ဆန့်ကျင်ဘက် နိုင်ငံရေးပါတီ တို့၏ ချိန်ခွင်ရှာ ဒွန်တွဲပြောင်းလဲခြင်းမှ ရရှိလာမည့် ရလာဒ် ပေါ်ထွက်လာရေး (ဝါ) Partisanship
အမှန်ဆိုရလျင် ပြီးခဲ့သော ဧပြီ (၁)ရက်နေ့မှ ပေါ်ထွက်လာသော အမျိုးသားဒီမိုကရေစီ ၏ရွေးကောက်ပွဲ အပြတ်အသတ် အောင်မြင်မှုရလာဒ်သည် မြန်မာ့သမိုင်းစာမျက်နှာသစ်တစ်ရပ်ကို မြန်မာလူထုအတွက် မွေးဖွားလိုက်ခြင်းပင်ဖြစ်သည်။ ယင်းအောင်မြင်မှု နှင့်အတူ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သိက္ခာရှိသော အောင်မြင်မှု ကိုထိန်းသိမ်းပါ ဟူသော လမ်းညွှန်ချက်က အရွေးချယ်ခံ အမတ်အသစ်စက်စက် များ၏ ဂုဏ်ပုဒ်ကို ပိုမိုမြင့်မားသွားစေသလို၊ နိုင်ငံ၏ဒီမိုကရေစီရေး ကြိုးပမ်းမှုဂုဏ်ဒြပ်ကို နိုင်ငံတကာအလယ်တွင် မြှင့်တင်ပေးရာလည်းရောက်သွားပေသည်။
မြန်မာ့နိုင်ငံရေးကို သမိုင်းကြောင်းနှင့်ချီပြီးပြောရသော် ဥပဒေပြုလွှတ်တော်တွင် မူဝါဒချင်းမတူညီသော အတိုက်အခံပါတီ အနည်းဆုံးနှစ်ခု၏ ပါဝင်လာသော အရေးကိစ္စကား ကြီးမားသော နိုင်ငံရေးရေစီကြောင်းအပြောင်းအလဲကြီးတရပ်ဖြစ်သည်။ “ဖဆပလ” အစိုးရ လက်ထက် ရှိခဲ့သော တည်မြဲ နှင့် သန့်ရှင်း ပါတီကြီးနှစ်ရပ်၏တရားလွန်အားပြိုင်မှုက နိုင်ငံကိုစစ်အာဏာရှင်စနစ်ဆီသို့ ဆွဲယူ ဦးတည်သွားစေသော အကြောင်းတရားအရင်းခံဖြစ်ခဲ့သည်။ လွှတ်တော်တွင်း ဒီမိုကရေစီ ကျင့်စဉ်၏အနှစ်သာရတရပ်ကား မတူညီသော အတွေးမြင်များထဲမှ၊ လူထုကိုလက်တွေ့ အကြိုးပြုစေနိုင်မည့် common ground ကိုမရအရရှာဖွေတွေ့နိုင်အောင်၊ နှစ်ဦးနှစ်ဖက်ညှိနှိုင်းရခြင်းဖြစ်သည်။ ယင်း bipartisanship သဘောတူညီချက်ကို ရအောင်အဖြေရှာရသော အားထုတ်ကြိုးပမ်းမှုကို အမေရိက ကဲ့သို့နိုင်ငံကြီးများပင်လျင် လက်မြှောက်အရှုံးပေးရသည့် အချိန်များ ဒုနှင့်ဒေးပင်။ အာဃာတရှိတတ်သူတွေ တန်းစီပြပါဆိုလျင် နိုင်ငံရေးသမားများက ထိပ်ဆုံးမှ နေရာယူမည်မှာမလွဲဧကန်ပင်။ ထိုအာဃာတများက အများစုလူထုကို အတိဒုက္ခရောက်စေနိုင်သော၊ ရောက်စေခဲ့သော အခြေအနေများဖန်တီးပေးနိုင်သလို၊ လူထု၏ယုံကြည်ကိုးစားမှုကို လျောပါးပျောက်ကွယ်သွားစေနိုင်သည်။ အဆိုးဆုံးကား လူထုက အစိုးရနှင့်လွှတ်တော်အပေါ်ကြောခိုင်းသွားနိုင်ခြင်းပင်ဖြစ်သည်။
တနှစ်သား မြန်မာအစိုးရ၏ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုများကိုကြည့်ပါက အမေရိကနှင့်ဥရောပနိုင်ငံများကပင် ဩချရသောအခြေတွင်ရှိနေပေပြီ။ အံ့ဩဘွယ်ကောင်းသည်မှာ ငြင်သာသိမ်မွေ့သော အပြောင်းလဲများအဖြစ်ယခုတိုင်တွေ့နေရခြင်းမှာ ချီးမွန်းအံ့ဩဘွယ်ပင်။ အကြွင်းမဲ့အာဏာရှင်စနစ်ကြားထဲမှ နိုးထလာသော ပြုပြင်ပြောင်းလဲမှု အရှိန်စည်းချက်မှန်ကန်လာရေးက အရေးတကြီးလိုအပ်သော ကိစ္စတရပ်လည်းဖြစ်လာသည်။
အရေးကြီးသည့်အချက်ကား အစိုးရတွင်း၊ အစိုးရနှင့်လွှတ်တော်အတွင်း၊ လွှတ်တော်တွင်းအမတ်အချင်းချင်း၊ လွှတ်တော်၊ အစိုးရ နှင့်လူထုအတွင်းအချင်းချင်း ယုံကြည်မှုတည်ဆောက်နိုင်ဘို့အရေးကြီးလှပေသည်။ တဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ ကြား အမြင်မစောင်းဘို့၊ မလိုလားအပ်သော အားပြိုင်မှုများ မဖန်တီးမိဘို့ လွန်စွာအရေးကြီးသောကာလတွင်းသို့ရောက်ရှိနေပေပြီ။
နောက်အရေးကြီးသောအချက်ကား မောင်မိုးညိုအပါအဝင် ပြည်တွင်းပြည်ပမြန်မာတိုင်းရင်းသားလူမျိုးပေါင်းစုံ တို့က မျက်မှောက်နိုင်ငံရေးလောကတွင်း အပြန်အလှန်ဆွေးနွေးခြင်း၊ သဘောတူညီချက်မရရှိသော အခြေအနေများကို ခွာပြဲကြပြီဟု လွဲမှားစွာအဓိပ္ပါယ်မကောက်ယူမိကြဘို့ လွန်စွာအရေးကြီးသော အချိန်အခါဖြစ်ပါသည်။ သာဓကအနေဖြင့် – ဥပဒေကြမ်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ပို့လွှတ်ရေး ကိစ္စ၊ ဝန်ထမ်းများလစာတိုးပေးရေးကိစ္စ၊ လွှတ်တော်ဆိုင်ရာအဖွဲ့အစည်းများကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအဖြစ်သတ်မှတ်ရေးကိစ္စ၊ စသည်တို့တွင် လွှတ်တော်အထက်အောက်အချင်းချင်း၊ လွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ကြားသဘောတူညီမှုမရခြင်းစသော ကိစ္စများဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်အချို့တင်သွင်းလာသော ကိစ္စရပ်များပယ်ချခံရခြင်း ကိစ္စအချို့ကိုလည်းစတင်တွေ့ရှိလာရပြီဖြစ်ပါသည်။
ယင်းသာဓကများကိုလူထုနှင့်နိုင်ငံတကာက မြန်မာ့နိုင်ငံရေးလောကအတွင်းအကွဲအပြဲများအဖြစ် အဓိပ္ပါယ်မဖွင့်ဆိုမိကြရန် အလွန်အရေးကြီးသောအခ ျိန်၊ အတိမ်းအစောင်းမခံသော အချိန်သို့ရောက်ရှိနေပါသည်။
Partisanship ၏အဓိပ္ပါယ်ကား မူဝါဒချင်းမတူညီကြသော နိုင်ငံရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကြား အပြန်အလှန်ဆွေးနွေးအဖြေရှာပြီး၊ လူထုအတွက် လက်တွေ့ကျကျ အကြိုးရှိမည့်အစီအမံ၊ လုပ်ငန်းရပ်များ အချိန်တိုတိုအတွင်း ဖေါ်ထုတ်ပေးနိုင်ခြင်းပင်ဖြစ်သည်။ အချိန်ဆွဲသည်နှင့်အမျှ filibuster များအဖြစ်သို့ရောက်သွားနိုင်သော၊ ရောက်သွားသော သာဓကများ တိုးတက်ထွန်းကားသောနိုင်ငံများတွင်ရှိနိုင်လျင်၊ မြန်မာကဲ့သို့ ဒီမိုကရေစီရေးကျင့်စဉ်နုနယ်သေးသည့် နိုင်ငံများဆိုလျင်ပိုမို ပေါ်ပေါက်နိုင်ဘွယ်အခြေအနေရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဥပဒေပြုရေးမဏ္ဍိုင်တွင်အခြေတကျနေရာယူပြီး၊ နိုင်ငံအတွက် မျရှိမဖြစ်အရေးတကြီးလိုအပ်သော ဥပဒေများလျင်လျင်မြန်မြန်ထွက်ပေါ်လာရေး၊ ယင်းဥပဒေများ၏အကျိုးသက်ရောက်မှု ထိရောက်ပျံ့နှံ့ရေးတို့အတွက် အားသွန်ခွန်စိုက် တာဝန်ယူသွားမည်ဟုယုံကြည်ရသည်။ အစိုးရ၏အုပ်ချုပ်ရေးမဏ္ဍိုင်တည့်မတ်ရေး ကို ထိန်းညှိပေးနိုင်မည့်မောင်းနှင်အားတခုဖြစ်လာမည့်အခြေအနေတွင်ရှိနေပါသည်။
မြန်မာ့နိုင်ငံရေး၏ နှစ်တပါတ်လည်ဒီမိုကရေစီရေးဖွံ့ဖြိုးထွန်းကားလာမှုကို နိုင်ငံသားတိုင်းရင်းသားအားလုံးက အားရကြေနပ်နေယုံဖြင့်မပြီးသေးဘဲ၊ ယင်းလမ်းစဉ်အရှည်သဖြင့်တည်တံ့ခိုင်မြဲရေးနှင့် ပိုမိုဖြစ်ထွန်းလာရေးအတွက် ဆက်လက်အားပေးကြရန်တိုက်တွန်းလိုက်ရပါသည်။
4 comments
ဖားသက်ပြင်း
April 5, 2012 at 9:35 am
လေ့လာမှတ်သား သွားပါတယ်ဗျ…
ထောက်လည်း ထောက်ခံပါတယ်…
သဂျီး အားကျလို့ အော်လိုက်ဦးမယ်..
သခင်မျိုးဟေ့ ..ဒို့ဗမာ..
မိုက်ကယ်ဂျော်နီအောင်ပု
April 5, 2012 at 9:55 am
အကောင်းဖက်ကနေတွေးရမယ်ဆိုလျှင်လည်း ကြားဖြတ်ရွေးကောက်ပွဲမှာ အကန့်သတ်တစ်ခုအနေနှင့်ဘဲ
အနိုင်ပေး တယ်ခေါ်မလား နေရာပေးတယ်ခေါ်မလား ဒီလောက်ဘဲတွက်ထားပေမယ့်
အပြတ်အသတ်လွတ်လပ်ခွင့်ပေးလိုက်တယ်ပြောလို့ရမလားဘဲ
( ဖုံထဲ သဲထဲက ကုတ်ကတ်ပြီးထရတော့ နည်းနည်းပါးပါးပေကျံတာတော့ရှိမှာပေါ့နော 😀 )
ဒါပေသိ လွှတ်တော်ထဲမှာ အပီပြင်တပ်စွဲထားတဲ့ ဗိုလ်ကြီးတွေ
မသဲကွဲတဲ့မြစ်ဆုံးကိစ္စတွေ
အဖွားကြီးက မီးစိမ်းပြမှ ဖွင့်မယ့်သဘောရှိတဲ့ဆန်ချင်လားဘာလားတွေ
ဆိုတာကို ကိုယ်နဲ့မတန်ရာတွေးပြီး ဆက်ရေးကြပါဦးဗျို့
ဆိုက်ကားဂိတ်မှာ လက်ချာသွားပေးခြင်လို့ 😀
MTY
April 5, 2012 at 5:15 pm
Politics(နိုင်ငံရေး) =The activities of the government,members of law-making
organizations or people who try to influence the way a country is governed.
(Cambridge Advanced Learner’s Dictionary – 3rd Edition ထဲကပါ။)
ဒါကနိုင်ငံရေးကိုအဓိပ္ပါယ်ဖွင့်ဆိုထားတာပါ။ဥပဒေပြုအဖွဲ့မှအဖွဲ့ဝင်များ၊လူများတစ်စုက
တိုင်းပြည်အားအုပ်ချုပ်မည့်လမ်းစဉ်ကိုအကောင်အထည်ဖေါ်ခြင်းကိုPolitics(နိုင်ငံရေး)လို့
ခေါ်ရမှာဖြစ်ပါတယ်။အပေါ်ကPostကPolitics(နိုင်ငံရေး)အကြောင်းရေးသားထားခြင်းဖြစ်ပါတယ်။
အခုလိုရေးသားခြင်းအားကန့်ကွက်လိုခြင်းမရှိ။သတိပြုဂရုပြုမိစေရန်ရေးသားထားခြင်း
ဖြစ်သဖြင့်အားပေးသင့်သည်ဟုထင်မြင်မိပါတယ်။
နိုင်ငံရဲ့အရေးကPolitics(နိုင်ငံရေး)မဟုတ်ပါ။ဆက်စပ်မှုမရှိမဟုတ်၊ရှိသော်လည်းတိုင်းသူပြည်သား
တိုင်းနိုင်ငံရေးသမားမဖြစ်နိုင်ပါ။ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပင်လွတ်လပ်ရေးရပြီးရင်နိုင်ငံရေး
မလုပ်တော့ဘူး၊စာထိုင်ရေးရင်းနိုင်ငံရေးသမားတွေဘာတွေလုပ်ကြမလဲကြည့်ချင်တယ်ဟုပြောဘူး
ပါတယ်။ဥပမာ..မြစ်ဆုံကိစ္စကနိုင်ငံရဲ့အရေးဖြစ်၏နိုင်ငံရေး၊ပါတီ၊ဆောက်ပေးမဲ့နိုင်ငံကြောင့်မဟုတ်ပါ။
ခွဲခြားမြင်စေလိုပါတယ်၊NLDကဆောင်ရွက်ရင်လဲကန့်ကွက်ရမှာ၊အမေရိကန်နိုင်ငံကဆောက်ပေးမယ်
ဆိုလဲကန့်ကွက်ရမှာဘဲဖြစ်ပါတယ်။ကိုယ်တိုင်လဲကန့်ကွက်ခဲ့တယ်၊ဒါပေမဲ့ကန့်ကွက်ရုံဘဲလား
လျှပ်စစ်ရဖို့ဘာလုပ်ကြမလဲလို့၊ရှိပြီသားလေးတွေနေနေကြမလား။နောင် ၁/၂ နှစ်ဆိုရင်သွားပြီ။
တိုင်းပြည်တိုးတက်ဖို့ကလျှပ်စစ်မရှိလို့မှမဖြစ်တာ၊စဉ်စားကြဖို့။ကျွှန်တော့တစ်ဦးတည်းအမြင်က
အနုမြူစွမ်းအင်ဘဲလို့..commentပေးခဲ့ပါတယ်။(ဒါကိုဆွေးနွေးရင်အများကြီးမို့ထားလိုက်ပါ။)
အခုပြောချင်တာကတိုင်းသူပြည်သားတိုင်းအားလုံးနိုင်ငံရေးသမားမဖြစ်နိုင်ပါ၊ပါတီဝင်မဖြစ်နိုင်ပါ။
သူကြိုက်တဲ့ပါတီသူမဲပေးချင်ပေးမယ်၊မပေးဘဲလဲနေချင်နေမယ်၊နိုင်ငံ့အရေးလဲဆွေးနွေးချင်ဆွေး
နွေးမယ်၊မဆွေးနွေးဘဲလဲနေနိုင်တာဘဲ၊သားစိုးကိစ္စ၊လေးဖြူကိစ္စကတည်းကဆွေးနွေးချင်ပေမဲ့
ရွှေးကောက်ပွဲနီးနေလို့မပြောခဲ့ပါ။သွားပြောရင်မဲမရအောင်ပြောတယ်ထင်မှာစိုးလို
့@etoneရဲ့commentကိုဘဲအားပေးခဲ့တယ်။
ဒီနေရာမှာ “Pianist”စန္ဒရားဆရာဆိုတဲ့ရုပ်ရှင်လေးကိုညွှန်းပါစေ…ပိုလန်အသံလွှင့်ဌာနကစန္ဒရားဆရာဂျူးလူမျီုး
ဒုတိယကမ္ဘာစစ်တစ်လျှေက်လုံးသူ့အသက်ရှင်ရေးအတွက်ဘဲရုန်းကန်နေခဲ့တယ်၊သူ့ရှေ့မှာဂျူးတော်လှန်ရေး
သမားတွေအသက်စွန့်နေနေသူငုတ်တုပ်၊အခန်းလေးထဲပုန်းနေတာဘဲလေ(ဘာစားစရာမှမရှိ)စစ်ကြီးပြီးတော့
သူကအောင်မြင်တဲ့ စန္ဒရားဆရာ။သူချစ်တာ စန္ဒရား…အနုပညာသမားများကိုစော်ကားခြင်းမဟုတ်ပါ။သူ့ဘဝ
သူ့အသက်က စန္ဒရား(နိုင်ငံရေးစိတ်မဝင်စား)…ပြောချင်တာဒီလိုလူမျီုးတွေလဲရှိတယ်ဆိုတာသတိပြုကြဖို့ပါ။
နေရာတစ်ကာငါ့ဘက်မပါငါ့ရန်သူလို့မထင်ကြပါနဲ့။စစ်ဖြစ်နေတဲ့နေရာမှာတောင်No-man’s-Land ရှိပါတယ်။
လူဆိုရင်တော့ပြောဖွယ်ရာမရှိဟုထင်မိပါတယ်..
အာဏာရှင်စံနစ်အားမုန်းတီးရခြင်းအကြောင်းအရင်းများအနက်တစ်ခုမှာလွတ်လပ်စွာပြောဆို၊ရေးသား၊
ထုတ်ဖော်ခွင့်၊ဝေဖန်ခွင့်မရခြင်းဖြစ်ပါတယ်။ငါ့ဘက်မပါငါ့ရန်သူလို့ဘဲထင်နေရင်တော့..ဒီစံနစ်မှာဘဲပြန်နေကြမလား?
pooch
April 6, 2012 at 12:36 am
လောလောဆယ် စွမ်းအင် ပြသာနာကိုပဲ အလေးပေး အဆင်ပြေအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။
ဒါက အခြေခံ အကျဆုံး နဲ့ လက်တွေ့အကျဆုံး လိုအပ်ချက်ဖြစ်နေလို့ပါ။
စွမ်းအင် မရှိပဲ ဘာမှ ဆက်လုပ်လို့ မရလို့ပါ။