ငါ့မျက်ရည်များ ပန်းပွင့်စေသား
ကိုယ့်အကြောင်းကိုယ်တွေးပြီး
ကိုယ့်ကဗျာ ကိုယ်ရေးပါတယ်
ကိုယ့်သမိုင်းကိုယ် ပြန်ငေး ၊ လှမ်းငေး
ငေးမောနေရတာများနဲ့တင်
ဘယ်သူ့သမိုင်းကိုမှ မဖတ်အားခဲ့။
ယုန်မြင်တိုင်းခြုံထွင်ဖို့ကလည်း
ခက်တယ်
ချစ်ပါ ညီမလေးရဲ့
ချစ်တတ်ပါ ကမ္ဘာကြီးရဲ့
စိတ်နဲ့ လူနဲ့ တစ်မြေစီ ဝေးကွာမှုဆက်တင်မှာ
အိမ်အပြန်ခြေလှမ်းတွေလည်း
မခမ်းမနား…. သနားစဖွယ်။
အလဲလဲ အပြိုပြို
မျက်လုံးဖွင့်တိုင်း နေညိုနေတာတွေ့ရ
တွေ့ရဖန်များတော့
နှလုံးသားက ညှစ်အားကောင်းလာတယ်
အလွမ်းတရားက ဘယ်လိုမှ နားချမခံတော့ဘူး။
လိပ်စာပျောက်နေ့
အချစ်ငတ်ည……
မပြယ့်တပြယ် သနပ်ခါးရနံ့ကလေး
လှိုင်းပင်လယ်နဲ့ဝေးပါစေ။
သတိတရ စာအိတ်အညိုတွေ တဖွဲဖွဲ
အဆီအဆိမ့်လွန်ကဲနေတဲ့ ဆောင်းက
ပွဲတော်ကြီးကို ပုခုံးပြောင်းတင်လိုက်တယ်
“ဟေးးးး……………………..´´
ကိုယ့်အကြောင်းကိုယ်တွေးစမ်း
ကိုယ့်ကဗျာကိုယ်ရေးစမ်း။
ပြန်မလာတဲ့ ပဲ့တင်သံတွေ
တိမ်ထုကြားမှာ တငွေ့ငွေ့။ ။
ဥက္ကာကိုကို(သံတွဲ)
(သောင်းပြောင်းထွေလာမဂ္ဂဇင်း၊ ၂၀၀၈)