ပြောင်းလဲသည် ဆိုရာဝယ်

mgwaloneApril 19, 20121min1224

ပြောင်းရမယ်။ အောက်ခြေကစပြီး ပြောင်းမှ ရမယ် ဆိုတာ ဒီနေ့ လူအတော်များများ ပြောနေကြတာပါ။ စာစောင်တွေ၊ ဂျာနယ်တွေမှာလည်း အများကြီး တွေ့ပါတယ်။ တိုင်းပြည်က ပြောင်းနေတယ်။ နိုင်ငံရေးမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နေတယ်။ နိုင်ငံတော် အစိုးရခေါင်းဆောင် သမ္မတ ကိုယ်တိုင်က ပြောင်းလဲ ဖို့ကို အများကြီးပြောနေ၊ လုပ်နေတယ်။ ဒါပေမဲ့ အသံတွေ ကြားရပါတယ်။ အပေါ်က ဘယ်လောက်ပဲ ပြောင်းမယ်၊ ပြောင်းတယ် ဆိုပေတဲ့ အောက်ခြေကတော့ အရင်အတို်င်းပဲ တဲ့။ ဌာနဆိုင်ရာ ကိစ္စရှိလို့ သွားလာ ဆက်ဆံတဲ့အခါမှာ အရင်လိုပဲ လုပ်နေကြတာ၊ မပြောင်းသေးဘူး လို့ ဆိုကြပါတယ်။ ဟုတ်သင့် သလောက်လည်း ဟုတ်ပါတယ်ခင်ဗျ။ နှစ်ပေါင်များစွာ အရိုးစွဲလာတဲ့ အခြေအနေရယ်၊ အလေ့အကျင့်ရယ်ကို လွယ်လွယ်လေးနဲ့ ခေါင်းပန်းလှန်သလို ပြောင်းဖို့ကတော့ မလွယ်တာ၊ မဖြစ်နိုင်တာ အသေအချာပေါ့။ အဲ ဒီနေရာမှာ စဉ်းစားစရာ တစ်ခု ပေါ်လာပါတယ်။ ဝန်ထမ်းတွေကိုပဲ မပြောင်းလဲဘူးလို့ ပြောနေကြတယ်။ ကျွန်တော်တို့ ပြည်သူတွေဘက်ကကော ပြောင်းကြရဲ ့လားဆိုတာ မေးစရာရှိလာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အတွေ့အကြုံလေးတစ်ခုပါ။ မန္တလေးက ရထားလမ်းဖြတ် ကုန်းကျော်တံတားတွေမှာ ဆိုင်ကယ်တွေ၊ စက်ဘီးတွေ မဖြတ်ရတော့ပါဘူး။ ဒါက သိပ်မကြာသေးခင်က ဖြစ်သွားတဲ့ အပြောင်းအလဲ တစ်ခုပေါ့။ လမ်းညွှန်ဆိုင်ဘုတ်တွေလည်း တပ်ထားပါတယ်။ ကျွန်တော်ကိုယ်တိုင် ဆိုင်ကယ်နဲ့ အသွား ဆိုင်းဘုတ်မြင်တော့မှ ရပ်လိုက်ရတယ်။ ယာဉ်ထိန်းရဲကလည်း ကျွန်တော့ကို မြင်ပါတယ်။ အဲဒီအချိန်မှာပဲ ဆိုင်ကယ်တစ်စီး ကုန်းကျော်တံတားပေါ်က ဆင်းလာတယ်ခင်ဗျ။ ယာဉ်ထိန်းရဲက အဲဒီဆိုင်ကယ်ကို တားပါတယ်။ ဖမ်းပြီပေါ့ခင်ဗျာ။ ကျွန်တော်လည်း ကိုယ့်လမ်းကို ဆက်အထွက် အနားမှာရှိတဲ့ အမျိုးသမီး တစ်ဦးရဲ ့ မှတ်ချက်ကို ကြားလိုက်ရတယ်။ “တွေ့လား၊ ဒီခွင်ကို ချောင်းနေတာ” တဲ့။

ကျွန်တော် စဉ်းစားကြည့်ပါတယ်။ ဒီအမျိုးသမီးက ဘာကြောင့် အလွယ်တကူ ဒီလိုပြောလိုက်သလဲ။ ယာဉ်ထိန်းက အရေးယူလိုက်သလား၊ ဒါမှမဟုတ် ပိုက်ဆံတောင်းပြီး ပြန်လွှတ်လိုက်သလားဆိုတာ သူမသိ သေးပါဘူး။ ဒါပေမဲ့ သူ့လေသံအရ ယာဉ်ထိန်းကဖမ်းတာဟာ ပိုက်ဆံတောင်းဖို့ပဲ။ ဒါမှမဟုတ် ပိုက်ဆံပေးလိုက် ရင် ပြီးတယ် ဆိုတဲ့ အယူအဆ သူ့မှာရှိနေတယ်လို့ ကျွန်တော် နားလည်လိုက်မိပါတယ်။ ဒီလိုဆိုရင် လမ်းစည်း ကမ်း မလိုက်နာလို့ ယာဉ်ထိန်းက တားတဲ့အခါ အတားခံရသူအများစုကကော ပိုက်ဆံပေးဖို့ပဲ ကြိုးစားကြတာ ဘာကြောင့်လဲ။ ယာဉ်ထိန်းတွေကကော ပိုက်ဆံကို ဘာလို့ လက်ခံကြတာလဲ။ လမ်းစည်းကမ်းကို လက်တစ်လုံး ခြား လုပ်ကြတယ်။ ပြီးတော့ ယာဉ်ထိန်းကို ပိုက်ဆံ ပြေးပေးကြတဲ့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ ဘာလို့ ဒီလို လုပ်နေကြတာလဲ။

စဉ်းစားစရာတွေ များလှပါတယ်။ ဒါက ကျွန်တော် တွေ့ကြုံခဲ့တာလေးကို အခြေခံပြီး စဉ်းစားတာပါ။ ယာဉ်ထန်းရဲများတင်မက အခြားသော ဌာနများမှာကော ဘယ်လိုပါလဲ။ လာဘ်ပေးနေရတယ် ဒါမှမဟုတ် လက်ဖက် ရည်ဖိုး၊ ဘီယာဖိုး၊ ဝန်ထမ်းသက်သာ၊ စာရွက်စာတမ်းကြေး၊ စေတနာရှိသလောက် ဆိုတဲ့ စကားလုံး အမျိုးမျိုးနဲ့ တောင်းနေ၊ ပေးနေရတာတွေက ဘာကြောင့်ပါလဲ။ တောင်းသူကကော ဘာကြောင့် တောင်းသလဲ။ ပေးသူကကော ဘာကြောင့် ပေးတာပါလဲ။ ဒါတွေကို စဉ်းစားလိုက်ရင် အပြောင်းအလဲဆိုတာ တစ်ဖက်သတ် လုပ်လို့ မရဘူးဆိုတာ မြင်သာပါလိမ့်မယ်။ ဝန်ထမ်းတွေ လစာနဲလို့၊ စားဝတ်နေရေး မပြေလည်လို့ အကျင့်ပျက်တာတွေ ဖြစ်တာလို့ ပြောကြတယ်။ လစာတိုးဖို့၊ ကုန်ဈေးနှုန်းတွေ တည်ငြိမ်ဖို့၊ ပြောနေတာတွေ အများကြီးပါ။ ဒါက ဝန်ထမ်းတွေဖက်ကအပိုင်း။ ကျွန်တော်တို့ ပြည်သူတွေကကော ဘာလို့ ပေးနေကြတာလဲ။

ပေးသူဖက်က ကြည့်ရင်လည်း ပြောစရာတွေကတော့ အများသား။ ကိုယ်တိုင်က စည်းကမ်းမလိုက်နာ လို့၊ လက်တစ်လုံးခြား လုပ်ခြင်လို့ ပေးတဲ့သူတွေလည်း ရှိပါတယ်။ အချိန်မကုန်အောင်၊ လုပ်ရကိုင်ရတာ လွယ်ကူအောင် ဆိုပြီး ပေးတဲ့ သူတွေလည်း ရှိပါတယ်။ အမျိုးအမျိုးပါပဲ။ ဒီနေရာမှာ ကျွန်တော်သိတဲ့ အဖြစ်အပျက်လေးတစ်ခုကို ထပ်ပြောပါရစေ။ လွန်ခဲ့တဲ့ လပိုင်းလောက်ကပါ။ မြို ့နယ် လ.၀.က ရုံးတစ်ခုမှာ အိမ်ထောင်စုစာရင်း လာလုပ်ကြတဲ့ လူနှစ်ဦးအကြောင်းပါ။ တစ်ဦးက သူ့ရဲ ့ အထက်လူကြီးတစ်ယောက် အတွက် လာလုပ်ပေးတာ။ နောက်တစ်ဦးကတော့ ကျွန်တော့်အဖေပါပဲ။ ကျွန်တော့်အဖေက အသက် (၇၅)နှစ် ကျော်ပြီးဖြစ်တဲ့ အငြိမ်းစား ဝန်ထမ်းတစ်ယောက်ပါ။ အိမ်ထောင် ဦးစီးကိုယ်တိုင် လာရမယ်ဆိုတာကြောင့် သူကိုယ်တိုင် သွားခဲ့တာ။ အဆင်ပြေပါတယ်။ လွယ်လွယ်ကူကူပဲ ပြီးသွားပါတယ်။ ဒီမှာ တစ်ခုထူးတာက ကျွန်တော့် အဖေက ပိုက်ဆံ မပေးပါဘူး။ လ.၀.က ဝန်ထမ်းများကလည်း မတောင်းပါဘူး။ ဒါပေမဲ့ အတူလာ လုပ်တဲ့ အခြားတစ်ယောက်ကတော့ လက်ဖက်ရည်ဖိုးဆိုပြီး ပေးပါသတဲ့။ ကျွန်တော့်အဖေက မင်းဘာလို့ ပေးတာလဲဆိုတော့ “အဆင်ပြေအောင်ပေါ့အဘရယ်၊ ကျွန်တော့်ဆရာကလည်း ပေးဖို့ မှာလိုက်တယ်” လို့ ပြောပါသတဲ့ခင်ဗျာ။

ဒီစာကို နိဂုံးမချုပ်ခင် တစ်ခုတော့ ပြောပါရစေ။ ဒီစာအရ ယာဉ်ထိန်းများ၊ လဝက ဝန်ထမ်းများကို ကောင်းသည်၊ မကောင်းသည် ဝေဖန်နေတာ မဟုတ်ပါဘူး။ ကြုံခဲ့တာလေးကို အခြေခံပြီး စဉ်းစားတွေးတောမိသမျှ တင်ပြခြင်းပါ။ ဒီအဖြစ်အပျက်ကလေး နှစ်ခုကို ကြည့်ရင် ပြောင်းလဲတယ်ဆိုတာ တစ်ဖက်သတ်တည်း ပြောင်းဖို့ မဖြစ်နိုင်ဘူး လို့ ကျွန်တော် မြင်မိပါတယ်။ တောင်းတဲ့သူ၊ ယူတဲ့သူတွေ ဘက်မှာလည်း အကြောင်း တွေရှိနေပါတယ်။ ပေးတဲ့သူ၊ အတောင်းခံရသူတွေဘက်ကလည်း ပြောစရာတွေ၊ အကြောင်းတရားတွေ အများပါပဲ။ ဒီတော့ အပြောင်းအလဲတစ်ခု ဖြစ်လာဖို့အတွက် လူတိုင်းမှာ၊ တိုင်းသူပြည်သား အားလုံးမှာ တာဝန်ရှိတယ်လို့ ကျွန်တော် ခံယူမိကြောင်းပါခင်ဗျာ။

 

4 comments

  • နေဝန်းနီ

    April 19, 2012 at 9:39 pm

    အဓိက က လူတွေ လူတွေ ဘာစနစ်တွေ ပြောင်းပြောင်း လူတွေ ရဲ့ စိတ်တွေ မပြောင်းလို့ကတော့ ထုံးစံရှိတဲ့ အတိုင်းဖြစ်နေဦးမှာပါပဲ…။ စိတ်ချ

  • mgwalone

    April 19, 2012 at 10:10 pm

    လူတွေရဲ ့စိတ်ကို ပြောင်းဖို့ အင်မတန် အရေးကြီးပါတယ်။ ဘယ်လို ပြောင်းကြမှာလဲ။ ပြောင်းအောင် ဘယ်လို လုပ်မလဲလို့ စဉ်းစားလိုက်ရင် အများကြီးပါ။ စနစ်တွေ ဘယ်လောက်ကောင်းကောင်း လူက အဓိကပါပဲ။ ဒါပေမဲ့ တစ်ခုတော့ စဉ်းစားမိပါတယ်။ လူတိုင်းလူတိုင်း ပင်ကိုယ် အသိစိတ်ကလေးနဲ့ ကိုယ့်တာဝန် ကိုကိုယ်တိုင် ကျေပွန်အောင် လုပ်ကြဖို့ လိုမယ်ဆိုတာကိုပါ။ စာရွက်ပေါ်က စည်းကမ်းတွေကို ဖယ်ထား၊ ဥပမာ လမ်းဘေးချရပ်လို့ ပြောတာက ဘာကြောင့်လဲ။ ကိုယ်က လမ်းပိတ်အောင် ရပ်ထားရင် ဘာဖြစ်သွားမလဲ၊ အသိစိတ်ကလေးရယ်၊ ကိုယ်ချင်းစာစိတ်ကလေးရယ် တွဲလိုက်ရင် အတော် ကောင်းသွားမယ် ထင်ပါတယ်။ အခုလို တိုင်းပြည်က အပြောင်းအလဲ ဖြစ်နေတဲ့အခါမှာ (ပြောင်းနေတယ်လို့တော့ ထင်တာပါပဲ) အကောင်းဆုံးဖြစ်လာဖို့ကို မျှော်လင့်မိတာပါဗျာ။

  • ster

    April 21, 2012 at 4:52 pm

    လူတွေ တဥိးချင်းစီ အားလုံးပြောင်းလဲဖို. ဆိုတာတော်တော်တော.ကျယ်ပြန်.ပြီး ခက်ပါတယ်။ တချို.ဌာနတွေမှာ မတောင်းတော.ဘူး ဆိုပေမယ်.သူတို.လုပ်လို.ရတဲ.ဘောင်အတွင်းက ရစ်ထားရင် အချိန်မရတဲ. သူတွေ၊ ပေးနိုင်တဲ. သူတွေက ပေးတော.ယူနေတာပါပဲ။ ဒါတွေကို ပျောက်သွားအောင် ဘယ်လိုလုပ်မလဲ။ လစာ ကကော ဘယ်ထိအောင် တိုးပေးနိုင်မှာလဲ။ ???

    • mgwalone

      April 21, 2012 at 5:45 pm

      ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ တကယ့် အခြေခံကစပြီး ပြောင်းရမှာပါ။ ပေးသူတွေက မင်းတို့ဘာလုပ်လုပ် မပေးဘူးကွလို့ တင်းခံန်ိုင်ဖို့ လူတိုင်းအတွက် မဖြစ်နိုင်သလို ယူသူတွေ၊ လိုချင်သူတွေကလည်း နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ အကျင့်ကို ပြင်နို်င်ဖို့က အလွန် ခက်ပါတယ်။ လစာတိုးတယ်ဆိုတာကလည်း အဓိက အဖြေ မဖြစ်နိုင်ပါဘူး။ ” တကယ်တော့ လစာအစစ်အမှန် (Real wages) တိုးသွားတာ မဟုတ်ဘဲ ဂဏန်းတွေ ပုံပျက် မြင့်တက်သွားတာပါ။ လစာ အစစ်အမှန် တိုးသွားရင်တောင် လာဘ်ယူလို့ ရသေးတဲ့အထိ လာဘ်ယူကြဦးမှာမို့ ဒီဟာက ရပ်သွားမယ်လို့ ကျနော်မထင်ပါ။ တကယ်က အောက်ခြေခြစားမှု လျော့သွားဖို့ဆို ငွေဖောင်းပွမှု ထိန်းဖို့၊ လူနေမှုစရိတ်ကြီးစေတဲ့ ကုန်တွေ တင်သွင်းမှု လျှော့ချဖို့နဲ့ လာဘ်ယူတာတွေ ကျဆင်းသွားစေမယ့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်မှုတွေ တပြိုင်တည်း လုပ်ဖို့လိုပါတယ်။”
      ဒီစာသားတွေက စီးပွားရေးပညာရှင် ဒေါက်တာလှမြင့် ရေးသားတဲ့ မြန်မာနိုင်ငံ အကျင့်ပျက် ချစားမှု ရှင်းတမ်း (အပိုင်း-၁)မှ ကောက်နှုတ်ချက် ဖြစ်ပါတယ်။

Leave a Reply