သမီးဆက်ဆက်လာခဲ့မယ်
မေမေ
ဒီနေ့ကျောင်းမှာ
သမီးကိုယ့်နာမည်ကို
ပေါင်းတတ်သွားပြီ
ဆရာမက မေမေ့နာမည်ရေးပါတဲ့
စာရွက်ဗလာကို ငေးကြည့်ရင်း
မျက်ရည်ကျလာတယ်
မေမေ့နာမည်မှ
သမီးမသိဘဲ မေမေရယ်
ဖေဖေ
လမ်းထိပ်က သူငယ်ချင်းကို
သူ့အဖေက
စက်ဘီးစီးသင်ပေးနေတယ်
သမီးလေ အရမ်းစီးချင်လို့
သူငယ်ချင်းကို ပူဆာမိပါတယ်
သူကနင့်အဖေကို ဝယ်ခိုင်းပါလားတဲ့
သမီးလည်း ဘယ်ရမလည်း
ပြန်ပြောခဲ့တာပေါ့
သမီးဖေဖေက အဝေးကြီးမှာ
အလုပ်သွားလုပ်တာလို့
ပြန်လာရင် ကားကြီးပါလာမှာ
နင့်ကိုပေးမစီးဘူးလို့
ဖေဖေ လာခေါ်မယ်မှတ်လားဟင်
မြန်မြန်လာပါနော် ဖေဖေနော်
မေမေ
ဒီနေ့ကျောင်းမှာ
သမီးကို လူရည်ချွန်ရွေးတယ်
ဒါပေမဲ့ အုပ်ထိန်းသူပါမှ
ခရီးထွက်ရမယ်တဲ့
သူငယ်ချင်းတွေနဲ့ထွက်သွားတဲ့
ကျောင်းကားကြီးကိုကြည့်ပြီး
သမီးပြုံးလိုက်တယ်
သမီးမငိုပါဘူး မေမေရယ်
မေမေမပါဘဲလည်း သမီးမသွားချင်ပါဘူး
သမီးကို မေမေပြန်လာခေါ်တဲ့အခါကြမှ
တူတူခရီးသွားကြမယ်နော်
ဖေဖေ
ဒီနေ့ဆရာမက
တိုင်းပြည်အတွက် အသက်ပေးသွားတဲ့
အာဇာနည်တွေအကြောင်း ပြောပြတယ်
စစ်သားဝတ်စုံနဲ့
ခန့်ခန့်ညားညားဖေဖေ့ကို
သမီးမြင်ယောင်ကြည့်တယ်
ဖေဖေကဘယ်လိုလူမျိုးလည်းဟင်
အို ဘာပဲဖြစ်ဖြစ် သမီးဖေဖေ့ကို
ချစ်မှာပါပဲ
မေမေ
သမီးဒီနေ့
နေမကောင်းဘူး အားရော့ပြီး
နားထဲကလေတွေထွက်နေတယ်
ဆရာမကတော့သိပ်စိတ်မပူပါနဲ့တဲ့
အရင်ကရောဂါပြန်ထတာတဲ့
ခုခံအားကျဆင်းမှုရောဂါဆိုလား ဘာလား
ပြန်မကောင်းခင်အထိ
သမီးကျောင်းမတက်ရဘူးတဲ့
သမီးစာမေးပွဲတွေကျမှာကြောက်တယ်မေမေရယ်
သမီးပညာတတ်ကြီးဖြစ်မှ
မေမေနဲ့ဖေဖေတို့ကို
လိုက်ရှာနိုင်မှာလေ
ဖေဖေရေ
အခုလေ သမီးနားမှာ
လူတွေအများကြီးပဲ
ဆရာဝန်မလေးတွေနဲ့သမီးဆရာမနဲ့
ကျောင်းကသူငယ်ချင်းအချို့လည်းပါတယ်
သူတို့ကသမီးကိုလာကြည့်ပြီး
သမီးကို ပန်းချီပုံလှလှလေး လာပေးတယ်လေ
သမီးရယ် မေမေရယ် ဖေဖေရယ်
အတူတူ လက်တွဲထားတဲ့ပုံလေး
သမီးဝမ်းသာလွန်းလို့
မျက်ရည်တောင်ကျတယ်
ဖေဖေ မြင်ရင်အရမ်းသဘောကျမှာသိလား
မေမေ
သမီးသူငယ်ချင်းက
တိုးတိုးလေးကပ်ပြောတယ်
သမီးက သေတော့မှာတဲ့
သမီးကဘာလို့သေရမှာလဲ
ငယ်ငယ်လေးရှိသေးတာ
မေမေ သူပြောတာမယုံနဲ့နော်
သမီးနေကောင်းသွားရင် မြန်မာပြည်အနှံ့
မေမေ့ကိုလိုက်ရှာမယ်နော်
ဖေဖေ
ဒီနေ့ထူးဆန်းတယ်
သမီးအနားမှာ အားလုံးက
ဝမ်းနည်းတဲ့ မျက်လုံးတွေနဲ့
သမီးကိုကြည့်နေကြတယ်
ဆရာမက သမီးလက်ထဲကို
သမီးမွေးစာရင်းလာထည့်ပေးသွားတယ်
မအားတဲ့ကြားက သမီးဇာတိကိုသွားစုံစမ်းပေးခဲ့တယ်တဲ့
ကျေးဇူးတင်လိုက်တာ ဆရာမရယ်
ဟင် ခေါင်းထဲမှာ မိုက်ခနဲ
နားထဲမှာလည်း အသံတွေ ဝူးတူးဝါးတားနဲ့
အားအရမ်းပျော့လာသလိုပဲ
မဖြစ်ဘူး ဖေဖေ့နာမည်ရအောင်ဖတ်မှ
သမီးမအောင့်နိုင်တော့ဘူး
……..
…………
……………
သမီးအရမ်းမောတယ်
အသက်ရှူရတာအရမ်းခက်… တယ်
မေမေ ဖေဖေ…
သမီးနေကောင်း…သွားရင်
လာရှာမယ်နော်… နော်
စောင့်…စောင့် နေနော်
12 comments
Khaing Khaing
May 17, 2012 at 2:45 pm
ကိုအမုန်းလုလင်ရေ …….. အားပေးဖတ်ရှုသွားပါတယ် …….. တကယ်ကိုသနားစရာကောင်းတဲ့ ကလေးငယ်လေးရဲ့ဘဝပါ ………. ဒီလိုကလေးမျုးိတွေ ကမ္ဘာမှာ ဘယ်လောက်တောင်ရှိနေမလဲနော် ……
etone
May 17, 2012 at 3:50 pm
ဝေဒနာသည် ကလေးတစ်ယောက်ရဲ့ နေရာက ခံစားရေးဖွဲ့ထားတဲ့ ဒီကဗျာလေးကို … အရင်က ဖတ်ခဲ့ဖူးပါတယ် ။ ဖတ်ခဲ့ဖူးတိုင်းလည်း … ရင်ထဲ စူးစူးနစ်နစ်ခံစားရတယ် … ကဗျာဆရာရဲ့ အရေးသား ညက်ညောမှုနဲ့ ထိထိမိမိစာလုံးတွေ သုံးသွားမှုကြောင့် …. ဇာတ်ကောင်နေရာရောက်နေသလိုတောင် ခံစားမိတယ် ။
ကဗျာရဲ့ အသွားလာအရ … ဒီဝေဒနာရှင်ကလေးက မိဘတွေဆီက ကူးတာပါ… ။ မိခင်ကနေ ကလေးကို ကူးစက်နိုင်ခြေမြင့်တယ်ဆိုပေမယ့်လည်း ….. risk ယူ မွေးဖွားပြီးချိန် ၊ သွေးပြန်စစ်တဲ့အခါ .. ရောဂါပါမလာတဲ့ကလေးလည်း ရှိတယ် … ။ ဒီကလေးလို အပြစ်မဲ့စွာ စတေးခံရသူ ဘယ်နှစ်ယောက်တောင် ရှိခဲ့ပြီလဲ …. ။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုမိုထိရောက်ပါတယ် ။ ဒီရောဂါကြီးကို …ကျန်းမာရေး အသိစိတ်ဓါတ်နဲ့ ကာကွယ်ကြပါစို့နော် ။ လူတိုင်းမှာလည်း ဖြစ်ပွားနိုင်ပါတယ် … သွေးကတဆင့်ကူးစက်တာမျိုးမို့ .. လိင်ဆက်ဆံတာတင်မဟုတ်ပါပဲ .. ပေါက်ပြဲဒဏ်ရာတွေ ၊ သွေးသွင်းတာတွေကလည်း .. ကူးစက်တတ်ပါတယ် … ။ HIV အဖြစ်ကူးစက်ပြီးမှ … AIDS ရောဂါအဖြစ် ပြောင်းလဲပါတယ် … ။ အဲ့ဒီအခါမှသာ ပိန်ချုံးလာမယ် ၊ အနာတွေထွက်လာမယ်၊ ပါးစပ်တွေမှာ အနာတွေဖြစ်လာမယ် ..ဒီတော့မှ လူတွေ သတိထားမိပြီး .. ရောဂါသည်အဖြစ်သိလာမယ် .. ။ HIV အဆင့်မှာပဲ ရှိတဲ့ လူဆိုလျှင် ….. မျှမျှ တတ စားသောက် နေထိုင်တတ်ရုံနဲ့ … AIDS ရောဂါဘက်ကိုကူးမယ့်အခြေနေကို ထိန်းထားလို့ ရတယ် … ။ ရောဂါပိုးဖြစ်ပွားမှုနှုန်းကို ဟန့်တားတဲ့ ဆေးကိုလည်း မှန်မှန်တော့သောက်ရမယ် … ။ အများစုက .. ဒီရောဂါဖြစ်လျှင် ရောဂါဖိစီးတာထက် သေမယ်ဆိုတာ သိနေတဲ့အတွက် စိတ်ဖိစီးမှုဒဏ်ကိုပိုခံကြရပြီး .. ရောဂါထုထောင်းခံရလွယ်တယ် … ။ အိုစာ ၊ နာတာလွယ်တယ် … ။
မိမိတို့ရဲ ့မိုက်ပြစ်ကြောင့် မိမိတို့ရဲ့ နောက်မျိုးဆက် လူပုံအလယ်မှာ အရှက်တကွဲ ၊ ပင်ပန်းကြီးစွာ ကျန်ခဲ့မယ့်အဖြစ်မျိုး ကာကွယ်စေဖို့ … HIV ပိုးကူးနိုင်တဲ့အပြုမူတွေကို ရှောင်ကြပါလို့ တိုက်တွန်းလိုက်ချင်ပါတယ် ။ 🙄
nozomi
May 17, 2012 at 3:59 pm
ချီးကျူးရမှာတောင် အားနာရလောက်အောင်
အရေးအသားလေး နှစ်သက်မိကြောင်းပါ
အမုန်း လုလင်
May 17, 2012 at 4:05 pm
ဟုတ်တယ်ဗျာ ..
ဒီကဗျာလေးကိုဖတ်ဖူးတာကြာပါပြီ ..
ဒီနေ ့မှ တိုက်တိုက်ဆိုင်ဆိုင်ပြန်တွေ ့
ပြန်တင်ပေးလိုက်တာပါ …. HIV ရောဂါကြောင့်
မိဘ ထံက ကူးစက်ခဲ ့တဲ ့ဒီလိုကလေးမျိုးတွေ
ဘယ်လောက်တောင်ရှိနေပြီလဲ မသိပါဘူး ..???
ဖတ်မိတိုင်းစိတ်မကောင်းဖြစ်ရပါတယ် ……။
ထုံးဘဲဥ
May 17, 2012 at 4:13 pm
မျက်ရည် ဗူးသီးလုံးလောက်ထွက်ကျလာအောင်ကို ဆွဲဆောင်နိုင်ပါတယ်ဗျာ 😥
bluerose
May 17, 2012 at 4:16 pm
ရင်ထဲမှာအရမ်းကိုခံစားသွားရပါတယ်
ကိုလုလင်ရေနောက်လည်းခုလိုရင်ထဲထိတဲ့စာလေးတွေ
ရေးပေးပါအားပေးနေမယ်နော်
jujuma
May 17, 2012 at 4:36 pm
အဲလောက်ရှည်တဲ့ ကဗျာမျိုး စာမျိုးကို ပီးအာင်ဘယ်တော့မှမဖတ်ဖြစ်ဘူး..
အကျဉ်းချုံး ဖတ်လိုက်တာချည်ပဲ …
ဒီကဗျာလေးကတော့ အဆုံးထိ ဖတ်ချင်လောက်အောင် ဆွဲဆောင်နိုင်တယ်..
တကယ်ကို ခံစားရပါတယ်…
shwe kyi
May 17, 2012 at 4:44 pm
ဘာရေးရမယ်မှန်းတောင်မသိတော့ပါဘူး..။
ပူဆွေးသောကတွေကင်းနိုင်ကြပါစေ..
Khin Latt
May 17, 2012 at 4:48 pm
စိတ်ထဲမှာ တနင့်နင့် နဲ့ အားပေးသွားပါတယ်။
ဒါမျိုး အဖြစ်တွေက ကမာ္ဘအနှံ့ပါဘဲ။
တစ်ချို့ လူတွေ မှာ ကိုယ်ဘာမှ မကျူးလွန် ရပါဘဲ နဲ့ သင့်လိုက်တဲ့ ကျိန်စာ လိုပါဘဲ။ 🙁
စိုင်းထီးဆိုင် ရဲ့ “အဖေရောက်တဲ့ အခါပြန်နိုးပါနော်” ဆိုတဲ့ သီချင်းလေး ကိုတောင် သတိရမိသေးတယ်။
Thel Nu Aye
May 17, 2012 at 5:55 pm
ရင်ထဲကိုတနင့်နင့်နဲ့ပါပဲ။ နှစ်ခါပြန်မဖတ်နိုင်လောက်အောင်ဆို့နင့်ခံစားလိုက်ရပါတယ်။ ကူးယူထားလိုက်ပါတယ်။
အတိသဉ္ဖာ နာဂရချစ်သူ
May 17, 2012 at 11:04 pm
ဝမ်းနည်းစရာရော၊သံဝေဂရစရာလေးတွေပါ
ရောပြွမ်းနေတဲ့. ကဗျာကောင်းလေးတစ်ပုဒ်ပါ။
သနားစရာ အပြစ်မဲ့ ကလေးတွေရယ်——
mgwalone
May 17, 2012 at 11:54 pm
ခံစားရပါတယ်။ ဒီထက် ကျွန်တော်တို့အားလုံးမှာကော တာဝန်ရှိတယ်ဆိုတာ သတိပြုမိပါတယ်။ ကျွန်တော်တို့တွေအနေနဲ့လည်း ဒီလိုအဖြစ်မျိုးတွေ ပပြောက်အောင် ဆောင်ရွက်ကြဖို့ တာဝန်ရှိတယ်ဆိုတာကိုလည်း ခံစားမိပါတယ်။