စက်ခေါင်းမှူးလက်ထောက် ဦးဌေးနိုင်ရဲ ့ သက်စွန့်ဆံဖျား အသက်ကယ်တင်ဆောင်ရွက်မှုကို လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်
စက်ခေါင်းမှူးလက်ထောက် ဦးဌေးနိုင်ရဲ ့ သက်စွန့်ဆံဖျား အသက်ကယ်တင်ဆောင်ရွက်မှုကို လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်။
‘ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ မကယ်တင်ဘူးဆိုရင် ကျွန်တော် လူသားမဆန်တဲ့သူ ဖြစ်သွားမယ်’
၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မှ ရန်ကုန်သို့ သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်လာသော အမှတ်(၁၇၆)အစုန်ရထား၊ ဒါးပိန်ဘူတာသို့ မရောက်မီ တံတားအမှတ်(၂၈)ပေါ်တွင် ရှိသော အသက် ၈၃ နှစ်အရွယ် အမယ်အိုကြီးတစ်ဦး နှင့် အသက်ရှစ်နှစ်အရွယ် လူမမယ် အရွယ်မြေးမလေးတစ်ဦး၊ တစ်နည်းဆိုသော် သေခြင်းတရားနှင့် လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေသော မြေးအဘွားနှစ်ဦးအား အသက်စွန့် ကယ်တင်ခဲ့သူ တစ်ဦး၊ အကြောင်းမလှပါက ကယ်တင်သူ အပါအဝင် သုံးချောင်းသော အသက်တို့ ဆုံးရှုံးပျက်စီးဖွယ် အခြေအနေတစ်ရပ်မှ သုံးဦးစလုံး ကံကောင်းထောက်မစွာ လွတ်မြောက်ခဲ့ကြသည်။ ဤကဲ့သို့ ဖြစ်ပွားခဲ့စဉ်ကို ထိုသူသုံးဦးအနက်မှ မိမိအသက်ကို ပဓာနမထားဘဲ မြေးအဘွားနှစ်ဦးအား ကယ်တင်နိုင်ခဲ့သူ စက်ခေါင်းမှူး လက်ထောက်ဦးဌေးနိုင်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး – စတင်ဖြစ်ပွားမှု တွေ့ကြုံစဉ်က မြင်ကွင်းအခြေအနေကို သိပါရစေ။
ဖြေ – စတွေ့တယ်ဆိုတာလည်း ကျွန်တော်တို့က မော်လမြိုင်ကနေ ရန်ကုန်ကို ညပြန်လာတဲ့ ရထားလေ။ အဲဒီတော့ ဒါးပိန်ဘူတာအဝင် မိုင်၂၄/၁ နဲ့ မိုင် ၂၃/၂၄ ကြားမှာရှိတဲ့ တံတား အမှတ် (၂၈)။ အဲဒီတံတားပေါ်မှာ အမြဲတမ်းလည်း ခရီးသည်တွေ ဖြတ်သွားဖြတ်လာရှိတယ်။ ဘူတာတစ်ခုကို ချဉ်းကပ်ဝင်ရောက်တော့မယ်ဆိုရင် ကျွန်တော်တို့မီးရထားနဲ့ ပတ်သက်တဲ့ စက်ခေါင်းမောင်းနဲ့ ပတ်သက်တဲ့ အချက်ပြတွေကို တိတိကျကျလိုက်နာရပါမယ်။ အချက်ပြတွေ အကုန်လုံးRight အနေအထားမှာရှိတဲ့အတွက် ကျွန်တော့် စက်ခေါင်းမောင်းမှူးကလည်း သတ်မှတ်မိုင်နှုန်း အတိုင်းမောင်းနှင်တာပဲ။ အဲဒီအချိန် မှာ တံတားပေါ်မှာ ခရီးသွားလေး၊ ငါးယောက်တွေ့လိုက်ရတယ်။ ကျွန်တော်တို့က သတိပေးဥဩဆွဲတယ်။ ရထားမောင်းလာတဲ့အချိန် တံတားရဲ့ သုံးချိုးနှစ်ချိုးလောက်မှာ မြေးအဘွားနှစ်ဦးကို တွေ့လိုက်ရတယ်။
သူ တို့ဆုံးဖြတ်ချက်က တံတားကိုဆက်ပြီး ကူးပြေးတော့မလိုလို လုပ်ကြတယ်။ အမယ်အိုကြီးက လူမမယ် ကလေးတစ်ယောက်ပါတော့ ရှေ့ကို မပြေးတော့ဘဲ နောက်ကြောင်းပြန် လှည့်ပြေးလို့ရှိရင် နီးမယ်လို့ သူတွေးထင်လိုက်တယ် ထင်တယ်။ နောက် ပြန်လှည့်ပြေးရင်လည်း ပေ ၅ဝ ကျော်လောက် ကျန်မှာပေါ့။ အဲဒီလိုအနေအထားမှာ ကျွန်တော့်စက်ခေါင်းမောင်းမှူးက စက်ရှိန်ကို လျှော့ချလိုက်ပြီ။ နောက်ဆုံးသတိထားပြီး မလွတ်တော့တဲ့အချိန်မှာ အရေးပေါ်ဘရိတ်ကို ဆွဲချလိုက်တယ်။ အရေးပေါ်ဘရိတ်ဆွဲလိုက်တာနဲ့ နောက်မှာပါလာ တဲ့ခရီးသည်တွေ၊ တွဲတွေ၊ ဝန်ချိန် တွေဟာ တွန့်ခေါက်လျော့ရဲ ဆုံးရှုံးပျက်စီးနိုင်တယ်။ တော်တော်ကို ဂရုစိုက်ပြီး ထိန်းသိမ်းရတယ်။
မေး – အဲဒီအချိန်မှာ တံတားပေါ်က မြေးအဘွားနှစ်ဦးရဲ့ အခြေအနေကို သိပါရစေ။
ဖြေ – ဆရာက သူ့အပိုင်းအခြားနဲ့ သူထိန်းသိမ်းပေမယ့် ဒီမြေးအဘွား နှစ်ယောက်က မလွတ်တော့ဘူး။ အဲဒီမှာ အမေကြီးကထိုင်ချလိုက်ပြီး မြေးမလေးကို ကောက်ဖက်ထားတယ်။ ဒါပေမယ့် ဘရိတ်ဖမ်းရပ်လို့ရမယ့် အကွာအဝေး မဟုတ်တာကြောင့် အန္တရာယ် နဲ့နီးကပ်နေတယ်။ အရေးပေါ်ဘရိတ် ကို လိုအပ်တဲ့ပမာဏအတိုင်း သုံးစွဲ ကိုင်တွယ်ထားပေမယ့် အကွာအဝေး က အမယ်အိုကြီးမြေးအဘွားရဲ့ အနေအထားနဲ့ လျှပ်တစ်ပြက်လောက်ပဲရှိတာမို့ အချိန်မီ ရထားရပ်တန့်သွားဖို့ မဖြစ်နိုင်တော့ဘူး။ နောက်ဆုံးသေချာပေါက် ရထားတိုက်ခံရမယ့် အနေအထားကို ရောက်သွားပြီ။ တအား ကြောက်လန့်နေပြီး လူတစ်ယောက် ရဲ့နောက်ဆုံး သေငယ်ဇောအချိန်ပဲ။ ကိုယ့်ကိုဝင်တိုက်တော့မယ့် အစီးအနင်းကြီးတစ်ခုကို မြင်တွေ့နေရတဲ့။ မိမိအသက် ဆုံးရှုံးရတော့မယ်ဆိုတာ သိနေတဲ့လူတစ်ယောက်ရဲ့ သေငယ်ဇောနဲ့ ကြောက်နေတဲ့ပုံမျိုးဘဲ။ ဒီအချိန်မှာ အမယ်အိုကြီးရဲ့ အသက်အရွယ်နဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ အသိတရား၊ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေတဲ့ သူရဲ့မြေးမလေးနဲ့ သူလွတ်မြောက်အောင် ပြေးနိုင်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး။ တံတားအောက် ကို ခုန်ချဖို့ဆိုတာလည်း တံတားအမြင့်က ၁၂ ပေနဲ့ ၁၄ ပေကြားမှာရှိတယ်။ အောက်မှာရေစီးနေတယ်။ ဒီအသက်အရွယ်နဲ့ မိန်းမသားတွေ ခုန်မချနိုင်ဘူး။
မေး – အဲဒီလိုအခြေအနေမှာ ကယ်တင်လိုက်ရပုံကိုလည်း ဆက်ပြောပေး ပါဦး။ အခုလိုကယ်တင်ဖို့ ဘယ်လိုစိတ်မျိုးနဲ့ လုပ်ဆောင်ခဲ့တာပါလဲ။
ဖြေ – ကျွန်တော် စက်ခေါင်းမှူးက ထိန်းသိမ်းပေးတဲ့အချိန်မှာ ကျွန်တော် ကဖြစ်မှာစိုးလို့ စက်ခေါင်းပေါ်ကနေ ခေါင်းထွက်ပြီး ‘မယ်’ ‘မယ်’ နဲ့ထွက်အော်ချိန်မှာ ဟွန်းကလည်း ဆွဲထားတယ်။ ဂရုဏာဒေါသနဲ့ အော်နေတယ်။ အဲဒီအချိန်မျာ ကျွန်တော်ခန္ဓာကိုယ်က လက်ကိုင်ဘေးကနေ အပြင်ကိုပတ်ထွက်ပြီး ရထားရဲ့တွဲချိတ် ဆက်ပေါ်မှာ မတ်တပ်ရပ်နေတာ အဆင်သင့်ဖြစ်သွားတယ်။ ကျွန်တော့် စိတ်ရဲ့စေ့ဆော်မှုလို့ ပြောရမလား မသိဘူး။ ဒီအမေအိုကြီး မြေးအဘွား ကို ဘယ်လိုမှမကယ်နိုင်တဲ့ အနေအထားမှာ ဆင်းတွန်းမှရမလဲ ဆိုတဲ့ သဘာဝအလျောက် အတွေးလေး ဝင်သွားတယ်။ အလိုအလျောက်ဘဲ ရထားပေါ် က ဆင်းလိုက်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တွန်းဖယ်လိုက်တယ်။ ငါးစက္ကန့်လောက် အတွင်းမှာဘဲ ကျွန်တော်ကိုယ်တိုင်လည်း နှစ်လှမ်းလောက် လှမ်းလိုက်ပြီး ခုန်ဆင်းလိုက်တယ်။ “ဆင်း၊ လှမ်း၊ တွန်း၊ ခုန် ဆင်း”ပေါ့။ မြေးအဘွားနှစ်ယောက် ရေတောထဲကို ကျသွားပြီး ဖက်တွယ်ထားကြတယ်။ ကျွန်တော်က အရှိန် နဲ့ကျောက်ခုံစပ်ကို ကျသွားတယ်။
အကုန်လုံးရေတော ရွှံတောထဲမှာ ရေအနက်က ခန့်မှန်းခြေလေးပေလောက် ရှိမယ်။ ရေမြှုပ်သွားရင်လည်း အနီးဆုံးနေရာမှာရှိတဲ့ ကျွန်တော်က ဆက်ကယ်ရဦးမှာဘဲ။
မေး – အခုလို သူ့အသက်နှစ်ချောင်း ကို ကယ်တင်နိုင်ခဲ့တဲ့ အတွက်ရော ဘယ်လိုခံစားရပါသလဲ။
ဖြေ – ဟာ . . . ပျော်တယ်။ အရမ်း ဝမ်းသာပီတိဖြစ်တယ်။ ဒီအမေအိုကြီးရော မြေးမလေးရော၊ ကျွန်တော် ရော ဘာမှမဖြစ်ပွားတဲ့အခါ၊ ရေထဲက ဆယ်ယူပြီးတဲ့အချိန် ဒီကလေးမလေးရဲ့မျက်နှာကို မြင်လိုက်ရတဲ့အခါ မှာ ကျွန်တော့်သားသမီးကို မြင်လိုက်ရသလိုပါဘဲ။ ကျွန်တော်မှာလည်း သားလေးတစ်ယောက်ရှိတယ်။ သက်တူရွယ်တူလောက်ပါဘဲ။ ကျွန်တော့် ရင်ထဲမှာ ဝမ်းသာဝမ်းနည်းဖြစ်ပြီး တော့ စကားလည်းမပြောနိုင်ဘူး။ မျက်ရည်ကျပြီး အသားတွေလည်း တစ်ဆတ်ဆတ်တုန်နေတယ်။ အဲဒီလိုခံစားမှုမျိုး ခံစားရလိမ့်မယ်လို့ ထင်တောင်ထင်မထားမိဘူး။ အခုလို ကယ်တယ်နိုင်လိုက်လို့ သူတို့ဘဝတွေ ပါရမီရှိသလောက် သက်တမ်းစေ့ နေနိုင်သွားတော့မယ် ဆိုတဲ့ အသိဝင်လာတဲ့အခါ အရမ်းကိုပီတိဖြစ်မိတယ်။ ဌာနတွင်းကလည်း ချီးကျူးဂုဏ်ပြုကြလို့ အရမ်းဝမ်းသာဂုဏ်ယူမိပါ တယ်။
မေး – အခြားဖြည့်စွက်ပြောလိုတာများ ရှိပါသေးလား။
ဖြေ – ကျွန်တော့်အနေနဲ့ သူတို့ကို မသေစေချင်တဲ့စိတ်ဆန္ဒရဲ့ စေ့ဆော်မှုအရ ကယ်တင်နိုင်ဖို့ အခွင့်အရေး ကြုံတဲ့အခါမှာ ကယ်တင်နိုင်လိုက်တာဟာ သူတို့ကုသိုလ်ကံ၊ ကျွန်တော့် ကုသိုလ်ကံ ပါရမီအကြောင်းဆုံလို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။ အဲဒီတော့ ဘယ်ဘာသာ၊ ဘယ်လူမျိုးရယ်မှ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကယ်တင်ထိုက်သူကို ကယ်တင်ရမယ်လေ။ ကျွန်တော့် အနေအထားအရလည်း တာဝန်ပိုင်းမှာ ဖြစ်နေတယ်လေ။ ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ ကျွန်တော်မကယ်တင်ဘူး ဆိုရင် လူသားမဆန်တဲ့သူ ဖြစ်သွားမယ်။ ဝန်ထမ်းကောင်းတစ်ဦးရဲ့ ကိုယ်ကျင့်စရိုက်၊ အတွေးစိတ်မရှိသူ ဖြစ်သွားမယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တဲ့ စကားလေးတစ်ခုရှိတယ်။ အခုလို ပြန်ပြောတဲ့အချိန်မှာလည်း အရမ်းခံစားရတယ်။ ကျွန်တော်တို့ စက်ခေါင်းမောင်းတွေမှာ လူတွေကို အသားလွတ်တိုက်သွားတယ်။ သေကြေပျက်စီးစေလိုတဲ့ စိတ်လုံးဝမရှိကြပါဘူး။ ကျွန်တော်တို့ လူရယ်လို့ဖြစ် လာရင် ညီအစ်ကို၊ မောင်နှမ၊ မိဘ ဘိုးဘွား အကုန်ရှိကြတာပါပဲ။
ရထားနှင့် တိုက်မိတော့မည့် မြေးအဖွားနှစ်ဦးအား ကယ်တင်ခဲ့သည့် ဖြစ်စဉ်အကျဉ်း။
၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်ထွက်ခွာလာသည့် အမှတ်(၁၇၆) အစုန်ရထားသည် ဒါးပိန်ဘူတာ အဝင်ရှိ ရထားလမ်းတံတားသို့ အရောက် နံနက် ၁ဝ နာရီ ၂ဝ မိနစ်အချိန်ခန့်တွင် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါရထားလမ်းတံတားပေါ်တွင် လမ်းလျှောက်ဖြတ်ကူးနေသော မြေးအဖွားနှစ်ဦးသည် ရုတ်တရက်ကြောက်လန့်ကာ တံတားအလယ်၌ တစ်ဦးကို တစ်ဦးဖက်လျက် အနေအထားဖြင့် ရှိနေခဲ့သည်။
အမှတ်(၁၇၆) အစုန်ရထားသည် တံတားပေါ်တွင် မြေးအဖွားနှစ်ဦးကို မြင်သည့်အတွက် ဥဩဆွဲခဲ့သော်လည်း မြေးအဖွားနှစ်ဦးသည် အကြောက်လွန်၍ တံတားအလယ်တွင် ရှိနေခဲ့သည်။
အဆိုပါရထားစက် ခေါင်းမောင်းမှ အရေးပေါ်ဘရိတ်ဆွဲသော်လည်း မောင်းနှင်လာသော အရှိန်ဖြင့် ချိန်ဆ လုပ်ဆောင်ရခြင်းကြောင့် ရထား၏အရှိန်လျော့သွားသော်လည်း ချက်ချင်းရပ်၍မရခဲ့။
အရှိန်မရပ်သောရထား မြေးအဖွားနှစ်ဦးဆီ ဦးတည်နေရာ လက်ထောက် စက်ခေါင်းမောင်း ကိုဌေးနိုင်က စက်ခေါင်းပေါ်မှခုန်ချကာ မြေးအဖွားနှစ်ဦးစလုံး နှင့်အတူ ရထားလမ်းတံတားပေါ်မှ ရေထဲသို့ခုန်ဆင်း၍ အသက်ကယ်တင်ခဲ့။
ဖြစ်စဉ်ကြောင့် အဆိုပါသုံးဦးစလုံး အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိ။
အသက်ကယ်တင်ခံခဲ့ရသော မြေးအဖွားနှစ်ဦးမှာ ဒါးပိန်မြောက်ပိုင်း လက်ပံတန်းရပ်ကွက်တွင် နေထိုင်သူ ဒေါ်မြင့်ကြည် အသက်(၆၂)နှစ် ၎င်း၏မြေးတော်စပ်သူ မသဲစုဝင်း(၈)နှစ်တို့ဖြစ်သည်။
ကိုယ်ရေးအကျဉ်း။
အမည် – ဦးဌေးနိုင်
မိဘအမည် – ဦးမူဆာ၊ ဒေါ်မြင့်မြင့်ကြည်
မွေးသက္ကရာဇ် – ၁၅-၉-၁၉၇၃
မွေးရပ် – ပုသိမ်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။
ရာထူး – စက်ခေါင်းမှူးလက်ထောက်(၁)။ တိုင်းအမှတ်(၇)၊ မလွှကုန်း ဒီဇယ်စက်ခေါင်းပြုပြင်စက်ရုံ၊
facebook link
http://www.facebook.com/photo.php?fbid=3826651152856&set=a.3390189321583.2157207.1475121874&type=1
14 comments
water-melon
May 6, 2012 at 4:30 pm
စက်ခေါင်းမှူးလက်ထောက် ဦးဌေးနိုင်၏
လူသားချင်းစာနာတတ်တော့ စိတ်ဓာတ်
မိမိအသက်ကိုပဓနမထားဘဲ ကူညီတတ်တော့ စိတ်ဓာတ်တို့အား
လေးစားစွာ ဦးညွှတ်ပါတယ်
ဒီလိုလူမျိုးများ များများပေါ်ထွက်ပါစေ
ရွာစားကျော်
May 6, 2012 at 4:59 pm
http://www.facebook.com/photo.php?fbid=454754054542006&set=a.175045132512901.51445.100000222462892&type=1&permPage=1
သွေးသံရဲရဲ မကြည့်ရဲသူများ လင့်ခ်ကို မကြည့်ပါနဲ့
DF 1235 တစ္ဆေ (သို့) ဘယ်လိုခေါ်ရမလဲ
၂၈-၄-၂၀၁၂ ကြေးမုံသတင်းစာ စာမျက်နှာ(၆) ကို ဖတ်မိရာ မဟောင်းသွားတဲ့သမိုင်းက အသစ်ဖြစ်လို့လာပြန်ပါတယ်။ မီးရထားသည် အခြားယာဉ်များကဲ့သို့ သွားလိုရာသို့ စက်ခေါင်းမောင်းက မကွေ့နိုင်ပါ။ မြေပြင်ရှိ တာဝန်ရှိသူက လမ်းလွှဲပေး ရသည်။ အမြန်ရထားဆိုလျှင် သုံးဘူတာကြိုတင်၍ လမ်းရှင်းထားရသည်။ အလံချိုးရသည်။ စက်ပျက်နေပါက မီးနှင့်အချက်ပြ ရသည်။ မြန်မာ့မီးရထားက ကျင့်သုံးနေသောဥပဒေသည် မတော်တဆမှုကာကွယ်ရေးအတွက် စိတ်ချရအောင်ကာကွယ် ထားသည်။ ဝန်ထမ်းများက တိတိကျကျ ဆောင်ရွက်ရန်သာရှိသည်။ ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်၊ ည ၁၁ နာရီ ၃၅ မိနစ်တွင် ကျယ်လောင်စူးရှသော ဘရိတ်ဆွဲသံသည် ပြည်ဝင်ဘူတာနှင့် ပတ်ဝန်းကျင်ရှိလူသားများစွာကို အံ့ဩတုန်လှုပ် စေခဲ့သည်။ အိပ်မောကျစွာ လိုက်ပါလာခဲ့သော ရထားစီးခရီးသွားများကို နိုးထစေခဲ့သည်။ DF 1235 အမှတ်(၁၆)အစုန် အမြန်ရထား(SE) နှင့် ရပ်ထားသော ကြံချောင်းများ ကုန်အပြည့်တင်ထားသည့် YB 547 တို့ ပြင်းထန်စွာ တိုက်မိကြခြင်း ဖြစ်သည်။ ဤသို့ တိုက်မိရခြင်းမှာ စက်ခေါင်းမှူးများ၏ အမှားမဟုတ်ပါ။ DF 1235 ဝင်လာရခြင်းသည် ရထားမိုင်နှုန်း အတိုး အလျော့ မှန်ကန်ခြင်း၊ အချက်ပြအလံ ၄၅ ံ အထက်ချိုးထားခြင်း၊ လမ်းရှင်းလက်မှတ် အမှတ်(၅၂)ကို လက်ဝယ်ရရှိခြင်း တို့ကြောင့်ဖြစ်သည်။ လမ်းခွဲအမှားသွင်းခံရခြင်းသာ ဖြစ်သည်။ ဤသို့ လမ်းခွဲအမှားသွင်းခံရခြင်းကို ၁၉၉၅ ခု၊ နှစ်ဆန်းပိုင်းက ကြုံတွေ့ခဲ့သော်လည်း လမ်းအဖြောင့်ဖြစ်၍ ကြိုတင်သိရှိရပ်ဆိုင်းနိုင်ခဲ့သည်။ ယခု ပြည်ဝင်ဘူတာသည် လမ်းအကွေ့ဖြစ်၍ ကြိုတင်မမြင်ရခြင်း၊ သိသောအချိန်နှင့် တိုက်မိသောအချိန်သည် ၁၁ စက္ကန့်သာရှိခြင်းကြောင့် အချိန်မမှီနိုင်တော့ပေ။ လူသားမှန်သမျှ သေရမည်ကိုကြောက်ကြသည်။ မိမိတို့ အသက်တစ်ချောင်းအတွက် ကိုယ်လွတ်ရုန်းပြေးလျှင် လွတ်နိုင် သည့် အချိန်လုံလောက်သည့်ပမာဏ ဖြစ်သည်။ သို့သော်လည်း ခရီးသည်ပေါင်းများစွာ၏ အသက်၊ နိုင်ငံပိုင်ပစ္စည်းများ ဆုံးရှုံးမှုကို ကာကွယ်ရင်း လမ်းရှင်းလက်မှတ်ကို ယူပြီး ကြိမ်ကွင်းကိုတောင် ပြန်မပေးရသေးတဲ့ ဦးမောင်မောင်၊ လက်တစ် ဖက်က တွဲဆိုင်းဘရိတ်ကို ဖမ်းပြီး ကျန်လက်တစ်ဖက်က စက်ခေါင်းဘရိတ်ကို ဖမ်းလျှက်သား ဦးသန်းဦး နဲ့ ဦးမောင်မောင် တို့နှစ်ဦးဟာ အသက်နှစ်ချောင်းနဲ့လဲပြီး ရတဲ့အချိန်ကလေးမှာ အတတ်နိုင်ဆုံး ကြိုးစားသွားခဲ့ကြတယ်။ ဦးသန်းဦးက အသက် ၄၁ နှစ် အလယ်တန်းပညာမပြီးဆုံးသေးတဲ့ ကလေးနှစ်ဦး၊ ဦးမောင်မောင်က အသက် ၄ဝ နှစ် မူလတန်း ပညာမပြီးဆုံး သေးတဲ့ ကလေးသုံးဦး ကို ချန်ထားခဲ့ကြတယ်။ အမှောင်ကြသွားတဲ့ မိသားစုတွေ တနှစ်တိတိ မီးရထားလိုင်းခန်းမှာ နေထိုင် ခွင့်ပေးပြီးနောက် လိုင်းခန်းကို ဖယ်ပေးခဲ့ရတယ်။ လိုင်းခန်းမှာ ဆက်နေချင်ရင် မီးရထားထဲကို အလုပ်ပြောင်းရမယ်တဲ့။ လူသားနှစ်ဦးရဲ့ အသက်ကိုကယ်တင်ခဲ့တဲ့ “ မမ ” သူရဲကောင်းတွေလို ခရီးသွားအားလုံး (နိုင်ငံခြားသားခရီးသည်များ) အပါအဝင် အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တဲ့ စွန့်လွှတ်စွန့်စားခဲ့တဲ့ သူရဲကောင်းနှစ်ဦး ကိုတော့… ဘယ်လိုခေါ်မလဲ ? ၁၇-၁၁-၁၉၉၅ မလွှကုန်းစက်ရုံမှာ လုပ်တဲ့တွေ့ဆုံပွဲတုံးကတော့ သူတို့အချင်းချင်း ပြောနေ တာက “ဒါမျိုးဆိုရင် တပ်မတော် ထဲမှာသာဆို သူရဘွဲ့ပေးမှာတဲ့… ခုတော့ ဝန်ထမ်းတွေဖြစ်လို့….” ကျန်ရစ်သူတွေခမျာ သတင်းစာမှာ နာရေးသတင်းထည့် တာတောင် “တာဝန်ထမ်းဆောင်ရင်း ရုတ်တရက်ကွယ်လွန်” ဆိုတဲ့ စာသားကို ဖြုတ်ပေးမှ ထည့်ပေးနိုင်မယ်ဆိုလို့ ရင်နင့်စွာနဲ့ပဲ ဖြုတ်ပေးလိုက်ရပါတယ် ခင်ဗျာ ………………………………… !
သူတို့ကိုရော.. ????
nigimi77
May 6, 2012 at 5:04 pm
လေးစားစရာပါပဲ ။
ဂုဏ်ယူထိုက်ပါတယ် ။
သို ့သော်လည်း……. ဒါလေးတော့ တချက် လိုသလားလို ့ပါ ။
မူရင်း သတင်း ရေးသားသူ ရဲ ့ လိုအပ်ချက်လို ့ပဲ ဆိုမလား ။
လူတစ်ယောက်ထဲက အဲဒီလောက် အသက် မကွာနိုင်ပါဘူးနော ။ 🙂
“…..အသက် ၈၃ နှစ်အရွယ် အမယ်အိုကြီးတစ်ဦး…”
“…..ဒေါ်မြင့်ကြည် အသက်(၆၂)နှစ်….”
ကိုရင်မောင်
May 6, 2012 at 5:41 pm
စက်ခေါင်းမှူးလက်ထောက် ဦးဌေးနိုင် အားလေးစားဂုဏ်ယူမိပါတယ်
ဘာသာခြား တဦးအနေနဲ့ခုလိုကူညီခဲ့တဲ့အတွက်
သူရဲ့ရင်တွင်းခံစားချက်တွေသိရတဲ့အတွက် အတိုင်းမသိပီတိဖြစ်ရပါတယ်
ဒီပို့စ်ကိုတင်ပေးတဲ့ ကိုချစ်ရင်ထူးကိုလဲကျေးဇူးတင်ပါတယ်ဗျာ….
က်ိုကိုအိုဗာ
May 6, 2012 at 6:59 pm
တော်ပါတယ်
လေးစားပါတယ်
ကိုယ် ကိုယ်တိုင် ဆိုရင်တောင်
အဲဒီလို စွန်စားနိုင်မှာမဟုတ်ဘူး
ဗိုက်ကလေး
May 6, 2012 at 7:33 pm
ကျေးဇူးတင်ခံချင်လို ့ လုပ်ဆောင်ခဲ့တာ မဟုတ်ပေမဲ့ ဒီလိုလူမျိုးတွေကို ထိုက်ထို်က်ထိုက်တန်တန် ဂုဏ်ပြု ပြီး ကျေးဇူးဆပ်သင့်ပါတယ်..
ဘာမဟုတ်တဲ့ကောင်တွေကို ဘာဘွဲ ့ညာဘွဲ ့ တော့ လျှောက်ပေးနေကြတယ်..
ဒီလိုလူမျိုးတွေကိုကြတော့ ပစ်ထားကြတယ်..ကယ်ရင်း အသက်ပေးခဲ့ရလို ့ ကျန်ရစ်သူမိသားစုကိုလဲ တစ်သက်စာလောက်ကို
ထောက်ပံ့ပေးသင့်ပါတယ်..
ဘယ်လောက်ပဲ အထင်ကြီးအောင် လျှောက်ပြောနေပြောနေ ဒီလိုနေရာမှာ လူတစ်ယောက်ရဲ့ စိတ်ဓာတ်က အကုန်ပေါ်တော့တာပါပဲ..ဗျား.
မှန်တာဝန်ခံရရင် အဒီနေရာမှာ ကျုပ်ဆို လုပ်နိုင်မယ်မထင်ဘူး
ရွာစားကျော်တင်ပေးတဲ့ ဖြစ်ရပ်မျိုးဆို အမေရေကယ်ပါဆိုပြီး ကိုယ်က ဦးအောင် ခုန်ဆင်းပြေးမှာ မလွဲလောက်ဘူးထင်တယ်..
မှန်တာကိုပြောတာပါဗျာ..
ဒီလိုလူမျိုးတွေကို သူရဲကောင်းဘွဲ ့ပေးသင့်ပါတယ်
windtalker
May 6, 2012 at 7:54 pm
ဟုတ်ပါတယ် ၊ ကိုဗိုက်ကလေး ပြောသလိုပါဘဲ ။ အားပေး ထောက်ခံပါတယ် ။
ကိုဗိုက်ကလေး ဆိုရင်လဲ မန်းဂေဇက်ရွာသဂျီး က “သောက်လုံးအကြီးဆုံး” ဆု ကို ထိုက်ထိုက်တန်တန် ရထားသူ တစ်ယောက်ပါ ။
nigimi77
May 6, 2012 at 11:37 pm
ဆိုတော့… ဂရုဏာ ဒေါသကြီး ကို လျော့ကြည့်ပါ ပုဂ္ဂိုလ်တို ့ ။
ဒီနေရာမှာ ဆီဆီဆိုင်ဆိုင် “Pooch” က ကိုဘလက် ရဲ ့ “…ချိုပေါ့ကျ(၁၁)…” မှာ
မန် ့ထားတဲ့ Comment ကို အားဖြည့်ပါမယ် ။
“…..သတင်းသမား ဆိုတာ သတင်းအမှန်ကို အရှိအတိုင်းရေးသင့်တယ်လို့ ထင်ပါတယ်။….”
“…… ( ကျမ အမြင်မကျယ်သေးတာလဲ ဖြစ်နိုင်ပါတယ်)…..”
ကြောင်ကြီး
May 7, 2012 at 8:35 am
ဌေးနိုင်
မငေးငိုင်
ဟေးပြိုင်
အရေးပိုင်..။ 🙂 🙂 🙂
etone
May 7, 2012 at 9:15 am
မနက်စောစော ဒီပို့စ် ဖတ်ရတာ ကျက်သရေ ရှိလိုက်တာ …. ။
လူသားချင်းစာနာထောက်ထားမှု အပြည့်ရှိတဲ့ လုပ်ရပ်ပါပဲ ။ အတုယူဖို့လည်း အလွန်ကောင်းပါတယ် ။
လျှပ်တပြတ်အချိန်တွင်း မှန်ကန်စွာ ဆုံးဖြတ်တွေးခေါ်မှု၊ သတိ္တရှိမှုတို့နဲ့အတူ ကိုယ်ချင်းစာစိတ် ၊ စွန့်လွှတ်မှု တို့ကို အချိုးကျပေါင်းစပ်ပြီး လူ့အသက်ကယ်နိုင်ခဲ့တဲ့အတွက် အလွန်လေးစား ဂုဏ်ယူမိပါတယ် ။
မိုးချမ်းမြေ့
May 7, 2012 at 9:37 am
ကာယကံရှင်ဖြစ်သူရဲ့…….”ကျွန်တော်က မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ယောက်ပါ။
အဲဒီတော့ ဘယ်ဘာသာ၊ ဘယ်လူမျိုးရယ်မှ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင်
ကယ်တင်ထိုက်သူကို ကယ်တင်ရမယ်လေ။ ကျွန်တော့် အနေအထားအရလည်း
တာဝန်ပိုင်းမှာ ဖြစ်နေတယ်လေ။ ကျွန်တော်ကယ်တင်လို့ ရနိုင်မယ့် အရည်အချင်းမှာ ကျွန်တော်မကယ်တင်ဘူး ဆိုရင် လူသားမဆန်တဲ့သူ ဖြစ်သွားမယ်။
ဝန်ထမ်းကောင်းတစ်ဦးရဲ့ ကိုယ်ကျင့်စရိုက်၊ အတွေးစိတ်မရှိသူ ဖြစ်သွားမယ်”….ဆိုတဲ့စကားဟာ…
ယုံကြည်မှုတစ်ခုကို အစွဲပြုပြီး…ငါနဲ့မတူ…ရန်သူဆိုတဲ့…လူမှုဆက်ဆံရေးကို…
မကန့်သတ်သင့်ကြောင်း..ဥပမာပေးသွားသလိုပါပဲ…။ ကျုပ်က..မြန်မာနို်င်ငံသား…
ဗုဒ္ဓရဲ့အရိပ်ခိုသူပါ….ဒါပေမယ့်….ကိုဌေးနိုင်ရဲ့ရပ်တည်ချက်ဟာ… ဗုဒ္ဓရဲ့အရိပ်ခိုသူဖြစ်တဲ့ကျုပ်ကိုသာ..
မက….အစ္စလာမ်ဘာသာဝင်တွေအားလုံးအတွက်ပါမက…လူသားထုတရပ်လုံးရဲ့…
အတုယူစံထားစရာအဖြစ်နဲ့…….ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း……
laypai
May 7, 2012 at 10:35 am
အသက်စွန့် ကယ်တင်မှု ကို လေးစား ဂုဏ်ယူသလို၊
ရထားပေါ်ပါလာတဲ့ စက်ခေါင်းမှူး က အဲဒီ ရထားနဲ့ တိုက်မိလု ဆဲဆဲ လူနှစ်ယောက် ကို ဆင်းတွန်း ကယ်တင်ခဲ့ တဲ့ လျင်မြန်မျု ကို လည်း တအံ့ တဩ ချီးကျူး မိပါရဲ့။
Green Rose
May 7, 2012 at 11:50 am
ဦးဌေးနိုင်, ဦးသန်းဦး နဲ့ ဦးမောင်မောင် တို့ရဲ ့ သက်စွန့်ဆံဖျား အသက်ကယ်တင်ဆောင်ရွက်မှုကို လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်။
ဒီလိုလူမျိုးတွေကို သူရဲကောင်းဘွဲ ့ပေးသင့်ပါတယ်။
ပေစိ
May 10, 2012 at 3:49 pm
လေးစားစွာဖြင့် အသိမှတ်ပြုအပ်ပါသည်