မလေးရောက်သူတစ်ဦးကို အတွေ့အကြုံ အင်တာဗျူး အပိုင်း ၆
ဒါနဲ့ အလုပ်ခွင့်ရောက်တော့ ဘယ်လိုအခက်အခဲတွေ တွေ့ကြုံရပါသလဲ။
လုပ်ငန်းခွင်မှ အခက်အခဲလေးများ
ကျွန်တော် ပြောခဲ့သလိုပေါ့လုပ်ငန်းခွင် စကားအခက်အခဲလေးတွေပြီးတဲ့နောက်မှာတော့ လုပ်ငန်းခွင်မှာလည်း အခက်အခဲ ကြုံရစမြဲပေါ့နော်။စကားနားမလည်တော့ လုပ်ရတာလဲ မတွင်ကျယ်ဘူးပေါ့ဗျာ။ သူပြောတာတစ်ခြား ကိုယ်လုပ်တာတစ်ခြားပေါ့နော်။အင်းပေါ့လေ နိုင်ငံခြားမှာ ငွေရှာဘို့ထွက်လာတော့လည်း သည်းခံလုပ်ရတာပေါ့နော်။ သူတို့က ပစ္စည်း တစ်ခုခု ကို ပြရင် ခြေထောက်နဲ့ ပြတယ်လေ။ မြန်မာ ဆိုရင်တော့ ရိုင်းပျတယ် ထင်တာပေါ့ဗျာ။လူတစ်ယောက်ကို လက်ညှိုးနဲ့မပြောနဲ့ လက်မလေးနဲ့ပြမှ ယဉ်ကျေးတယ်လို့ လက်ခံထားကြတာကိုး။ ပိတ်စတွေထုပ်ပိုးပြီးတဲ့အခါမှာလည်း တွန်းလှည်းလေးတွေနဲ့ သက်ဆိုင်ရာ ဌာနတွေဆီပို့ရတာပေါ့လေ။ ထိုင်ဘို့မပြောနဲ့ အမြဲမတ်တပ်ရပ်လုပ်နေရတာပေါ့။ရပ်စ မရှိတဲ့ ကျွန်တော်တစ်ယောက် မခံမရပ်နိုင်ပေမဲ့ ငွေမျက်နှာကြောင့် လုပ်ရတာပေါ့နော်။ အဲဒီ အချိန်အခါက မလေးရှားငွေ တစ်ကျပ်ကို မြန်မာငွေ တစ်ဆယ့်ခြောက်ကျပ်ပဲရတယ်လေ။ အင်းပေါ့ နောက်ဆုံးပေါ် ကားတစ်စီးကလည်း ကျပ်ငါးသိန်းဆို ရတယ်လေ။ဒါတွေပြောနေရင် မမှိီလိုက်တဲ့ သူတစ်ချို့က နားထောင်ချင်ကြမယ် မထင်ပါဘူး။
ဗဟုသုတအဖြစ်ပြောပြတာပါခင်ဗျာ။နောက်တစ်ခါ အချိန်ပိုဆင်းချိန်ကြတော့လည်း ထိုင်ရဘို့နေနေသာသာ မိဘအိမ်မှာ တစ်ခါမှ မလုပ်ဘူးတဲ့ ဘွိုင်လာအပူနဲ့တိုက်ရတဲ့ မီးပူဌာနမှာ အဝတ်တွေကို မီးပူ တိုက်ခဲ့ရတာပေါ့နော်။ရတဲ့အလုပ် ရှိတဲ့ အလုပ်ကိုရှာပေးတဲ့ ကိုရွှေ အေးဂျင့်တွေကို ကျေးဇူးတင်ရပါတော့တယ်နော် ဟဲဟဲ။တစ်နေ့မှ လုပ်ခ မလေးရှားငွေ ၁၂ကျပ်ပဲရတာလေ။ အချိန်ပိုပါရင်တော့ တစ်လကို ၄၀ဝလောက်တော့ ရတာပေါ့ဗျာ။ဒါပေမဲ့ ကမ်ဆိုတဲ့ တရုတ်က ကျွန်တော်တို့ဆီကတစ်လကို ၁၀ရာခိုင်နှုန်း လာလာပြီးယူတာကို ခံလိုက်ရတဲ့ အခါမှာတော့အော် ငါတို့ ဘဝက အဆင့်ဆင့် အရောင်းခံရတဲ့ ဘဝပါလားဆိုတာ သိခဲ့ရပါတော့တယ်။တော်သေးတာပေါ့ မိန်းကလေးတွေ မဟုတ်လို့နော်။တော်ကြာ အားလုံးပေးနေရရင် ဒုက္ခနော်။အဲဒီကြားထဲ တရားဝင် အလုပ်သမားက မဟုတ်ပြန်ဘူးလေ။ မလေးရှားမှာ တရားဝင် ခေါ်တဲ့ အလုပ်ဆိုတာ မရှိသေးဘူးလေ။ အဲဒီတော့ မလေးရှားရဲ့ ရဲနဲ့ လူဝင်မုှကြီးကြပ်ရေး တွေလက်က လွတ်ဘို့အတွက် ကြံရသေးတာပေါ့ဗျာ။စာအုပ်ထဲမှာက လည်း တရားဝင် တုံးက တစ်လပဲပေးတာကိုး အလည်အပတ် visa လေ။အလုပ်သမား permit မှ မဟုတ်တာကိုး။ ကျီးလန့်စာ စားရတာပေါ့နော်။ တစ်နေ့ တော့ ထမင်း ထွက် အစားမှာ ရဲနှစ်ယောက်နဲ့ တိုးတာပေါ့ဗျာ။သူတို့ကလည်း အင်္ဂလိပ်လို သိပ်အတတ်ကြီး မဟုတ်ပေမဲ့ ဘယ်ကလာလဲ ဘာလုပ်လဲပေါ့နော်။ကျွန်တော်က မြန်မာပါ။ကျောင်းသားပေါ့ ပြောတာပေါ့။ဒါနဲ့ ပတ်စ်ပို့ စာအုပ်တောင်းပါလေရော။ ဟိုက် အဲဒါမှ ဒုက္ခ စာအုပ်က သူဌေးက သိမ်းထားတယ်လေ ထွက်ပြေးမှာ စိုးလို့တဲ့ ။ဒီလိုနဲ့ပဲ စက်ရုံရှေ့မှ လူတွေဝိုင်းအုံကြည့်နေတာကြောင့် သူဌေးရဲ့ အတွင်းရေးမူှး တရုတ်မလေးနဲ့ ကျွန်တော့် မန်နေဂျာ ဆင်းလာပြီး ရဲကို မလေးလိုပြောပြီး ကျွန်တော့်ကို စက်ရုံထဲ ပြန်ခေါ်လာကြတာပေါ့ဗျာ။နောက်ပိုင်း သိတာကတော့ နည်းနည်း ပါးပါး ရဲကို ပိုက်ဆံပေးလိုက်တယ်ပေါ့။
ဟူး တော်သေးတာပေါ့နော်။ရဲ စခန်း ခေါ် မသွားလို့ပေါ့နော်။ကိုက ဘာသာစကား မသိသေးတော့ ရဲစခန်းပါသွားရင် ဒုက္ခလှလှ တွေ့မှာကိုးဗျ။visa သက်တမ်း တစ်လပြည့်ကာနီးတော့ ကမ်ဆိုတဲ့ တရုတ်ကလာပြီး စာအုပ်တွေတောင်းကာ ကိုရွှေအေးဂျင့် (မြန်မာကို နိုင်ငံရပ်ခြားမှာ ရွှေ လို့ နာမည်တတ်ထားတာကိုး)။ အင်း ရွှေဆိုတော့ အဘိုးတန် အမျိုးမှန်တဲ့ ဂုဏ်ပုဒ်ပါပဲ ဒါပေမဲ့ အသုံးမဝင်တဲ့ သုံးမရတဲ့ ရွှေတွေဖြစ်နေရင်တော့လည်း မသိဘူးပေါ့နော်။ကြုံတုန်းပြောမယ်နော် ရဲကို မြန်မာလို ရ ကောက်တဲ့။မြန်မာကို ရွှေ။
ဘင်္ဂလားဒေ့ရ်ကို ဘ ကုန်း။ နီပေါကို န ငယ်။ ယိုးဒယား (ထိုင်း)ကို ယ ပလက်ပေါ့နော်။မြန်မာတွေရဲ့ လက်တွေ့ ဘမ်းစကားပေါ့ဗျာ။ထားပါတော့ ပတ်စ်ပို့စာအုပ်တွေကို အေးဂျင့် လက်ထဲ ထည့်ပြီး တိုင်ပတ်တယ်ပေါ့။ရှင်းရှင်းပြောရရင် မလေးရှားနဲ့ ထိုင်း အဝင်အထွက်တုံးကို တစ်လ ထပ်တိုးတဲ့ သဘောပေါ့ဗျာ။
ကိုယ်တိုင် လိုက်မယ်ဆိုရင် အနည်းငယ် သက်သာပြီး အလုပ်ပျက်တဲ့ ရက်ကိုတော့ သူဌေးက ပြန်ဖြတ်တယ်လေ။ ရတာတွေက စားတာနဲ့ ပတ်စ်ပို့ တိုင်ပတ်တာနဲ့ ကုန်ပါရောလားနော်။ကျွန်တော်က သိချင်တော့ (တိုင်ပတ်တယ်ဆိုတာကိုလေ)ကိုယ်တိုင်လိုက်ဘို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဆက်ပါအုန်းမယ်နော်။
4 comments
Thel Nu Aye
May 8, 2012 at 3:01 pm
ဆက်ပါအုံး။ အတွေ့အကြုံတွေပြန်လည်မျှဝေပေးလို့ကျေးဇူးပါ။ ဗဟုသုတများရပါတယ်။
ဗိုက်ကလေး
May 8, 2012 at 3:28 pm
အူးဗိုက်ကလေးရဲ့ အီသီယိုးပီးသီးယားသွားတောလား ဖတ်မလားခင်ည
😀
Thel Nu Aye
May 8, 2012 at 5:41 pm
အောင်မယ်လေး ညီးသာအရင်သွားပါအေ။ ပြန်လာတော့ဖတ်ရသေးတာပေါ့။
snow white
May 8, 2012 at 6:49 pm
သွားချင်စိတ်လေးပျောက်အောင်လုပ်နေတာလားမမ မသွားတော့ပါဘူး အမိမြေမှာဘဲ ကြိုးကြိုးစားစားလုပ်ကိုင်ရှာဖွေ စားသောက်ပါတော့မယ်