ငါကိုယ်တိုင်အဝါရောင် ၊ ငါကိုယ်တိုင်ဗူဗူဇီလာ
“ငါကိုယ်တိုင်အဝါရောင် ၊ ငါကိုယ်တိုင်ဗူဗူဇီလာ”
ဒီတစ်နေ့အတွက်တော့
ကမ္ဘာဟာ အဝါရောင်ဖြစ်ပေးရလိမ့်မယ်
ငါတို့အားလုံး ဂျိုဟန်နက်စဘတ်ကိုရောက်ကြပြီ
“ဟေး …. အာဖရိက” လို့ နှုတ်ခွန်းဆက်ကြပြီ
ပြည်သူလူထု ငါးဆယ့်တစ်သန်းနဲ့အတူတူ
နယ်လ်ဆင်မင်ဒဲလားကြီးနဲ့အတူတူ
ဗူဗူဇီလာနှဲသံများနဲ့အတူ
အာဖရိကအတွက် ဂုဏ်ယူကြမယ်
“ကမ္ဘာ့ဘောလုံးမှာ ငါတို့ ၈၃ ပါ …
ဒါပေမယ့် ဒီပွဲတော်ကို ငါတို့တည်ဆောက်ခဲ့နိုင် ၊
ငါတို့ပိုင်တယ်”
ဥဒါန်းကျူးရင့်သံတွေကြား
ဘယ်ခြေတစ်ဖက်ဟာ မီးထတောက်သွားသလားထင်ရ
ရုတ် တ ရက် …. “ဂိုး …. ဂိုး … ဂိုး”
အဲဒီအသံ မတိတ်တော့ပြန်ဘူး
“Waka Waka eh eh, Tsamina mina zangalewa
This time for Africa, We are all Africa”
မြှောက်တင်လိုက်တဲ့လက်တွေဟာ
ရိုးရာကကွက်တချို့ရဲ့အစဖြစ်တယ် ၊
အောင်ပွဲဖြစ်တယ် ၊ ပွဲတော်ကြီးရဲ့ဖွင့်ပွဲအထိမ်းအမှတ်ဖြစ်တယ် ၊
“ဝုန်း”ခနဲ လွင့်ပျံထွက်သွားတဲ့အဝါရောင်တွေဖြစ်တယ် ၊
လက်ခုပ်ဩဘာသံတွေဖြစ်သလို တောင်အာဖရိကစင်စစ်ဖြစ်တယ်
အားလုံးတစ်သွေးတည်းတစ်သားတည်း
မြက်ခင်းထဲကလူဆယ့်တစ်ယောက်နဲ့
ပြည်သူငါးဆယ့်တစ်သန်းဟာအတူတူ
ဘိုးဘိုးမင်ဒဲလားရဲ့လက်ခုပ်သံနဲ့
ဗူဗူဇီလာအသံထွက်နဲ့အတူတူ
အားလုံးတစ်သွေးတည်းတစ်သားတည်း
ငါကိုယ်တိုင် အဝါရောင်
ငါကိုယ်တိုင် တောင်အာဖရိက
နောက်ပြီး … ငါကိုယ်တိုင် ဗူဗူဇီလာနှဲတစ်လက်ဖြစ်သွားတဲ့အထိ ၊
ကမ္ဘာရေ …. ဒီတစ်နေ့အဖို့တော့
ခင်ဗျား အဝါရောင်ဖြစ်ကိုဖြစ်ပေးရလိမ့်မယ် ။
သူရဿဝါ
ဇွန်လ ၁၂ ရက် ၊ ၂၀၁ဝ ခုနှစ်
(၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အဖွင့်ဂိုးသွင်းယူခဲ့သော အိမ်ရှင်တောင်အာဖရိက အသင်းအား ဂုဏ်ပြုရေးသားပါသည်)