အက်ရာနဲ့ အိုးကလေး

zaylayJune 12, 20101min1911

The Cracked Pot (အက်ရာနဲ့ အိုးကလေး)

the-cracked-pot.gif

တစ်ခါက ရေထမ်းသမား တစ်ဦးမှာ ရေအိုး နှစ်လုံးရှိသတဲ့။ ရေထမ်းသမားက အဲ့ဒီ ရေအိုး နှစ်လုံးကို ထမ်းပိုး တစ်ဘက်တစ်ချက် ဆီမှာ ချိတ်ဆွဲပြီး ရေထမ်းထွက်လေ့ ရှိတယ်။ ရေအိုး တစ်လုံးမှာ အက်ရာရှိနေပြီး ရေတွေ စိမ့်ကျ ကျန်နေရစ်ခဲ့လို့ အဲ့ဒီ အိုးကလေးက ဘယ်တော့မှ ရေအပြည့် သယ်မပေးနိုင်ရှာဘူး။ ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ် အနာအဆာ လုံးဝ ကင်းရှင်းနေတဲ့အတွက် ရေကို အိုးအပြည့် သယ်ပေးနိုင်တာပေါ့။
အလွန်ဝေးတဲ့ ခရီး အတိုင်း ရေထမ်းသမား ရေထမ်းပြီး ပြန်လာတိုင်း အက်ရာနဲ့ အိုးကလေးထဲက ရေဟာ အိုး တစ်ဝက်လောက်ပဲ ကျန်နေခဲ့ပြီး ကျန်တဲ့ တစ်ဝက်က အမြဲ လမ်းမှာ ယိုစိမ့် ကျန်နေရစ်ခဲ့တယ်။ နေ့စဉ်နေ့တိုင်းမှာ ရေ တစ်ခေါက် သယ်တိုင်း အိုးနှစ်လုံးစာ အပြည့် ဘယ်တော့မှ မရဘဲ ရေ တစ်အိုးနဲ့ တစ်ဝက်စာပဲ အမြဲ ရတာပေါ့။ ဒီလိုနဲ့ ရေထမ်းသမားက ရေ သယ်လာလိုက်တာ နှစ်နှစ်တောင် ကြာလို့ နေခဲ့ပြီ။ အကောင်းပကတိ အတိုင်း ရှိနေတဲ့ အိုးကတော့ အမြဲ ရေအပြည့် သယ်ပေးနိုင်တဲ့ အတွက် သူ့ရဲ့ အပြစ်ကင်းမှု အပေါ် ဂုဏ်ယူဝမ်းမြောက် နေတယ်။ အက်ရာနဲ့ အိုးကလေး ခမျာမှာတော့ သူ့ရဲ့ အပြစ် အနာအဆာကြောင့် ရေထမ်းသမား ပင်ပန်းရကြိုး မနပ် ဖြစ်နေတာကို တွေးတွေးပြီး ရှက်လို့ မဆုံး၊ ဝမ်းနည်းလို့ မဆုံး ဖြစ်နေရတယ်။ ရေထမ်းသမားက ရေအပြည့် အမြဲ ဖြည့်ပြီး သယ်ခဲ့ပေမဲ့ သူက ရေကို တစ်ဝက်လောက်ပဲ အိမ်အရောက် သယ်ပေးနိုင်ခဲ့တာကိုး။
အဲ့ဒီလို ခါးသီးတဲ့ ရှုံးနိမ့်မှု၊ သိမ်ငယ်မှုတွေကို နှစ်နှစ်လောက် ခါးစည်း ခံခဲ့ပြီးတဲ့နောက်တော့ အက်ရာနဲ့ အိုးကလေး ဟာ ဆက်ပြီး သည်းမခံ နိုင်တော့ဘူး။ တစ်နေ့တော့ မြစ်ဘေးနားမှာ ရေခပ် နေတဲ့ ရေထမ်းသမားကို ဖွင့်ပြောလိုက်တယ်။
ကျွန်တော့်ရဲ့ အပြစ် အနာအဆာ အတွက် ခွင့်လွှတ် ပေးပါ ခင်ဗျာ။ ကျွန်တော့်မှာ ရှိနေတဲ့ ဒီ အက်ရာ ကနေ ရေအမြဲ ယိုစိမ့်ပြီး ကျန်နေခဲ့လို့ သခင့်အတွက် ရေကို အပြည့် ဘယ်တော့မှ ကျွန်တော် သယ်မပေးနိုင်ခဲ့ဘူး။ ကျွန်တော့်ရဲ့ ချို့ယွင်းချက်ကြောင့် သခင့် လုပ်အားတွေ ဆုံးရှုံးရသလို ပိုပြီးတော့လဲ ပင်ပန်းနေရတယ်။တာဝန်ကို ကျေပွန်အောင် မထမ်းနိုင်တဲ့ ကျွန်တော့် အားနည်းချက်ကြောင့် သခင် ပင်ပန်းရကျိုး မနပ် ဖြစ်ရတာ စိတ်မကောင်း ဖြစ်ရသလို အဲ့ဒီအတွက်လဲ ကိုယ့်ကိုကိုယ် ရှက်လှပါတယ်ခင်ဗျာ။
အဲ့ဒီစကားကို ကြားတော့ ရေထမ်းသမားက အက်နေတဲ့ အိုးကလေး နားလည်အောင် အခုလို ရှင်းပြပါတယ်။
မင်းရဲ့ တစ်ခြားဘက် အခြမ်းမှာ မရှိဘဲ မင်းဘက် အခြမ်းမှာပဲ ရှိနေတဲ့ ပန်းပင်တွေကို လမ်းတစ်လျှောက်မှာ သတိ မထားမိဘူးလား။ ငါက မင်းရဲ့ အားနည်းချက်ကို သိတယ်။ ဒါကြောင့် မင်းဘက်အခြမ်းမှာ ပန်းမျိုးစေ့တွေကို ကျဲပြီး စိုက်ခဲ့တယ်။ အိမ်အပြန် လမ်းတစ်လျှောက်လုံး မင်းဆီက ကျတဲ့ ရေတွေက အဲ့ဒီ ပန်းမျိုးစေ့တွေကို ရှင်သန်ကြီးထွား စေခဲ့တာပေါ့။ အခုဆို အဲ့ဒီ ပန်းပင်လေးတွေက အပွင့်တွေ ပွင့်ပေးလို့ ငါ့ အိမ်အပြန်မှာ သူတို့ကို ခူးခဲ့ပြီး ပန်းအိုး ထိုးလို့ ရနေပြီ။ မင်းရဲ့ အက်ရာသာ မရှိခဲ့ရင် ငါ့အိမ်ကို အခုလို ကျက်သရေရှိပြီး လှပနေအောင် ဘယ်လို အလှ ဆင်နိုင်မလဲ။

ကျွန်တော်တို့ အားလုံးမှာ အားနည်းချက် ကိုယ်စီ ရှိကြပါတယ်။ အက်ရာနဲ့ အိုးကလေး လိုပဲပေါ့။ အဲ့ဒီ ချို့ယွင်းချက်၊ အားနည်းချက၊် အပြစ်အနာအဆာ တွေက ကျွန်တော်တို့ရဲ့ ဘဝတွေကို အလွန်တရာ စိတ်ဝင်စားဖို့ ကောင်းအောင် ဖန်တီး ပေးသလို ကိုယ့်ဘဝရဲ့ ဆုလာဘ်တွေလဲ ဖြစ်တယ်။ ဘယ်လို လူစားမျိုးပဲ ဖြစ်ဖြစ် ကျွန်တော်တို့က ကောင်းကွက်လေးတွေကို မြင်တတ်ဖို့ လိုပါတယ်။ အဲ့ဒီ ချို့ယွင်းချက်၊ အားနည်းချက၊် အပြစ်အနာအဆာ တွေကို မှန်မှန်ကန်ကန် အသုံးချနိုင်အောင် တည့်ပေးလိုက်နိုင်ရင်တော့ ဒါတွေဟာ စိတ်ပျက် အားငယ်စရာတွေ မဟုတ်တော့ဘဲ ဘဝရဲ့ ကောင်းချီးပေးမှုတွေ ဖြစ်လာမှာပါ။

သင့် ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ အမျိုးမျိုးသော လူသားတိုင်းကို နားလည်စွာ ချီးမြှောက်ဖို့ သတိရပါ။

ဘာသာပြန်သူ – မိုးကုတ်သား

One comment

  • hwutyi21

    September 22, 2010 at 7:23 am

    တော်တော်ကောင်းပါတယ်။ကြိုက်လွန်းလို့ diary ထဲမှာတောင်မှတ်ထားပါတယ်။
    နေက်ထပ်ကောင်းတာလေးတွေရှိရင်လည်းဖော်ပြပေးပါအုံးရှင်..

Leave a Reply