အကျဉ်းစံ
ဒီမြေပေါ်က ထွက်သွားချင်တယ်။
များပြားလှတဲ့ သပွတ်အူသံယောဇဉ်ချည်မျှင်တွေနဲ့
ထာဝရထက် အနည်းငယ်ပိုဝေးစေမယ့်နေရာကိုပေါ့။
တစ်ပေါက်ဆို တစ်ပေါက်လောက်ပါပဲ…….
မျက်ရည်စဟာ
ငါ့ကမ္ဘာကို ခပ်ကြမ်းကြမ်းကိုင်လှုပ်တယ်။
” ဒီနှစ်နွေက အတော်ပူတာပဲ ”
ရင်ထဲက အပူရှိန်က အဲ့ဒီအသံကို လှောင်ရယ်နေခဲ့။
ဝေးတယ်…..
ဝေးရဲ့……….
ဝေးမယ့်………လွင်ပြင်တစ်ခုဆီ
တစ်တီတီမြည်တဲ့ ချိန်ကိုက်ဗုံးက
“အုန်း”…….ခနဲ………………………
ပုရစ်တွေ စီစီဝေဝေညံ
ရမ္မက်ဇောတွေ တပွက်ပွက်အန်တယ်။
အမှန်တရားဟာ ပင်ပန်းနေပါပြီ
အမှုတော်ကို ထမ်းရွက်ပါ့မယ်….ဆိုပေမယ့်
သခင်မဟာ
ယခင်ဘဝရဲ့ ရင်းနှီးမှုကို မျက်ကွယ်ပြုတယ်။
မီးတွေ တဟုန်းဟုန်းတောက်လောင်
တောင်တောင်တွေ တဝုန်းဝုန်းပြုန်းတီး
ထားခဲ့ပြီး ထွက်ခွာသွားမလား……
ထွက်ခွာသွားပြီး….ထားခဲ့ပါမလား…..။
နင်နဲ့ငါ့အကြား
အဆုံးအဖြတ်တစ်ခုသာ ခြားထားတယ်
သနားစရာမရှိခဲ့ဘူး
အရူးဟာ မူးသွားတဲ့အခါ
ဆူးကိုလည်း ခန္ဓာမှာလူးတတ်တယ်
တို့အချစ်ကတော့
လုံးဝ ထူးမလာခဲ့လေဘူး။
တကယ်ပါ……
တကယ်ပါ ဆောင်းအလွမ်းရယ်
ခြေစုန်ကန်သော မေတ္တာတရားနဲ့
လေဟုန်ဆန်သော သစ္စာတရားအလယ်……
ဒီမြေပေါ်က ထွက်သွားချင်တယ်……။ ။
ဥက္ကာကိုကို
28,3,2010