ကောင်မလေးတစ်ယောက်ရဲ့ရင်ထဲကကဗျာ
မေမေ
ဒီနေ့ကျောင်းမှာ
သမီးကိုယ့်နာမည်ကို
ပေါင်းတတ်သွားပြီ
ဆရာမက မေမေ့နာမည်ရေးပါတဲ့
စာရွက်ဗလာကို ငေးကြည့်ရင်း
မျက်ရည်ကျလာတယ်
မေမေ့နာမည်မှ
သမီးမသိဘဲ မေမေရယ်
ဖေဖေ
လမ်းထိပ်က သူငယ်ချင်းကို
သူ့အဖေက
စက်ဘီးစီးသင်ပေးနေတယ်
သမီးလေ အရမ်းစီးချင်လို့
သူငယ်ချင်းကို ပူဆာမိပါတယ်
သူကနင့်အဖေကို ဝယ်ခိုင်းပါလားတဲ့
သမီးလည်း ဘယ်ရမလည်း
ပြန်ပြောခဲ့တာပေါ့
သမီးဖေဖေက အဝေးကြီးမှာ
အလုပ်သွားလုပ်တာလို့
ပြန်လာရင် ကားကြီးပါလာမှာ
နင့်ကိုပေးမစီးဘူးလို့
ဖေဖေ လာခေါ်မယ်မှတ်လားဟင်
မြန်မြန်လာပါနော် ဖေဖေနော်
မေမေ
ဒီနေ့ကျောင်းမှာ
သမီးကို လူရည်ချွန်ရွေးတယ်
ဒါပေမဲ့ အုပ်ထိန်းသူပါမှ
ခရီးထွက်ရမယ်တဲ့
သူငယ်ချင်းတွေနဲ့ထွက်သွားတဲ့
ကျောင်းကားကြီးကိုကြည့်ပြီး
သမီးပြုံးလိုက်တယ်
သမီးမငိုပါဘူး မေမေရယ်
မေမေမပါဘဲလည်း သမီးမသွားချင်ပါဘူး
သမီးကို မေမေပြန်လာခေါ်တဲ့အခါကြမှ
တူတူခရီးသွားကြမယ်နော်
ဖေဖေ
ဒီနေ့ဆရာမက
တိုင်းပြည်အတွက် အသက်ပေးသွားတဲ့
အာဇာနည်တွေအကြောင်း ပြောပြတယ်
စစ်သားဝတ်စုံနဲ့
ခန့်ခန့်ညားညားဖေဖေ့ကို
သမီးမြင်ယောင်ကြည့်တယ်
ဖေဖေကဘယ်လိုလူမျိုးလည်းဟင်
အို ဘာပဲဖြစ်ဖြစ် သမီးဖေဖေ့ကို
ချစ်မှာပါပဲ
မေမေ
သမီးဒီနေ့
နေမကောင်းဘူး အားရော့ပြီး
နားထဲကလေတွေထွက်နေတယ်
ဆရာမကတော့သိပ်စိတ်မပူပါနဲ့တဲ့
အရင်ကရောဂါပြန်ထတာတဲ့
ခုခံအားကျဆင်းမှုရောဂါဆိုလား ဘာလား
ပြန်မကောင်းခင်အထိ
သမီးကျောင်းမတက်ရဘူးတဲ့
သမီးစာမေးပွဲတွေကျမှာကြောက်တယ်မေမေရယ်
သမီးပညာတတ်ကြီးဖြစ်မှ
မေမေနဲ့ဖေဖေတို့ကို
လိုက်ရှာနိုင်မှာလေ
ဖေဖေရေ
အခုလေ သမီးနားမှာ
လူတွေအများကြီးပဲ
ဆရာဝန်မလေးတွေနဲ့သမီးဆရာမနဲ့
ကျောင်းကသူငယ်ချင်းအချို့လည်းပါတယ်
သူတို့ကသမီးကိုလာကြည့်ပြီး
သမီးကို ပန်းချီပုံလှလှလေး လာပေးတယ်လေ
သမီးရယ် မေမေရယ် ဖေဖေရယ်
အတူတူ လက်တွဲထားတဲ့ပုံလေး
သမီးဝမ်းသာလွန်းလို့
မျက်ရည်တောင်ကျတယ်
ဖေဖေ မြင်ရင်အရမ်းသဘောကျမှာသိလား
မေမေ
သမီးသူငယ်ချင်းက
တိုးတိုးလေးကပ်ပြောတယ်
သမီးက သေတော့မှာတဲ့
သမီးကဘာလို့သေရမှာလဲ
ငယ်ငယ်လေးရှိသေးတာ
မေမေ သူပြောတာမယုံနဲ့နော်
သမီးနေကောင်းသွားရင် မြန်မာပြည်အနှံ့
မေမေ့ကိုလိုက်ရှာမယ်နော်
ဖေဖေ
ဒီနေ့ထူးဆန်းတယ်
သမီးအနားမှာ အားလုံးက
ဝမ်းနည်းတဲ့ မျက်လုံးတွေနဲ့
သမီးကိုကြည့်နေကြတယ်
ဆရာမက သမီးလက်ထဲကို
သမီးမွေးစာရင်းလာထည့်ပေးသွားတယ်
မအားတဲ့ကြားက သမီးဇာတိကိုသွားစုံစမ်းပေးခဲ့တယ်တဲ့
ကျေးဇူးတင်လိုက်တာ ဆရာမရယ်
ဟင် ခေါင်းထဲမှာ မိုက်ခနဲ
နားထဲမှာလည်း အသံတွေ ဝူးတူးဝါးတားနဲ့
အားအရမ်းပျော့လာသလိုပဲ
မဖြစ်ဘူး ဖေဖေ့နာမည်ရအောင်ဖတ်မှ
သမီးမအောင့်နိုင်တော့ဘူး
……..
…………
……………
သမီးအရမ်းမောတယ်
အသက်ရှူရတာအရမ်းခက်… တယ်
မေမေ ဖေဖေ…
သမီးနေကောင်း…သွားရင်
လာရှာမယ်နော်… နော်
စောင့်…စောင့် နေနော်
……………….
………….
…….
*Snowflake*
(ရေးမယ်ရေးမယ်နဲ့ အခုမှရေးဖြစ်တဲ့ကဗျာလေးပါ မိဘနှစ်ဦးက စွန့်ပစ်ခံခဲ့ရတဲ့ AIDS
ရောဂါသည် ကလေးမလေး တစ်ယောက်နေရာမှာ ခံစားရေးဖွဲ့ထားတာပါ ကဗျာထက်
ဒိုင်ယာရီတစ်ခုလိုမျိုး ရေးဖွဲ့ထားတာပါ
တစ်ခါတစ်လေ မိဘတွေက သားသမီးတွေကို မွေးဖွားသင့်မဖွားသင့် ဆုံးဖြတ်နိုင်ပေမဲ့
သားသမီးတွေကတော့ မိဘကိုရွေးချယ်ခွင့်မရှိခဲ့တာကို သတိပြုမိပါကြောင်း)
—
http://taryarkyalsin.blogspot.com/
CM
One comment
intro
June 17, 2010 at 12:20 pm
တကယ်ခံစားရပါတယ်… လောကကြီးထဲမှာ ဒီလို သနားစရာကောင်းတဲ့ ကလေးမျိုးတွေ ဘယ်လောက်တောင်ရှိသလဲ မသိဘူးနော်…