သုညမဟုတ်တဲ့ ပျောက်ဆုံးမှု
ကဗျာတွေ ရေးလို့မရဘူး….။
တဟုန်းဟုန်းလောင်နေတဲ့ အမှောင်ထဲ
ကျီးမဟုတ် ကြက်မဟုတ်
စကားလုံး အဟောင်းတွေပဲ ထွက်ထွက်ကျတယ်….။
လောင်းကစားဆန်ဆန်
အလျော်အစားလုပ်ချင်တာလဲ မဟုတ်ပါဘူး…၊
ခြေထောက်တွေ ရူးသွပ်သွားတဲ့အထိ
ဦးနှောက်တွေ ညောင်းကိုက်သွားတဲ့အထိ
တစ်စုံတစ်ရာရချင်ပေမယ့်
ဘာတစ်ခုမှ မရခဲ့တော့……
ခပ်ပြုံးပြုံးပဲ မှောင်လိုက်တယ် ၊
(ငါက) အစတည်းက တုံးပြီးသားပဲ …။
ပတ်ဝန်းကျင်တစ်ခုလုံးနဲ့
အသေအချာလေ့ကျင့်ထားပေမယ့်
အလိုက်အထိုက်ယဉ်ကျေးရင်း
ငါ့ကိုယ်ငါ မမိတော့ဘူး..၊
အသက်မပါမှန်း
သိသိနေတာခါးတယ်..။
နံရံများ
နားတွေဖွင့်ထား ၊
လေထုထဲ
အတောင်ပံတွေ ဝှက်ထား ၊
ညနေများ
…ပေကျံညစ်ထေး ၊
သွေးအေးတဲ့ ငါးများလိုလူတွေ…..။
ဆည်းဆာကို တစ်ခွက်ပြီးတစ်ခွက်မော့သောက်ခဲ့တယ်
ငါ့ဖြတ်သန်းမှုထဲ
ဘာတစ်ခုမှ မခမ်းနားခဲ့ဘူး
နှာခေါင်းရှုံ့လိုရင် ရှုံ့ကြ ၊
ဒါပေမယ့်
ငါက သွေးနွေးသတ္တဝါ….။
အဲ့ဒီမာန ခပ်ပါးပါးကို
စိတ်ပျက်နေတာကြာပြီ…
တစ်ရွာလုံးနဲ့တစ်ယောက်
ငါပဲ “အာကလိအောက်” ဖြစ်လို့…။
ဓါးအိမ်ထဲက ဓါးသွားလို
ငါ ရိုးသားချင်ယောင်ဆောင်နေတာပါ….၊
ကိုယ့်ကိုယ်ကို်ယ်ဖျက်ပြီး
သံဂျီးတွေ အတက်ခံထားတာလည်း ကြာပြီ….။
လမ်းချင်းတူရင်
လူချင်းတွေ့နိုင်တယ်တဲ့…
ဖြစ်တန်စွမ်းတွေ ရာနှုန်းတိုးဖို့ဆို
(ကျွန်တော်တို့)
ဆန့်ကျင်ဘက်အရပ်တွေကို
ရှေးရှုနေရမယ့် သဘောရှိတယ်…..။
ရုပ်ဝတ္ထုအားနည်းမှုကြောင့်
အဇ္ဈတ္တက အသိမ်ငယ် ခံရသတဲ့
မဖြစ်သင့်လိုက်တာဗျာ…၊
ဒါပေမယ့်
ရင်တစ်ခြမ်းလုံး
ကြိမ်မီးအုံး ဂီတတွေဆူညံသွားတယ် ။
ကြယ်တာရာတွေရဲ့ စစ်ပွဲမှာ
ငါက
မျက်နှာမွဲ ဂြိုဟ်သိမ်တစ်ခု
ကိုယ့်လွင့်မျောမှုနဲ့ကိုယ်….။
အပြင်းအထန် ရီမောလိုက်ဖို့လည်း
နှုတ်ခမ်းသားတွေ ကျိုးပဲ့နေကြတယ်…။
လွှတ်ချထားတာမဟုတ်ပဲ
အရာအားလုံး လွတ်ကျသွားတာ…..၊
ခံစားမှုက ဗလာမဟုတ်ဘူး
ဟာလာဟင်းလင်း….။
နားရှင်းမလားတော့ မသိဘူး…
ကျွန်တော် ဒီလောက်ပဲ ပြောတတ်တယ် ။
လင်းစက်ရာ
2 comments
အလင်းဆက်
May 4, 2012 at 7:59 pm
ရှယ်ပဲ.။ ကဗျာလေးက ရှယ်ပါပဲ။
စကားလုံးတွေ…က ကျွန်တော့် အနုပညာချစ်တဲ ့နှလုံးသားကို တော်တော်ပြုစားလိုက်ပါတယ် ။
windtalker
May 4, 2012 at 9:23 pm
ကြယ်တာရာ စစ်ပွဲမှာ
ငါးဖယ်တစ်ခါ ခြစ်ဆွဲကာ
အညှီမပါ ဆီမှာနှစ်ဝဲပါ
ငပေ အသာ ပစ်ဆွဲမှာ….။