ပွင့်ခြောက်တွေပေါ်က ရင်ခုန်သံစစ်စစ်ဂီတ
တစ်ယောက်နဲ့တစ်ယောက်
သူစိမ်းချစ်တွေပဲ
အသက်ရှုကြပ်နေတဲ့ ရင်အုံပေါ်
အောက်ဆီဂျင်ကနည်းနည်းလာတဲ့ နေ့ရက်တွေ
ဝေးကွာခြင်းတစ္ဆေကခြောက်ပြန်တယ်။
နှစ်ယောက်တစ်ဘဝ ဇာတ်လမ်းထဲမှာ
ချစ်အားကြီးလို့ တခုခုချွတ်ချော်ရင်
ကြောက်စရာ ကောင်းလောက်အောင် မုန်းတီးကြ
စိတ်ကိုနားချရတဲ့ တရားလည်း
အပ်ကြောင်းထပ်နေပြီ။
စီးကရက်တောင် မဖြတ်နိုင်ဘဲ
အိပ်မက်တွေကို ဘယ်လို မေ့နိုင်မလဲ
စွဲလမ်းစိတ်လွန်ကဲရင် တန်ဖိုးမဲ့မယ်။
ငါတို့တွေ ရိုးသားခဲ့ကြတယ်
ငါတို့တွေရဲဝံ့ခဲ့ကြတယ်
ငါတို့တွေပျော်ရွှင်ခဲ့ကြတယ်
ငါတို့တွေ…………………..
တခါက
လရောင်ပြာရိပ်မှာ အိပ်မက်တူပြိုင်မက်ခဲ့
ကံကော်လမ်းမှာ ရယ်သံတေ ွဖိတ်စင်ကျခဲ့
ငြိမ်းချမ်းရေး အနမ်းများနဲ့ တွဲလက်မြဲခဲ့တာပဲ
ပြောင်းလဲခြင်းသဘောတရားမှာ
အနာဂတ်လမ်းကိုလည်း အတူ မလျှောက်ချင်တော့ဘူး
လောကိုလည်းနှစ်ကိုယ်တူ အလှမဆင်ချင်တော့ဘူး…တဲ့
အခု….ပမ္မဝတီမြစ်ကြီးသိတယ်
အခု…. အိပ်မက်မြို့ လေးသိတယ်
အခု စံပါယ်ပန်းတွေသိနေတယ်
ဘယ်သူသစ္စာပျက်ခဲ့သလဲ။
သေခြင်းရဲ့ ပခုံးသားပေါ် သွားနေကြတဲ့
ဒုက္ခတွေကို ထည်လဲဝတ်ဆင်နေရတဲ့ လမ်းမှာ
သောကတစ်ဝက်ကိုမီးဖိုပြီးအလွမ်းအဖြစ်လှုံ လိုက်ရတယ်
နောင်ဘယ်တော့မှ ပြန်နုသစ်လို့ မရနိုင်တော့တဲ့ ရင်ခုန်သံအတွက်….။ ။
4 comments
blackchaw
April 11, 2012 at 7:17 pm
ဆရာထက်ရေ။
အရာအားလုံးဟာ
တစ်ချိန်ချိန်ကျရင် ပြီးဆုံးမြဲပါခင်ဗျာ။
အားလုံးဟာ ခဏလေးတွေပါပဲ။
ကဗျာလေးကို လေးလေးစားစား အားပေးသွားပါတယ်ခင်ဗျာ။
htet way
April 11, 2012 at 7:57 pm
ဆရာဘလက်ခင်ဗျား
အရာအားလုံးပြီးဆုံးသွားတယ်ဆိုတဲ့ ဒဿနလေးကို
လက်ခံပါတယ်။
ကျွန်တော်တို့ ခင်ဗျားတို့ မိတ်ဆွေကြီး ဆရာမောင်စိန်ဝင်းရဲ့ အချစ်စ ..အချစ်လယ် အချစ်ဆုံး
ထဲက စကားခဏငှားပြောရရင်တော့
စီးကရက်ကြိုက်တတ်လို့သောက်ရင်းဆေးလိပ်မှာပါတဲ့နီကိုတင်း အဆိပ်တွေဟာဆုတ်ထဲမှာ
စွဲထင်ကျန်ရစ်သလို အချစ်ဦး အချစ်ဆုံးတို့သည်……..။အတိအကျတော့မဟုတ်ဘူးဆရာရေ့
မှတ်မိသလောက်လေးပါ။
ဆရာရဲ့ ကဗျာအပေါ် ခံစားချက်ကိုလေးစားပါတယ်။ကျွန်တော်ရဲ့ကဗျာကို လေးလေးစားစား
အားပေးသွားတယ်ဆိုလို့ ပိုမိုခင်မင်လေးစားမိပါကြောင်း။
စကားကြွင်း။ ။ဆရာမောင်စိန်ဝင်းအိမ်မဲလာတုန်းတခါက ပြုံပန်းတစ်ရာလက်ဖက်ရည်ဆိုင်မှာကျွန်တော်တို့ ထိုင်ဖြစ်တဲ့အကြောင်းနဲ့ ခင်ဗျားအကြောင်းတွေ သတိတရပြောဖြစ်ခဲ့ပါတယ်။အဲ့ဒီတုန်းက မောင်ညိုအေးတို့နဲ့….။
Khaing Khaing
April 11, 2012 at 9:16 pm
ကိုထက်ရေ ကဗျာအရေးအသားတွေရော ညီမလေးဖတ်ဖို့စာအရေးအသားတွေရောက ထိတယ်ဗျာ … တစ်ကယ့်ကို ဆြာတွေပဲ ……….အားပေးလျှက်ပါနော် ……… အခွင့်အခါသင့်တိုင်း ရင်ထဲကနေခံစားချက်တွေကို ပေလွှာထက်ပေါ်တင်ဖို့တော့မမေ့နဲ့နော် စောင့်မျှော်အားပေးလျှက်ပါ……
ခင်မင်ရင်း
Khaing Khaing
htet way
April 11, 2012 at 9:56 pm
ဆရာမခိုင်ခိုင်ခင်ဗျား
ဟုတ်ကဲ့ ကျွန်တော်က စာမရေးရရင်မနေနိုင်သူမို့
ခုလို မြှောက်ပေး..အဲယောင်လို့ အားပေးတာကျေးဇူးပါလို့
ဆရာမရဲ့ စာတွေလည်း ကျွန်တာ်မလွတ်တမ်းဖတ်ခဲ့တာ နှစ်သက်လို့ပါ ဆရာမလည်း
ရေးပါလို့ အပြန်အလှန် အားပေးပါရစေ။
ခုလို ကဗျာကို ဖတ်ပေး အားပေးတာတော့ ပိုလို့ ဝမ်းသာ လေးစားမိပါကြောင်း။