လွမ်းမောနာကျင်ဆွတ်ပျံ့သံများ
ကျွန်တော် လမ်းလျှောက်နေပါသည်.. အတော်လေးကို ခပ်ဝေးဝေးရောက်အောင် လျှောက်နေပါ၏။ မွန်းကျပ်မှုများနှင့်ဝေးရာ၊ မြို့ပြ၏ သက်ပြင်းရှိုက်သံများနှင့်ဝေးရာသို့….
++++++++++++++++++++++++++++ ကြာတော့ကြာခဲ့ပါပြီ.. ++++++++++++++++++++++++++++++++++++
တစ်ကယ်တန်းပြန်တွေးတော့လည်း မနေ့တစ်နေ့ကလိုပင်၊ အရာရာသည် ခပ်ဝါးဝါး ပုံပမာအလားရှိနေဆဲပါပဲ။ သို့သော် ပြတ်ပြတ်သားသား ခံစားနေရတုန်းပင်။ ထိုစဉ်တုန်းက အတော်လေးပင် နုနယ်ခဲ့သည့် နှလုံးသားတစ်စုံကို ပိုင်ဆိုင်ခဲ့ဖူးသည်မို့ ပိုလို့ခံစားနေမိသလားထင့်။
ထိုနေ့က ကျွန်တော့်အမေနှင့်အစ်မ အိမ်မှ သေတ္တာတစ်လုံးကို ယူပြီး တောင်ပေါ်မှ ရန်ကုန်သို့ လွတ်လွတ်လပ်လပ်ကြီး ထွက်ခွာသွားသောနေ့ဖြစ်သည်။ ပေ ၁၀ဝ ပါတ်လည်ခြံဝန်းအတွင်း ထီးထီးကြီးရှိနေသော အိမ်တွင်ကား ၁၄ နှစ်သားကျွန်တော်နှင့် ၈ နှစ်သားညီလေးမှာ ငွေ၂၀ဝ ကျပ်၊ ဆန်နို့ဆီဗူးနှစ်လုံးဖြင့် ဘယ်တော့ပြန်လာမည်မှန်းမသိသည့် မိဘနှစ်ပါးအား ငေးမော စောင့်ဆိုင်းလျက်သား။ ဖခင်ဖြစ်သူသည်ကား နိုင်ငံဝန်ထမ်းပေမို့ ဘယ်ဆီဘယ်ဝယ်မှန်းမသိသည့်နေရာသို့ သွားရောက်တာဝန်ထမ်းဆောင်နေရပေသည်။ အိမ်ကြီးတစ်လုံးထဲတွင် လူမမယ်၊ အရွယ်မရောက် ကလေးနှစ်ယောက်မှာ ချက်ကျွေးမည့်သူမရှိ၊ ချက်စားစရာမရှိသည့်ဘဝတွင် တောင်ပေါ်အအေးဒဏ်ကို ကြံ့ကြံ့ခံရင်း ပြန်လာမည့် မိဘနှစ်ပါးအား မျှော်လင့်လျက်သား…။
ကျွန်တော်သည်ကား ထမင်းတော့ အဖြစ်ရှိအောင် ချက်တတ်ပါ၏။ ပထမနေ့တွင် နို့ဆီဗူးတစ်လုံးကို ချက်ပြီး ခရမ်းချဉ်သီးဟင်းလေးဖြင့် တစ်နေ့စာ ဖူလုံသွားတော့သည်။ မနက်ဖြန် မိဘနှစ်ပါးမှ တစ်ပါးပါးများ ပြန်လာလေမလားဟု မျှော်လင့်ရင်း…။
ဒုတိယနေ့ ရောက်ခဲ့ပြန်သည်။ ဘယ်သူမှ ပြန်မလာသေး။ လက်ထဲတွင် ပိုက်ဆံတစ်ရာနှင့် ဆန်နို့ဆီဗူးတစ်လုံးသာ။ ဆန်ပြုတ်ပဲ ပြုတ်ရတော့သည်။ ၃ ရက်စာခန့် ဖူလုံသွားသည်။ ၄ရက်မြောက်နေ့တွင်မတော့ ဘာမှ မရှိတော့ပေ။ အဘယ်သို့ စားသောက်ရပါမည်နည်း? တောင်ပေါ်ဆောင်းသည်ကား ရက်စက်လွန်းလှပေစွ၊ ဝမ်းမီးမတောက်နိုင်သော ကလေးနှစ်ယောက်ကို ခိုက်ခိုက်တုန်အောင် နှိပ်စက်ကလူ ပြုလှပေသည်။ တစ်နေ့လုံးလဲ ဘာမှ မစားရသေး။ ၁၄ နှစ်သားကောင်လေးတစ်ယောက်နှင့် ၈ နှစ်သား ကလေးလေးတို့မှာ ကလေးတို့ဘာသာဘာဝ ငိုကြွေးပြီး ထမင်းဆာတယ်ဟု အော်လို့မရမှန်း ဘဝပေးအသိအရ သိနေကြသဖြင့် အသံမထွက်ပဲ ရေကိုသာ တွင်တွင်ကြီးသောက်လျက်သားနှင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အသံတိတ် နှစ်သိမ့်နေရသည်။
ခြံထဲ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း အလေ့ကျပေါက်နေသည့် မုန်ညှင်းစိမ်းပင်များကို ထိုးထိုးထောင်ထောင်မြင်နေရာမှ အကြံရသဖြင့် တွေ့သမျှ တစ်ပင်မကျန်အောင်နှုတ်၊ ရေဖြင့် ပြုတ်ပြီး မုန်ညှင်းသက်သက်သာ စားခဲ့ရပြီး ဝမ်းမီးတောက်ခဲ့ရသည်။ ဘာလိုလိုနှင့် ၆ ရက်တော့ ကုန်ဆုံးခဲ့ပေပြီ။ ထားခဲ့ရက်သူများအား အရိပ်အယောင်မျှပင် မမြင်ရသေး။ ဆွေမျိုးညာတစ်ကာလဲမရှိသည့် တောင်ပေါ်က ဘဝပေမလား။ ညည ပေ ၅ဝ ကျော်ခန့်မြင့်သည့် ထင်းရှူးပင်ကြီးအောက်တွင်ထိုင်ရင်း ကောင်းကင်ကြီးပေါ်မှ ကယ်တင်ရှင်တစ်ပါးပါးများ ပေါ်လာလေမလားဟု ကလေးတို့ဘာသာဘာဝ တွေးတောမိပြန်သေးသည်။
ရင်ဘတ်ထဲတွင်မတော့ ပြန်မလာသည့် မိဘများကို လွမ်းမောခြင်း နည်းနည်းမျှ မဖြစ်မိတော့ပေ။ ထုံဆေးထိုးခံထားရသည့်အလား။
သူငယ်ချင်းတစ်ယောက် လာလည်ပါ၏။ ရင်လဲ ဖွင့်မိလိုက်သည်။ သူ့အိမ်သို့လိုက်လည်ရာမှ ဆန်တစ်ပြည်နှင့် ကြက်ဥ ၅ လုံး လက်ဆောင်ရသည့်အတွက် ဝမ်းသာမိသည့်ပီတိ၊ ခုထိတိုင်အောင် မမေ့နိုင်အောင်ပင်။ ထိုဆန်တစ်ပြည်၊ ကြက်ဥ ၅ လုံးသည်ကား တစ်ပါတ်စာ ကောင်းကောင်းကြီး ဖူလုံသွားတော့သည်။
သို့ကလိုနှင့်ပင် နှစ်ပါတ်တိတိကြာသွားတော့သည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ထိုနေ့က ဘာရယ်ညာရယ်တော့မဟုတ်၊ ထင်းရှူးပင်ကြီးအောက်တွင် ကိုယ်တိုင်လုပ်ထားသော သစ်သားခုံလေးတွင်ထိုင်ရင်း ဟိုကြည့်ဒီကြည့်ဖြင့် သက်တောင့်သက်သာရှိနေခိုက်…….
လွန်ခဲ့သော နှစ်ပါတ်ကျော်ခန့်က ဘယ်တော့မှ ပြန်မလာတော့ဘူးဟုဆိုကာ အိမ်မှ ပျော်ပျော်ရွှင်ရွှင်ကြီးထွက်ခွာသွားသော အမျိုးသမီးကြီးအား ခပ်လှမ်းလှမ်းမှပင် လှမ်းမြင်လိုက်ရတော့သည်။ ကျွန်တော့်ရင်ဘတ်ကြီးသည်ကား ဟောင်းလောင်းကြီးအလား ခံစားမိသည်။ ပျော်ရွှင်ခြင်းလဲမရှိ၊ ဝမ်းသာခြင်းလဲမရှိနှင့်၊ ကြောင်တောင်တောင် ငေးကြည့်လျက်သား…။ ၈ နှစ်သား ညီလေးမှာလဲ ဆော့ကစားနေရာမှ လှမ်းမြင်လိုက်ရသဖြင့်ထင်.. မတ်တပ်ရပ်လျက် ငေးမောကြည့်နေတုန်းပင်။
မကြာခင်မှာပင် အိမ်ရှေ့ခြံတံခါးကို တွန်းဖွင့်ပြီး သက်တောင့်သက်သာပင် ဝင်လာတော့သည်။ ရောက်ရောက်ခြင်းပင် အသံကျယ်ကျယ်ဖြင့်..
“ ဟဲ့… နင်တို့က ကိုယ့်အမေပြန်လာတာတောင် မကြိုနိုင်ကြဘူး
တစ်စိမ်းတစ်ယောက်လာတာ ကျနေတာပဲ”
ဟု အပြစ်တင်တော့သည်။ ကလေးနှစ်ယောက်မှာကား ပုံမပျက် ပန်းမပျက်ပင် တည်မြဲနေရာမှ တစ်စက်သော်မျှ မရွေ့ကြ။ ထိုနေ့က မစားရတာကြာပြီဖြစ်သည့် ထမင်းနှင့်ဟင်းကို စားရသော်လည်း တစ်ယောက်တစ်လုပ်စီမျှသာ စားဝင်ခဲ့ပါ၏။ ထိုထမင်းနှင့်ဟင်းအတွက် ထိုအမျိုးသမီးကြီးမှ တောင်းသည့်ကတိကို မပေးခဲ့သော်လည်း စောင့်ထိန်းခဲ့ကြပါ၏။
နောက်တစ်နေ့တွင် ဖခင်ဆိုသူ ပြန်လာပါတော့သည်။ ယခင်ရက်များက ဘာဖြစ်ခဲ့သည်ကို သူလဲ ဘာမှ မသိပေ။
ရင်ဘတ်နုနုသည်ကား သေရာပါ အမာရွတ်ကြီးဖြင့် ကြုံကြိုက်မိလေတိုင်း နာကျင်ခံစားရလျက်သား။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ယခုသော်ကား သက်ဆိုင်သူများ အဘယ်သူမျှ ဖတ်နိုင်မည်မထင်။ မပေးပဲ စောင့်ထိန်းခဲ့သည့် ကတိကား
“ နင့်အဖေကို ငါခရီးသွားတာ လုံးဝမပြောနဲ့ ” ဟူသည့် စကားပင်။
ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)
25 comments
marblecommet
April 6, 2012 at 10:12 am
ဩ ဩ….ကိုရှုံးရယ်….
နင့်အဖေကို ငါခရီးသွားတာ လုံးဝမပြောနဲ့
တဲ့လား….
ကျွတ်ဆင်ကြီးနော်…..ဆန်နှစ်လုံး ငွေနှစ်ရာနဲ့
ကောင်လေးနှစ်ယောက်ကို နှစ်ပတ်ထားခဲ့တာ
ကြက်ဥငါးလုံးနဲ့ ဆန်တစ်ပြည်ကူညီတဲ့
သူငယ်ချင်းကို ကျနော်ကလည်း ကျေးဇူးတင်တယ်လို့
ပြောပေးပါဗျာ….
ခင်တဲ့
ငကမ်း..
ကိုရင်မောင်
April 6, 2012 at 10:33 am
စိတ်မကောင်းစရာဇာတ်လမ်းလေးပါလား…..
ကိုရှုံးနိမ့်သူရေခံစားမှု့အပြည့်နဲ့ဖတ်သွားပါတယ်ဗျာ…..
kyeemite
April 6, 2012 at 11:13 am
ဘယ်လိုမန့်ရမှန်းတောင်မသိတော့ပါဘူး ကိုရှုံးရယ်…
တကယ်ကိုရက်စက်တဲ့ မာကျစ်တဲ့ အသည်းပိုင်ရှင်ပါပေ တကား…
လောကကြီးထဲ မတွေးထင်နိုင်စရာအဖြစ်အပျက် တွေ ဒုနဲ့ဒေး
ရှိနေကြပါလားဟုသာ…
Thit Sar Lin
April 6, 2012 at 12:43 pm
ဖတ်ပြီးသွားတော့ ထပ်တူနီးပါးခံစားမိပါတယ်……….
ဒီအရွယ် ကလေးလေးတွေကိုထားပြီး ယောက်ျားခရီးသွားနေတုန်း လိုက်ထွက်တဲ့အမေမျိုးကကော
ဘယ်လိုအမေမျိုးပါလိမ့်လို့ စဉ်းစားရင်စဉ်းစားစရာပါပဲ………
ဒါပေမဲ့ အဲဒီသူငယ်ချင်းလေးကတော့ ဒီအချိန်မှာ ကျေးဇူးရှင်ပါပဲ..တလုတ်စားဖူးသူ့ကျေးဇူးတဲ့..
ဪ…သူငယ်ချင်းဆိုတဲ့ ရွယ်တူကလေးတောင်မှ ကိုယ်ချင်းစာတရားထားနိုင်သေးတာပဲ..
မိဘတွေက ဘာဖြစ်လို့ လျစ်လျူရှုနိုင်ရတာလဲဗျာ……….
မိဘအုပ်ထိန်းမှုတွေကတစ်ဦးနဲ့တစ်ဦးမတူတော့ ကလေးတွေရဲ့သွင်ပြင်ကလည်း လိုက်ကွဲပြီပေါ့ဗျာ……………….
အဲဒီကလေးလေး ကတော့ ကိုယ်တိုင်ပူဆွေးမှုတွေကို ခံစားနေရင် သူ့အတွက်ဘာမှအသုံးမဝင်ဘူး ဆိုတာသိနေပြီလေ..သူ့မိဘတွေ ပြန်မလာခဲ့ရင်လည်းသူ့အတွက် ဘာမှသိပ်မထူးခြားတော့ဘူးလေ
Moe Z
April 6, 2012 at 1:23 pm
ကိုရှူံးရေ ကိုယ်ချင်းစာတယ်ဆိုတာ ကိုယ်တိုင်ကြုံဖူးမှ ထပ်တူကျတယ်လို့ပြောကြတယ်
ကိုရှူံးရဲ့အရေးအသားကြောင့် ထပ်တူမဟုတ်တောင် ထပ်တူနီးပါးခံစားလိုက်ရပါတယ်
အမေလုပ်သူက ဘယ်လိုအကြောင်းရှိလို့ထွက်သွားတယ်ဆိုတာမသိပေမယ့်
ပြန်ရောက်ရောက်ချင်းပြောတဲ့ စကားအရ မိခင်တစ်ယောက်မလုပ်သင့်တဲ့အလုပ်ကို လုပ်သွားတာပဲ
ပြီးခဲ့တဲ့ကိစ္စတွေကို ကံကြမ္မာကြောင့်လို့သတ်မှတ်ပြီး စိတ်မကောင်းစရာအတိတ်တွေကို မေ့ပစ်လိုက်ပါ
လက်ရှိအချိန်မှာ ကိုယ်တတ်နိုင်သမျှအရာအားလုံးကို အကောင်းဆုံးလုပ်ဆောင်သွားရင်
သိပ်လှတဲ့အနာဂတ်က မဝေးတော့ပါဘူး ကိုရှူံးရေ …
ပျော်ရွှင်ပါစေ ….
ရှူံးနိမ့်မှုများနဲ့.. လူ
April 7, 2012 at 4:11 am
တစ်ခါတစ်လေတော့လည်း လောကကြီးက နိယာမတရားတစ်ခုတည်း၊ ပုံသေနည်းတစ်ခုတည်းနဲ့ သွားနေတာမှ မဟုတ်တာလေ.. တစ်ချိန်က ကမ္ဘာကြီးက လုံးတယ်ဆိုတဲ့ သဘောတရားကို ထုတ်ပြောပြဖူးလို့ လူအများကဲ့ရဲ့ရှူံ့ချခံခဲ့ရဖူးသလို ကျွန်တော်ချပြလိုက်တဲ့ အပိုင်းအစလေးကို သဘာဝတရားကြီးနဲ့ ဆန့်ကျင်တယ်ဆိုပီး ကန့်ကွက်ကြမလားထင်နေတာ.. ခံစားနားလည်ပေးသွားတယ်ဆိုလို့ ကျေးဇူးတင်ပါကြောင်း…
မွန်မွန်
April 6, 2012 at 1:39 pm
လောကမှာ အမေဆိုတာ နာမည်ပဲရှိပြီး မိခင်လို့ ပြောလို့မရတဲ့သူတွေ အများကြီးပဲ ရှိသေးတယ်…အဲဒီသူငယ်ချင်းပီသတဲ့ သူငယ်ချင်းကို တကယ်ကို ကျေးဇူးတင်မိပါရဲ့…
တစ်စိမ်းဆိုတာ အမေထက်ပိုကောင်းခဲ့တယ်ဆိုတာ သူသိရင်တော့ ရှက်တတ်မှာပါ…
kaung kin pyar
April 6, 2012 at 1:41 pm
ကိုရှုံးရေ….ဘယ်လောက်ထိနာကျင်ခံစားရမယ်ဆိုတာကို သိပါတယ်…။ ကိုယ်ချင်းလဲ စာပါတယ်…။ ထားခဲ့နိုင်တဲ့သူကို နားမလည်နိုင်အောင်လဲ ဖြစ်ရပါတယ်…။ သူငယ်ချင်းသာ မကူညီရင် ဘာဆက်လုပ်ကြမလဲ….။ ဆောင်းတွင်းတောင်ပေါ်မှာ ကလေးလေးနှစ်ယောက်…။ ဒါပေမယ့် ကိုယ်ဘာမှ ပြောင်းလဲလို့မရတော့မယ့်အရာတွေကို သယ်မသွားပါနဲ့…။ ရှေ့က လှပတဲ့အနာဂတ်ဆီ ဆက်လက်ချီတက်ရအောင်ပါ….။ ဒါက ခံစားတတ်သူတွေအတွက် အကောင်းဆုံးလို့ထင်ပါတယ်…။ ပျော်ရွှင်ပါစေလို့…။
Ma Ei
April 6, 2012 at 1:44 pm
ဒီလိုစာမျိုးကို ဘယ်သူမှ ရေးရဲ ရေးချင်ကြမည်မထင်ပါ…
သေချာတာတစ်ခုကတော့…
ရခဲ့ဘူးတဲ့ ဒါဏ်ရာမျိုးတွေကို…
ကိုယ့်ရဲ့မျိုးဆက်ကို ဘယ်တော့မှမပေးဘူးလို့…
ဆုံးဖြတ်ဖြစ်တယ်မို့လား…
အပြေးမြန်တဲ့သူ Post လေးဖတ်ကြည့်ပါလို့ အားပေးလိုက်ပါတယ်…
ရှူံးနိမ့်မှုများနဲ့.. လူ
April 7, 2012 at 4:12 am
ဖတ်ကြည့်ဖြစ်အောင် ဖတ်ကြည့်ပါမယ် မအိရေ
TTNU
April 6, 2012 at 2:03 pm
မောင်ရှုံးရေ…
ငိုချင်စရာ။ရင်နင့်စရာ။ စိတ်တိုစရာ။
😥 🙁 👿
ရှူံးနိမ့်မှုများနဲ့.. လူ
April 7, 2012 at 4:13 am
လွမ်းမောစရာ၊ အမှတ်ရစရာ၊ ဆင်ခြင်သင့်တာ၊ …..
ဗိုက်ကလေး
April 6, 2012 at 2:31 pm
ကိုယ့်ထက်ဆိုးတာတွေလဲ ရှိပါသေးလားနော်..
kyeemite
April 6, 2012 at 3:54 pm
တစ်ခုကျန်သွားလို့ဗျို့…ကိုရှုံးခင်ဗျား..
မည်သိုပင်ဆိုစေကာမူ..မွေးကျေးဇူးရှိသေးသမို့….ခွင့်လွှတ်စိတ်မွေးပြီး
မေတ္တာပို့စေချင်ပါသည်..ငွေပါပို့နိုင်ရင်တော့အတိုင်းထက်အလွန်ပေါ့..
မေတ္တာဖြင့်သာအနိုင်ယူစေချင်ပါသည်…
kai
April 6, 2012 at 4:17 pm
ယူအက်စ်မှာဆိုရင်တော့.. ရဲတိုင်လို့ရပါတယ်..။
မိဘကို အရေးယူလိမ့်မယ်..။
ကိုယ်ကရဲမတိုင်လည်း.. ချပ်ချ်က..ကြည့်ပါတယ်..။
ချပ်ချ်က..ကွန်မြူနတီအလုပ်လုပ်တာပဲလေ..။
မြန်မာပြည်မှာတော့… ? 😕
=
အဲဒီစိတ်ဒဏ်ရာဖျောက်လိုက်ပါနော…
စကားမစပ်..
အဲဒီညီလေးရော.. အခုဘယ်မှာလည်းဟင်င်…
ရှူံးနိမ့်မှုများနဲ့.. လူ
April 7, 2012 at 4:14 am
ဒါကတော့ သူကြီးကအသက်ကြီးတော့ ပိုနားလည်မှာပေါ့.. မြန်မာ့ယဉ်ကျေးမှုအကြောင်းကို.. ခုလိုရေးတဲ့ ကျွန်တော့်ကိုတောင် ဝိုင်းပြီး ကဲ့ရဲ့ကြမယ်ထင်ပါတယ်..
စကားမစပ်ဆိုတဲ့ ညီလေးကတော့ ကလေးအဖေဖြစ်နေပြီ ဖြစ်ပါကြောင်း..
nozomi
April 6, 2012 at 4:37 pm
ဒီပို့စ် လေး ဖတ်မိလိုက်မှ ကိုရှုံးဘဝ ကို ပိုနားလည်သွားတယ်
မိဘ တစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့ အပြုအမူတွေပေါ့
ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် လုပ်သွားတာနေမှာပါ လို့ နားလည်ပေးလိုက်တာ သူ့အတွက်ရော ကိုယ့်အတွက်ရော ပိုကောင်းပါတယ် ဆရာကြီးဦးသုခပြောသလို ဘာကြီးပဲ ဖြစ်နေနေ အမေကအမေပါပဲ၊ စာထဲဖတ်ဖူးတာ ဦးသာဓု အမေဆိုလဲ သူ့သားအပေါ်ဆို တော်တော်ကို ဆိုးတာပဲ ၊ ဒါပေမဲ့ ဆရာဦးသာဓုက သူ့အမေကို တော်တော်ချစ်တာပဲ ။
နားလည်ပေးသင့်တယ် ဆိုပေမဲ့ လုပ်တာ မလုပ်တာက ကိုရှုံးအလုပ် ၊
ဒါပေမဲ့ မဖြစ်မနေလုပ်ရမှာ ( မလုပ်လို့ လုံးဝ မဖြစ်တာကတော့) ကိုယ့်အလှည့်ကျရင် သားသမီးတွေအပေါ် မေတ္တာအပြည့်အဝ ပေးဘို့ပဲ
ွ
အင်ဂျင်နီယာခန်းမမှာ လုပ်မဲ့ပွဲသတင်းလေး မဖတ်မိတာလား ၊မရေးသေးတာလား မသိဘူး မကြားမိသေးဘူးနော ၊ အဆင်ပြေတယ် မို့လား ?
ရှူံးနိမ့်မှုများနဲ့.. လူ
April 7, 2012 at 4:16 am
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှာ ကျင်းပမယ့် အခမ်းအနားလေးက ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတဲ့အတွက် ဘယ်တော့ဆိုတာ ပြောလို့မရနိုင်ပါသေးကြောင်းနဲ့ တစ်ကိုယ်တည်း လူပြို (ပျိုမဟုတ်တော့ပါ) ကြီးဘွနဲ့ စောင့်ဆိုင်းနေရပါကြောင်း…
pooch
April 6, 2012 at 4:40 pm
ငယ်ငယ်က စိတ်နှလုံးသားဆိုတာ စက္ကူဖြူတရွက်လိုပဲ ဖြူစင်တယ် နုနယ်တယ်။ အဲ့ဒီအချိန်မှာ ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာဆိုတာ စာရွက်ဖြူပေါ်က အစွန်းအထင်းလိုပဲ ဘယ်တော့မှ မပြယ်တတ်ဖူးတဲ့။
ဒါပေမဲ့ နောင်တချိန်မှာ ဖခင်ကောင်းတယောက်ဖြစ်အောင် ကြိုးစားလိုက်ပါ ။ အဲ့ဒါဆို ဒီလိုစိတ်ဒဏ်ရာလျော့သွားရုံမက တဖြေးဖြေး စိတ်ပြေ ပျောက်ပါသွားပါလိမ့်မယ်။
ရှူံးနိမ့်မှုများနဲ့.. လူ
April 7, 2012 at 4:17 am
တစ်ချိန်ချိန်များမှာတော့ ဖခင်ကောင်းတစ်ယောက် ဖြစ်လိုပါ၏။
သို့ပါသော်ကား ဖခင်ဖြစ်ခွင့်ပေးမည့်သူ လက်ဆုပ်လက်ကိုင် မရှိသေးသဖြင့် ဘယ်လို့ ဘယ်လိုမှ မဖြစ်နိုင်ပါသေးကြောင်း
MaMa
April 6, 2012 at 9:52 pm
ရှုံးလူရေ-
ပြီးခဲ့တဲ့ လွမ်းမောနာကျင်ဆွတ်ပျံ့ဖွယ်ရာတွေကို ပြန်စဉ်းစားပြီး စိတ်မကောင်းဖြစ်နေမယ့်အစား …
အဲဒီလို ခက်ခဲလှတဲ့ ကြမ်းတမ်းတဲ့ ဘဝခရီးကို အောင်မြင်စွာ ကျော်လွှားလွန်မြောက်နိုင်ခဲ့ပြီမို့…
အောင်မြင်ချင်းတူတူ ဘယ်သူမြတ်သည်လဲ ဆိုတဲ့ သီချင်းစာသားလေးလို ကိုယ့်ရဲ့ လက်ရှိဘဝ အောင်မြင်မှုတွေကို ဂုဏ်ယူလိုက်စမ်းပါ။ 🙂
ရှူံးနိမ့်မှုများနဲ့.. လူ
April 7, 2012 at 4:19 am
အောင်မြင်မှုတိုင်းအတွက် လွတ်လွတ်လပ်လပ်ကြီး ဂုဏ်ယူလျက်ပါ… ကိုယ့်ဖာသာ အမှီအခို ကင်းကင်းနဲ့ ရလာတာတွေအတွက် မြတ်နိုးတန်ဖိုးထားလျက်ရှိပါကြောင်း..
Khin Latt
April 7, 2012 at 4:38 am
ကိုရှုံးရေ
မယုံနိုင်စရာ လို့တော့ မပြောပါဘူး။
ကိုရှုံးထက် ပိုပြီးဆိုးသူတွေ ရှိပါတယ်။
အမေက ပြန်လာသေးတော့ တော်သေးတယ်။
တစ်ချို့ဆို လုံးဝကို ပြန်မလာဘဲ ပစ်သွားတာ။
ဘာဘဲဖြစ်ဖြစ် ကိုရှုံးရေ – ဖဝါးလက်နှစ်လုံး ကနေ မွေး ခဲ့ ကျွေးခဲ့ ဘူးတဲ့ ကျေးဇူးကို သာ ပြန်မှန်းကြည့်ပါ။
ဝမ်းနည်းစရာဖြစ်ဖြစ်၊ ပျော်စရာဖြစ်ဖြစ် အားလုံး ကတော့ မမြဲပါဘူး။
ဖြစ်နိုင်သ၍ မကောင်းတာတွေကို စိတ်ထဲက ဖယ်ထားမနိုင်ရင်တော့ ဘဝ က နေပျော်ပါတယ်။
ခံစားပြီး ဖတ်သွားပါတယ်။
မမ ပြောသလို ကိုရှုံးက ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်လာတာမို့ ဒါကိုက ဂုဏ်ယူစရာပါဘဲ မဟုတ်လား။
ကြောင်ကြီး
April 7, 2012 at 8:53 am
အတိတ်ဘဝ တခုတုန်းက မောင်ရှုံးသူ့ကို အဲဒီထက်ပိုရက်စက်ခဲ့တယ်၊ မမှတ်မိဘူးမဟုတ်လား။ ဦးကြောင် သမာဓိနဲ့ကြည့်လိုက်တာ မောင်ရှုံးသူ့ကို မလိုချင်ဘူး ရှုပ်တယ်ဆိုပြီး တောထဲတောင်ထဲ မိုးထဲရေထဲမှာ ရက်ရက်စက်စက် ပစ်ထားခဲ့တယ်။ တောပျော် ရသေ့ကြီးတပါး ကောက်ယူမွေးစားခဲ့လို့ သူ့ခမျာ အသက်ရှင်လာခဲ့ရဒယ်။ မောင်ရှုံးကမှ အမိုးအကာအောက်မှာ လူတွေကြားထဲမှာ စားစရာတချို့နဲ့ ချန်ထားခံခဲ့ရတာ..။ မထူးတော့ပါဘူး ပြောလက်စနဲ့ ကုန်အောင်ပြောလိုက်တော့မယ်…အဲဒီရသေ့ကြီးဆိုတာ ဦးကြောင်ကြီးပဲကွ…..။ မောင်ရှုံးရဲ့ အတိတ်ဘဝ ကမာ္ဘငါးထောင် အနာဂတ်ဘဝ ကမာ္ဘငါးထောင် ဦးကြောင်ကြီး မြင်နေရဒယ်။။ သိလိုလျင် ဒေါ်လာငါးရာ ဘဏ်ကနေ လွှဲလိုက်ပါ။။ ဦးကြောင်ကြီးရဲ့ ပယဟီတလုပ်ငန်းများမှာ အသုံးပြုဖို့….. 😎
marblecommet
April 8, 2012 at 11:07 am
လက်စသတ်တော့ ကိုရှုံးက
ခလေး အဖေ ဖြစ်သွားပြီဂိုး
အားကျထှာအေ…