” မကြားစကောင်း ကြားစကောင်း “

တစ်ရက်ကျနော်တို့ လက်ဖက်ရည်ဆိုင် ထိုင်နေကြတုန်း “ကိုဆွေ” က အခုရက်အတွင်း သူ့လုပ်ငန်းခွင်ထဲမှာ အဆင်မပြေတာ ၊သူ့အထက်က လူက သူကိုမကြာခဏခေါ် ခေါ်ပြီးဆူတာ အကျပ်ခံရတာတွေကို စိတ်ပျက်လက်ပျက်နဲ့ ပြောပြနေပါတယ်။သူတို့ရောင်းတဲ့ကုန်ပစ္စည်းကလည်း အခုလိုကျောင်းဖွင့်ရက်ဆို ရောင်းမကောင်း တတ်ပါဘူး၊ရောင်းမကောင်းတော့ဝင်ငွေနည်းဝင်ငွေနည်းတော့ ဘောစိက မန်နေဂျာကိုခေါ်မေး မန်နေဂျာက ကိုဆွေတို့လိုတာဝန်ခံခေါ်ကျပ် ၊ကိုဆွေကတစ်ခါ စူပါဗိုက်ဇာကိုခေါ်ပြီး အမိန့်တွေပေး၊

စူပါဗိုက်ဇာက တစ်ခါအရောင်းကောင်လေးတွေကို ခေါ်ပြီးထပ်ကျပ် မုန့်လုံးစက္ကူကပ် ဇာတ်လမ်းပေါ့ဗျာ။

“ကိုဆွေ” က သူအကျပ်ခံရတာကို အားရပါးရ ငိုပြနေတုန်းမှာ “ဦးမင်း”က “မင်းအခုလို အပြစ်တင်ခံရတာ အဆဲခံရတာ ကံကောင်းတယ်မှတ် “လို့လည်းဝင်ပြောရော “ကိုဆွေ”တစ်ယောက်တော်တော်လေးခီးသွားပါတယ်။

” အပြစ်တင်ခံရတာ ကို ကောင်းတယ်ပြောတာ သည်တစ်ခါကြားဘူးသေးတယ်”လို့စိတ်တိုတဲ့လေသံနဲ့ပြောပါတယ်။

အဲဒီအခါကျမှ “ဦးမင်း” က “ကိုဆွေ”ကို် ” ဟုတ်တယ်ကိုဆွေရ လူမှန်ရင် ချီးမွမ်းတာကိုလဲ ခံရမယ် အပြစ်တင်တာကိုလဲ ခံရမယ် အမြဲတမ်းအပြစ်တင်ခံနေရတဲ့သူကတော့စိတ်ဓါတ်တွေကျလာမယ် အေး သူက ကိုယ်မှားတာကို ပြင်နိုင်ဘို့ အသိတရားလေး ဝင်သွားတော့တော်သေးတယ်အမြဲတမ်း ကောင်းတာလေးတွေကိုဘဲ ရွေးအပြောခံနေရတဲ့သူတွေက တော့ သူ့ကိုယ်သူ ရူးမှန်းမသိ ရူးသွားတတ်တယ်ကွ “လို့ပြောချလိုက်ပါတယ်။

စကားဝိုင်းက နည်းနည်းလေးတော့တင်းသွားပါတယ်။

ဒါပေမဲ့” ဦးမင်း”ကဆက်ပြောပါတယ်။

” မင်းတို့စဉ်းစားကြည့်ကွာ လူတစ်ယောက်က ကို်ယ့်ကောင်းတာ ညံ့တာ တော်တာ လျှော်တာတွေကို အမှန်အတိုင်းသိနေ ကြားနေရတယ်ဆိုရင် သူ့မှ ာအချိန်မီ ပြင်ဆင်ဘို့အခွင့်အရေးရတယ်လေ မကောင်းတာကိုဖုံးဖိပြီး ကောင်းတာလေးတွေကို ဘဲ သူ့အကြိုက်လိုက်ပြောတာကိုဘဲခံနေရတဲ့လူတစ်ယောက် အဘို့ကတော့သူလုပ်သမျှမှန်တယ်ကောင်းတယ် ပြင်စရာမလိုဘူး ဆိုတဲ့စိတ်တွေဝင်လာ ပြီး မှားလို့မှ မှားမှန်းမသိဖြစ်ကုန်တော့ နောက်ဆုံးအချိန်လဲရောက်ရော အကုန်လွန်ကုန်ပြီလေ လုံးဝအဖတ်ဆယ်လို့ကိုမရအောင် ရူးနေပြီ “လို့အရှည်ကြီးပြောပါတယ်။

သူကဆက်လိုက်ပါသေးတယ် ” အေး မင်းတို့ကို အပြစ်တင်တဲ့လူကို ကျေးဇူးတင် ငါ့ကိုမရူးအောင်လုပ်ပေးနေတဲ့ကျေးဇူးရှင်ဆိုပြီးတော့၊အေးငါပြောတာမယုံရင်ကိုယ့်ဘေးနားကလူတွေဖြစ်ပျက်သွားတာကိုပြန်စဉ်းစားကြည့်လိုက် “လိုပြောပြီးထပြန်သွားပါတယ်။

ကျနော်လက်ဖက်ရည်ဆိုင်က နေ အချိန်တန်လို့အိမ်ကိုပြန်သာလာပါတယ် ဦးမင်းပြောလိုက်တာတွေကိုခေါင်းထဲကဖယ်ထုတ်လို့မရပါဘူး။ အိမ်ရောက်လို့စာရေးစာပွဲကိုထိုင်မိမှ သူပြောတာတွေဟုတ်ပါလားလို့ ဦးနှောက်ထဲမှာတရေးရေးမြင်မိပါတော့တယ်။

ဟိုးရှေးက ကျနော်တို့မြန်မာမင်းတော်တော်များများ ကို သူ့လက်အောက်က မူးမတ်အပေါင်း အနားကပ်လို့ပြောခွင့်ရသူတွေအပေါင်းက သူစိတ်ဆိုးမှာစိုးလို့ ကောင်းတာတွေလေးတွေကိုဘဲရွေးပြောခဲ့ကြတဲ့အတွက် ၊လွန်လေပြီးသော ကာလမှာရော လက်ရှိမှာရော အဖြစ်မှန်ကိုဖုံးကွယ်လို့ကောင်းတာလေးတွေကိုသာဖုံးကွယ်နေကြတဲ့အတွက် ကိုယ်လုပ်တာ ကိုယ်ဆုံးဖြတ်တာ မှန်တယ်ထင်ပြီးစိတ်ကူးနဲ့ရူးနေတာကတော့လက်တွေ့ပါ။ လုပ်ငန်းခွင်တွေထဲမှာ လည်းသည်အတိုင်းပါဘဲ။အောက်ကလူက အမှန်အတိုင်းမပြော ဘူး ကောင်းတာလေးတွေကိုဘဲရွေးပြောတော့အထက်ကလူ အရူးထသမျှအောက်ကအကောင်အထည်ဖော်ရတဲ့သူမှန်သမျှ ဒန် ဒန့်ဒန် ခံ ခံ့ ခံပေါ့ဗျာ။

တစ်ချို့သောလူများကြတော့လဲ ဟိုဘယ်ဘဝက ဘယ်သူနဲ့ ဘယ်လို ပဌာန်းဆက်ရှိတာ ဘယ်မင်းကြီးနဲ့ဘယ်လိုတော်စပ်ခဲ့တာ ဆိုပြီး

ပဌာန်းဆက် အရူးထပြီးဘယ်သူမှမလုပ်ရဲတဲ့အလုပ်တွေ သဘာဝမကျတာတွေကို စိတ်ရူးပေါက်သမျှထလုပ်ပါတယ်။ဒီလိုလူမျိုးကတော့နာမယ်ထင်ရှားလူကြိုက်များတဲ့သူတွေမှာဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။

တစ်ချို့ကျတော့လဲ ကိုယ်က သူများနဲ့ကိုမတူ လုံးဝကိုမြင့်နေတယ်လို့ထင်ပြီး အကြီးကြီးတွေတွေး အကြီးကြီးတွေပြောလို့လွတ်သွားပါလေရောဗျာ။

တစ်ချို့ကြတော့လည်း သူ့ကိုယ်သူ ငါလုပ်သမျှအမြဲမှန်တယ်ဆိုပြီးထင်ရာတွေရမ်းလုပ်တော့ဒုက္ခတွေရောက်တဲ့သူတွေကလဲတစ်ပုံတပင်ပါ။

ကဲ သူများကို သာ ခပ်တည်တည်နဲ့ဝေဖန်နေလိုက်မိတာ။

ကျနော်ကိုပေါက်ကိုယ်တိုင်ကရော သူများအကြိုက်ကို ဘာကြောင့်ညာကြောင့်ဆိုတာတွေကို အကြောင်းပြလို့ဘယ်နှစ်ခါများမြောက်ပင့်ပေးလို့ ကောင်းတာတွေချည်းရွေးပြောမိပါသလဲ?

ကိုယ့်ကို မကင်းနိုင်သောသူ ကိုယ်က ဒုက္ခပေးလိုက်မှာကို စိုးတဲ့သူ ကိုယ်က လုပ်ပေးလိုက်ရင် အိုကေသွားနိုင်တယ်ဆိုတဲ့ လူ ကိုယ့်မျက်နှာကိုကြည့်နေရတဲ့သူတွေက

ကိုယ်ကြားချင်တာလေး ကို ဘယ်နှစ်ကြိမ်လောက် နားထောင်ပြီး ဘယ်နှစ်ကြိမ်လောက် ရူးခဲ့မိခဲ့သလဲ ?

ဆိုတာလေးကို ပြန်စဉ်းစားလိုက်ပါအုံးမယ်ဗျာ။

အိမ်ဘေးနားကချာတိတ်တွေ ဖွင့်ထားတဲ့ သီချင်းထဲမှာ” ကောင်းတာတွေဝတ်ကောင်းတာတွေစား “လို့ဂျေမီကတော့အသံကုန်အော်နေတာပါဘဲ။

ခင်ဗျားတို့ရောဗျာ ကောင်းတာတွေကို ဘယ်လောက်ပြောပြီး ဘယ်လောက်နားထောင်ဘူးပါသလဲ?

……………………………………………………………………………………………………………………………

11 comments

  • bluerose

    February 10, 2012 at 3:49 pm

    ကိုပေါက်ပြောတာမှန်ပါတယ်
    အလုပ်တခုမှာအမြဲတမ်းအကောင်းပြောခံရတာထက်စာရင်
    တခါတလေကိုယ့်အမှားကိုထောက်ပြတော့
    နောက်ပိုင်းအမှားနဲသွားတယ်
    တခုခုဆိုပြန်ဆင်ခြင်ဖြစ်သွားတယ်

  • စိန်ပေါက်ပေါက်

    February 10, 2012 at 4:13 pm

    ဒါချို ဝေဘန်ရေးချရတွေကို ကျေးဇူးတင်ရမှာပေါ့နော်…
    ကောင်းဒါတွေဝတ်..ကောင်းဒါတွေစား.ကောင်းဒါတွေလုပ်…သတိထား…မင်း.လူပေါင်းမှားမယ်..
    ကျန်တာ မသိလို ့ကိုယ့်ဘာသာဆက်ဆိုလိုက်တော့ဂျာ

  • blue rose နဲ့ပေါက်ကျော်မရေ
    ကျနော်စာရေးစက လက်ရာလေးတွေကို ပြန်ဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
    ဒီပိုစ်လေးက မိတ်ဆွေတစ်ဦးနဲ့ လက်ဖက်ရည်ဆိုင်ထိုင်စကားပြောရင်းရလာတဲ့အတွေးကိုချရေးလိုက်တာပါ။
    ဒီပို့စ်လေးက မန်းလေးအခြေစိုက် မန်းလေးတိုင်းဂျာနယ် vol(3) No(33)
    (30-7-2010)နေ့မှာ ပုံနှိပ်ဖော်ပြခံခဲ့ရပါတယ်။
    ကျနော့်ဘဝရဲ့ ပထမဦးဆုံးသော ပုံနှိပ်စာမူလဲဖြစ်ပါတယ်။
    အမှတ်တရဖြစ်စရာလေးရယ် ကျနော့်အရင်ကလက်ရာလေးကိုပြန်လည်ဖော်ထုတ်ပေးတာရယ်ကြောင့်
    ဒီကော်မင်းလေးအတွက်ကျေးဇူးတင်ပါတယ်။

  • aye.kk

    February 10, 2012 at 6:10 pm

    “ပုဂံခေတ်သိင်္ဃသူရသမီးကျောက်စာလာ-ဆုတောင်း”
    အချင်းချင်းအမျက်အအီတစေ့မရှိ၊ချစ်သောမျက်စေ့ဖြင့်ရှုကြစေသတည်း။

  • Khin Latt

    February 10, 2012 at 8:35 pm

    ကိုပေါက် ရေ
    ~~~
    ခင်ဗျားတို့ရောဗျာ ကောင်းတာတွေကို ဘယ်လောက်ပြောပြီး ဘယ်လောက်နားထောင်ဘူးပါသလဲ?
    ~~~

    အရှိုက်ကို ထိကောင်းထိသွားနိုင်ပေမဲ့ ခေါင်းထဲ မှာစွဲထားသင့်တဲ့ မေးခွန်းလေးပါဘဲ။
    ကျွန်မတို့ တွေဟာ ကိုယ့်ကို အကောင်းပြောမှ ကြိုက်တတ်ကြတာ သဘာဝပါဘဲ။
    နှင်းဆီပြာ လေးပြောသလို “တခါတလေကိုယ့်အမှားကိုထောက်ပြတော့ နောက်ပိုင်းအမှားနဲသွားတယ် တခုခုဆိုပြန်ဆင်ခြင်ဖြစ်သွားတယ်” ဆိုတာလဲ တကဲ့ကို မှန်ပါတယ်။

    ဝေဖန်ခြင်း (Criticism) ဆိုရာမှာ ကိုယ်တကယ်မှားလို့ လဲ ဝေဖန်ခံရနိုင်တယ်၊ မဟုတ်ဘဲလဲ ဝေဖန်ခံရနိုင်တယ်၊ အမြင်ကပ်ပုဒ်မ တပ်ပြီး လဲ ဝေဖန်ခံရနိုင်တယ်။
    အဲဒီ ထဲ က ဘယ်နည်းနဲ့ ဘဲ ဖြစ်ဖြစ် ကိုယ့်ကို ဝေဖန်ခံရတာကို မှန်ကန်တဲ့ နည်းနဲ့ လက်ခံတတ်ရင်

    (၁) ကိုယ့် အတွက် အောက်ခြေလွတ် မသွားအောင် သတိပေးခြင်း ဖြစ်တယ်။
    ဘာလို့လဲ ဆိုတော့ လူဆိုတာ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို အနဲနဲ့အများ မာန တက်တတ်လို့ပါ။
    တစ်ဖက် က လဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တက်စေပါတယ်။

    (၂) ဝေဖန်ခြင်းထဲ မှာ အမှန်တရား တစ်ချို့ ကိုရှာတွေ့ နိုင်တယ်။
    ဝေဖန်ရေးတိုင်း ဟာ မဖြစ်ပါဘူး။ ဒါပေမဲ့ အဲဒီထဲ မှာဘဲ ပိုကောင်းအောင်ပြုပြင်နိုင်တာတွေ ပါနေမြဲပါ။

    (၃) ဝေဖန်ခြင်း ဟာ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဖြစ်စေပါတယ်။
    ဝေဖန်ခြင်း ကို သေချာစွာ လက်ခံပြီး ပြဿနာရဲ့ အစ ကို မှန်ကန်စွာ ရှာနိုင်ခြင်းဟာ ကိုယ့်ရဲ့ လူအများ နဲ့ ဆက်ဆံရေးကို ပိုမို တိုးတက်စေပါတယ်။

    (၄) ကိုယ့်ကို ဝေဖန်ခံ ရခြင်းကနေ ကိုယ်က သူများ ကို ဝေဖန်ခြင်း အရည်အသွေး ကိုလဲ တိုးတက်စေပါတယ်။
    ဘာလို့လဲ ဆိုတော့ ကိုယ့်ကို မဖြစ်တဲ့ ဝေဖန်ရေး မျိုး ကို ကိုယ်က လဲ တစ်ခြားသူ ကို မပေးမိ အောင် အသိဝင်လာစေပါတယ်။ လူဆိုတာ ကိုယ့်ကိုထိမှ သတိဝင်တတ်တာ များတာကိုး။ ဒီလိုဘဲ ကိုယ်က သူများ ကို လဲ တန်ဖိုး ရှိခဲ့တဲ့ ဝေဖန်ရေး မျိုး ကို ပေးနိုင်အောင် ကြိုးစားရပါမယ်။

    Criticism ကို ကျွန်မတို့ မနှစ်သက် ပေမဲ့ ရလာ ရင်လဲ လက်ဆောင် တစ်ခု လို လိုလိုလားလား လက်ခံပြီး ဖွင့်ကြည့် သင့်ပါတယ်။ မကြိုက်ရင်၊ ကိုယ်နဲ့ အသုံးမတဲ့ဘူးထင် ရင် တော့ မသုံးနဲ့ပေါ့။

    “Criticism is something you can easily avoid by saying nothing, doing nothing, and being nothing.”
    Aristotle

    PS – Post အဟောင်းလေးပေမဲ့ မကြာခဏ ပြန်ဖော်ထုတ်သင့် တဲ့ စာလေးတွေ ပါဘဲ ကိုပေါက်ရေ့။
    သင်းခရုပါ။ 🙂

    မှီငြမ်း
    http://tinybuddha.com/blog/how-to-deal-with-criticism-well-25-reasons-to-embrace-it/

  • TTNU

    February 10, 2012 at 9:31 pm

    ကိုပေါက်ရေ…

    ဒါလူ့သဘာဝကွဲ့။
    ဘယ်သူမဆို သံဘရပ်ရှနဲ့ ဆောင့်ပွတ်တာမကြိုက်။
    ကြက်မွှေးနုလေးနဲ့ အသာအယာ ဖုန်သုတ်တာတောင်မှ အင်တင်တင်ရယ်။

    အဲသည့်လူတွေထဲမှာမပါအောင် ကြိုးစားကြရမှာ။

  • မလတ်ရေ
    ဒီပိုစ်လေးစရေးစက ကော်မင်းတစ်ခုမှ မရလို့ ဝမ်းနည်းခဲ့ဘူးပါတယ်။
    ဒါပေမယ့် အော် ဖတ်သူတော့ရှိပါသေးတယ်ဆိုပြီး နှစ်သိမ့်ခဲ့ရပါတယ်။
    ကျနော်စာ စရေးစ က ဒီလိုပိုစ်တွေ လူငယ်တွေအတွက် ပြုပြင်ရေးတွေ အများကြီးရေခဲ့ဘူးပါတယ်။
    အဟောင်းတွေကို ပြန်ဖတ်စေချင်တဲ့ ဆန္ဒတွေအများကြီးရှိပါတယ်။

  • မာမီရေ
    ကျနော်လဲ သူများကိုယ့်ကိုဝေဖန်ရင် ဆတ်ကနဲ့တော့ ဖြစ်သွားပါတယ်။
    ဒါပေမယ့် ပြန်စဉ်းစားလိုက်တယ်။
    သူက ကောင်းစေချင်တဲ့စေတနာနဲ့ဆိုရင် လက်ခံလိုက်ပါတယ်။

  • kyeemite

    February 11, 2012 at 10:37 am

    ကိုပေါက်ရေ..ဖတ်လို့ကောင်းတယ်ဗျာ…
    ကျွန်တော်လဲကြုံဘူးတယ်ဗျ..ကျွန်တော်တစ်ခုခုလုပ်ပီးသွားသွားပြတိုင်း ဘော့စ်က “မင်းဟာကကောင်း
    တော့ကောင်းပါတယ်..ဒါပေမဲ့…..ဆိုပီးတော့..ဟိုဟာကဒီလို..ဒီဟာကဘယ်လို..စသဖြင့်” ဘယ်တော့မှ
    လျှောလျှောရှုရှု မဖြစ်ဘူးဗျ..ကျုပ်လဲစိတ်တိုတာပေါ့..ဒီဘဲကြီး ဘယ်တော့မှ စိတ်တိုင်းမကျဘူး..နဲနဲဖြစ်
    ဖြစ်အထွန့်တက်ရမှ လို့ စိတ်ထဲတွေးပီး မကြေနပ်ဘူးပေါ့ဗျာ…ဒါနဲ့သူခိုင်းတာဆိုဘာဖြစ်ဖြစ်ပြောကွက်
    မကျန်အောင် အမြဲပိုပီးကရုစိုက်လုပ်တတ်လာတယ်…ပီးတော့သူ့ကိုဖိုင်နယ်မပြခင် သေသေချာချာ
    ပြန်စစ်ပီး…သူရစ်သလိုမေးခွန်းတွေကိုယ့်ကိုကိုယ်ပြန်ထုတ်…ပြန်လုပ်ဘို့လိုသေးတယ်ထင်ရင်ပြန်လုပ်နဲ့..
    သေချာပီလို့ထင်တော့မှ..သွားပြတတ်လာတယ်..(မခံနိုင်လွန်းလို့ပေါ့)။ ဒါလဲနဲနဲတော့သူ့အတွက်ပြောစရာ
    ကျန်သေးတာဘဲ…ဒါပေမဲ့အရင်ကလောက်တော့မဆိုတော့ဘူး…တခါတခါအလုပ်ကထွက်ဘို့ထိတောင်
    စိတ်ကူးမိတဲ့အထိဘဲဗျ…အဲတစ်နေ့ကျတော့ ကွဲနေတာကြာပီဖြစ်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့
    ပြန်တွေ့ရတယ်..သူကကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွားနေတာ…အလာပ သလာပပြောကြရင်း..သူကကျျွန်တော့
    ဘော့စ်နဲ့ ဂေါက်ရိုက်ဘက်ဆိုဘဲ..သူပြောပြတာက..“မင်းဘော့စ်ကတော့ကွာသူ့မန်နေဂျာအကြောင်း
    အရမ်းကြွားတာကွ..ဘယ်လောက်တော်ကြောင်း…ဘယ်လောက်စေ့စပ်ကြောင်း..ဘယ်လောက်တိကျ
    ကြောင်း..စသဖြင့်ပေါ့..ငါလဲမင်းမှန်းမသိဘူးကွ..အခုမင်းပြောပြမှဆက်စပ်မိပီးမင်းမှန်းသိတာ..“ တဲ့
    ကျွန်တော် တော်တော်ကြီးပီတိဖြစ်သွားမိတယ်ဗျာ…အဲတော့မှစဉ်းစားကြည့်တာ..ငါ သူရစ်လွန်းလို့
    အရစ်မခံနိုင်လို့..ကြိုးစားရင်းအရင်ထက်ပိုတိုးတက်လာတာပါလားလို့သတိပြုမိသွားတယ်..အခုတော့
    အဲဒီဘော့စ် အလွယ်တကူမချီး.ကျူးတတ်တာကိုဘဲကျေးဇူးတင်နေမိတယ်…ကျုပ်အရင်ကထက်ပိုတိုး
    တက်လာလို့ဘဲ…သူသာလွယ်လွယ်လက်ခံပေးခဲ့ရင် ကျုပ်လဲ လွယ်လွယ်နဲ့ဘဲရောင့်ရဲနေမိမှာပါ…
    ကျေးဇူတင်ပါတယ်..

Leave a Reply