)ဧဟိပသိ၁ကော-လာပါ၊ ရှူ့ပါ ကျင့်လှည့်ပါဟု ဖိတ်ခေါ်တိုက်တွန်းခြင်းငှာထိုက်တန်ပါပေ၏။
၅.)ဩပါနေယျိကော-မိမိကာယ အဇ္ဈတ္တတွင် ကိုယ်တွေ့မြောက်အောင်ကပ်ရု် ဆောင်ထိုက်ပါပေ၏။
၆.)ဝိညူဟိ-ပညာရှိသူတော်ကောင်းတို့သည်၊ ပစ္စတ္တံဝေဒိတဗ္ဗေါ-ကိုယ်စီကိုယ်ငှ ရရှိခံစားထိုက်ပါပေ၏။
lionking
March 17, 2012 at 8:30 am
ခြောက်ပါးဂုဏ်ပြည့်စုံမှ
မြတ်ဗုဒ္ဒဒေသနာ
ကျမ်းထုတ်ပြ မသေချာလျှင်
ဝေနေယျာ မှားစေဖို့ပဲ။
ကောင်းခြင်းဂုဏ် ကိုယ်တိုင်သိ
မရွေးဘိချိန်မြဲ။
ကြည့်လည်းနော်ကြည့်ပါလှည့်
ဆောင်ကာထည့် ခုသိမှာပဲ။
မြတ်ဗုဒ္ဒဓမ်ခြောက်ဂုဏ်
မှန်လောက်ရုံသိနိုင်ဘို့ခဲ။
မသိပဲ ဇွတ်အတင်းဆိုလျှင်
ညွတ်ကွင်းကို စွတ်မှာပါ့
ချွတ်တာက ဒုက္ခတွေပဲ
မုချကြေကွဲ
လုပ်သမျှအဆွေးပါလျှင်
တေးဓမ္မာဆိုလိုက်စို့လေး။ ။
မိုးချမ်းမြေ့
March 23, 2012 at 5:53 pm
ကြိုက်သည်…ကြိုးစားမည်…follow me….