ဝမ်းသာပီတိဖြစ်ရသော နေ့လေးတစ်နေ့ (၂)…
ညပိုင်းက အိပ်ရာဝင်နောက်ကျခဲ့ပေမယ့် မနက်ပိုင်းကိုတော့ စောစောနိုးနေခဲ့ပါတယ်….
အိပ်ရာကထပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး သူငယ်ချင်းဆီသွားကြဖို့ ဖုန်းဆက်
ခေါ်လိုက်ပြီး ယူသွားရမဲ့ ပစ္စည်းတွေစုံမစုံသေချာအောင် စစ်ဆေးနေမိတယ်…
ကင်မရာ ကျနော်တို့အဖွဲ့အမည်ပါ ဗီနိုင်း အစရှိတဲ့ ပစ္စည်းလေးတွေကို ပါမပါပေါ့..
ကျနော်ပစ္စည်းတွေ စစ်ဆေးနေဆဲ သူငယ်ချင်းက အိမ်ရှေ့ကနေ ဆိုင်ကယ်ဟွန်းသံပေး
ပြီး ရောက်ရှိကြောင်း အချက်ပြလာတော့ ကျနော် ကျောပိုးအိတ်လေးဆွဲကာထွက်လာ
ရတာပေါ့။ သူငယ်ချင်းဆိုင်ကယ်နောက်ကနေလိုက်ပြီး ကျနော်လုပ်ရမဲ့ အစီအစဉ်တွေကို
ခေါင်းထဲမှာ အဆင်ပြေပြေဖြစ်စေဘို့ တစ်ခုချင်း တစ်ခုချင်း အစီအစဉ်ချနေမိတာ့..
အချိန်က မနက်လေးနာခွဲမို့ လမ်းမှာ ဈေးရောင်းလာကြသူတွေကလွဲလို့ ရှင်းနေပါတယ်..
ကျနော့်ရွာကနေ ကရင်ရွာလေးကို ဆိုင်ကယ်နဲ့ မိနစ်နှစ်ဆယ်လောက်တော့ စီးရတာပါ..
ကရင်ရွာလေးကိုရောက်တော့ ဘုန်းကြီးကျောင်းကိုတန်းသွားပြီး ချက်နေပြုတ်နေကြတာလေး
ကို အရင်မှတ်တမ်းဓာတ်ပုံရိုက်လိုက်ပါတယ်…
ပြီးမှ ဘုန်းကြီးကျောင်းပေါ်တက် ဘုရားဦးချပြီး ဆရာတော် ဦးအာဒိစ္စကို လျှောက်ထားစရာ
ရှိတာတွေလျှောက်ထား ဆရာတော်ကလည်း မိန့်ကြားစရာတွေ ပြန်မိန့်ကြားတာပေါ့….
ပြီးတော့မှ ကပ္ပိယတွေပြင်ပေးတဲ့ ဆွမ်းဝိုင်းကို ဆရာတော်တွေကိုကပ်လှူ ဓာတ်ပုံမှတ်တမ်း
အတွက်တော့ ဦးဇင်းတစ်ပါးကို ရိုက်ခိုင်းရပါတယ်…. ဆရာတော်တွေ ဆွမ်းဘုဉ်းပေးနေတော့
ကျနော်က မှတ်တမ်းပုံလေးတွေဆက်ရိုက်ပေါ့…ကျောင်းအောက်က မြင်ကွင်းလေးတွေရိုက်
ဖို့ အဆင်းမှာ အရုဏ်ဆွမ်းလာပို့တဲ့ ကလေးမလေးက “ဟယ်…ဆရာလေး …အစောကြီးပါလား”
လို့ နှုတ်ဆက်လာလို့ ကျနော်က“ ဟုတ်တယ်…သမီးရေ”လို့ ပြန်ဖြေပေါ့…ဒါပေမယ့် ကလေးမလေး
ကနှုတ်ဆက်တာနဲ့တင်ရပ်မသွားပဲ..“သမီး…ဒီနှစ်ကျောင်းမတက်ရတော့ဘူး…အဖေက ကျောင်းမနေနဲ့
တော့လို့ ပြောတယ်” ဆိုပြီး ဆက်ပြောနေလို့ မနက်စောစောမှာ ကျနော် အမောဆို့သွားရပါတယ်…
ဒီရွာလေးကလူတွေကလည်းနော်ဆိုပြီး ကျနော် တော်တော်လေးကို စိတ်မကောင်းဖြစ်မိသွားတာ..
ကလေးမလေးကိုတော့“ သမီးရယ်…ဖေဖေ့ကို သေချာပြောပါဦးနော်…ကျနော်လည်း အချိန်ရရင်
သမီးဖေဖေ့ကို လာတွေ့ပါဦးမယ်..”လို့ပြောလိုက်မိပါတယ်… ကလေးမလေးက မနှစ်က ကျနော်
ဒီကျောင်းလေးကို စာရေးကိရိယာလာလှူတာကို မှတ်မိတာရယ်.. ကျနော်စာသင်နေတယ်ဆိုတာ
ရယ်ကို သိနေလို့ ဆရာလေးလို့ခေါ်ပြီး အားကိုးတကြီးပြောနေရှာတာ…ကျနော်ကရော ဘာတွေ
တတ်နိုင်ပါ့မလဲ… စိတ်မကောင်းရုံကလွဲပြီးပေါ့…ဒီရွာလေးက အများစုက အမဲလိုက်ကြသူတွေ
များပါတယ်..ကရင်ရွာလို့ အမည်တွင်ပေမယ့် ကရင်လူမျိုးတွေမဟုတ်ကြပါဘူး…..
ခုချိန်မှာ တောတွေကလည်းပြုန်းနေပြီမို့ တခြားစီးပွားရေးလည်း မည်မည်ရရမရှိတဲ့ မိဘတွေ
က သားသမီးတွေကို ကျောင်းမထားနိုင်တာ ..သိပ်တော့မဆန်းကြယ်ပါဘူး..ပြီးတော့ မိဘတွေကိုယ်
တိုင်ကလည်း ပညာရဲ့ တန်ဘိုးကို နားမလည်တာလည်းပါတာပေါ့ဗျာ… ကျနော်ကလေးမလေးရဲ့
စကားကို ကြားယောင်ပြီး ဓာတ်ပုံမရိုက်ဖြစ်တော့ပဲ..ကျောင်းပေါ်ပြန်တက်လာမိတယ်…
ဆရာတော်တွေအားလုံး ဆွမ်းဘုဉ်းပေးပြီးသွားပြီမို့ လဘက်ရည်စာကပ်ရပြန်ပါတယ်….
ဒီဆွမ်းပွဲတွေ လဘက်ရည်စာပွဲတွေ ဖြစ်မြောက်လာအောင်လည်း ဆရာတော်ဦးအာဒိစ္စနဲ့
ကျနော်ကြည့်စီစဉ်ရတာပါပဲ..ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ဆရာတော်ကို ငယ်ကြောက်
ဖြစ်နေတာမို့ လိုအပ်တာမှန်သမျှ ကျနော်ကပဲ ဆရာတော်ကိုလျှောက်ထားရတာပါ…
ဆရာတော်ကလည်း အစီအစဉ်တွေအကုန်လုံး ကျနော့်ကိုပဲလွဲအပ်နေတော့တာ…
ပြီးတော့ အစီစဉ်တကျဖြစ်အောင်ရော လုပ်ထားရဲ့လား ခဏခဏမေးနေသေးတာရယ်…
ကျနော်က ဆရာတော်ကိုစိတ်မပူဖို့လျှောက်ထားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို အစီစဉ်တွေ
ပြောပြ မလွဲရအောင်စီစဉ်နဲ့ မနက်စောစောမှာ ချွေးပြန်နေပါတော့တယ်….
အစီအစဉ်တွေက မနက်ပိုင်း ဆရာတော်တွေကို အရုဏ်ဆွမ်းကပ် ပြီးရင် နံနက်(၇)နာရီမှာ
စာသင်ဆောင်လေးထဲမှာ ငါးပါးသီလခံယူ ပရိတ်ရွတ် ကမ္မဝါဖတ် ပြီးရင် စာသင်ဆောင်လေး
ကို ရပ်ရွာသို့လွဲပေး အလှူရှင်တွေကို ဂုဏ်ပြုမှတ်တမ်းတွေပေး ကျေးရွာအုပ်ချုပ်ရေးမှူးမှ
စာသင်ဆောင်ပြင်ဆင်စရိတ်ကုန်ကျငွေ စုစုပေါင်းကုန်ကျစရိတ်တွေကို ရှင်းပြ အားလုံးပြီးမှ
ရေစက်ချအမျှဝေ သာဓုခေါ်ပေါ့လေ….ဆရာတော်တွေ လဘက်ရည်စာဘုဉ်းပေးနေတုန်း
ကပ္ပိယတွေက ကျနော်တို့နှစ်ယောက်ကို ထမင်းစားဖို့ရာ လာခေါ်ပါတယ်… ခါတိုင်း
နံနက်စောစော ထမင်းစားလေ့မရှိပေမယ့်..သူငယ်ချင်းက“ဟေ့ကောင်..ဒီနေ့ အလုပ်က
များမှာဆိုတော့ ထမင်းကဘယ်အချိန်မှ စားရမယ်မှန်းမသိဘူး..ခေါ်တုန်းစားထားကြရ
အောင်”လို့ပြောလို့ ထမင်းဝင်စားလိုက်ပါတယ်…
ထမင်းစားပြီး စာသင်ဆောင်လေးရှိရာကို ထွက်လာကြတာပေါ့…စာသင်ဆောင်လေးမှာ
ရပ်ရွာက လူကြီးတွေရောက်နေကြပါပြီ..ကျွေးမွေးဧည့်ခံဖို့လည်း အဆင်သင့်ဖြစ်နေပြီလေ..
ကျနော်စာသင်ဆောင်လေးကို ဓာတ်ပုံရိုက် ရွာကလူကြီးတွေနဲ့ စကားခဏပြောပြီး ..
မော်လူးထဲကို ပြန်ပြေးလာရတာ… ဗီဒီယိုမှတ်တမ်းတင်မဲ့ ကင်မရာမင်းက ပေါ်မလာသေးလို့
လေ…။ကင်မရာမင်းကိုခေါ်ပြီး ပြန်လာတော့ ကျနော်တို့ one candle အဖွဲ့က လူတွေ တစ်ယောက်
စနှစ်ယောက်စ ရောက်နေကြပြီ…ကျနော်က ကင်မရာမင်းကို ပါစေချင်တဲ့နေရာလေးတွေကို
ရိုက်ခိုင်းပြီး စာသင်ဆောင်လေးထဲမှာ သန့်ရှင်းရေးလေးလုပ်ကြဖို့ ဆရာမနှစ်ယောက်ကို
ပြောပြတော့ ဆရာမနှစ်ယောက်နဲ့ ရွာသူတွေက တံမြက်စည်းလှဲကြပါတော့တယ်…
ပရိတ်သတ်တွေလည်း တဖွဲဖွဲရောက်လာကြပါပြီ…။ မဏ္ဍပ်ထဲမှာလည်း တဖြည်းဖြည်းစည်ကားလာတော့
တာပေါ့…။ ဧည့်ခံကျွေးမွေးတဲ့ မုန့်ဟင်းခါးကို စားပြီးတာနဲ့ စာသင်ဆောင်လေးထဲမှာ လဘက်ရည်ကြမ်း
ဝိုင်းနဲ့ စကားစမြည်ပြောနေကြတော့တာ..ကျနော်ကတော့ လိုအပ်မယ်ထင်တဲ့ဟာလေးတွေကို
တောင်ပြေးမြောက်ပြေးနဲ့ စီစဉ်နေရတာပါ… ဓာတ်ပုံလေးလည်းရိုက်ချင် လိုအပ်တာလေးတွေ
လည်းညွှန်ကြားချင်နဲ့ပေါ့…။
6 comments
windtalker
May 25, 2012 at 1:47 pm
ကျောင်းဆရာရေ ၊ နောက်ထပ်ပွဲအတွက် စီစဉ်မယ်ဆိုရင် ၊ ရွာသူား များထံမှာလဲ အလှူခံစေချင်သဗျား ။ ကျုပ် တို ့ဂေဇက်က ရွာသူားများနဲ ့စာဖတ်သူများဟာ သဒ္ဒါထက်သန်ကြတာ ပြီးခဲ့တဲ့ အလှူတွေမှာ သိပြီးသားဘဲ မို ့လား ။ မပျက်မကွက်ဗျို ့
kotun winlatt
May 25, 2012 at 3:57 pm
ကိုပေရေ…
ကျနော်တို့ အဖွဲ့လေးဟာ ၆လပိုင်း ၁ရက်နေ့မှာ စမယ့် ၂၀၁၂/၂၀၁၃ ကျောင်းဖွင့်ရာသီ
အတွက် စာရေးကိရိယာလှူဒါန်းဖို့ အစီအစဉ်ဆွဲနေပါပြီဗျာ…
ပထမဆုံးခရီးစဉ်အဖြစ် ကျနော်တို့ရွာနဲ့ ၁ဝမိုင်လောက်ဝေးတဲ့ မူလတန်း
ကျောင်းလေးသုံးကျောင်းကို သွားဖို့အစီအစဉ်ရှိပါတယ်…
အဲ့ကျောင်းလေးတွေက မိုးတကယ်ရွာပီဆိုရင် သွားလို့မရတော့လို့လေ…
အလှူငွေကတော့ လိုတာပေါ့ ကိုပေရာ…
ဒါပေမယ့် ဂေဇက်က ရွာသူရွာသားတွေလည်း သူတို့နိုင်သလောက်လုပ်နေကြတာမို့
အလှူမခံလိုဘူး ကိုပေရေ…
ကျနော်တို့သွားဖြစ်တဲ့ ခရီးစဉ်လေးတွေကိုလည်း ဂေဇက်မှာ ပုံတွေရော စာတွေနဲ့ပါ..
ကျနော်ရေးသွားတင်သွားမှာပါ….
ပျော်ရွှင်ချမ်းမြေ့ပါစေ…
ခင်မင်လျှက်….
T.W.L
Khaing Khaing
May 25, 2012 at 4:58 pm
ကိုထွန်းဝင်းလတ်ကအလှူရေစက်လက်နဲ့မကွာလှူနေကြနော် ……… ရွာသူရွာသားတွေကို အလှူမခံရင် တောင်အဆင်ပြေမယ်ဆိုရင် အခိုင်ကလှူချင်တယ် …… မိဘမဲ့ ဘက ပညာသင်ကျောင်း တွေကသီလရှင်လေးတွေ ဆင်းရဲချို့တဲ့တဲ့ကလေးတွေဆို ကျောင်းဖွင့်ခါနီးရင်လာ အခိုင်ကအမြဲလှူနေကြပါ …… အဆင်ပြေမယ်ဆို ပရိုက်ဗိတ်ထဲပြောချင်တယ် အခုတစ်လောအခိုင်ရွာထဲသိပ်မဝင်ဖြစ်ဘူး ….. ကျန်းမာရေးကြောင့်ရယ် အလုပ်များတာကြောင့်ရယ်ပါ ….
kyeemite
May 25, 2012 at 7:34 pm
ကိုထွန်းဝင်းလတ် ရန်ကုန်ရောက်ဖြစ်ရင် ကွန်တက်လုပ်ပါဗျာ..
တွေ့ချင်ပါသေး…
bigchef
May 26, 2012 at 5:39 am
ုကိုထွန်းဝင်းလတ်က ဘယ်ရွာသားလဲ။ကျွန်တော်လဲ သံ လမ်းရိုး က ပါ.
အတိသဉ္ဖာ နာဂရချစ်သူ
May 26, 2012 at 9:43 am
ကိုဝင်းလတ်ရေ. ပုံလေးတွေပါ ကြိုးစားတင်ပေးပါအုံး။
အလှူအတွက် ဝမ်းမြောက်ပီတိဖြစ်ရပါ၏။