ဖက်ဆစ်တော်လှန်ရေးနှင့် သခင်ဗဟိန်း
မနက်ဖြန်မှာ ကျရောက်မယ့် လက်ရှိအခေါ်အဝေါ် တပ်မတော်နေ့၊ သမိုင်းထဲမှာတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့နေ့မို့ တော်လှန်ရေးနေ့ အထိမ်းအမှတ် ပို့စ်လေးတစ်ခုပါဗျာ။
တပ်မတော်စတင်တည်ထောင်တဲ့နေ့က မတ်လ ၂ရ ရက်နေ့ မဟုတ်တာတော့ မှတ်မိနေပါတယ်။ ရေးတေးတေးပါပဲ။ သိကြ မှတ်မိကြတဲ့လူတွေ ပြောကြဆိုကြဖို့ပါဗျာ။ နောက်တစ်ခုက
ကျွန်တော် သခင်ဗဟိန်း ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို စိတ်ဝင်စားမိပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ဖြစ်ခဲ့တယ် ဆိုကတည်းက ဒီလူကြီးဟာ နှယ်နှယ်ရရမဟုတ်တာ သေချာပါတယ်။
တိုင်းအလိုက် စစ်ရေး နိုင်ငံရေးခေါင်းဆောင်များကို ရွေးချယ်သတ်မှတ်ခဲ့တဲ့အခါ တိုင်း (၁) ပြည်၊ သာယာဝတီ၊ ဟင်္သာတအရှေ့အတွက် စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို သတ်မှတ်ခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်အဖြစ် ရွေးချယ်သတ်မှတ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အလိုက်ဖက်ဆုံးအဖြစ် သခင်ဗဟိန်းကို ရွေးချယ်သတ်မှတ်ခဲ့တယ်။
ဆိုတာကို ကြည့်ခြင်းအားဖြင့် ဖက်ဆစ်တော်လှန်ရေးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ အတူ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့တာလည်း သေချာနေတဲ့အချက်ပါ။ ဒီဆောင်းပါးမှာတော့ သခင်ဗဟိန်း
ဘယ်နှစ်ခုနှစ်မှာ ကွယ်လွန်ပြီး ဘယ်လို ဇာတ်သိ်မ်းခဲ့တယ်ဆိုတာ ဖေါ်ပြမထားပါဘူး။ သို့သော် ပြီးခဲ့တဲ့ ၁၉၈၈ မျိုးဆက်ကျောင်းသားတွေ မန္တလေး မြို့ကိုရောက်စဉ်မှာ သခင်ဗဟိန်း အုတ်ဂူ
အကြောင်းလေး ပြောသွားတာ ဖတ်ရတဲ့အတွက် သခင်ဗဟိန်းဟာ မန္တလေးမြို့မှာ ကွယ်လွန်ခဲ့တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်။ အခု အဲဒီ သခင်ဗဟိန်း ပါဝင် ခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးအကြောင်းကို ဆရာ အောင်မြင့်ဦး (မဟာဝိဇ္ဖာ) က ရနံ့သစ်မဂ္ဂဇင်း ၂၀၁၂ မတ်လထုတ်မှာ ဆောင်းပါး ရေးလာခဲ့ပါတယ်။ ကျွန်တော်တို့ ရွာသူားတွေလည်း
သခင်ဗဟိန်း ဆိုတဲ့ သမိုင်းဝင်လူပုဂ္ဂိုလ်ကြီး တစ်ယောက်အကြောင်းကို သိစေချင်တဲ့ စေတနာရယ် မနက်ဖြန်မှာ ကျရောက်တော့မယ့် ဖက်ဆစ်ဂျပန်ကိုတော်လှန်ခဲ့တဲ့ နေ့ အထိမ်းအမှတ်ရယ် ပေါင်းပြီး ပို့စ်တစ်ခုအဖြစ် ကိုယ်တိုင် စာစီစာရိုက်သမားလုပ်ပြီး တင်ပေးလိုက်ပါတယ်ခင်ဗျာ။ ခွင့်ပြုပေးတဲ့ ဆရာပြည်သွေးနိုင် (ရနံ့သစ် မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ) နှင့် ဆောင်းပါးရေးသူ ဆရာအောင်မြင့်ဦး (မဟာဝိဇ္ဖာ) အထူးကျေးဇူးတင်ရှိပါကြောင်း။
ဖက်ဆစ်တော်လှန်ရေးနှင့်
သခင်ဗဟိန်း
ဖက်ဆစ်တော်လှန်ရေးလို့ ဆိုလိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ ရဲဘော်သုံးကျိပ်တို့အကြောင်း၊ ဗမာ့တပ်မတော်အကြောင်း၊ တိုက်ပွဲများအကြောင်း အစရှိသည်တို့ကိုသာ ရေးသားခဲ့ကြ၊ ပြောဆိုခဲ့ကြပါတယ်။ ပြည်သူလူထုအနေနဲ့ ဖက်ဆစ်တို့ကို တော်လှန်လိုစိတ်ရှိလာအောင်၊ ဖက်ဆစ်တို့ရဲ့ အတွင်းသရုပ်နဲ့ သူတို့ရဲ့ အကျင့်စရိုက်ဆိုးတွေကိုပြည်သူလူထုနားလည်လာအောင်၊ တော်လှန်ရေးသဘောတရားကို သိရှိလာအောင် ဟောပြောပို့ချမှု၊ စနစ်တကျ စည်းရုံးတတ်မှု တော်လှန်တတ်မှုတို့ကို ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့အကြောင်းတွေကို ရေးသားဖေါ်ပြမှုဟာ အင်မတန်နည်းပါးနေပါတယ်။ တကယ်တော့ စစ်ရေးဆိုတာ နိုင်ငံရေးရဲ့လက်အောက်ခံပါပဲ။ စစ်ရေးကို ဦးဆောင်သွားတာ နိုင်ငံရေးပါပဲ။ ၁၉၄၅ ခုနှစ်မှာ ပြည်သူလူထု တစ်ရပ်လုံးပါဝင်ဆင်နွှဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးမှာ ပြည်သူလူထုကို ဖက်ဆစ်ဆန့်ကျင်ရေး သဘောတရားတွေကို နားလည်လာအောင်၊ စနစ်တကျတော်လှန်တတ်လာအောင် နိုင်ငံရေးနည်းအရ စည်းရုံးပို့ချလမ်းညွှန်ပြခဲ့တဲ့ သခင်ဗဟိန်းရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို ဖေါ်ပြလိုက်ပါတယ်။
သခင်ဗဟိန်းကို စစ်ကိုင်းခရိုင် အင်းဝမြို့မှာ မြန်မာသက္ကရာဇ် ၁၂၇၉ ခုနှစ် ဝါဆိုလဆန်း ၉ ရက် ဗုဒ္ဓဟူးနေ့တွင် အဘပွဲစားကြီးဦးမှင်၊ အမိပွဲကတော် ဒေါ်ဒေါ်ဦးတို့မှ ဖွားမြင်ခဲ့ပါတယ်။ ငယ်စဉ်အခါက အင်းဝမြို့မူလတန်းကျောင်းမှ လေးတန်းအောင်မြင်ခဲ့ပြီး မန္တလေးမြို့ အမျိုးသားအထက်တန်းကျောင်းကနေ အင်္ဂလိပ်၊ မြန်မာ ဆယ်တန်းစာမေးပွဲကို အင်္ဂလိပ်၊ မြန်မာစာ၊ ရာဇဝင် ဘာသာရပ်များနဲ့ ဂုဏ်ထူးဆွတ်ခူး အောင်မြင်ခဲ့ပါတယ်။ အထက်တန်းကျောင်းသား ဘဝကတည်းက ကျောင်းသားများရဲ့ ချစ်ကြည်လေးစားမှုကိုခံရပြီး ပေါ်ပေါက်လာသမျှ ကျောင်းသားအရေးတော်ပုံ များမှာ ရှေ့တန်းကနေ မားမားမတ်မတ် ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ဆယ်တန်းအောင်မြင်ပြီးတဲ့နောက် မန္တလေးမြို့ စိုက်ပျိုးရေးကောလိပ် သိပ္ပံကျောင်းကို ပြောင်းရွှေ့ပြီး ပညာသင်ကြားခဲ့တယ်။ အိုင်အေစာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံး ပထမရပြီး ပဠိဘာသာ ဂုဏ်ထူးဆွတ်ခူးခဲ့ပါတယ်။ အိုင်အေ အထက်တန်းပညာများကို သင်ကြားနေစဉ် မန္တလေးမြို့ စိုက်ပျိုးရေး ကောလိပ်ကျောင်းသားများ သမဂ္ဂဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ်မှာ ကိုဗဟိန်းတစ်ယောက် ရန်ကုန်တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။ ဘီအေအောက်တန်းပညာကို သင်ကြားနေစဉ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ မြန်မာသက္ကရာဇ် ၁၃၀ဝ ပြည့်နှစ်မှာ အထက်မြန်မာနိုင်ငံ ရေနံမြေမှာ လူတန်းစားတိုက်ပွဲ အသွင်ကူးပြောင်းပြီး ရေနံမြေအလုပ်သမား သပိတ်ကြီး ဖြစ်ပွားခဲ့တယ်။ ရန်ကုန်ကို ချီတက်အရေးဆို အောင်ပွဲခံနိုင်ရေးအတွက် ကိုဗဟိန်းခေါင်းဆောင်တဲ့ ကျောင်းသားတွေက ဝင်ရောက်ကူညီခဲ့ပါတယ်။ အဲဒီလို ပါဝင်ကူညီ ဆောင်ရွက်ခဲ့တဲ့အတွက် ကိုဗဟိန်းကို မကွေးမြို့ရေနံမြေ အလုပ်သမား သပိတ်စခန်းကနေ ဖမ်းဆီးခဲ့ပါတယ်။ မကွေးမြို့ ရေနံမြေ အလုပ်သမားသပိတ်တပ်သားများကို တရားဟောနေစဉ် “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” လို့ ရဲရဲတောက်စကား ပြောကြားခဲ့ပါတယ်။ ကိုဗဟိန်းပြောခဲ့တဲ့ အတိုင်းပါပဲ၊ ၁၃၀ဝ ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်လာပြီး သပိတ်မီးဟာ တစ်နိုင်ငံလုံး မီးဟုန်းဟုန်းတောက်သွားတဲ့အထိ ပြန့်ပွားသွားခဲ့ရပါတယ်။
၁၃၀ဝ ပြည့် အရေးတော်ပုံကြီး ပြီးဆုံးသွားတဲ့အခါ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ညီလာခံကြီးတစ်ခုကိုကျင်းပခဲ့ကြတယ်။ အဲဒီ ညီလာခံကြီးက ကိုဗဟိန်းကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့တယ်။ ဒါပေမယ့် ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး၊ အခြေအနေတို့ကြောင့် ဘီအေအထက်တန်းစာမေးပွဲကို မဖြေဆိုနိုင်တော့ဘဲ တို့ဗမာအစည်းအရုံးအတွင်းသို့ ဝင်ရောက်ခဲ့ပြီး သခင်အမည်ကိုခံယူကာ သခင်ဗဟိန်းဖြစ်လာခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါ မြေအောက်တော်လှန်ရေး လုပ်ငန်းများကို ခေါင်းဆောင်ပြီး ပြည်သူ့အရေးတော်ပုံစာတမ်း၊ မီးပွားစာစောင်၊ ဗမာ့တော်လှန်မှုစာတမ်းများကို လျှို့ဝှက်ရေးသားထုတ်ဝေခဲ့တယ်။ များမကြာမီ နယ်ချဲ့အစိုးရရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပြီး မန္တလေးထောင်မှာ စံမြန်းခဲ့ရပါတယ်။ ဖက်ဆစ်ဂျပန်တွေ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး မန္တလေးထောင်ပွင့်သွားတော့မှ သခင်ဗဟိန်းလည်း လွတ်မြောက်လာခဲ့ရတယ်။ ထောင်မှ လွတ်မြောက်လာပြီးတဲ့နောက်မှာ သခင်ဗဟိန်းဟာ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ သခင်ဗဟိန်းဟာ တစ်ဖက်ကလည်း ဂျပန်ခေတ် ဗမာအစိုးရအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး သခင်နုရဲ့ လက်အောက်မှာ ဒုတိယအတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့တယ်။
ဂျပန်ခေတ်ကာလတွင် ရန်ကုန်မြို့ ဂွတ္တလစ်ရပ်ကွက်ရှိ တို့ဗမာ ဆင်းရဲသား အစည်းအရုံးဌာနချုပ်ရုံးသည် ဖက်ဆစ်စနစ်ဆန့်ကျင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် အကောင်းဆုံးနေရာ ဌာနတစ်ခုပါပဲ။ တို့ဗမာဆင်းရဲသားအစည်းအရုံးဆိုတာ သခင်ကိုယ်တော်မှိုင်း၊ သခင်မြခေါင်းဆောင်သော တို့ဗမာအစည်းအရုံး၊ သခင်ထွန်းအုပ်၊ သခင်ဗစိန်ခေါင်းဆောင်သော တို့ဗမာအစည်းအရုံးနှင့် ဒေါက်တာဘမော် ခေါင်းဆောင်သော ဆင်းရဲသားဝံသာနု အဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ပါပဲ။ ဂျပန်ခေတ်၏ တစ်ခုတည်းသော တရားဝင်နိုင်ငံရေးအဖွဲ့အစည်းဆိုရင် မမှားဘူး။ တို့ဗမာ ဆင်းရဲသား အစည်းအရုံးဌာနချုပ်သို့ သခင်ဗဟိန်းသည် မကြာခဏလာလေ့ရှိပြီး ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်ခဲ့တယ်။ သခင်မြအိမ်မှအပြန် တစ်ညတွင် တို့ဗမာဆင်းရဲသား အစည်းအရုံးဌာနချုပ်သို့ ရောက်လာခဲ့ပြီး ဖက်ဆစ်တို့၏ ဒဏ်ကို လူတွေ မခံမရပ်နိုင် ဖြစ်နေကြကြောင်း၊ အရှေ့ရိုးမရှိ ကရင်လူထုမှာ ဖက်ဆစ်တို့၏ ညှဉ်းပန်းနှိပ်စက်မှုကို အလူးအလိမ့် ခံနေရကြောင်း၊ တပ်မတော်တွင်း၌လည်း တိုင်းအသီးသီးတွင် ဖက်ဆစ်ဆန့်ကျင်ရေးစိတ်ဓါတ်များ တော်လှန်လိုသော စိတ်ဓါတ်များ ပေါက်ကွဲလုဆဲဆဲ ဖြစ်နေကြကြောင်း၊ လူကြီးတွေကလည်း အဲဒီအခြေအနေကို သိရှိခဲ့ကြပြီး အချင်းချင်းညှိနှိုင်းလို့ ရတန်သလောက်ရခဲ့ပြီး ဖြစ်ကြောင်း၊ တောင်ငူနယ်က အခြေအနေကို သိချင်ကြောင်း လာရောက်မေးမြန်းခဲ့ပြီး တောင်ငူဘက်ကို ဆင်းဖို့ စီစဉ်ခဲ့တယ်။
တောင်ငူဘက်သို့ မဆင်းမီ သခင်ဗဟိန်းဟာ သူ့ရဲ့ ဇနီးသည် မခင်ကြီးနဲ့ သခင်ဗသိန်းတင်တို့ကို ခေါ်ယူပြီး ကွမ်းခြံကုန်းမြို့နယ် အင်ဂလုံးရွာကလေးသို့ သွားရောက်ခဲ့တယ်။ အဲဒီရွာကလေးမှာ သခင်စိုးနဲ့ အခြားရဲဘော်များကို တွေ့ဆုံခဲ့ပြီး ရက်ပေါင်း ၂ဝ ကျော် သဘောတရားရေးရာ သင်တန်းတက်ခဲ့ကြတယ်။ အဲဒီသင်တန်းတက်ပြီးတော့ ရန်ကုန်ကို ပြန်လာခဲ့ကြတယ်။ ရန်ကုန်ပြန်ရောက်ပြီး ၁၅ ရက်ခန့်အကြာ သူနေထိုင်သော သခင်နုနေအိမ်မှ သူတို့လင်မယားနှစ်ယောက်ဟာ ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူနယ်ဘက်ကို ထွက်ခဲ့ကြတယ်။ ပဲခူးမြို့ စံပြတပ်ရင်းမှာ ၁၉၄၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့ ကနေ ရ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အစည်းအဝေးက ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီအဖွဲ့ချုပ်ကြီးက ဖက်ဆစ်တော်လှန်ရေးနီးကပ်လာချိန်မှာ ဖက်ဆစ်တို့ကို တော်လှန်တိုက်ခိုက်ရန်အတွက် တော်လှန်ရေးစစ်တိုင်းများကို သတ်မှတ်ပြီး တိုင်းအလိုက် စစ်ရေး နိုင်ငံရေးခေါင်းဆောင်များကို ရွေးချယ်သတ်မှတ်ခဲ့တဲ့အခါ တိုင်း (၁) ပြည်၊ သာယာဝတီ၊ ဟင်္သာတအရှေ့အတွက် စစ်ရေးခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို သတ်မှတ်ခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်အဖြစ် ရွေးချယ်သတ်မှတ်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အလိုက်ဖက်ဆုံးအဖြစ် သခင်ဗဟိန်းကို ရွေးချယ်သတ်မှတ်ခဲ့တယ်။
သခင်ဗဟိန်းတို့လင်မယား ဖက်ဆစ်တော်လှန်ရေးအတွက် တောင်ငူဘက်သို့ လျှို့ဝှက်ဆင်းလာတဲ့အချိန်က ၁၉၄၄ ခုနှစ် ဩဂုတ်လဆန်းပိုင်းဖြစ်ပါတယ်။ သခင်ဗဟိန်းတို့လင်မယားဟာ ကိုထွန်းလှိုင် မသန်းမြင့် အမည်နှင့် ကိုယ်ယောင်ဖျောက်နေခဲ့ကြတယ်။ မော်လမြိုင်မှရောက်လာသော ကုန်သည်လင်မယားအသွင်နှင့် ဖက်ဆစ်တော်လှန်ရေး အတွက် တောင်ငူနယ်တစ်ဝိုက်တွင် လှုပ်ရှားဆောင်ရွက်ခဲ့ကြတယ်။ ဖက်ဆစ်တို့၏ ဖိနှိပ်မှုအောက်မှာ မျက်စိကန်း၊ နားကန်း ဖြစ်နေတဲ့ လူငယ်လူရွယ်တွေကို မျက်စိပွင့်၊ နားပွင့် ဖြစ်စေခဲ့တယ်။ ဖက်ဆစ်လက်အောက်မှ လွတ်မြောက်ဖို့အတွက် ထွက်ရပ်လမ်းကို ရစေခဲ့တယ်။ ဖက်ဆစ်တော်လှန်ရေးအတွက် အတွေးအခေါ် မြော်မြင်ရေး သဘောတရားသစ်၊ တရားမှန်များကို အခြေခံပြီး စည်းရုံးနိုင်ခဲ့တယ်။ အဲဒီအတွက် သင်တန်းများကို မရပ်မနားပို့ချခဲ့တယ်။ သင်တန်းများမှာ သခင်ဗဟိန်းပို့ချခဲ့တဲ့ ဘာသာရပ်တွေကတော့ –
– လွတ်လပ်ရေးကြေညာစာတမ်း ၁ နှင့် ၂။
– တော်လှန်ရန်စိုင်းပြင်းကြစို့။
– ကရင်-ဗမာသွေးစည်းရေး။
– စစ်၏နည်းသစ်များ။
– လျှို့ဝှက်ရေးကို မည်သို့ ကျင့်သုံးမည်နည်း
စသော စာတမ်းများဖြစ်ကြတယ်။
သခင်ဗဟိန်းဟာ ကျောင်းသားခေါင်းဆောင်တစ်ယောက်၊ အလုပ်သမားခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့တယ်။
ဒါကြောင့်မို့ သူ့မှာ စစ်ရေးအတွေ့အကြုံ လုံးဝမရှိလို့ စစ်ရေးကို ခေါင်းဆောင်နိုင်လိမ့်မယ်လို့ သူ့ရဲ့ လုပ်ဖေါ်ကိုင်ဘက်များက လုံးဝ မထင်ခဲ့ကြဘူး။ ဒါပေမယ့် သခင်ဗဟိန်းပို့ချတဲ့ “စစ်၏နည်းသစ်များ” သဘောတရားဟာ အရင်းရှင်စစ်ရေးနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတဲ့ ပြည်သူ့စစ် အခြေခံသဘောတရားများ၊ ပြောက်ကျားစစ်ဆင်ရေးနည်းများ ဖြစ်ကြတယ်။ အရင်တုန်းက မကြားဘူး၊ မသိဘူးကြတဲ့ စစ်ရဲ့ သဘောတရားသစ်များ၊ နည်းပညာသစ်များ ဖြစ်ကြတယ်။ ဖက်ဆစ်တော်လှန်ရေးကာလအတွင်း ရရှိခဲ့တဲ့ ပြည်သူ့စစ်ပွဲရဲ့ အောင်ပွဲရလဒ်များဟာ သခင်ဗဟိန်းပို့ချခဲ့တဲ့ “စစ်၏နည်းသစ်များ” ရဲ့ အကျိုးဆက်များပဲ ဖြစ်ကြတယ်။ သခင်ဗဟိန်းရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံဟာ မင်းသားဟန် နုနုနယ်နယ်ပင်ဖြစ်တယ်။ တကယ့်လက်တွေ့မှာတော့ သခင်ဗဟိန်းဟာ မင်းသား မဟုတ်တော့ဘဲ ကြမ်းတမ်းတဲ့စစ်ရေးကို နိုင်နိုင်နင်းနင်း ခေါင်းဆောင်မှုပေးနိုင်စွမ်းရှိတဲ့ စစ်ရေးခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တယ်။ အဲဒီအချက်ကို တောင်ငူခရိုင်ပြောက်ကျားတိုက်ပွဲများက သက်သေပြခဲ့တယ်။ သခင်ဗဟိန်းရဲ့ နောက်ထပ်အောင်မြင်မှုတစ်ခုကတော့ သူကိုယ်တိုင် ပြုစုရေးသားပြီး သင်ကြားပို့ချခဲ့တဲ့ “ကရင်-ဗမာ သွေးစည်းရေး” စာတမ်းပါပဲ။ ဒီစာတမ်းကတော့ သမိုင်းဝင်စာတမ်းတစ်စောင်ပဲဖြစ်တယ်။ အဲဒီစာတမ်းကြောင့် အရှေ့ရိုးမမှာ ကရင်-ဗမာ ညီညွတ်ရေးသာမက လူမျိုးစုံ ညီညွတ်ရေး အင်အားကောင်းခဲ့တယ်။ အဲဒီအချက်ကို အရှေ့ရိုးမမှာ ရှိတဲ့ ကရင်လူမျိုးအကြီးအကဲများ၊ လူထုများက ကောင်းစွာသိရှိနားလည်ခဲ့ကြတယ်။ ပဲခူးရိုးမမှာ ကရင်-ဗမာ ချစ်ကြည်ရေးဟာသခင်ဗဟိန်းရဲ့ ကြိုးပမ်းမှုကြောင့် ခိုင်မြဲခဲ့တယ်။ သခင်ဗဟိန်းရဲ့ ချစ်ကြည်ရေး ခေါင်းဆောင်မှုသဘောတရားကို ကြားရရုံနဲ့ ကရင်လူထုက သခင်ဗဟိန်းကို လေးစားခဲ့ကြတယ်။ လူကိုယ်တိုင်တွေ့တဲ့အခါ ချစ်ခင်နှစ်သက်ကြတယ်။ အချို့က ထူးထူးကဲကဲ ကို ချစ်ခင်ခဲ့ကြတယ်။
သခင်ဗဟိန်းဟာ ဖက်ဆစ်တော်လှန်ရေးအင်အားစုများကို တော်လှန်ရေးသဘောတရားများ သင်ကြားပေးခဲ့တယ်။ အဲဒီ သဘောတရားဟာ လူထုကို ချုပ်ကိုင်မိတာနဲ့ အမျှ တော်လှန်တဲ့အင်အားစုကြီး တစ်ရပ် ဖြစ်ပေါ်လာခဲ့ရတယ်။ အထက်ပါ သဘောတရားကို ယုံကြည်သက်ဝင်တဲ့ သခင်ဗဟိန်းအနေနဲ့ ဖက်ဆစ်တော်လှန်ရေး သဘောတရားများကို တောင်ငူခရိုင်တစ်ခုလုံး နေရာအနှံ့အပြား မရပ်မနား ပို့ချခဲ့တယ်။ စိုက်ပျိုးရေးညောင်ပင်သာရွာ၊ စစ်တောင်းကမ်းပါးရှိ မွေတွင်းရွာ၊ ပဲခူးရိုးမ ကျီးမနိုးချောင်းဖျားစခန်း၊ ဆင်ပချပ်ရွာ၊ ကြူအင်းရွာ၊ စစ်တောင်းကမ်းပါးရှိ သရက်တောရွာ၊ ဘွားအေစုရွာ၊ ဘုမ္မတီးတောင်ခြေရှိ မြောက်ငိုကုန်းရွာ အစရှိတဲ့ ရွာများဟာ သခင်ဗဟိန်း သဘောတရားပို့ချရာ နေရာများ ဖြစ်ခဲ့ကြတယ်။ သခင်ဗဟိန်းစခန်းမှာ ဆင်ပချပ်ရွာအနီး တောင်ခြေတွင် ရှိခဲ့တယ်။ အဲဒီနေရာဟာ ပြောက်ကျားတပ်များရဲ့ ဗဟိုဌာနချုပ်ပဲ ဖြစ်ပါတယ်။ အဲဒီနေရာကစပြီး ဖက်ဆစ်များကို အလစ်ဝင်စီးဖို့ စီစဉ်ခဲ့တယ်။ အဲဒီနေရာကနေပြီး ဖက်ဆစ်တို့ရဲ့ ဆက်သွယ်ရေးလမ်းဖြစ်တဲ့ ကားလမ်းများ၊ မီးရထားလမ်းများကို ဖြတ်တောက်ပစ်ရန် အမိန့်ပေးခဲ့တယ်။ အဲဒီနေရာကနေပြီး တော်လှန်ရေးလုပ်ငန်းများကို ညွှန်ကြားခဲ့တယ်။
၁၉၄၅ ခုနှစ် မတ်လ ၆ ရက်နေ့ညမှာ ဗိုလ်မှူးဗထူးဟာ ဖြူးမြို့နယ် ကြူအင်းရွာမှာ သခင်ဗဟိန်းနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်။ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲမည့်ဆဲဆဲမှာ ဗိုလ်မှူးဗထူးဟာ သခင်ဗဟိန်းကို ခက်ခက်ခဲခဲ လာရောက်တွေ့ဆုံခဲ့ပြီး တော်လှန်ရေးကိစ္စများကို အသေးစိတ်ဆွေးနွေးခဲ့ကြတယ်။ အထက်ဗမာပြည် တိုင်းမှူးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးဗထူးအနေနဲ့ သခင်ဗဟိန်းကို ဤမျှအထိ တန်ဘိုးထားလေးစားပြီး လာရောက်တွေ့ဆုံခြင်းပဲ ဖြစ်တယ်။ အဲဒီလို တွေ့ဆုံပြီး ၂ ရက်အကြာ မတ်လ ၈ ရက်နေ့မှ စတင်ပြီး ဗိုလ်မှူးဗထူးခေါင်းဆောင်တဲ့ ဗမာ့တပ်မတော်အနေနဲ့ ဖက်ဆစ်ဂျပန်တို့ကို စတင်တော်လှန်ခဲ့ကြတယ်။ သခင်ဗဟိန်းရဲ့ စစ်ရုံးနဲ့ စာပေ ဖြန့်ချိရေးဌာနမှာ တစ်ဆက်တည်း ဖြစ်နေတယ်။ တော်လှန်ရေးစာစောင်တွေဟာ အဆက်မပြတ်ထွက်ခဲ့တယ်။ ဖက်ဆစ်တော်လှန်ရေးမှာ အသေးစိတ်လုပ်ငန်းများကို ရေးခဲ့တယ်။ ကရင်-ဗမာ သွေးစည်းရေးလုပ်ငန်းများကိုလည်း ရေးသားခဲ့တယ်။ အဲဒီစာတမ်းဟာ ဗမာလူမျိုးများအပေါ်မှာ တင်ရှိနေတဲ့ ကရင်လူမျိုးများရဲ့ သံသယကို ရှင်းစေခဲ့တယ်။ ကရင်-ဗမာ ညီညွတ်ရေးကို ခိုင်မြဲစေခဲ့တယ်။ အိန္ဒိယနိုင်ငံမှ သခင်သိန်းဖေ (သိန်းဖေမြင့်) လေထီးနဲ့ ချပေးတဲ့ စာအုပ်များအနက် “ပြင်သစ်ပြည်လွတ်လပ်ရေးတိုက်ပွဲ” ကို ဘာသာပြန်ခဲ့တယ်။ စာအုပ်ဘာသာပြန်ပုံမှာ သူက အင်္ဂလိပ်စာအုပ်ကိုကြည့်ပြီး ဗမာလို တောက်လျှောက်ဖတ်သွားခဲ့တယ်။ မောင်မြင့်ဆိုတဲ့ ရဲဘော်က လက်ရေးတိုနဲ့ ရေးခဲ့တယ်။ ဖယောင်းစက္ကူပေါ်မှာ စာရှည်ပြန်ရေးပြီး စာကူးစက်နဲ့ လှည့်ခဲ့တယ်။ အဲဒီလိုနဲ့ပဲ ဗမာပြန်စာအုပ်များ ဖြစ်လာခဲ့ကြတယ်။ လီနင်ရေး “အစိုးရနှင့် တော်လှန်ရေး” စာအုပ်ကို ဘာသာပြန်ပြီး သဘောတရားအခြေခံရှိသော ရဲဘော်များကို သင်တန်းပေးခဲ့တယ်။
သခင်ဗဟိန်းဟာ အလုပ်များကို မရပ်မနားလုပ်ကိုင်ခဲ့တယ်။ စစ်ရေးစစ်ရာများကို အချိန်တိုင်းစီမံနေခြင်း၊ စာတမ်းများကို အဆက်မပြတ်ရေးနေခြင်း၊ နိုင်ငံရေးမှာ သခင်သန်းထွန်းနဲ့ အဆက်မပြတ်အမြဲတိုင်ပင်နေခြင်း၊ တော်လှန်ရေး ကိစ္စအရပ်ရပ်ကို အခြားနေရာဒေသမှာ ရှိတဲ့ ရဲဘော်များနဲ့ အဆက်မပြတ် ဆက်သွယ်နေခြင်းစတဲ့ တစ်ခုပြီးတစ်ခု ထပ်နေတဲ့ အလုပ်တွေကြားမှာ နစ်မြုပ်ခဲ့တယ်။ အလုပ်တွေဟာ သူ့ကိုယ်သူ ခံနိုင်ရည်ရှိသည်ထက် အဆပေါင်းများစွာ ဖိစီးခဲ့တယ်။ အစားအသောက်မကောင်း၊ အားရှိသော ကောင်းမွန်သော အစားအစာများကိုလည်း မစားရ၊ အအိပ်အနေလည်း မမှန်ခဲ့ဘူး။ မိုးရွာတဲ့အခါမှာ နေထိုင်တဲ့တဲအိမ်က မလုံတဲ့အတွက် ထထိုင်နေရပေါင်းများနေခဲ့တယ်။ သခင်ဗဟိန်းရဲ့ အသားမှာ ဝါထိန်နေခဲ့တယ်။ သူ့ဘေးနားမှာ သူ့ချစ်ဇနီးမရှိ။ ကာဘိုင်သေနတ်တစ်လက်သာ ရှိခဲ့တယ်။ အဲဒီ ကာဘိုင်သေနတ်ဟာ သူ့အဖေါ်ဖြစ်နေတယ်။
တော်လှန်ရေးသဘောတရားဟာ ဖက်ဆစ်တော်လှန်ရေးအတွက် “အား” တစ်ခုဆိုတာကို ယုံကြည်တဲ့ သခင်ဗဟိန်းဟာ “ဂျူးရင်းအားချေပချက်” ၊ “လုဒွစ်ဖြူးဝါးဘက်” အစရှိသော ကျမ်းများကို ထန်းတပင်မြို့နယ် သရက်တန်း၊ ဂွအိုင် အရှေ့ဘက်မှာ ရှိတဲ့ ယာတဲများမှာ ဘာသာပြန်ခဲ့တယ်။ အဲဒီကျမ်းများကို အခြေပြုရင်း ပြည်သူ့စစ်သဘောတရားကို သခင်ဗဟိန်းက အသက်ပါပါ ထူထောင်ပေးခဲ့တယ်။ မြန်မာ့ရေမြေနဲ့ကိုက်ညီတဲ့ ပြောက်ကျားစစ်၏ နည်းသစ်များကိုလည်း ပြုစုခဲ့တယ်။
(၁) အင်အားကြီးသော ရန်သူကို ချေမှုန်းရာတွင် ပြည်သူ့ပြောက်ကျားမပါလျှင် မပြီးနိုင်ချေ။
(၂) ပြောက်ကျားစစ်သည် လူထုများ၏ စစ်ဖြစ်သည်။
(၃) ပြည်သူ့ပြောက်ကျား၏ စစ်ကို ဆင်နွှဲနိုင်ရန် မြန်မာနိုင်ငံတွင် ကျေးလက်ကို အခြေခံရန်လိုသည်။
(၄) တိတိကျကျအားဖြင့် လယ်သမားထုနှင့် လူမျိုးစုများကို အခြေခံ၍ ဖေါ်ထုတ်ရန်လိုသည်။
(၅) ပြောက်ကျားစစ်တွဲဖက်မှုမရှိဘဲ ဗမာ့တပ်မတော်က အောင်ပွဲ မဆင်နိုင်။
(၆) ပြည်သူလူထုကို စစ်အမြင်အရ စည်းရုံးလေ့ကျင့်တိုက်ပွဲသွင်းရမည်။
(၇) ပြည်သူကို လက်နက်တပ်ဆင်ရဲရမည်။ (ရန်သူ့လက်နက် တို့လက်နက်၊ တိုက်ရဲသူ လက်နက်ကိုင်စေရမည်)
(၈) တိုက်ပွဲအတွင်း တပ်ကိုစည်းရုံးဖွဲ့စည်း။ (တပ်ခွဲစည်းရုံးနိုင်သူ ခွဲမှူးဖြစ်သည်)
(၉) ပြည်သူလူထု၏ စွမ်းရည်ကို ချွန်းဖွင့်ပေးရမည်။
(၁၀) ဂျပန်ဖက်ဆစ်ချေမှုန်းရေး ပြောက်ကျားစစ်ပွဲကို လူထုပွဲတော်အဖြစ် ဆင်နွှဲလျှင် မုချအောင်ရမည်။
အထက်ဖေါ်ပြပါ အကြောင်းအရာတို့ဟာ ပြောက်ကျားစစ်ရဲ့ နည်းသစ်များဖြစ်ကြတယ်။ အဲဒီနည်းသစ်များကို သခင်ဗဟိန်းက ပြုစုပို့ချပေးခဲ့တယ်။ အရင်ဦးဆုံး စည်းရုံးရေးမှူးများကို သဘောတရားရေးအရ အခြေခံ၍ သင်တန်းများ ပို့ချခဲ့တယ်။ ဖက်ဆစ်ဂျပန်တို့ဟာ အမြင်အားဖြင့် အင်အားကြီးမားတယ်။ ဒါပေမယ့် ဖက်ဆစ်တို့ရဲ့ ဒီမိုကရေစီကင်းမဲ့သော လက္ခဏာ၊ လူထုဆန့်ကျင်သော လက္ခဏာတို့ကြောင့် ဖက်ဆစ်တို့ကို လူထုကထောက်ခံမှုမရှိဘူး။ မထောက်ခံရုံမျှမက အုံကြွဆန့်ကျင်မည်မှာ မလွဲဧကန်ဖြစ်တယ်။ လူထုကို ဖက်ဆစ်စိုးမိုးလာချိန် ကြာညောင်းလာတာနဲ့ အမျှ လူထု၏ ဖက်ဆစ်ဆန့်ကျင်ရေး စိတ်အဟုန်ဟာ တစ်နေ့တခြား ပြင်းထန်လာရမည်မှာ ရှောင်လွှဲမရသော အချက်ပဲ ဖြစ်တယ်။ မြန်မာတိုင်းရင်းသားပြည်သူများ စည်းရုံးကြမယ်၊ နိုးကြားထကြွကြမယ်ဆိုရင် ဖက်ဆစ်တို့ဟာ လူထုနဲ့ ကင်းကွာပြီး အထီးကျန်ဖြစ်လာနိုင်တယ်။ ဒါကြောင့် လူထုရဲ့ ချေမှုန်းခြင်းကို ခံရနိုင်တယ်။ ဖက်ဆစ်တို့ရဲ့ စိုးမိုးမှုအောက်မှာ လူထုတိုက်ပွဲမျိုးကို ဆင်နွှဲရန်မှာ မဖြစ်နိုင်ဘူး။ လူထုတိုက်ပွဲနည်းကို ကျင့်သုံးပါက ချေမှုန်းခံရမည်သာ ဖြစ်တယ်။ ဖက်ဆစ်လက်အောက်ကနေ လွတ်မြောက်ရန်နည်းလမ်းမှာ ပြည်သူလူထုက စည်းရုံးထကြွပြီး လက်နက်ကိုင်ပုန်ကန်သောနည်း၊ ပြောက်ကျားစစ်ဆင်သော နည်းကသာလျှင် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။ အထက်ဖေါ်ပြပါ သဘောတရားကို သင်တန်းများမှာ အလေးထားပို့ချခဲ့တယ်။
စည်းရုံးရေးမှူးများက အဲဒီတော်လှန်ရေးသဘောတရားကို ခံယူမိတာနဲ့ ယုံကြည်ချက်ပြင်းပြလာကြတယ်။ အားတက်လာကြတယ်။ အဲဒီလို ယုံကြည်အားတက်လာတာနဲ့အမျှ ခရိုင်အတွင်း မြို့နယ်ခေါင်းဆောင်များကို သဘောတရားရေးသင်တန်းများ ဆက်လက်ပို့ချခဲ့တယ်။ တော်လှန်ရေးကာလမှာ တော်လှန်ရေးသင်တန်းတိုင်းဟာ လျှို့ဝှက်ရေးအခြေခံပေါ်မှာ ဖွင့်လှစ်ခဲ့ကြရတယ်။ အဲဒီအခါတုန်းက လျှို့ဝှက်ရေးကျင့်သုံးရန်မှာ ထိပ်တန်းလိုအပ်ချက်ပဲ ဖြစ်တယ်။ ဖက်ဆစ်ဂျပန်များ၊ စစ်ပုလိပ်(ကင်ပေ) များ၊ ဖက်ဆစ်တို့၏လက်ပါးစေ ဗမာဖေါက်ပြန်ရေးသမားတို့ဟာ သူတို့အုပ်စိုးမှုကို အတိုက်အခံပြုမယ့် အင်အားစုများကို ဖေါ်ထုတ်ဖို့ နေ့မအား ညမအား လိုက်လံ ထောက်လှမ်းလျက်ရှိခဲ့တယ်။ တစ်နေရာရာမှ လျှို့ဝှက်မှု ပေါက်ကြားသွားပြီဆိုရင် တစ်နွယ်ငင် တစ်စင်ပါ နှိပ်ကွပ်ခံရတတ်တယ်။ ဒါကြောင့် လျှို့ဝှက်ရေးထိန်းသိမ်းမှုဟာ အသက်တမျှ အရေးကြီးခဲ့တယ်။ သခင်ဗဟိန်းက လျှို့ဝှက်ရေးထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံများကို အခြေခံလျက် စာတမ်းတစ်ခုပြုစုခဲ့တယ်။ “လျှို့ဝှက်ရေးကို မည်သို့ ကျင့်သုံးမည်နည်း” စာတမ်းဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ အလွန်အရေးပါတဲ့ လျှို့ဝှက်လက်စွဲတစ်ခုဖြစ်ခဲ့တယ်။ တောင်ငူခရိုင်တော်လှန်ရေးဌာနချုပ်ဟာ သခင်ဗဟိန်းနဲ့ ခွဲခွာမရခဲ့ဘူး။ သခင်ဗဟိန်းရှိတဲ့နေရာဟာ ခရိုင်ဌာနချုပ်ဖြစ်ပြီး ခရိုင်ဌာနချုပ်ဆိုရင် သခင်ဗဟိန်းရှိမှ ဖြစ်တယ်။ တော်လှန်ရေးအတွက် ပြင်ဆင်စ အချိန်မှာ ဖြူးမြို့နယ် စစ်တောင်းကမ်းပါးမှာရှိတဲ့ ကမ်းနားဘန်းလောင်းရွာမှာ လယ်ယာဦးကြီးမောင်နှံ ဦးစံဖြေ၊ ဒေါ်သန်းညွန့် ဇနီးမောင်နှံတို့ နေထိုင်ခဲ့ကြတယ်။ သူတို့အိမ်ဟာ နှစ်ထပ်တိုက်ခံဖြစ်ပြီး သူတို့မှာ သားသမီးမရှိကြဘူး။ အဲဒီအိမ်မှာ သခင်ဗဟိန်းတို့ လင်မယားဟာ ကိုထွန်းလှိုင် မသန်းမြင့် အမည်နဲ့ လျှို့ဝှက်နေထိုင်ခဲ့ကြတယ်။ သဘောတရားရေး စာတမ်းများကို အဲဒီအိမ်ကြီးရဲ့ အပေါ်ထပ်မှာ လက်နှိပ်စက်ရိုက်ပြီး စာကူးစက်နဲ့ မူပွားခဲ့ကြတယ်။ လက်နှိပ်စက်ရိုက်ရင် လက်နှိပ်စက်သံကို ရွာတွင်းဘေးအိမ်များက ကြားနိုင်တယ်။ အဲဒါကြောင့် လက်နှိပ်စက်ရိုက်သံမကြားရအောင် လက်နှိပ်စက်ကို မွေ့ယာပေါ်မှာ တင်ရိုက်ရတယ်။ မွေ့ယာပေါ်မှာတင်ရိုက်လို့ အသံအနည်းငယ်တိုးသွားခဲ့တယ်။ တစ်ချိန်တည်းမှာ အိမ်ပေါ်က လက်နှိပ်စက်ရိုက်တာနဲ့ အိမ်အောက်က စကောအတွင်းမှာ ပဲစေ့တွေကို ပုလင်းနဲ့ လှိမ့်ပေးရတယ်။ ပဲစေ့ကို ပုလင်းနဲ့ လှိမ့်တဲ့အသံနဲ့ လက်နှိပ်စက်သံ ရောသွားပြီး လက်နှိပ်စက်သံ ပျောက်သွားခဲ့တယ်။ အဲဒီလို လက်နှိပ်စက်ရိုက်နေတုန်းမှာ ပဲကို ပုလင်းနဲ့ လှိမ့်ပေးရတဲ့အလုပ်က ချွေးဒီးဒီးကျအောင် ပင်ပန်းလှပါတယ်။ အဲဒီတာဝန်ကို ဦးစံဖြေရဲ့ဇနီး မသန်းညွန့်က မမောမပန်း အမြဲတမ်းထမ်းဆောင်နိုင်ခဲ့တယ်။ ဒါဟာ ဖက်ဆစ်တော်လှန်ရေးမှာ ပြည်သူလူထုရဲ့ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိုက်တဲ့ သာဓကပါ။
တောင်ငူခရိုင်ကို သခင်ဗဟိန်းရောက်ရှိလာခဲ့ပြီး သဘောတရားအရ၊ လက်တွေ့အရ ကိုယ်ဖိရင်ဖိ ခေါင်းဆောင်နိုင်ခြင်းကြောင့် ဖက်ဆစ်ဆန့်ကျင်ရေးသဘောတရားဟာ လူထုအတွင်း နက်နက် ရှိုင်းရှိုင်း စိမ့်ဝင်ပျံ့နှန့်လာခဲ့တယ်။ တော်လှန်ရေးအင်အားသစ်တစ်ရပ်ဖြစ်ပေါ်တိုးပွားလာခဲ့တယ်။ လူငယ်လူရွယ်များ၊ အမျိုးသမီးများအတွင်း မှ ခေါင်းဆောင်များကို မွေးထုတ်နိုင်ခဲ့တယ်။ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းတိုင်းဟာ ပုန်းလျှိုးကွယ်လျှိုး လုပ်ကိုင်ရခြင်း၊ အချိန်ကိုလု၍ လုပ်ကိုင်ရခြင်းတို့ကြောင့် နိုင်ငံရေးသင်တန်းကို တစ်နေ့လျှင် ၁၂ နာရီအထိ အချိန်ယူသင်ကြားခဲ့ရတယ်။ သင်တန်းနေရာကိုလည်း ဖက်ဆစ်သူလျှိုတို့ရဲ့ အန္တရာယ်ကြောင့် တစ်နေရာမှာ ၁ဝ ရက် ၁၅ ရက် အလွန်ဆုံးဖွင့်ပြီးတာနဲ့ တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းဖွင့်လှစ်ခဲ့ကြရတယ်။ အဲဒါကြောင့် သင်တန်းနေရာအသစ်များကို ကြိုတင်ပြီး အစီအစဉ်တကျ ပြင်ဆင်ထားကြရတယ်။ တစ်နေ့လျှင် ၁၂ နာရီလုံးလုံး နိုင်ငံရေး လေ့လာရခြင်းမှာ မလွယ်ကူလှဘူး။ ပင်ပန်းလွန်းလှတယ်။ ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်။ ဒါ့ကြောင့် သင်တန်းတက်နေစဉ်ကာလအတွင်း တစ်နေ့ကို နှစ်ကြိမ် အဆောက်အအုံအတွင်းမှာ ကျန်းမာရေးလေ့ကျင့်မှုကို ပြုလုပ်ကြရတယ်။ သခင်ဗဟိန်းရောက်ရှိခဲ့ပြီး သဘောတရားရေးသင်တန်းများကို အနှံအပြားပေးစွမ်းနိုင်မှုကြောင့် နိုင်ငံရေးသင်တန်းတက်ပြီး ရောဂါဝေဒနာဖိစီးခြင်းကို ခံနေခဲ့ရတယ်။ သခင်ဗဟိန်းဟာ တောင်ငူခရိုင် စစ်ရေးတာဝန်ခံဖြစ်သလို ဇေယျဝတီ၊ ဖြူး၊ ကညွတ်ကွင်း နယ်များရဲ့ တိုက်ခိုက်ရေးတာဝန်ခံလည်း ဖြစ်ခဲ့တယ်။ ဖက်ဆစ်တို့ကို တော်လှန်တိုက်ခိုက်ရာမှာ ထင်ရှားတဲ့ တိုက်ပွဲများကတော့ ကွင်းချောင်းဝတိုက်ပွဲ၊ ရှမ်းကုန်းတိုက်ပွဲ၊ ယင်းတိုက်စိမ့်တိုက်ပွဲ၊ ရေအိုးစင်တိုက်ပွဲ၊ ဆင်ပချပ်တိုက်ပွဲများပဲ ဖြစ်ကြတယ်။ တောင်ငူပြောက်ကျားတို့၏ အောင်ပွဲကို အောက်ပါ စာရင်းဇယားအရ ကြည့်ရင် သိသာထင်ရှားပါတယ်။
တိုက်ပွဲကာလ – ဧပြီလ ၂ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ။
ရန်သူအကျအဆုံး – ၇၁၅၉ ယောက်
ရန်သူဒဏ်ရာရ – ၂၇၇၃ ယောက်
သုံ့ပန်း – ၅၃၈ ယောက်
မိမိဘက်မှ ကျဆုံး – ၆ရ ယောက်
ဒဏ်ရာရ – ၆၅ ယောက်
သိမ်းဆည်းရမိသောလက်နက်များ – အမြောက် ၂ လက်နှင့် အမြောက်ဆန်များ။
အင်္ဂလိပ်၊ ဂျပန်၊ ဂျာမဏီ လက်နက်မျိုးစုံ ၂၉၀ဝ လက်။ ဝိုင်ယာလက်စက်တစ်စုံ၊ တယ်လီဖုန်းကိရိယာများ၊ မှန်ပြောင်းနှင့် ဆေးပစ္စည်းများ၊ စစ်မြင်းများ ဆင်များ စသည်တို့ကို သိမ်းပိုက်ရရှိခဲ့ကြတယ်။
ဖက်ဆစ်တော်လှန်ရေးမှာ တောင်ငူပြောက်ကျားများရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါကြောင်း သမိုင်းက သက်သေခံနေပါတယ်။ အဲဒီလို ဖက်ဆစ်တော်လှန်ရေးမှာ တောင်ငူပြောက်ကျားတို့ရဲ့ အောင်ပွဲအလီလီ ဆင်နိုင်ခြင်းဟာ-
(၁) အမျိုးသားစည်းလုံးညီညွတ်မှုကို အထွတ်အထိပ်ရောက်အောင် မြှင့်တင်နိုင်ခဲ့ခြင်း။
(၂) လူထု၏ အစွမ်းအစကို ဖေါ်ထုတ်နိုင်ခဲ့ခြင်း။
တို့ကြောင့်ဖြစ်ပါတယ်။ လူထုကြီး စည်းရုံးလာမိသည်နှင့်အမျှ ဖက်ဆစ်တိုက်ဖျက်ရေးကို မိမိတို့ မလုပ်မဖြစ်သော အလုပ်အဖြစ် သဘောပေါက်လာက လူထုက ဖက်ဆစ်တို့ကို ကိုယ်အစွမ်းကိုယ့်အစနဲ့ တော်လှန်ခဲ့ကြခြင်းဖြစ်တယ်။ လူထုတော်လှန်ရေးကြီးတစ်ခုဖြစ်ခဲ့တယ်။ လူထုကိုစည်းရုံး၊ လူထုရဲ့စွမ်းရည်ကိုမြှင့်တင်၊ လူထုအောင်ပွဲကိုရယူ အစရှိတဲ့ လူထုနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု၊ လူထုနဲ့ ပတ်သက်တဲ့ အောင်မြင်မှုတို့ကို တောင်ငူခရိုင်မှာ ရယူနိုင်ခဲ့ခြင်းဟာ ဖက်ဆစ်တော်လှန်ရေးနဲ့ပတ်သက်တဲ့ သဘောတရားတွေကို လူထုကလက်ခံလာအောင်၊ လူထုက ယုံကြည်လာအောင်၊ လူထုက အသက်စွန့်လုပ်ကိုင်လာအောင် ဆောင်ရွက်ခဲ့တဲ့ သခင်ဗဟိန်းရဲ့ ဆောင်ရွက်ချက်ကြောင့်ဆိုရင် လုံးဝမမှားနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သမိုင်းက လက်ခံနေလို့ပါပဲ။
အောင်မြင့်ဦး (မဟာဝိဇ္ဇာ)
၂၀၁၂ ခုနှစ် မတ်လထုတ် ရနံ့သစ်မဂ္ဂဇင်းပါ ဆောင်းပါး။
မှီငြမ်းသော အထောက်အထားများ
၁။ သခင်တင်မြ – ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်းဆယ်တိုင်း။
၂။ သခင်နု – ငါးနှစ်ရာသီ ဗမာပြည်။
၃။ သခင်ဗဟိန်း – ဓနရှင်လောက။
၄။ ရဲဘော်မြ – ပြည်သူ့ရဲခေါင်ပြောက်ကျား။
၅။ တို့ဗမာအစည်းအရုံးသမိုင်း (ဒုတိယတွဲ)
18 comments
ကြောင်ကြီး
March 26, 2012 at 10:20 am
ဦးနေဝင်းကို မယုံတဲ့ ဗိုလ်ချုပ်အောင်ဆန်းက သခင်ဗဟိန်းကို စစ်ဦးစီးချုပ်ရာထူး ပေးခဲ့တယ်။ ဒါကို ကူမြူနစ်ပါတီ (သခင်သန်းထွန်းထင်တယ်) က အပြင်းအထန် ကန့်ကွက်လို့ ရာထူးအမိန့် ပြန်တမ်းထုတ်ပြီးမှ ပြန်ရုတ်သိမ်းခဲ့ရတယ်လို အင်တာနက်စာ တပုဒ်မှာ ဖတ်ဖူးတယ်။ ကျနော် ကွန်းမန့်တခုမှာလည်း ထည့်ရေးဖူးတယ်။ လင့်ခ်တောင် တွဲထည့်ပေးထား သလားမသိဘူး။ အဲဒီအကြောင်းကို လက်ဝဲဆရာများ ရေငုံနှုတ်ပိတ်နေဂျတယ်၊ မသိလို့လား မသိချင်တာလား တခုခုပဲ။။။
Ko SetPe
March 27, 2012 at 7:04 pm
ရန်ကုန်ကို ဗမာ့တပ်မတော်က သိမ်းလိုက်ကြောင်း အသံလွှင့်တဲ့အချိန်မှာ ဦးနေဝင်းက စစ်ဦးစီးချုပ်လို့ဆိုပြီး ရာထူးထဲ့ထားတာကို အထင်လွဲနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဦးနေဝင်းကို တပ်ကနေထွက်ခိုင်းပြီးတော့ သခင်ဗဟိန်းကို ကာနယ် (ဗိုလ်မှူးကြီး) ရာထူးနဲ့ စစ်ရုံးကို သတင်းပို့ဖို့ အမိန့်ထုတ်ခြင်းဖြစ်ပါတယ်။ ဒီအချိန်မှာ မြေနီကုန်း မြေနုလမ်းမှာနေတဲ့ သခင်ဗဟိန်းဟာ ငှက်ဖျားမိပြီးဖျားနေပါတယ်။ သူ့ကိုပြုစုစောင့်ရှောက်နေတဲ့ ရဲဘော်ချစ်ကောင်းကို သခင်သန်းထွန်းထံ အကျိုးအကြောင်း သတင်းပို့ဖို့ လွှတ်လိုက်တဲ့အခါ သခင်သန်းထွန်းက ဗိုလ်ချုပ်အောင်ဆန်းဆီကို ချက်ချင်းသွားတွေ့ပြီး သခင်ဗဟိန်းကို ကွန်မြူနစ်ပါတီက မပေးနိုင်ကြောင်း ပြောပါတယ်။ သမိုင်းမှာ အမှတ်မမှားအောင်လို့ပါ။
blackchaw
March 26, 2012 at 10:24 am
ကိုကြောင်ကြီးရေ။
သခင်ဗဟိန်းက ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က စစ်ဦးစီးချုပ် ရာထူးပေးခြင်းခံရတယ်ဆိုတော့
နည်းတဲ့ သမိုင်းမှ မဟုတ်တာဗျာ။
အခု အဲဒီလူကြီးရဲ့ သမိုင်းကို သိချင်လို့ ဘယ်မှာရှာရမှန်းတောင်မသိကြတာ
သွေးရိုးသားရိုးလား။ ဒါမှမဟုတ် သမိုင်းထဲက ဖျောက်ထားကြတာလား။
စဉ်းစားစရာကြီးဗျာ။
ဦးဦးပါလေရာ
March 26, 2012 at 10:36 am
တော်တော် အပန်ပန်းခံပြီး ရှာထား ဆွဲထုတ်ထားကြောင်း လေးစားစွာအသိအမှတ်ပြုလိုက်ပါတယ်။
တော်လှန်ရေးအပြီး သခင်ဗဟိန်းရဲ့ အမည်နဲ့ ရုပ်ပုံလွှာ ပျောက်သွားတာတော့ စိတ်ဝင်စားစရာပါ။
ဦးနုနဲ့မတည့်တော့လို့ လို့ သူများပြောတာတော့ သိပ်မယုံချင်ပါဘူး။ သို့သော်လဲ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက်မှာ ဦးနုဟာ မြန်မာပြည်သားအများစုရဲ့ ယုံကြည် အားကိုး လေးစား ခံရတဲ့ ၊ လက်ညှိုးညွှန်ရာ ရေဖြစ်သလောက် ဩဇာကြီးတဲ့ အချိန်တခုကို ပိုင်ဆိုင်ခဲ့ဘူးပါတယ်။ မြန်မာနိုင်ငံရဲ့ ကနဦးသမိုင်းသစ်ကို ဇတ်ရုပ်ရွေး နေရာချ ဒါရိုက်တာ လုပ်နိုင်ခဲ့ပါတယ်။ ဒီသံသယက ဘာကြောင့်ဖြစ်လာလဲဆိုတော့ သခင်သန်းထွန်း သခင်စိုးတို့တော့ ရှေ့မျက်နှာစာတက်လာပြီး မြန်မာပြည်အကွဲအပြဲအတွက် အရေးအပါဆုံးဇတ်ကောင်တွေ ဖြစ်လာတာကိုး။
blackchaw
March 26, 2012 at 4:34 pm
ကိုပါလေရာကြီးရေ။
ဒီပို့စ်ကို ဖတ်သွားတယ်ဆိုတာနဲ့တင် ကျေးဇူးတင်ပါပြီခင်ဗျာ။
သခင်ဗဟိန်းက ဗိုလ်ချုပ်ထက် ၂ နှစ်လောက်တော့ ငယ်မယ်ထင်ပါတယ်။
ကျောင်းသားသမဂ္ဂမှာ ဥက္ကဌ လုပ်ခဲ့တယ်ဆိုတော့ သူ့အရည်အချင်းကို
လျှော့တွက်လို့တော့ မရပါဘူး။
သူ လွတ်လပ်ရေးရပြီး နောက်ပိုင်း ဘယ်ရောက်သွားသလဲ။
ဘာလို့ သမိုင်း ပျောက်သွားရတာလဲ။
အဲဒါလေး သိတဲ့လူတွေများ ရှိရင် သိချင်မိပါတယ်။
ဆိုတော့ လွမ်းတာတောင် သူများနဲ့မတူအောင်လွမ်းတယ်ပြောရင်
ခံရမှာပါပဲဗျာ။
ကျွန်တော်တော့ သခင်ဗဟိန်း ကြီးကို လွမ်းပါတယ်။
အထူးသဖြင့် မနက်ဖြန်မှာ ကျရောက်မယ့် သူတို့အခေါ်
တပ်မတော်နေ့၊ သမိုင်းကြောင်းအရ တော်လှန်ရေးနေ့မှာ
လူမသိသူမသိ သမိုင်းကြောင်းပျောက်သွားရှာတဲ့
သခင်ဗဟိန်းကြီးကို လွမ်းလိုက်ပါတယ်ဗျာ။
San Hla Gyi
March 27, 2012 at 4:57 am
ကို blackshaw ရေ
ဗမာ့လွတ်လပ်ရေး တပ်မတော် (B.I.A) ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တည်ထောင်ပါတယ်။ ကိုဗဟိန်းဟာ ဗမာပြည် ကွန်မြူနစ်ပါတီကို စတင်တည်ထောင်သူ တစ်ဦးဖြစ်ပြီး နောင်ဗဟိုကောင်မတီဝင် ဖြစ်ပါတယ်။
ဖက်ဆစ်တော်လှန်ရေး ကာလမှာ ကိုယ်တိုင်ကာဘိုင်လွယ်ပြီး လက်တွေ့စစ်မြေပြင်မှာ တိုက်ခိုက်ပါတယ်။ တောင်ငူခရိုင်ထဲက ရဲခေါင်ပြောက်ကျားတွေရဲ့ တိုက်စွမ်းရည် ကြီးမားခဲ့ပါတယ်။
စစ်ပြီးတော့ သူ့ရဲ့ နှလုံးရောဂါ အခြေအနေကြောင့် မန္တလေး ဆေးရုံကြီးမှာ တက်ရောက်ကုသနေတုန်း ဖဆပလက ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်ပါတယ်။ သူဟာ ကွန်မြူနစ်ပါတီနဲ့ ဝါဒအပေါ် အလွန်သံယောဇဉ် ကြီးခဲ့ပတယ်။
ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ သူ့ကို သတင်းစာ ပေးမဖတ်ပါဘူး။ တစ်နေ့တော့ ပေါင်မုန့်ထုပ်တဲ့ ပြည်သူ့ဟစ်တိုင် သတင်းစာအဟောင်းတစ်ရွက်မှာ အဲဒီအကြောင်းကို ဖတ်မိသွားရာက ရောဂါအခြေအနေ ဆိုးလာပြီး ၁၉၄၆ ဒီဇင်ဘာ ၂ဝ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။
ဗိုလ်ချုပ်က မန္တလေး လာတုန်းက သူ့ကို ဝင်တွေ့ဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ သူက ကိုအောင်ဆန်းလာလျှင် သူမတွေ့ချင်ဘူးလို့ ပြောပါတယ်။ (အဲဒီ ကိစ္စကြောင့်) ဒါပေမဲ့ ဗိုလ်ချုပ်လာတော့ သူကွယ်လွန်ရှာပါပြီ။ သူ့ဈာပနမှာ ဗိုလ်ချုပ်အောင်ဆန်း မျက်ရည်တွေ ဝဲနေခဲ့တယ်လို့ ဆိုပါတယ်။ ဦးနုအစိုးရ လွတ်လပ်ရေးရပြီး နောက်မှာ သခင်ဗဟိန်းကို လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ကြောင်ကြီး
March 27, 2012 at 11:07 am
ဗကပနဲ့ အနီးကပ် သမိုင်းကြောင်းရှိလို့ တမင်တကာ သမိုင်းကြောင်း အဖျောက်ခံထားရတယ်လို့ ယူဆပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလည်း သူ့လိုပဲ ဗမာပြည်ကူမြူနစ်ပါတီ တည်ထောင်သူတဦး ဖြစ်ခဲ့ပါတယ်၊ သို့ပေမဲ့ နောက်ပိုင်းမှာ ဖဆပလခေါင်းဆောင်အဖြစ် ပြောင်းလဲသွားပြီး ဗကပနဲ့ ခွာပြဲခဲ့တယ်။ ဦးနုဖဆပလမှ ဦးနေဝင်း မဆလခေတ်အထိ ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်ကို နိုင်ငံရေးအမြတ်ထုတ် ကစားကြတယ်။ သခင်ဗဟိန်းကြတော့ သေတဲ့အချိန်အထိ ကူမြူနစ်ခေါင်းဆောင်အဖြစ်သေခဲ့တော့ အစိုးရပေါ်လစီအတွက် သုံးမရဘူးပေါ့။
amatmin
March 26, 2012 at 5:10 pm
ကိုဘလက်ရေ…
ကျနော်တို့ ငယ်စဉ်က ကြားခဲ့ရတဲ့စကားတခွန်း..
” မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် ” ဆိုပြီးပြောခဲ့တဲ့
ပုဂ္ဂိုလ်ကြီးအကြောင်းကို.. ကိုဘလက် ပို့စ်လေးဖတ်အပြီးမှာ ကျနော်လည်း ဝင်လွမ်းသွားပါ၏..
koaung
March 26, 2012 at 5:30 pm
ကိုဘလက်ရေ ရှာရှာဖွေဖွေလေးနဲ့ပြည့်စုံစွာတင်ပြသွားတာကျေးဇူးပါ (လက်မလေးထောင်ပေးခဲ့ပါကြောင်း)
Khaing Khaing
March 26, 2012 at 6:00 pm
လေးလေးဘလက်ရေ အားပေးနေပါတယ် လေးပို့စ်တွေကို အများကြီးတော့မဖတ်နိုင်တော့ဘူး …..
metallic
March 26, 2012 at 8:44 pm
ဆရာကြီး ဒဂုန်တာရာများသိလေမလားပေါ့ ?
ရွာစားကျော်
March 26, 2012 at 9:42 pm
လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်ကိုတောင် ပျောက်အောင် လုပ်ချင်နေကြတာကိုးဗျ..
ပြောရရင် ဘို့ တစ်ဘို့တည့်ရှိတဲ့ အာဏာရူးတွေရဲ့ အတ္တကြောင့်ပဲပေါ့..
အဲဒီလို လွတ်လပ်ရေးကြိုးပမ်းမှုမှာ စွမ်းဆောင်ရည်မြင့် သခင်တစ်ယောက်၊ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်တဲ့ ကိုဗဟိန်းကို သမိုင်းဖျောက်ထားလိုက်တော့ လူထုကြားမှာ သူ မွေးဖွားပေးခဲ့ဖူးတဲ့ တော်လှန်ရေး သဘောတရားတွေ၊ သူပြပေးခဲ့တဲ့ အာဏာရှင်စနစ်လက်အောက်က လွတ်မြောက်လမ်းတွေ၊ ပြည်သူ့အားကိုအခြေခံတဲ့ စစ်၏နည်းသစ် ဆိုတဲ့ အတွေးအခေါ်တွေပါ မှေးမှိန်ကုန်တော့တာပေါ့ဗျာ..
အာဏာရှင်စနစ် အသက်ရှည်အောင် အကွက်ကျကျ ဖျောက်ထားတာလို့ထင်တယ်
ဒီဘက်ခေတ်မွေးလာတဲ့ ကျနော်တို့လိုလူငယ်လေးတွေ အသိမှာ သခင်ဗဟိန်းဆိုတာ
” မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် ” ဆိုပြီးပြောခဲ့တဲ့ ရဲရဲတောက်ကျောင်းသား၊ သခင်ခေါင်းဆောင် တစ်ယောက်ဆိုတာလောက်ပဲ မူလတန်းဖတ်စာထဲပါလို့ထင်တယ် သိထားတာ။ သူ့စွမ်းရည်၊ သူ့သဘောတရား ဆိုတာ ဝေလာဝေးပေါ့..
ခုလို စေတနာကောင်းနဲ့ ပြန်လည်တင်ပြပေးတဲ့ ဘဘဘလက်ကိုရော၊ မူရင်းဆောင်းပါးရှင် ဆရာအောင်မြင့်ဦး (မဟာဝိဇ္ဖာ) ကိုရော အထူးပင်ကျေးဇူး တင်ရှိပါတယ်ဗျာ..
ကမာ္ဘမှာ အာဏာရှင်စနစ် အမြန်ဆုံး အမြစ်ပြတ်ပါစေလို့ ဆုတောင်းရင်း..
Khin Latt
March 27, 2012 at 3:34 am
အရင်တုန်းက ကိုယ်နဲ့ မဆိုင်သလို နေခဲ့မိလို့ မသိရတဲ့ သမိုင်းလေးတွေ ကို သိခွင့်ရလိုက်လို့ ကျေးဇူးပါရှင်။
တကယ်တန်ဖိုး ရှိတဲ့ အကြောင်းလေးတွေပါဘဲ။
အရင်တုန်းက မတ်လ ၂ရ ဆိုရင် ဦးဝိဇာရလမ်း ပေါ်မှာ စစ်ရေးပြတဲ့ အထဲ ကိုယ့်အသိမပါ ဘဲနဲ့ကို ပျော်ပျော်ပါးပါး သွားခဲ့ဘူးတယ်။
နှမြောဖို့ကောင်းတဲ့ Timeline လေးတစ်ခုပါဘဲ။ 🙁
ပြည်သူ/သား တွေ နဲ့ စစ်သား တစ်သားထဲ ပြန်ဖြစ် ချိန်အတွက် ကျွန်မတို့ ဆုတောင်းကြတာပေါ့။
kai
March 27, 2012 at 4:31 am
“မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်”
အဲဒီကြွေးကျော်သံရဲ့.. အားမာန်ကို ရှင်ပြချင်တာပါ..။ အယ်လ်အေမှာ.. ရှိတဲ့.။. ဗင်နစ်စ်ဆိုတဲ့..ကမ်းခြေမြို့ကလေးရှိတယ်..။ အဲဒီမှာ.. အရင်နှစ်တွေ(၁၉၉၃) က..ဂိုဏ်းတွေ.. အဓိဂရုန်းဖြစ်ဖူးတယ်..။ အဲဒီအရှိန်နဲ့.. အခုထိ.. ဗင်နစ်စ်ဘိချ်က.. ညနေဆို.. ပိတ်ရပြီလေ..။ ရဲတွေကဆိုင်တွေလိုက်ပိတ်ခိုင်းတယ်..။
.. အဲဒါ..အခုထိ.. သွားလည်ရင်.. (တခါတလေ) အဓိဂရုန်းနှိမ်နင်းတဲ့… ရဲတွေက.. မြင်းတွေစီးပြီး.. လုတွေလိုက်ကြည့်စောင့်လျှောက်နေတာ…ခင်ဗျ..။
မြင်းက.. တော်တော်မြင့်တာ.. ၆ပေလောက်ရှိတယ်..။
အဲဒီအပေါ်ကနေ.. နံပါတ်တုတ်ကိုင်ထားတဲ့..ရဲပုလိပ်ကြည့်ရတာ.. ဖြုံချင်စရာကြီးပေါါ..
တိရိစ္ဆာန်က စိတ်ရူးပေါက်လို့.. ခွာနဲ့ပေါက်ရင်လည်း.. သေနိုင်တယ်လေ..။
အဲဒီမြင်းနဲ့.. လူအုပ်ထဲမောင်းဝင်ပြီး.. လူတွေအပေါ်ကနေတုတ်နဲ့..ရိုက်လို့ကတော့.. ပွဲပြတ်နိုင်ပါတယ်.။
အဲဒါကြည့်ပြီး… “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” ဆိုတဲ့.. အာခံတဲ့.. စကားရဲ့.. အင်အားတွေးမိတာပဲ..
မြန်မာပြည်ရဲ့..ကိုလိုနီအင်္ဂလိပ်ခေတ်က.. ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်လည်း..ရန်ကုန်မှာ.. မြင်းစီးစစ်ပုလိပ်တွေရိုက်လို့.. ကျတာပဲ..
အဲဒီခေတ်က.. မြင်းစီးစစ်ပုလိပ်တွေဟာ.. တော်တော်ရွံကြောက်စရာတွေဖြစ်ပါလိမ့်မယ်..
ဒါကို..
“မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” နဲ့..အံတုတာ…
ကြက်သီးထစရာပါ…။
=
pooch
March 27, 2012 at 4:40 pm
ကိုဘလက်ရေ ဒီရက်ပိုင်း မီးပျက်ပျက်နေလို့ ကောင်းကောင်းမဖတ်နိုင်ဘူး။ ဖတ်လည်း စောင့်ရတဲ့ အချိန်နဲ့ ဆိုတော့ လက်ပကျွတ်လေးက အားကုန်ကုန်သွားလို့ အများကြီး ဖတ်မရလို့ ဒီနေ့မှ ဖတ်ရတယ်။ ကိုယ်မသိသေးတာလေးတွေလည်း အများကြီးသိလိုက်ရတယ်။
padonmar
March 27, 2012 at 8:37 pm
ကိုဘလက်ရေ
ဂယနဏ မသိခဲ့ရတာတွေ စိတ်ရှည်ရှည်တင်ပေးလို့သိရတာ ကျေးကျေး။
အရင်ကနိုင်ငံရေးသမားတွေက ရာထူးမမက်ဘူးဆိုတာလေးလည်း မှတ်သားလိုက်ရပါတယ်။
နေဝန်းနီ
March 27, 2012 at 10:20 pm
“မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” ဆိုတဲ့ စကားက ကျောင်းသုံးသမိုင်းစာအုပ်တွေမှာလည်းပါတယ်ဗျ…။ ကျုပ်လည်း အဲဒိလူကြီး သမိုင်း ကိုသိချင်လို့ လိုက်ဖွဖူးတယ်…။ ကိုဘလက်ပြောသလောက်ပြည့်ပြည့်စုံးစုံမတွေ့ပါဘူး…။ ကျုပ်ဆရာတစ်ယောက်ပြောသလိုပဲ…။ ငါတို့ဆီက လူစွမ်းကောင်းပေါ်ရင် ကွပ်မျက်ခံရတာများတယ် ..။ ဘုရင်ခေတ်တုန်းကပြောပါတယ်…။
blackchaw
March 29, 2012 at 1:32 pm
သခင်ဗဟိန်းနဲ့ ပတ်သက်ပြီး ပြောပြပေးကြတဲ့ ရွာသူားတွေအားလုံးကို
ကျေးဇူးတင်ပါတယ်ဗျာ။
တန်ဘိုးရှိသော မြုတ်နေသော သမိုင်းကြောင်းလေးတွေကိုပါ သိလိုက်ရတဲ့အတွက်
ပို့စ်တင်ရကျိုးနပ်ပါတယ်။
ကျေးဇူးပါဗျို့။